ဒိတ်! ဒိတ်!

ရင်ဘတ် ဘယ်ဘက်ခြမ်း နောက်တော့ ခေါင်းထဲကို တိုးလာတဲ့ သွေးခုန်နှုန်း တွေ ကို ကြားလိုက်ရမိတယ်…

 

ဒါ ဘယ်သူလဲ…???

သူမ ကရော ဘာဖြစ်သွားတာလဲ….???

ချောတယ်လို့ မဆိုသာ၊ ရုပ်ဆိုးတယ် ဟုပင် ပြောနိုင်သော သာမာန် ရုပ်ရည်ပိုင်ရှင် အမျိုးသားတစ်ယောက် ကို အတွေ့မှာ ဒီ လောက် စိတ်လှုပ်ရှားမိရသလား မတွေးတတ်တော့……….

တကယ် ဆို သူမ အသက်က ၁၅ နှစ် ပြည့်ပြီး ခါစ…!

 

မေမေ့ ကို ပြမိတော့လည်း ……….

“ရုပ်ဆိုးပါတယ် သမီးရယ်၊ မျက်နှာမှာလည်း အဖု တွေနဲ့…..”  တဲ့!

 

ဟင်!!

အကောင်းမြင်နေကျ သူမ မေမေက အဲလို ပြောတော့ စိတ်ညစ်သွားတယ်….

မေမေရယ်၊ မျက်လုံး အစွန်းဘက်လေးနားကနေ အပေါ် တက်နေသယောင်နဲ့ မျက်တောင် တိုတို ထူထူလေးတွေ ရှိတဲ့ ဒီလို မျက်လုံးလှလှလေးတွေ ဘယ် အမျိုးသားမှာ မြင်ဘူးပါသလဲ…………….?

သူများနဲ့ မတူ အကြည့်လေးက အစ ရီဝေဝေလေးနဲ့ ဝမ်းနည်းဓာတ်ခံ မျက်လုံးမျိုးရော သူ့တစ်ယောက်ဆီ ကလွဲပြီး မမြင်ဘူးခဲ့ပါဘူးးးး…..

 

မောင်လေးတွေကတော့ အားပေးပါတယ်။

“အသားကလည်း မည်းလိုက်တာ….. အရပ်က ပုသေး…..” တဲ့။

အဲဒီတော့ရော ဒီ အသားအရည် နဲ့ ဒီ အရပ်အမောင်းမှာ ပုံဆိုးပန်းပျက်ဆိုတာ မရှိ ဘယ် အဝတ် အစားမဆို လိုက်ဖက်စွာ ဝတ်စားတတ်တာရော မသိကြ မမြင်ကြတော့ဘူးလားးး……

 

အဒေါ်တွေကတော့ စကားပြော ရင့်သတဲ့……..။ ထောပနာ ပြုကြတာ…..

ရင့်တာ မဟုတ်ပါဘူးကွယ်။ စကားပြော ပြတ်သားရတာပါ။ နေရာနဲ့ နေရာ၊ အချိန်ပေါ် မူတည်ပြီး ပြောဆိုတတ်ရတာပါ။

 

 

သူမ စွဲလန်းမှုကတော့ တစ်နေ့ထက် တစ်နေ့ တိုးလာပြီး တစ်ရက် မမြင်ရ မနေနိုင်တဲ့ ထိပါပဲ…….။

 

သူ့ မျက်လုံး၊ အကြည့်၊ စကားသံ၊ လှုပ်ရှားမှုတွေ၊ ဝတ်ပုံစားပုံက စ တစ်ခုခြင်း စီ အနုစိတ်လိုက်ကြည့်ကာ တွယ်ငြိမှုတွေက လူသိရှင်ကြားးးးး

သူ့ကို မြင်ကာနီးတိုင်း ရင်ခုန်သံတွေက မကွယ်နိုင် မဝှက်နိုင်……….။

သူ့ အကြောင်း မကောင်းပြောခံရတိုင်း ဆတ်ဆတ်ထိ မခံလွန်းလို့ သူမ ကို ဟား စရာ သတ္တဝါ အဖြစ် စချင်သူတွေက သူ့ အပြစ်တွေ လာလာပြောနေကြ………………..!

 

သူ့ ဓာတ်ပုံ လေးတွေက အခန်း နံရံမှာ၊ စာကြည့် စားပွဲမှာ၊ ကုန်ကုန်၊ ပိုက်ဆံအိတ်ထဲမှာ လူလစ်ပြီ ထင်တိုင်း ခိုးခိုးကြည့်ရတာ မမော။

 

ဖေဖေကတော့ မေမေ့ကို ဆူသည် တဲ့။

“သမီး ဒီ အတိုင်း ဆို စာမေးပွဲမှာ အမှတ်တွေ နည်းတော့မှာပဲ” တဲ့။

 

မနည်းစေရပါဘူး ဖေဖေရယ်…….။

သမီး ဒီ ထက် မလွန်သွားအောင် ကြိုးစားထိမ်းသိမ်းမှာပါ………..။

ဒီတိုင်း ကြည့်နေခွင့်လေးကိုတော့ မရုတ်သိမ်းလိုက်ပါနဲ့နော်…….။

စိတ်ထဲကပဲ တိတ်တိတ်လေး တောင်းပန်မိတယ်။

 

 

 

 

တစ်ရက်တော့ ဘယ်သူ စ သယ်ဆောင်လာမှန်း မသိတဲ့ သီတင်းးးး

“ဟင်!! အဲဒီ ကောင် မှာ မိန်းမရှိတယ်” တဲ့။

 

သူမ စိတ်ထဲ ဒိတ်ကနဲ။

သိတာ ကြာပြီဖြစ်တဲ့ ကိစ္စတစ်ခုကို သူမ ဘယ်သူမှ ပြောမနေပဲ ထားထားခဲ့တာ………………..။

သူမ နှစ်သက် ချစ်ခင်မှု မှာ အဲဒီလို မလိုလား အပ်တဲ့ အတွေးတွေ မရောက်စေချင်၊

မထင်စေချင်လို့ ဒီ သတင်းကို အိမ်သူ အိမ်သားတွေကို ထိန်ချန် ထားခဲ့တာ………………………….။

 

အဲဒီ နောက်ပိုင်းးး

သူမ စွဲလန်းမှုတွေ ကို ဘယ်သူမှ မမြင်နိုင်တဲ့ နေရာမှာ သိမ်းထားလိုက်တော့မယ် လို့ ဆုံးဖြတ်ချက်နဲ့ပဲ

သူမ ဘေးနား၊ အနီးတစ်ဝိုက်၊ လူမြင် သူမြင် နေရာမျိုးမှာ သူ နဲ့ ပတ်သက်တာ ဘာကို မှ မထားတော့ပဲ ရှင်းလင်းထားလိုက်တော့တယ်……………………။

အကျိုးအကြောင်း သင့်လို့ တွေ့မြင်ရင်လည်း သူ့ ရပ်တည်ချက်တွေ အောင်မြင်မှုတွေကို မုဒိတာထားပြီး ကြည့်မြင်နိုင်အောင် ကြိုးစားတတ်ခဲ့တယ်…………။

 

ဒီလိုနဲ့ အချိန်တွေ ကုန်ခဲ့တာ ၁ဝ နှစ်………………

 

 

 

ဂျူလိုင် တစ်ညနေခင်းးးးး

“သူ ဆုံးပြီ” တဲ့။

အစကတော့ လာပြောတဲ့ သူတွေ နောက်သလားးး သူ့ကို နစ်နာစေချင်လို့ တမင်ပြောတဲ့ စကားတွေများလား လို့ မှတ်ထင်လိုက်သေးတယ်။

မဟုတ်!

တကယ် ပါ။ သူ တကယ် ကို ………………………………………….

သူ့ကို ချစ်တဲ့ သူ၊ သူ့ကို မုန်းတဲ့ သူတွေ အကုန်လုံးကို ထားသွားခဲ့ပြီ။

 

အပြစ်ပြောချင်သူများကျတော့လည်း သူ ဆုံးပြီး နောက်ပိုင်းကို ဘာကြောင့် ဆုံးတာပါ၊

ဘယ်သူနဲ့ အတူရှိလို့၊ ဘာဆေးသုံးလို့ စသည်ဖြင့် ဖွ ကြသေးရဲ့။

 

သွားစမ်းပါ…!!!

လူ တစ်ယောက်လုံး သေသွားခဲ့ပြီ။

ဘာကြောင့်ဆိုတာတွေ … ဘာနဲ့ ဆိုတာတွေ …. ပြောဖို့ မလိုတော့လောက် အောင် ကို နောက်ကျသွားခဲ့ပြီးပြီ။

သူမ ဝမ်းနည်း တဲ့ ကြားက ဒေါသဖြစ်စွာ တွေးမိ ခဲ့ပါသေးတယ်။

 

နောက် တစ်လ နေတော့ သူမ စလုံး ကျွန်းကို ထွက်ခွါဖို့ ပြင်ဆင်နေချိန် အမ တစ်ယောက်နဲ့ တွေ့တယ်။

“ညီမလေး၊ စလုံး ကို သွားတာ သူ မရှိတော့ လို့လား”  တဲ့။

တော်တော် အံ့ဩသွားရတယ်။ ဒီ လောက် ကြာမြင့်ခဲ့တဲ့ ကာလတွေမှာ သူမ သူ့ကို ရူးမူးစွဲလန်း ခဲ့ဖူးတာ မမေ့တဲ့ သူတွေ မမေ့ကြသေးဘူးးးး

 

သူ မ ပြုံး ပဲ ပြ လိုက် တယ်။

ရှင်းပြဖို့ မလိုအပ်တော့ဘူးလေ။

နှစ်သက်တယ်၊ ချစ်ခင်တယ်၊ မြတ်နိုးတယ် ဆိုတာ …………..

သူ့ရဲ့ ကောင်းခြင်း………… ဆိုးခြင်း……………….

သူနဲ့ စုံဆည်းရခြင်း……………… ခွဲခွါရခြင်း…………………..

သူက လက်ခံနိုင်ခြင်း………………….. လက်မခံနိုင်ခြင်း……………… အပေါ်မှာ မူတည်တာမှ မဟုတ်ပဲလေ။

 

စိတ်ထဲမှာ ဝန်ထုတ်ဝန်ပိုးမဖြစ်ပဲ အမြဲရှိနေဖို့က အဓိက မဟုတ်လား ကိုသားကြီး ရယ်……………………..

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120