မျောက်စတီကျူးရှင်း

ကျော်ဘသစ်November 26, 20131min20413

(၁)

မျောက်အဘိုးကြီးတစ်ကောင် သူ့နဖူးပေါ်သူ ဒူးပေါ်စိုက်ရင်း သစ်ပင်ခွကြားမှာ စိတ်ပျက်လက်ပျက် မှိုင်နေတယ်။

သူလို သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ပင်ပင်ပမ်းပမ်း ရှာဖွေစုဆောင်းထားတဲ့ ငှက်ပျော်သီးကိုမှ သင်းတို့က ခဏခဏ ခိုးစားရက်ကြသတဲ့။  သူတို့အုပ်စုမှာက မျောက်အားလုံးပေါင်းပါမှ လက်တစ်ဆုပ်စာ။ ခိုးနေတာလည်း ဒီအထဲကကောင်တွေပဲလေ။

သူကိုယ်တိုင်လည်း သူဝှက်ထားတဲ့ ငှက်ပျောသီးကို ၂၄ နာရီလုံးလုံး မျက်လုံး ဒေါက်ထောက် ကြည့်မနေနိုင်၊ နောက် သူလို တုန်တုန်ချည့်ချည့် အဘိုးအိုတစ်ယောက်ကို ဘာ ဂရုစိုက်စရာ လိုလဲဆိုပြီး မျောက်ငယ်တွေ အတင့်ရဲကြတာလည်း ပါမှာပေါ့။ ဒါကြောင့်ပဲ သူ့ငှက်ပျောသီးတွေ အမြဲတမ်းလိုလို ပျောက်နေတာ။

မျောက်အိုကြီးဟာ ဟိုဟိုဒီဒီ လျှောက်သွားလိုက်၊ တစ်ခါ ငုတ်တုတ် ပြန်ထိုင်လိုက်၊ ဒူးနှစ်ဖက်ပေါ် နဖူးစိုက် အကြံအိုက်လိုက်၊ တုံးတုံးလှဲပြီး နဖူးပေါ်လက်တင်လိုက်၊ ဒီလိုနဲ့ သူ့ခမျာ အနေအထား အမျိုးမျိုးလုပ်ပြီး အကြံဉာဏ်ထုတ်နေရှာတယ်။

“ဒီကိစ္စ ဘယ်လို လုပ်ရကောင်းမလဲ၊ ဘယ်လိုဖြေရှင်းရင် အဆင်ပြေမလဲ။ စဉ်းစားစမ်း၊ အိုးလ်မန်းကီး၊ စဉ်းစားစမ်း”

မျက်နှာကို မော့ပြီး သူ့မေးသူပွတ်ကာ အဖြေရှာနေတယ်။

အဲဒီလို ထိုင်လိုက်ထလိုက် အကြံအိုက်နေတဲ့အချိန်မှာပဲ သူနေတဲ့သစ်ပင်နဲ့ မလှမ်းမကမ်း တစ်နေရာမှာ အသီးတွေ ပြွတ်နေအောင်သီးတဲ့ ခွေးလယားသီးပင်ကြီးကို သူ လှမ်းမြင်လိုက်တယ်။ မျက်လုံးအစုံကို မှေးပြီး ခွေးလယားသီးတွေကို ငေးကြည့်နေရင်းက သူ့ဦးနှောက်ထဲ အလင်းတစ်ချက် ထင်းခနဲ ပွင့်ထွက်သွားတော့ရဲ့။

“ဖျောက်!”

ကောင်းလိုက်တဲ့ ငါ့ဦးနှောက်နှယ်ဆိုပြီး မျောက်အိုကြီးဟာ လက်ဖျောက်တစ်ချက် တီးလိုက်တယ်။

(၂)

နောက်တစ်နေ့ မနက်အစောကြီးမှာ မျောက်အိုကြီးဟာ သူစုထားတဲ့ ငှက်ပျောသီးတွေကို ခြင်းတစ်လုံးထဲထည့်ပြီး လူမြင်သူမြင်ဖြစ်မယ့် သစ်ကိုင်းတစ်ခုမှာ ချိတ်ဆွဲထားလိုက်တယ်။

သူကိုယ်တိုင်ကတော့ ဘယ်သူမှ မမြင်နိုင်တဲ့ သစ်ပင်ထိပ်ပိုင်း အကိုင်းဖျားတစ်ခုမှာ ပုန်းလို့။

ခဏနေတော့ ငှက်ပျောသီးခြင်းအောက်တည့်တည့်မှာ မျောက်တွေ စုရုံးစုရုံး လုပ်လာတယ်။ အရင်ဆုံး သူတို့အထဲက လက်အဆော့ဆုံး မျောက်က ငှက်ပျောသီးတွေကို ကြည့်ပြီး သွားရည် ဖြိုင်ဖြိုင် ကျလာတယ်။

အဲဒီနောက် အနီးအနားမှာ မျောက်အိုကြီး ရှိမရှိ ဘေးဘီဝဲယာ လိုက်ကြည့်ပြီး အဘိုးကြီးမရှိတာသေချာပြီဆိုတာနဲ့ ခြင်းထဲက ငှက်ပျောသီးတွေကို တက်ခိုးဖို့ လုပ်ပါလေတော့ရဲ့။

ခြင်းရှိတဲ့ သစ်ကိုင်းဘက် ကူးသွားလို့ အကိုင်းတံပေါ် ခြေတစ်ဖက် ချရုံရှိသေး၊ ဘယ်ကဘယ်လို လွင့်လာမှန်းမသိတဲ့ ခွေးလယားသီးမှုန့်တွေ အောက်က မျောက်အားလုံးရဲ့ ကိုယ်ပေါ် တဖျောဖျော ပြုတ်ကျလာပါလေရော။

“ဂွီး..ဂွီး..”

“ဂွါး..ဂွါး..”

မျောက်တွေခမျာ အော်ကြ၊ ဟစ်ကြ၊ ယားကြ၊ ကုပ်ကြ။

ပြီး ငှက်ပျောသီး တက်ခိုးတဲ့ မျောက်ကို အောက်ကမျောက်တွေက ဝိုင်းပြီး ဟောက်ကြတယ်။

“ဟေ့ကောင်.. ဆင်း…ဆင်း…အခုချက်ချင်း အမြန်ဆင်း…

မင်းနင်းထားတဲ့ အကိုင်းက ခွေးလယားသီးတွေ ကျတာ”

အဲဒီ့မျောက်လည်း ချက်ချင်း ပြန်ဆင်းလာရတယ်။

သစ်ပင်ထိပ်ဖျားမှာ ပုန်းနေတဲ့ မျောက်အိုကြီးကတော့ ခွေးလယားသီးမှုန့်ထုပ်နဲ့ လျှို့ဝှက် သွယ်တန်းထားတဲ့ သူ့လက်ထဲက ကြိုးကို ကြည့်ပြီး ပြုံးပြုံးကြီးလုပ်လို့၊

“အဟီး… မဆိုးဘူးကွ” တဲ့။

(၃)

မျောက်တွေဟာ ယားတဲ့ဒဏ် မခံနိုင်တဲ့အဆုံး နီးစပ်ရာရေကန်ထဲ တဝုန်းဝုန်း ခုန်ချကြ၊ ပွတ်ကြသပ်ကြ၊ ရေချိုးကြနဲ့ နောက်ဆုံး အားလုံးပဲ အယားပြေသွားကြတယ်။ အားလုံး ကုန်းပေါ် ပြန်တက်လာကြ၊ ပြီး ငှက်ပျောသီးခြင်းအောက်မှာ ပြန်စုမိကြတယ်။

မကြာခင်မှာပဲ နောက်မျောက်တစ်ကောင်က တစ်ခါထပ်ပြီး မနေနိုင်မထိုင်နိုင် ငှက်ပျောခိုင်ကို တက်ဆွဲဖို့ အားခဲလာပြန်တယ်။ ဒါပေမယ့် ခြင်းရှိတဲ့ သစ်ကိုင်းပေါ် ခြေနင်းမိရုံရှိသေး၊ စောစောကလိုပဲ မျောက်တွေပေါ် ခွေးလယားသီးမှုန့်တွေ တဖျောဖျော ကြွေကျလာပြန်တယ်။

“ဟေ့ကောင်… မျောက်မသားမျောက်၊ အမြန်ဆင်း၊

မဆင်းရင် ခဲနဲ့ ဝိုင်းပေါက်မှာနော်”

အောက်က မျောက်တွေ အော်ကြ၊ ဟစ်ကြ၊ ရေကန်ထဲ တစ်ခါ ဆင်းပြေးကြရပေါ့။

နောက်နေ့တွေမှာလည်း ဒီအတိုင်းပဲ၊ မျောက်တွေ တစ်ကောင်ပြီး တစ်ကောင် ငှက်ပျောသီးခိုးဖို့ ကြိုးစားကြ၊ နောက် ခွေးလယားသီး မှုန့်တွေ ပြုတ်ကျ၊ မျောက်အားလုံး ယားကြ၊ အော်ကြ၊ ဆဲကြ။ ရေထဲ ဆင်းပြေးကြ။

သိပ်မကြာခင်မှာတော့ မျောက်တွေဟာ နပ်သွားကြတယ်။ ဘယ်မျောက်ကမှ ကိုယ့်ကိုယ်ပေါ် ခွေးလယားသီးမှန်ပြီး အယားခံတဲ့အထိ စိတ်မရှည်ကြတော့ဘူး။ မျောက်တစ်ကောင်ကောင် အဲဒီသစ်ကိုင်းဆီ ခြေလှမ်းပြင်တာနဲ့ ပြင်တဲ့မျောက်ကို ကျန်တဲ့ကောင်တွေက အောက်ကတည်းက ဝိုင်းသမကြတော့တာပဲ။

ဒါပေမယ့် မျောက်ဆိုတာကတော့ သိတဲ့အတိုင်းပဲ၊ အငြိမ်နေတဲ့ သတ္တဝါမဟုတ်တော့ တစ်ကောင်မဟုတ် တစ်ကောင်က လစ်ရင်လစ်သလို သစ်ကိုင်းပေါ်က ငှက်ပျောခိုင်အိပ်မက်ကို မက်ချင်ကြတုန်း။ တစ်ခြား မျောက်တွေကလည်း သစ်ပင်အောက်မှာ (၂၄) နာရီ အလှည့်ကျ တုတ်တစ်ချောင်းကိုင်ပြီး စောင့်ကြပ်ကြည့်ရှုလို့။

သစ်ကိုင်းဖျားမှာ ပုန်းနေတဲ့ မျောက်အိုကြီးကတော့ “အခုတော့ ခွေးလယားသီးကြိုးတောင် ဆွဲစရာမလိုတော့ဘဲ သူတို့ရိက္ခာ သူတို့ ထုတ်ပြီး လုပ်အားပေးနေကြပေါ့” လို့ တွေးပြီး ပြုံးပြုံးကြီး ပြောတယ်။

“အဟီး… အောင်မြင်တယ်ကွ”တဲ့။

(၄)

နောက် တစ်လလောက်အကြာမှာ တစ်ခြားမျောက်အုပ်စုက သင်းကွဲမျောက်တစ်ကောင် သူတို့မျောက်အုပ်စုနဲ့ လာပေါင်းတယ်။

ဒီမျောက်သစ်က ဘုမသိဘမသိနဲ့

“ဟ… ဒီလောက်မှည့်ဝင်းနေတဲ့ ငှက်ပျောသီးတွေ မင်းတို့မို့လို့ အလှကြည့်နေတယ်”

ပြောပြောဆိုဆို သစ်ကိုင်းရှိရာ တက်ဖို့ပြင်ပါတယ်။

သူ တက်မလို့ ပြင်ရုံရှိသေး၊ ကျန်တဲ့မျောက်တွေက သူ့ကို ဝိုင်းကျွေးလိုက်ကြတာ တစ်ကိုယ်လုံး ဖူးဖူးယောင်သွားပါလေရော။ အဲဒီလို ဘုမသိဘမသိ ခံလိုက်ရတော့မှ မျောက်သစ်လည်း ဒီအုပ်စုရဲ့ဘုမသိဘမသိထုံးစံကို ဘုမသိဘမသိ နားလည်သွားတော့တယ်။

နောက်ထပ် တစ်လလောက်အကြာမှာ နောက်ထပ် မျောက်သင်းကွဲတစ်ကောင် ထပ်ရောက်လာပြန်တယ်။ သူလည်း စောစောကမျောက်လိုပဲ ဘုမသိဘမသိ ငှက်ပျောသီးတက်စားဖို့ ပြင်ပြန်တယ်။ ဘုမသိဘမသိပဲ ဖူးဖူးယောင်သွားပြန်တယ်။

ထူးခြားတာက နောက်ဆုံးမျောက်ကို ဆွမ်းကြီးလောင်း ကြတဲ့အထဲမှာ ခွေးလယားသီးဗုံးအကြောင်း နကန်းတစ်လုံးမှ မသိရှာတဲ့ ရှေ့လကမှ ရောက်တဲ့ မျောက်သစ်ပါ ဝင်ပါနေတာပါပဲ။

သူကလည်း ဒီအုပ်စုမှာ အဲဒီ့သစ်ကိုင်းဆီ ဘုမသိဘမသိ ခြေလှမ်းပြင်မိတာနဲ့  ဘုမသိဘမသိ ဗျင်းခံထိတယ်ဆိုတဲ့ သူ အတွေ့အကြုံနဲ့ ရင်းထားရတဲ့ သင်္ခန်းစာကို နောက်ဆုံးမှ ရောက်လာတဲ့ ဘုမသိဘမသိကောင်ကို လက်ဆင့်ကမ်း လက်ချာပေးလိုက်တာလေ။

နောက် နှစ်တွေအတော်ကြာတော့ မျောက်ဟောင်းတွေ နေရာမှာ မျောက်မျိုးဆက်သစ်တွေ တဖြေးဖြေး အစားထိုးလာ၊ ခြင်းထဲက ငှက်ပျောသီးတွေလည်း ခြောက်ကပ်ပိန်လိမ်၊ မျောက်အိုကြီးလည်း မျောက်ကြီးရောဂါနဲ့ ကွယ်လွန်သွားတဲ့အချိန်။

နောက်ဆုံးမှာ သူတို့အုပ်စုထဲမှာ ခွေးလယားသီးနဲ့ ငှက်ပျောသီးကိစ္စ ကိုယ်တိုင် ကြုံဖူးတဲ့မျောက် တစ်ကောင်မှ သက်ရှိထင်ရှားမရှိတော့။

ဒါပေမယ့် ဘုမသိဘမသိ သင်္ခန်းစာကိုတော့ မျောက်မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြတယ်။

ခြင်းလွတ်တစ်လုံးချိတ်ထားတဲ့ သစ်ကိုင်းဆီ တက်ဖို့ပြင်တဲ့ မျောက်တိုင်းကို ကျန်တဲ့မျောက်တွေက ရိုးရာမပျက် အငြိုးတကြီး ထိုးကြ၊ နှက်ကြ၊ ဗျင်းကြ၊ သမကြလျှက်။

(၅)

နောက်ပိုင်းရဲ့ နောက်ပိုင်းမှာတော့ ခင်ဗျားတို့ သိကြတဲ့အတိုင်းပါပဲ၊ မျောက်တွေဟာ ဆင့်ကဲဖြစ်စဉ်အရ တဖြေးဖြေး အဆင့်မြင့်သွား၊ လေးဘက်ထောက် သွားရာက တဖြေးဖြေးချင်း ကုန်းကုန်းဖြစ်လာ၊ ကုန်းကုန်းသွားရာက တဖြေးဖြေးချင်း ကျောဆန့်လာကြ၊ နောက် မတ်တပ် ထရပ်။ နောက် လူသားရယ်လို့ သတ်မှတ်ရတဲ့အထိလေ။

ယဉ်ကျေးလာတာနဲ့အမျှ နေထိုင်မှုပုံစံတွေ၊ တိုက်တာ အဆောက်အဦးတွေ ပြောင်းလဲသွားကြ၊ အတိတ်ကသစ်ပင်ကြီး အောက်တည့်တည့် မြေကွက်မှာတော့ အစည်းအဝေးခန်းမကြီးတစ်ခု ဖြစ်လာတယ်။ အဲဒီခန်းမကြီးထဲမှာ လူတွေ စုကြရုံးကြ၊ အတိတ်က ဖြစ်ရပ်တွေကို တူးကြ၊ ဖော်ကြ၊ စာတစ်တန်ပေတစ်တန် ဖွဲ့ကြ၊ အဓိပ္ပါယ်တွေ ရှင်းလင်းဖွင့်ဆိုကြ၊ ထုတ်ဖော်ကြ၊ ဆွေးနွေးကြပေါ့။

တစ်နေ့တော့ အဲဒီခန်းမကြီးထဲမှာ “လူသားနှင့် လွတ်လပ်ခွင့်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကြီးတစ်ခု ကျင်းပနေတယ်။

လူသားဆိုတာ….

လွတ်လပ်ခွင့်ဆိုတာ…

သမိုင်းမတိုင်ခင်ကာလက…

ဆိုကရေးတီးလက်ထက်ကဆိုရင်…

ဂျော်ဒန်နို ဘရူနိုဆိုတဲ့သူက….

အခုလို ဉာဏ်အလင်းပွင့်လာတဲ့အခါမှာတော့….

စသဖြင့် စသဖြင့် ဆွေးနွေးကြ။

အဲဒီမှာ လူတစ်ယောက်ရဲ့ ပါးစပ်ဖျားက

“သစ်…” ဆိုတဲ့ စကားတစ်လုံး အမှတ်တမဲ့ ထွက်သွားတယ်။

ချက်ချင်းပဲ ခန်းမကြီးတစ်ခုလုံး မီးပျက်သလို ရုတ်တရက် ငြိမ်သက်သွား၊ ပြောလက်စ စကားတွေ ရပ်၊ တစ်ဆက်တည်းမှာ လက်သီးဆုပ်တဲ့ လူက ဆုပ်၊ တုတ် သွားဆွဲတဲ့လူက ဆွဲ၊ ဆဲတဲ့လူက ဆဲ၊ စောစောက စကားလုံး ပြောလိုက်တဲ့လူအနား တပြုံကြီး ဝိုင်းထားလိုက်ကြတယ်။

“မင်း… ဘာပြောချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ”

“ဟို.. ဟို…သစ်.. သစ်.. ‘သစ္စာနီရဲ့ ကော်ဖီဆိုင်ပြဇာတ်’ ဖတ်ဖူးကြလား… အဲဒါ မေးမလို့.. ဟဲ.. ဟဲ..”

အဲဒီလို မျက်နှာချိုလေး သွေးပြီး ရှင်းပြလိုက်တော့မှ လူတွေ သူ့ကို ဘုကြည့်ကြည့်ရင်း ကိုယ့်နေရာကိုယ် ပြန်ထိုင်သွားကြတော့ရဲ့။

ဒီအဖြစ်အပျက်ကို အမိုးပေါ်ကနေ ငုံ့ကြည့်ရင်း ဒီဘဝ ခန်းမစောင့်နတ်ကြီး လာဖြစ်တဲ့ ဟိုတုန်းကမျောက်အဘိုးကြီးက တခွီးခွီး ရယ်နေတယ်၊

“အဟီး… ငါကွ” တဲ့။

……………………………………………………..

ကျော်ဘသစ်

……………………………………………………..

ကျွန်တော့် Facebook’s Note ထဲမှာ ပြီးခဲ့တဲ့လတွေတည်းက တင်ထားတဲ့ဝတ္ထုတစ်ပုဒ်ပါ။

(နဂိုရေးပြီးသားတွေကုန်ရင် ကျနော်လည်း ခဏခဏ တင်နိုင်တော့မှာ မဟုတ်ပါဘူး။ :D)

ဒီဝတ္ထုဟာ monkey test ဆိုတဲ့ အင်တာနက်မှာဖတ်ရတဲ့ ပုံပြင်တစ်ပုဒ်ကို အခြေခံပါတယ်…။

…………………………….

13 comments

  • Mr. MarGa

    November 26, 2013 at 9:01 pm

    လူဆိုတာ မျောက်က ဆင်းသက်လာတယ် ဆိုတာနဲ့
    ဆက်စပ်ပြီး ရေးပြသွားပုံလေးကို
    ကြိုက်မိတယ်ဗျာ။
    မူရင်းကို ဖတ်ဖူးပေမင့်
    အမြင်၊ အရေးက တမျိုး ဆန်းနေသလိုပဲ ဗျ

  • alinsett

    November 26, 2013 at 9:08 pm

    အဟီး..
    မဆိုးဘူးဗျ….
    :kwi:

    ဒီ အရေးအသားမျိုးကို.. ကျွန်တော်တော့.. အမြဲဖတ်ချင်နေတော့မှာပဲ..

  • ကျော်ဘသစ်

    November 26, 2013 at 9:19 pm

    ကိုမာဂရော၊ အလင်းစက်ပါ… အားပေးတာ ကျေးဇူးပါ…
    ကျနော်လည်း ဒီလိုမြှောက်ထိုးပင့်ကော်လုပ်ဖော်ရတဲ့သူတွေ ရှိနေရင်
    ထပ်ရေးဖြစ်ဦးမယ်… ထင်ပါတယ်…။

    မန်းဂေဇက်က မိတ်ဆွေတစ်ချို့နဲ့ ဖဘမှာလည်း သူငယ်ချင်းတွေ ဖြစ်လာကြပြီဆိုတော့
    ဖဘမှာရှိတဲ့အဟောင်းအမြင်းတွေ… လာတင်လို့ မကောင်းတော့ဘူးလေ… 😀

    ကိစ္စတော့ မရှိပါဘူးလေ..၊ ဝတ္ထုတင်စရာကုန်သွားတော့လည်း ကျွန်တော့်မူရင်းစတိုင်အတိုင်း ပေါကြောင်ကြောင်ဟာတွေပဲ လိုက်ရေးရုံ ရှိတော့တာပေါ့….၊ ဟား ဟား…။

  • surmi

    November 26, 2013 at 10:59 pm

    ​နောက်​ထပ်​​မြှောက်​​ပေးသူတစ်​​ယောက်​လာပါပြီ
    ဆက်​လက်​ပြီးဖတ်​ဖို့​မျှော်​​နေပါမယ်​
    ​ဆွေး​နွေး​လေကန်​တာ​တွေလည်​းလုပ်​ပါမယ်​…

  • KZ

    November 27, 2013 at 11:00 am

    ဟုတ်။
    ဒီလို ရေးလိုက်တော့ ဖတ်လို့ ပိုကောင်းသွားတယ်။
    မူရင်းတုန်း က ရေခဲရေနဲ့ ပက်တာလား မသိဘူးးးး

    ကျိုးကြောင်းမဲ့ အကြောက်တရားဟာလည်း လက်ဆင့်ကမ်းလို့ ရတယ် ဆိုတာက အတော်ကြောက်စရာကောင်းတယ်။

  • ဦးကြောင်ကြီး

    November 27, 2013 at 11:32 am

    မျောက်ဆိုလို့ ရွာသူ တရုတ်သဗုံ ကြေးမုံဂျီးကို အနော့် မျောက်နမ်းဒေဝီ ခန့်ဖို့ ဦးထားဒယ်နော်.. ကြိုပေါထားဒါ.. လူသစ်ဆိုဒေါ့ မသိခြင်ထောင် ထောင်မိမှာစိုးလို့..။

  • kai

    November 27, 2013 at 3:52 pm

    ဆိုတေ့ာ… အသီးနာမယ်ပြင်သင့်တာပေါ့…
    မျောက်လယားသီးပေါ့နော. :kwi:

  • ကျော်ဘသစ်

    November 27, 2013 at 5:06 pm

    ကို surmi
    မင်္ဂလာပါ…
    အားပေးတာ ကျေးဇူး…။

    ကိုကေဇက်..
    ဟုတ်ကဲ့…
    အဲဒီရေခဲရေနဲ့လောင်းတဲ့ဟာကိုပဲ အဆင်ပြေသလို (ခိုး) ရေးလိုက်တာပါ…
    ဖတ်လို့အဆင်ပြေတယ်ဆိုရင် ကျေးဇူးပါ…။

    ဦးကြောင်ကြီး
    နယ်သိပ်မချဲ့နဲ့လေဗျာ… trans-specie ဖြစ်နေပြီ။
    နောက်လူကိုလည်း ဦးစားပေးဦးမှပေါ့… ဟား ဟား…။

    သူကြီးဦးခိုင်ခင်ဗျာ
    ခွေးလယားသီးက ယားတဲ့အကောင်တွေကို နာမည်ယူတာ မဟုတ်လောက်ဘူး။
    အသီးရဲ့ ပုံပမ်းသဏ္ဍာန်တူတာကို ကြည့်ပြီး အခုလိုမျိုး ခေါ်တာ ထင်ပါတယ်…။ 😀

  • အရီးခင်

    November 27, 2013 at 5:53 pm

    တကယ်တော့ အဲလာ ပုံပြင်မဟုတ်။
    တကဲ့ စိတ်ပညာ research လို့ ကြားဘူးတာဘဲ။ (သိကြမှာပါ) 😛
    မျောက် ၅ကောင် နဲ့ စပြီးစမ်း တာ။
    အပေါ်က ငှက်ပျောသီးကို တစ်ကောင်က သွားယူစားဖို့ လုပ်ရင် ရေခဲ ရေအေး နဲ့ အဖျန်း ပက်ခံ ခဲ့ကြရတာ တဲ့။
    ပြီးတော့ အပါတ်စဉ် အဟောင်းတစ်ကောင် နဲ့ အသစ်တစ်ကောင် လဲ။
    နောက်ဆုံး အသစ်တွေ က ကိုယ်ကိုယ်တိုင် ရေခဲရေ နဲ့ အဖြန်းမခံ ရလဲ ဘုမသိ ဘမသိ အဟောင်းတွေ လမ်းစဉ်လိုက်နေတာ။

    ကြည့်ရတာ
    မျောက်တွေ မှာတောင် အဟောင်းတွေကို ပုန်ကန်ချင်တဲ့ စိတ်ရှိတဲ့ မျိုးဆက်သစ် ရှားတယ် ထင်ရဲ့။
    ဒီကောင် တွေ ပုန်ကန် တတ်အောင် ရွာက မောင်ယွဲစည် ကို သင်တန်းပေးခိုင်း ရရင်ကောင်းမလားဘဲ။
    😉

  • Paing Lay

    November 27, 2013 at 7:03 pm

    ဖတ်ရှုသွားပါသည် ခီညော် 😀 😛 🙂

  • kyeemite

    November 28, 2013 at 9:46 am

    ဘုမသိဘမသိ သင်္ခန်းစာကို ဘုသိဘသိဖြစ်အောင် လုပ်ရမှာပေါ့နော်
    အရေးအသားကိုကြိုက်သူတစ်ယောက်တိုးတယ်လို့မှတ်ပါဗျို့… 😀

  • TNA

    November 28, 2013 at 1:07 pm

    နောက်ဆုံးနှစ်တုန်းက အဲဒီမျောက်တွေနဲ့စမ်းသပ်ချက်တွေကျက်ခဲ့ရတာစိတ်ကုန် ချက်။ မေဂျာတဘာသာယူခဲ့ရတာ။ မျောက်ပေါင်းစုံ နာမည်တွေအကုန်ရော စမ်းသပ်ချက်တွေအကုန်ရော အောင်မယ်လေး ပြန်သတိယလို့ညက်ရည်တောင်ထွက်လာဘီ 😥

  • ရွှေတိုက်စိုး

    November 28, 2013 at 1:55 pm

    အင်းဒီစာဖတ်ရတာ… ကွက်ကွက်ကွင်းကွင်းတစ်ခုကို မြင်လိုက်သလိုပဲ..ဟေဟေဟေ့..
    တော်ပါပြီ ပြောဒေါ့ပါဘူး… ခလေးခလေးနေရာနေတာပဲကောင်းတယ်… ဟိဟိ
    အော် လမ်းစဉ်ဟောင်းလိုက်နေကျတဲ့သူတွေက မျောက်က ဆင်းသက်လာတယ်ဆိုလား ဘာလား…..
    ပြောဒေါ့ဝူနော်…..ခွိ

Leave a Reply