မကောင်းဆိုးဝါး

(In Hell, they warned us, while we wnader all over the Earth we will meet monsters that are more horrendous than we are.They warned us that sometimes the biggest monster ar not from Hell. They warned us.)

ကျုပ်မှာ နာမည်မရှိဘူး။ နာမည်ရှိခြင်း မရှိခြင်းဆိုတဲ့ အကြောင်းကိုလည်း ကျုပ်တစ်ခါမှ အရေးမစိုက်ခဲ့ပါဘူး။ အရင်တုန်းကတော့ ကျုပ်နေခဲ့တာ စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံထဲမှာ။ မိသားစုပေါင်းဘယ်လောက်များများ ပြောင်းလဲ ရွှေ့ပြောင်းသွားလည်းဆိုတာတောင် ကျုပ်မမှတ်မိတော့ဘူး။ မိသားစုတွေ ဘယ်နှစ်ယောက်ပြောင်းပြောင်း ကျုပ်အတွက်တော့ သူတို့အားလုံးဟာ အတူတူတွေချည့်ပဲ။ သူတို့ပြောင်းလာပြီး မကြာခင်အချိန်မှာပဲ ကျုပ်သူတို့ကို ကြောက်လန့်အောင်ခြောက်ပြီး မောင်းထုတ်ပစ်လိုက်တာပဲ။ တစ်ခါတစ်ရံ ကံကောင်းရင် သူတို့မိသားစုထဲက ဝိညာဉ်တစ်ခုကို ကျုပ်အရယူလိုက်နိုင်တယ်။ သူတို့ ကြောက်လန့်အောင် ခြောက်လန့်ရတာတွေ၊ ညပိုင်း ကျွန်တော်ခြောက်လန့်လိုက်လို့ ကလေးတွေ ကြောက်လန့်ပြီး အော်တဲ့ ထိတ်လန့်တကြားအော်ကြတဲ့အသံတွေကြားနေရတာ ကျုပ် ပျော်ရွှင်မိတယ်။ နောက်ဆုံးလူကြီးတွေ ဘုရားကျောင်းကနေ သွားပြီး အကူအညီတောင်းတာမျိုး နဲ့ သရဲနှင်တဲ့လူတွေကို ခေါ်ပြီး ကျုပ်ကို နှင်ထုတ်ဖို့ကြိုးစားမှုတွေဟာ ကျုပ်အတွက်တော့ အရယ်ရဆုံးနဲ့ အပျင်းပြေဆုံးတွေပဲ။ ဘယ်လိုတွေပဲလုပ်လုပ် ကျုပ်ကတော့ ရှိမြဲရှိနေဆဲပါပဲ။

သူတို့ဟာ သူတို့ရဲ့ မိသားစုဝင်တစ်ဦးဦးကို ဆုံးရှုံးသွားရတဲ့အချိန်မှာတော့ ဒီနေရာကနေ စွန့်ခွာသွားကြစမြဲပဲ။ ကျုပ်အတွက်တော့ အချိန်ဆိုတာကို မသိရှိနို်င်တဲ့အတွက် ဒီ စိုက်ပျိုးရေးခြံမှာ လူတွေလာမနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ သေချာမသိပါဘူး။ ဒါကြောင့် ကျုပ် စောင့်တယ်။ နောက်ထပ် အသစ်ထပ်ပြောင်းလာပြီး နေမယ့် မိသားစုကို စိတ်ရှည်ရှည်နဲ့ပဲ ထပ်စောင့်တယ်။ အဲဒီအချိန်ဟာ တစ်နှစ်ကြာချင်ကြာမယ်၊ လအနည်းငယ်ကြာချင်ကြာမယ်၊ ဒါမှမဟုတ် ရက်အနည်းငယ်ပဲ ကြာချင်ကြာမယ်။

ဘယ်လောက်ကြာခဲ့ပြီ်ဆိုတာ ကျုပ် မသိပါဘူး။ ဒါပေမယ့် အခု မိသားစုအသစ်တစ်ခု ပြောင်းလာပြီ။ ပြတင်းပေါက်ကနေ အပြင်က အနီရောင်ထရပ်ကားတစ်စီးကို ကျုပ် မြင်နေရတယ်။ ဟုတ်တယ်။ မိသားစုအသစ်တစ်စုပဲ၊ ဘယ်လောက်များစိတ်လှုပ်ရှားဖို့ကောင်းသလဲ။ အဖေဖြစ်ဟန်တူသူတစ်ယောက်၊ နောက် အမေ နဲ့ ကောင်မလေးကို ကျုပ် တွေ့နေရတယ်။ ကျုပ် ကလေးကို ရဖို့ ၊ သူ့ရဲ့ဝိညာဉ်ကိုရဖို့ ကျွန်တော်ကြိုးစားမယ်။ ဟုတ်တယ်…… ကောင်မလေးကို ကျုပ် ယူမယ်။

အမေဖြစ်သူဟာ ကားပေါ်ကနေ ခုန်ဆင်းလိုက်ပြီး အထုတ်တွေကို သယ်ချလိုက်တယ်။ ကျုပ် ရဲ့အာရုံဟာ အဖေဖြစ်သူဘက်ကို ပြောင်းသွားတယ်။ တော်တော်ထူးဆန်းတာပဲ။ သူဟာ ကလေးမလေးအတွက် တံခါးဖွင့်ပေးပြီး သူမကို ပွေ့ချီလိုက်တယ်။ သူမ အရွယ်ဟာ ချီပိုးစရာလိုလောက်အောင် မငယ်တော့ပါဘူး။ သူမရဲ့မျက်လုံးအစုံကို ကျွန်တော်လှမ်းကြည့်လိုက်ချိန်မှာတော့ သူမဟာ မျက်မမြင်တစ်ယောက်ဆိုတာကို ကျုပ် သိလိုက်တယ်။ နှစ်ပေါင်းများစွာ ဒီခြံထဲကို ရောက်လာတဲ့မိသားစုတွေထဲမှာ ဒုက္ခိတကလေးတစ်ယောက်တစ်လေတောင် မပါခဲ့ဖူးဘူး။ ဒီတော့ ကျုပ် ဘာမှဆက်မလုပ်သေးပဲ အခြေအနေကို ခဏစောင့်ကြည့်ရမယ်။ သူတို့မိသားစုပြောင်းရွှေ့လို့ပြီးသွားပြီ။ သူတို့ဟာ နံရံမှာ ပြက္ခဒိန်ကို ချိတ်ထားတာကြောင့် သူတို့ဒီအိမ်ကို ရောက်နေတာ သုံးလကျော်ပြီဆိုတာ ကျုပ် သိရတယ်။ သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ပုံမှန် လည်ပတ်နေပြီ။ အဖေဖြစ်သူဟာ မနက်ဆို အလုပ်သွားပြီး မျက်မမြင်ကောင်မလေးကတော့ ကျောင်းသွားတယ်။ အမေဖြစ်သူကတော့ အိမ်စောင့်ကျန်ခဲ့တယ်။ အခြားကျုပ်တွေ့ဖူးတဲ့ မိခင်တွေနဲ့မတူပဲ သူမရဲ့အနီးတစ်ဝိုက်မှာ အမှောင်ထုတစ်ခုရှိနေပြီး အဲဒီအမှောင်ထုက ကျုပ်ကို ဖိတ်ခေါ်နေသလိုပဲ။

တချို့နေ့ခင်းတွေဆိုရင် ကျုပ်က သူတို့ပစ္စည်းတွေကို နေရာရွှေ့ထားတာတွေ၊ တံခါးတွေကို ဖွင့်လိုက်ပိတ်လိုက်တွေ လုပ်ပြတတ်တယ်။ ဒါပေမယ့် ကျုပ်လုပ်သမျှတွေကို သူတို့ဟာ ဂရုမစိုက်ဘဲ ခွင့်ပြုထားသလိုပဲ။ အဖေဖြစ်သူဟာ မိုးချုပ်ထိ အလုပ်လုပ်လေ့ရှိပြီး ညနေပိုင်းကျရင်တော့ အမေဖြစ်သူဟာ ဒုက္ခိတ မျက်မမြင်ကောင်မလေးကို ထိန်းတယ်။ မျက်မမြင်ကောင်မလေးဟာ သူမရဲ့တုတ်ကလေးကို ကိုင်ပြီး၊ နောက် သူမရဲ့ လက်နဲ့ အနီးက ပစ္စည်းတွေကို စမ်းတဝါးဝါးလုပ်ပြီး သွားလာလေ့ရှိတယ်။ သူမဟာ သူမဘာသာ ရပ်တည်ဖို့အတွက်တော့ သိပ်ကိုငယ်လွန်းသေးတာကြောင့် သူမရဲ့အမေကိုပဲ အားကိုးတကြီး ရပ်တည်နေရတယ်။ အမေဖြစ်သူကတော့ သူမကို စကားတောင် မပြောတဲ့အပြင် မကြာခဏ သူမကို ခေါင်းခေါက်လေ့ရှိတယ်။ တကယ်တော့ အဲဒီအိမ်ဟာ ကောင်မလေးအတွက်တော့ ငရဲခန်းဖြစ်နေတယ်။ သူမရဲ့အမေဖြစ်သူကို သူမကို စကားလုံးဝမပြောတာကြောင့် ကောင်မလေးအတွက်ကတော့ သူမရဲ့ ခြေသံကိုနားထောင်ပြီး သူမရဲ့ လူမဆန်တဲ့ရိုက်နှက်မှုကနေ ရှောင်တိမ်းဖို့ကြိုးစားရတယ်။ တစ်ရက် ညလယ်စာ စားချိန်မှာတော့ အဲဒီမိန်းမဟာ ကောင်မလေးအတွက်အစားကို သူမရဲ့ အရှေ့မှာချထားလိုက်တယ်။ ခလေးမလေးဟာ ကြောက်ကြောက်လန့်လန့် တုန်တုန်ရီရီဖြစ်နေတာကြောင့် သူမဟာ အစား စာ စားဖို့  နှေးကွေးနေတယ်။ တကယ်တော့ သူမဟာ သူမရဲ့ခေါင်းပေါ်ကို နောက်ထပ်တစ်ခါ ထပ်ကျရောက်လာမယ့် ရိုက်နှက်မှုကို ကြောက်လန့်နေတာဖြစ်တယ်။

ကျုပ်အတွက်တော့ ဒီမိသားစုကို သေသေချာချာ ကြောက်လန့်တကြားဖြစ်အောင်ခြောက်ဖို့နေနေသာသာ အမေဖြစ်ပြီး သမီးဖြစ်သူကို နှိပ်စက်နေတဲ့အပြုအမှုတွေဟာ ကျုပ်ကို တုန်လှုပ်စေတယ်။ ကျုပ် ဒီလိုအဖြစ်အပျက်မျိုး တစ်သက်လုံး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ နောက်တစ်ညမှာပဲ အမေလုပ်သူဟာ ဒေါသတကြီးနဲ့ ခလေးမလေးကို အိပ်ရာပေါ်ပစ်တင်လိုက်တယ်။ ခလေးမလေးဟာ ငိုရှိုက်နေပြီး သူမလက်အစုံကို ဆန့်တန်းလို့ သူမကိုယ် သူမ ကာကွယ်ဖို့ကြိုးစားနေပေမယ့် အရာမဝင်ဘူးဖြစ်နေတယ်။

တစ်ညမှာတော့ နံရံက ပိုစတာ တစ်ချပ်ကို ကျုပ် ခွာချလိုက်တဲ့အတွက် အမေဖြစ်သူဟာ သူမကလေးကို ထုရိုက်နေရာကနေ ရပ်တန့်သွားခဲ့တယ်။ သူမဟာ ကလေးဘေးကနေ ခွာပြီး ပိုစတာကို ပြန်ကောက်ဖို့ကြိုးစားတယ်။ သူမ ကုန်းကောက်ဖို့ ငုံလိုက်ချိန်မှာပဲ ကျုပ်လက်သည်းကို သူမရဲ့ ကျောရိုးတစ်လျှောက် ကုတ်လိုက်တယ်။ သူမဟာ အရမ်းခြောက်ခြားသွားပြီး အခန်းထဲကနေ ချက်ခြင်းပဲ ထွက်ခွာသွားတော့တယ်။ ခလေးမလေးကတော့ ကုတင်ပေါ်မှာ ငြိမ်သက်ပြီး ထိုင်နေဆဲပဲ။ သူမဟာ တံခါးပိတ်သွားသံ မကြားရမချင်း ဂနာမငြိမ်နိုင်ဖြစ်နေတယ်။ ခလေးမလေးကို ကြောက်လန့်နေအောင် တစ်ခါတစ်လေ သူမရဲ့ အမေဖြစ်သူဟာ တံခါးကို မပိတ်ဘဲ ထားပစ်ခဲ့လေ့ရှိတယ်။ ခလေးမလေးကတော့ တစ်ညလုံး အိပ်မပျော်တော့ပဲ တံခါးပိတ်သံကြားမယ့်အချိန်ကို ကြောက်လန့်တကြားစောင့်နေလေ့ရှိတယ်။ နောက်ဆုံးတော့ ကျုပ်ကပဲ သူ့အတွက် တံခါးကို သူ့အတွက်ပိတ်ပေးလိုက်ရတယ်။

နောက်ဆုံးမှာတော့ ခလေးမလေးဟာ သက်ပြင်းချလိုက်ပြီး အိပ်ယာပေါ်မှာ လှဲလိုက်ပေမယ့် သူမဟာ အိပ်စက်ဖို့တောင် ကြောက်ရွံ့နေတယ်။ သူမရဲ့အဖေဖြစ်သူပြန်လာပြီး သူမနဖူးထက်ကို နမ်းပြီး သိပ်မယ့်အချိန်ထိ ဒီကြောက်စရာကောင်းတဲ့အဖြစ်အပျက်ဟာ သူမကို ခြောက်လန့်နေမှာဖြစ်တယ်။ သူမအဖေရဲ့ လက်မောင်းထက်မှာတော့ သူမဟာ လုံခြုံမှုကို ခံစားရလေ့ရှိတယ်။ တကယ်လို့ သူမရဲ့အဖေသာ ညမိုးချုပ်ထိ အလုပ်မလုပ်ဘူးဆိုရင်တော့ ဒီမိသားစုဟာ ကျုပ်နေတဲ့အိမ်ကို ဝယ်ဖို့ မတတ်နိုင်ဘူး။ ခလေးမလေးဟာ သူမအဖေ စိတ်ညစ် နာကျင်မှာစိုးတဲ့အတွက် ဒီအကြောင်းတွေကို ဘယ်တော့မှ တိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သူမဟာ သူမပဲ နာကျင်မှုကိုခံစားပြီး တစ်နေ့ သူမအမေဖြစ်သူ ဒီလို သူမကို နှိပ်စက်မှုတွေ ရပ်တန့်သွားစေဖို့ပဲ ဆုတောင်းနေလေ့ရှိတယ်။ ဘယ်လောက်များ သနားစရာကောင်းတဲ့ အိမ်ပါလိမ့်။ အဲဒီအဖြစ်အပျက်တွေဟာ ကျုပ်လိုမကောင်းဆိုးဝါးကိုတောင်မှ တုန်လှုပ်သွားစေတယ်။

“ဟဲလို”

အမှောင်ထဲကနေ ခလေးမလေး အသံပြုလိုက်တယ်။

“မင်း ဒီနားမှာ ရှိနေလား ၊ မင်းစကားပြောလို့ရလား”

ကျုပ်ပြန်ပြီး အသံမပြုဘူး။ ကျုပ်အလုပ်က ဒီဆိုးဝါးတဲ့မိခင်လက်ထဲက ခလေးမလေးကို ကာကွယ်ဖို့မဟုတ်ဘူး။ တစ်မိသားစုလုံး ဒီကနေ ထွက်ပြေးသွားစေဖို့နဲ့ ခုတော့ ဒီမိန်းမကြောင့် ကျုပ် လုပ်မယ့်အလုပ် လွဲနေတယ်။ ကျုပ်က မကောင်းဆိုးဝါး ဘီလူးပါ။ ကျုပ်လုပ်မယ့်အလုပ်က ဒီ မိန်းမယုတ်ကြောင့် ရည်ရွယ်ချက်ပြောင်းလဲနေတယ်။

“ငါ မင်းကို ကျေးဇူးတင်စကားပြောချင်လို့ပါ။ ဖေဖေသာရှိရင် ငါ့ကို ကာကွယ်မှာကို ငါသိတယ်။ ကျေးဇူးတင်ပါတယ်။ မင်းဒီမှာပဲ ဆက်နေပါ” လို့ သူမ ခေါင်းအုံးပေါ်ခေါင်းချရင်း ပြောနေတယ်။ ကျုပ် ခလေးမလေး အဖေ ပြန်လာတဲ့အချိန်ထိ စောင့်နေပြီး သူရောက်လာတော့မှ သူမရဲ့ အခန်းထဲကနေ ကျုပ်ထွက်လာခဲ့တယ်။ ကျုပ် သနားစရာ ဒုက္ခိတ ကောင်မလေးကို သူမရဲ့ ရက်စက်လှတဲ့မိခင်လက်ထဲကနေ ကာကွယ်ပေးနေမိပြီ။ ကျုပ်အစီအစဉ်တွေကို ဖျက်စီးပစ်တဲ့ အဲဒီမိန်းမ အတွက် ကျုပ်ဟာ ကြောက်လန့်စရာဖြစ်လာပြီး သနားစရာကောင်းတဲ့ခလေးမလေးအတွက်တော့ ကျုပ်ဟာ အစောင့်အရှောက်ဖြစ်လာတယ်။ ကျုပ်ရဲ့ခြောက်လန့်မှုတွေကြောင့် အဲဒီ အမေဖြစ်သူဟာ ကျုပ်ကို အရမ်းကြောက်လန့်လာတယ်။

သူမဟာ ဘုရားကျောင်းက အကူအညီတွေ ၊ နောက် သရဲနှင်တဲ့ သူတွေ နဲ့ နောက်ထပ် ဘာတွေမှန်းမသိတဲ့ လူတွေလုပ်နေကြ သူတို့အိမ်တွေ ခြောက်ခံရရင် လုပ်နေကြ ခပ်ကြောင်ကြောင်အခြားဟာတွေပါ သူမ ကျုပ်ကိုနှင်ထုတ်ဖို့ကြိုးစားတယ်။

တစ်ရက်၊ ခလေးမလေးဟာ စာအုပ်တစ်အုပ် အိမ်ကို ယူလာတယ်။ တကယ်တော့ အဲဒီစာအုပ်က မျက်စိမြင်တဲ့သူတွေပဲ ဖတ်လို့ရတဲ့စာအုပ်ပါ။ သူမကပြောတယ်။ အဲဒီစာအုပ်က အခြားကလေးတွေကြားမှာ ရေပန်းစားနေတဲ့စာအုပ်တဲ့။ ဒါပေမယ့် သူမအတွက်ကတော့ မျက်မမြင်တွေဖတ်လို့ရတဲ့ စာလုံးတွေမပါတော့ ဖတ်လို့မရဘူးတဲ့။ ကျုပ်ဟာ ခလေးမလေးကို သနားကြင်နာမိတာကြောင့် သူမကို အဲဒီစာအုပ်ဖတ်ပြခဲ့တယ်။ သူမရဲ့အမေဖြစ်သူကတော့ သူမသမီးဟာ သူမကိုခြောက်လန့်နေတဲ့ မကောင်းဆိုးဝါးနဲ့စကားပြောနေနိုင်တာကို အခန်းနားကနေဖြတ်သွားရင်းကနေ တွေ့သွားတယ်။ သူမဟာ ခလေးမလေးရဲ့အခန်းထဲကို ပြေးဝင်လာပြီး ခလေးမလေးရဲ့လက်ထဲက စာအုပ်ကိုယူလို့ အစိတ်စိတ်အမွှာမွှာဆွဲဖြဲပစ်လိုက်တယ်။ စာအုပ်ကို ဆွဲဖြဲနေတဲ့သူမရဲ့ မျက်နှာဟာ ဒေါသစိတ်နဲ့ နီမြန်းနေပြီး “ဒါတွေကို နင်လုပ်နေတာပေါ့လေ ၊ နင်နဲ့ နင့်ရဲ့ ဝိညာဉ် သရဲကောင် ဒါတွေကိုလုပ်နေတာပေါ့ ခွေးမ” လို့ အော်ဟစ်နေတယ်။

အဲဒီစကားကိုတော့ ကျုပ်လက်သင့်မခံနိုင်ဘူး။ ကျုပ်ဟာ ဝိညာဉ် သရဲမဟုတ်ဘူး။ ဝိညာဉ်တွေဟာ မခြောက်လန့်နိုင်ဘူး။ သူတို့မှာ ခန္ဒာကိုယ်မရှိဘူး။ အသက်မရှိတဲ့အရာတွေဟာ ဘယ်တော့မှ မခြောက်လန့်နိုင်ဘူး .. ဝိညာဉ်တွေဘာလို့မခြောက်လန့်နိုင်သလဲ ခင်ဗျားသိလား … ဘာလို့လဲဆိုတော့ သူတို့ဟာ အသက်မရှိကြတော့လို့။

အမေလုပ်သူဟာ ခလေးမလေးရဲ့အခန်းထဲကနေထွက်သွားပြီး ရေချိုးခန်းဆီကို ပြေးသွားလိုက်တယ်။ သူမဟာ ပါးစပ်ကလည်း စူးစူးဝါးဝါးအော်ဟစ်နေတယ်။ သူမဟာ ရေချိုးခန်းထဲက ရေချိုးကန်ထဲကို ရေအပြည့်ဖြစ်သည်အထိ ရေဖွင့်ချလိုက်တယ်။

နောက် သူမရဲ့သမီးဖြစ်သူကို အော်ခေါ်လိုက်တယ်။

“လာစမ်း .. နင်ဒီကိုလာခဲ့စမ်း”

ဪ .. ဘာတွေ ဆက်ဖြစ်တော့မလဲဆိုတာ ကျုပ်သိပြီ။

“အမေ .. ကျွန်မ ရေချိုးပြီးပါပြီ ။ ရေထပ်မချိုးချင်တော့ဘူး” လို့ ခလေးမလေး ကြောက်လန့်တကြားပြောတယ်။ အမေလုပ်သူကတော့ သူမပြောတာကို ဂရုမစိုက်ဘဲ ဗီဒိုထဲက အရောင်ချွတ်တဲ့ ဆေးမှုန့်ပုလင်းကိုယူပြီး ရေထဲကို ထည့်လိုက်တယ်။ ခလေးမလေးဟာ ရေချိုးခန်းအပြင်ဘက်က တံခါးဝမှာရပ်နေပြီး ခေါင်းတွေကို ခါရမ်းပြီး ငြင်းဆိုနေတယ်။

“မေမေ …ကျွန်မတို့ အိပ်ခါနီးမှ ရေချိုးတာပါ ..အခုဟာ အိပ်ချိန်လည်းမဟုတ်သေးပါဘူး”

“တိတ်စမ်း..ဝက်မ .. ဒီ ဝိညာဉ်ကောင်ကို ညည်းခေါ်လာတာ ..ရေဇလုံထဲကို ဆင်းစမ်း” လို့ စူးစူးဝါးဝါးအောင်ဟစ်လိုက်တယ်။ ကျုပ် ခလေးမလေးအနားကို ကပ်ပြီး ဒီအိမ်ကနေ ထွက်သွားဖို့ တိုးတိုးကပ်ပြောလိုက်တယ်။ သူမဟာ လက်ကိုဆန့်တန်းပြီး စမ်းတဝါးဝါးနဲ့ အပြင်ကို ထွက်ပြေးသွားတယ်။ အမေလုပ်သူဟာ သူမရဲ့ ကလန်ကဆန်အပြုအမူကြောင့် ဒေါသအမျက်တချောင်းချောင်းထွက်ပြီး သူမအနောက်ကနေပြေးလိုက်တယ်။ ဒါပေမယ့်လည်း သူမ ခပ်ဝေးဝေးကိုမရောက်လိုက်ပါဘူး။ သူမအရှေ့က ရေချိုးခန်းတံခါးဟာ ပိတ်သွားပြီး သူမကို သော့ခတ်ပိတ်ပစ်လိုက်တယ်။ ကျုပ်လုပ်နေတာ ပြီးသွားတော့မှ ကျုပ် ခလေးမလေးကို အိမ်အပြင်ကနေ စောင့်နေလိုက်တယ်။ သူမအဖေပြန်ရောက်လာမယ့်အချိန်ထိ ကျုပ်တို့ တံခါးပေါက်ရဲ့ လှေကားထစ်မှာထိုင်စောင့်နေကြတယ်။ နောက်ဆုံး သူမရဲ့အဖေပြန်ရောက်လာချိန်မှာတော့ သူဟာ မိန်းမဖြစ်သူရဲ့ အလောင်းကို ရေချိုးကန်ထဲမှာ ချွတ်ဆေးတွေကြောင့် အဆိပ်ဖြစ်ပြီး နစ်ပြီး သေဆုံးနေတာကို ရှာတွေ့သွားတော့တယ်။  သူဟာ ရဲကိုဖုန်းဆက်လိုက်တယ်။ သူမရဲ့ လည်ချောင်းထဲကို ချွတ်ဆေးတွေ လောင်းမထည့်ဖို့အတွက် ကျုပ်မထိန်းချုပ်နိုင်ခဲ့ဘူး။ သူမဟာ တကယ်ကို ဆိုးဝါးပက်စက်ပြီး ယုတ်မာလှတဲ့မိန်းမပဲ။

နောက်ထပ် လ အနည်းငယ်အကြာမှာတော့ အဖေလုပ်သူဟာ ဒီအိမ်ကနေ ပြောင်းရွှေ့ပြီး သူ့ရဲ့ သမီးဖြစ်သူနဲ့ ဘဝသစ်တစ်ခုကို စဖို့အတွက် မြို့ရဲ့ အခြားတစ်နေရာကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ပြတင်းပေါက်ကနေပြီး ဖအေလုပ်သူ သူတို့ရဲ့ နောက်ဆုံးအထုတ်ကို ထရပ်ကားပေါ်တင်နေတာကို ကျုပ်ကြည့်နေမိတယ်။ ခလေးမလေးဟာ ကားတံခါးကို ဖွင့်လျက်ထားလိုက်တယ်။ ကျုပ်သိပါတယ်။ အဲဒါကျုပ် ကို အတူလိုက်ဖို့ ဖိတ်ခေါ်နေတယ်ဆိုတာကို။ သူမက ကျုပ်ကို သူမနဲ့အတူ လိုက်ခဲ့စေချင်တာ။ တကယ်တော့ ကျုပ်ဟာ ဘယ်တုန်းကမှ ဒီစိုက်ပျိုးရေးခြံကနေ ထွက်သွားခဲ့ဖူးတာမဟုတ်ဘူး။ နောက်ပြီးကျုပ်က ဒေါသသိပ်ကြီးတာ။ နောက်ပြီး နေရာသစ်မှာ ကျုပ်အဆင်ပြေမပြေဆိုတာ မသိနိုင်ဘူးလေ။ တကယ်လို့များ နောက်ထပ် သူမရဲ့အမေဖြစ်လာမယ့် မိန်းမကသာ သူမကို ဂရုမစိုက်ရင်၊ သူမရဲ့အဖေကလည်း သူမအတွက် ငွေရှာရဦးမှာဆိုတော့ ဘယ်သူကများ သူမကို ကာကွယ်ပါ့မလဲ။ နောက်ထပ် အခြားတစ်ချက်က ခု ဒီစိုက်ပျိုးရေးခြံမှာ လူ သေဆုံးမှုက သိပ်များနေခဲ့ပြီဆိုတော့ နောက်ထပ် မိသားစုအသစ်တစ်ခု ပြန်လာပြောင်းလာဖို့က မသေချာတော့ဘူး။ နောက်ဆုံး ကျုပ်ဟာ ကလေးမလေးဖွင့်ထားတဲ့ ကားတံခါးထဲကို ဝင်လိုက်ပြီး သူမနဲ့ပဲ အတူနေလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ကျွန်မနဲ့အမြဲအတူနေမှာလားဟင်” လို့ ခလေးမလေးက တိုးတိုးလေးမေးလိုက်တယ်။

“ဟုတ်တယ်”

“ဦးက မကောင်းဆိုးဝါး လားဟင်”

“ဟုတ်တယ်”

“ဟုတ်ပါတယ်လေ … ကျမ်းစာထဲမှာ တချို့ နတ်သား နတ်မိမယ်တွေဟာ မကောင်းဆိုးဝါးပုံစံ ရှိတယ်တဲ့”

သူမဟာ တကယ်နုံတဲ့ ခလေးမလေးပဲ။ ဘာပဲဖြစ်ဖြစ် သူမကို ကျုပ် ချစ်တယ် ၊ ဂရုစိုက်တယ်။

ငရဲမှာ ကျုပ်တို့ကို ပြောတာက ကျုပ်တို့တွေ လူ့ပြည်မှာ ကျင်လည်တဲ့အခါမှာ ကျုပ်တို့ထက် ပိုပြီးဆိုးဝါးလှတဲ့ မကောင်းဆိုးဝါးတွေကို တွေ့ကြရမယ်တဲ့။ သူတို့ သတိပေးခဲ့တာက တစ်ခါတစ်ရံမှာ တကယ်ဆိုးဝါးလှတဲ့ မကောင်းဆိုးဝါးဆိုတာ ငရဲက လာတာမဟုတ်ဘူးတဲ့ … သူတို့က သတိပေးခဲ့တယ်….

(The monster ကို ဆီလျော်အောင် ပြန်ဆိုရေးသားပါသည်)

9 comments

  • MAUNG

    November 29, 2013 at 5:34 am

    စာကောင်း လေး တစ်ပုဒ် ပါ။
    အားပေးနေပါတယ်

  • ဂဇက် ဘာသာပြန်စာပေဆု ဆိုပြီး သီးသန့်လေး လုပ်ဖြစ်ရင်
    ဒီလို ဘာသာပြန်လက်ရာလေးတွေကိုတော့
    မေ့ထားခဲ့လို့မရဘူး

    အားပေးသွားပါတယ်ဗျို့

  • KZ

    November 29, 2013 at 8:50 am

    တကယ်ပါ။
    အရမ်းဆိုးရွားတဲ့ သီတင်းတွေ ဖတ်ရတိုင်းးးး
    ငရဲ ဆိုတာ သေပြီးနောက်မှ တွေ့ရတာမဟုတ်ဘူးဆိုတာ ပိုပို ယုံလာရတယ်။

    ကမ႓ာကြီးမှာ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေ အများကြီးရှိတယ်။
    :hint:

  • kyeemite

    November 29, 2013 at 10:09 am

    ဇတ်လမ်းလေးကောင်းလိုက်တာဗျာ…ဘာသာပြန်တာလည်းညက်နေတာပဲ
    ဘာသာပြန်လို့တောင်မထင်ရဘူး..ဗမာဝတ္ထုဖတ်ရတဲ့အတိုင်းပဲ ..ချီးကျူးပါ၏။

  • Wow

    November 29, 2013 at 10:21 am

    ပုံပြင်လေးက ချစ်စရာလေး :kwi:

  • လုံမလေးမွန်မွန်

    November 29, 2013 at 12:20 pm

    အတော်သေသပ်တဲ့ ဘာသာပြန်လက်ရာပဲ…
    မြန်မာဝတ္ထုကို ဖတ်နေရသလိုပဲ..
    နောက်လည်း ဒါမျိုးလေးတွေ တင်ပေးဦးနော်…

  • Ma Ma

    November 30, 2013 at 5:03 pm

    (လူ့ပြည်မှာ ကျင်လည်တဲ့အခါမှာ ကျုပ်တို့ထက် ပိုပြီးဆိုးဝါးလှတဲ့ မကောင်းဆိုးဝါးတွေကို တွေ့ကြရမယ်တဲ့။)
    မကောင်းဆိုးဝါးထက်ပိုဆိုးတဲ့ လူဆိုးဝါးတွေရှိတယ်ဆိုတာ မှတ်သားစရာပဲ။
    စာရေးသူပေးချင်တာကို ဘာသာပြန်သူက ပေးနိုင်ပါပေတယ်။
    ဘာသာပြန်စာပေးကောင်းလေးတွေ ဖတ်ရလို့ မနှင်းဖြူ လေးကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙂

  • TNA

    December 1, 2013 at 1:07 pm

    စိတ်ဝင်စားစရာကောင်းလိုက်တာ။ အဆုံးထိဆွဲခေါ်သွားနိုင်တဲ့စာစုလေးပါ။ နောက်ကိုလဲစောင့်မျှော်နေပါ တယ်။

  • Thein Zaw

    December 3, 2013 at 12:44 pm

    ဒါမျိုးအရေးအသားတွေစောင့်နေတာ။
    ကျေးဇူးပါနော်။

Leave a Reply