အန္တရာယ်နံပါတ်-၁ ဆိုတဲ့စာလေးကိုရေးပြီးတော့သူ့ရဲ့ဆိုလိုရင်းလေးနဲ့ဆက်စပ်ပြီး တွေးမိတာ လေးတွေရှိသေးလို့ ရေးပြဦးမယ်နော်။ ဒို့ရဲ့ဒီခန္ဓာကြီးမှာက အမေမွေးလိုက်ကတည်းက အတွင်း အာရုံ(၆)ပါးက တခါတည်းကိုတွဲပါလာပြီးသားနော်။ ဘာတွေလဲ ဆိုတော့ မျက်စိ၊နား၊နှာခေါင်း၊ လျှာ၊ကိုယ်နဲ့မနောဆိုတဲ့ဒွါရ(၆)မျိုးပဲလေ။အဲဒီမှာမှမျက်လုံးလေးကဘယ်လို၊နားရွက် ကလေးက  ကားလို့၊ နုတ်ခမ်းလေးကဖူးဖူးလေးပဲ…နောက်တော့ ဒီအတွင်းအာရုံတွေပေါ်မှာ စွဲလမ်းလို့ နေမယ်ဆိုရင်ဒါဟာအန္တရာယ်နံပါတ် -၁ နဲ့တော့တွေ့ နေပြီလို့သိလိုက်တယ်ပေါ့။ထားတော့  ။ ဒီအန္တရာယ်ကို အန္တရာယ်မှန်းသိပြီးတော့ဘယ်လိုနှလုံးသွင်းမှ ဒီကနေ လွတ်မြောက်နိုင်မလဲ ဆိုတဲ့အဖြေလေးပါ ဆက်ရှာမိနေပါတယ်။ အမှားကိုတော့ ဒါမှားနေပြီလို့ သိလိုက်ပြီပဲထား။ အမှန်ကရောဘာလဲဆိုတာ သိဖို့လိုသေးတယ်မလား။ ဒါကြောင့်ပဲနောက်ထပ် အန္တရာယ် တစ်ခု ကိုမဆက်သေးဘဲ ဒီရဲ့အဖြေမှန်ကိုထုတ်နေမိတာပေါ့။အရင်ကတော့ ဒီအမှားကိုပဲ အမှန်ထင်ပြီး အမှတ်တွေ မှားလာခဲ့တယ်ထား။ခုကျတော့ ဒါဟာငါအမှန်ရှိတယ်လို့ ထင်ထားတဲ့ အမှားတွေ ပါလားလို့ ထောက်ပြပေးမယ့်လူနဲ့တွေ့လို့သိလိုက်ရတယ်ပေါ့။ ဒါဆို တကယ်ရှိနေတဲ့ အမှန်တရား က ဘာလဲဆိုတာပါ သိဖို့မလိုပေဘူးလား။  ဒီလိုတွေတွေးမိလို့ထပ်ပြီး လေ့လာကြည့် တော့မှ အော…တွေ့ပါပြီ။ တကယ့်အရှိတရားဆိုတာကိုလေ။ တကယ်ရှိ အဟုတ်ရှိနေတဲ့ တရားကတော့ ဒို့တွေထင်ထားတဲ့ ငါ၊သူ၊ယောက်ျား၊မိန်းမ ဆိုတာတွေမှ မဟုတ်ပဲ။ တကယ့်အရှိတရားက အနှစ် ချုပ်လိုက်တော့ ရုပ်ရယ်၊နာမ်ရယ်၊နိဗ္ဗာန်ရယ် ဆိုတာပါပဲ။ ဒါဆိုဒါတွေကို ဘယ်လိုလုပ်သိရမှာလဲ။ ဘာကိုရုပ်လို့မှတ်ပြီး ဘာကိုနာမ်လို့သိနေရမှာလဲ ဆိုတာထပ်ပြီးသိဖို့လိုလာပြီနော်။

ကဲဒါဆိုရုပ်အကြောင်းလေးစလိုက်ရအောင်ပါ။ရုပ်ရဲ့သဘောသည်ဖောက်ပြန်တတ်တဲ့သဘောရှိပါတယ်။ ဘာကိုဖောက်ပြန်တယ်လို့ခေါ်သလဲဆိုရင်။အမြဲတမ်းပြောင်းလဲနေတာမျိုးပေါ့။ငြိမ်မနေပဲအနေအထားအမျိုးမျိုးကိုပြောင်းလဲနေတာသည်ရုပ်၏သဘောပါပဲ။နာမ်ရဲ့သဘောကရောဆိုရင်တော့နာမ်သည်သိတတ်တဲ့သဘောလေးပဲပေါ့။ ဒါဆိုဒို့ရဲ့အခုပထမဆုံး အန္တရာယ်နံပါတ်-၁အပေါ်မှာ တင်ပြီး စဉ်းစားကြည့်ရအောင်နော်။ နံပါတ်-၁က ဘာပြောထားသလဲဆိုရင် ကိုယ်ရထားတဲ့ခန္ဓာအပေါ်မှာ စွဲလမ်းနေတာကို ပြောတာ နော်။  အတွင်းအာရုံ (၆)ပါးအပေါ် ငါ့ဟာပဲလို့စွဲနေတာကို ဘယ်လိုအမှန်ပြင်ပြီးသိဖို့ လိုလဲဆိုတာ အဖြေထုတ်ကြစို့ရဲ့။ကဲအရင်ဆုံး မျက်လုံးလေးကိုပဲကြည့်ပါ။ ဒီမျက်လုံးလေးသည် အမြဲတမ်း ဖောက်ပြန်နေတဲ့ သဘောရှိလို့ သူ့ကိုရုပ်တရားပဲလို့ သိရမယ်။ ဒီရုပ်လေး ချည်းသက်သက် ဆိုရင် သိတဲ့သဘောမပါဘူးနော်။ဒါကိုမှနာမ်ကပြန်ခိုင်းနေတယ်။ကြည့်ချင်လာပြီဟေ့လို့နာမ်လေးကသာခိုင်းလိုက်ကြည့်ပေးရတော့တာ။ဒီရုပ်တရားကြီးကလေ။တခါစားချင်လာပြီလို့နာမ်ကဖြစ်ပြန်တော့တခါဒီရုပ်တရားကြီးကပဲစားစရာတွေရှာဖွေလို့စားပေးရပြန်တယ်။ အင်း…ပျင်းလာပြီ..သီချင်းလေးများသာနားထောင်ရရင် ကောင်းမယ်ဟေ့လို့ ဖြစ်လိုက် တာက နာမ်တရား။  ဒီရဲ့နောက်ကမှ  ဒီနားရွက်ကလေးလို့ခေါ်တဲ့ ရုပ်တရားကြီးက  နားလေးစွင့်ပြီး  အားစိုက်လို့နားထောင်ပေးရပြန်ရော။ခုလည်းဘာထူးလဲ။အော်စာလေးရေးဦးမှပဲလေလို့နာမ်လေးကညွတ်လိုက်တော့  ရုပ်တရားကြီးက  ကွန်ပြူတာရှိရာကိုဦးတည်သွားပေး နေရပြန်တယ်။တခါရေးပြီးသားစာလေး တွေတင်ရဦးမယ်လေလို့နာမ်လေးကညွတ်လိုက်တော့ ဒီရုပ်တရားကြီးက Internet ရှိရာကို ရွေ့ပေးသွား ရပြန်တယ်နော်။  ဒါဆိုလုပ်နေသမျှတွေအားလုံးဟာ  ဒီရုပ်တရား၊  နာမ်တရားတွေ ကနေကိုလွတ်တယ်မရှိဘူးနော်။ဒါကြောင့်တကယ်ရှိနေတဲ့တရားသည်ရုပ်နဲ့နာမ်ပါပဲလားလို့သိသိပေးနေရင်ငါဆိုတာကြီးပျောက်နေလိမ့်မယ်။ ဒါဆို အရင်ကစွဲထားတဲ့ ငါစွဲကြီးနဲ့လွတ်နေမှာမို့ တကယ့်အရှိတရားကိုသာမြင်ပြီး တကယ်မရှိတဲ့ ငါ၊သူတစ်ပါး၊ယောက်ျား၊မိန်းမ၊ဘာညာတွေဆိုတဲ့အမြင်မှားတွေ ပျောက်နေမှာမို့ ဒါကို အမြင်မှန် ရစပြုနေပြီလို့ ပြောလို့ရတယ်။

အဲဒါလေးကိုမြင်လွယ်စေဖို့ နှာသီးဖျားထိသိကနေမှ ထွက်လေ၊၀င်လေ လေးတွေ ၀င်ထွက်တဲ့အပေါ် သမာဓိလေးရအောင်ယူလို့လေ့ကျင့်နိုင်တယ်နော်။ လေ့ကျင့်ပုံလေးကတော့ နှာဖျားသည်ရုပ်တရား၊ လေသည်လည်း ရုပ်တရား၊၀င်လေလေး ရှုကြည့်လိုက်ရင် ဒီရုပ် တရားလေး နှစ်ခုထိသွားတာတွေ့ရလိမ့်မယ်။ ရှုလိုက်တဲ့လေလေးနဲ့ နှာသီးဖျားလေး ထိတဲ့အခိုက်မှာ နွေးကနဲလေး (သို့)အေးကနဲလေးဖြစ်သွားတာကို သတိထားကြည့်လိုက်ပါ။ အဲဒီအခါမှာထိတဲ့အခိုက်လေးမှာတန်းပြီးသိနေတာသည်နာမ်တရားလေးပဲလို့“ထိတာသည်ရုပ်၊သိတာသည်နာမ်”လို့ အတိုကောက်လေးမှတ်ပြီး လေ့ကျင့်ကြည့်ပါ။ ဒီလိုလေ့ကျင့်ပါများလာတဲ့အခါ သမာဓိ လေးရ လာမှာမို့ အဲဒီသမာဓိကပဲ လုပ်နေ၊ကိုင်နေသမျှတွေ အပေါ်မှာသတိထားတတ်သွားပါမယ်။ ဒါမှ သာ အော်…ဒါကတော့ရုပ်တရားလေးပါလား၊ ဒါကတော့နာမ်လေးပဲလို့ စိတ်မှာရှင်းရှင်း လင်းလင်း လေးသိမြင်လာလေ စွဲစရာတွေနည်းလာလေပဲဖြစ်လာမယ်နော်။ အင်း..ငါဆိုပြီး စွဲနေလိုက်တာကြီးက တကယ်တော့ ငါမဟုတ်ပဲ ရုပ်နဲ့နာမ်ပါပဲလားလို့ ကွက်ကွက်ကွင်းကွင်း ကြီးသိမြင်လာရင်တော့ ဒါဝမ်းသာလိုက်ပေတော့။အော် ငါ အမြင်မှန်တွေကိုမြင်လာပြီပဲလို့သာ ကိုယ့်ကိုယ်ကို မုဒိတာပွားပေးလိုက်ပေတော့။ဒီလိုလေး သတိလေးကပ်နေနိုင်သမျှ အချိန်တိုင်း သည် အန္တရာယ်နံပါတ်-၁ ကနေလွတ်မြောက်နေတဲ့အချိန်ပဲလို့ မှတ်လိုက်ပါနော်။အမှန်မှာ ဒါတွေကိုသိပြီးမလုပ်နိုင်ဘူးဆိုတာသည် အလေ့အကျင့်မရှိသေးလို့ပါ။ အခုပြောပြထား သလို လေး  သမာဓိလေးရအောင် အရင်ဆုံးအရင်းလေးစိုက်ကြည့်လိုက်မယ်ဆိုရင် သွားရင်း လာရင်း ကစ သတိလေးကကပ်ပါသွားမှာမို့ “ဒီဖက်ကမ်းမှာပဲကပ်ပြီးသောင်တင်နေခြင်း”ဘေးကနေ အလိုလိုလွတ်နေပါမယ်လို့……………..အနာသိပြီး ဆေးမသိရင်လည်း ရောဂါမပျောက် နိုင်ဘူး ဆို တာ မမေ့ပါနဲ့။

ကဲဒီနေ့တော့ အန္တရာယ်နံပါတ်-၁ ကိုကျော်လွှားနိုင်ဖို့ ဘယ်လိုနှလုံးသွင်း ရပါ့မလဲဆိုတဲ့ အဖြေလေး ကိုဖော်ပြလိုက်ရပါတယ်။အကယ်လို့ တစ်စုံတရာအမှားပါခဲ့ပါက ခွင့်လွတ်ပြုပြင် ဆုံးမပေးကြပါရန်…

အကြံဥာဏ်ကောင်းများရှိပါကလည်း ဝေမျှကြပါဦးလို့။

dimplemit@gmail.com

About sofiadimple

dimple mit has written 22 post in this Website..