ဂဇက်မြို့သူမြို့သားများအား တောင်းပန်ခြင်း

ဂဇက်မြို့သူမြို့သားများအား တောင်းပန်ခြင်း
ဂဇက်မှာ အခန်းဆက်တင်နေတဲ့ အဌမနေ့ ဘာသာပြန်အခန်းဆက်ကို ကျမ ဆက်မတင်နိုင်တော့ တဲ့အကြောင်း အသိပေးတောင်းပန်တာပါနော်။ အဲဒီအခန်းဆက်ကို တင်တာ ကျမမှာ ရည်ရွယ်ချက် ရှိတယ်။ ဝတု္ထက သိပ်ရှည်လွန်းတော့ (စာမျက်နှာ ၆ဝဝ လောက်ရှိလာနိုင်တယ်) ထုတ်ဝေသူ မကြိုက်ဘူး။ ဘာဖြစ်လို့ဆို စာအုပ်တွေက ၂၅ဝဝကျပ်တန် ပတ်ဝန်းကျင်လောက်မှ ရောင်းထွက်ပြီး ၄ဝဝဝကျပ်တန်လောက်ဖြစ်သွားရင် ရောင်းပန်းလှဖို့မလွယ်တော့ဘူး။ အရင်က ကျမစာအုပ်ဆိုရင် ထုတ်ဝေသူ က စာမျက်နှာ ၃၅ဝတော့ မကျော်ပါစေနဲ့လို့ ကြိုပြောထားတယ်။ အခု ဒီစာအုပ်ကြီးကို ကျမ ကြိုက်နေပြီဆိုတော့ ထုတ်ဝေဖို့ကလည်း မလွယ်တော့ ဂဇက်မှာပဲ အခန်းဆက်တင်မလို့ပါ။  အဲဒါကြီးကို ထုတ်ဝေသူက ထုတ်မယ်ဆိုတော့ ကျမ ဂဇက်မှာဆက်တင်လို့မဖြစ်တော့တာ နားလည်ပေးကြပါရှင်။

နောက်တစ်ချက်က ဝတု္ထဟာ လူသတ်မှုအကြောင်းဖြစ်ပေမယ့် ဒါက အကာလေးအနေနဲ့သာ ရှိနေပြီး တကယ့်အနှစ်သာရက လူမှုပြုပြင်ရေးဇာတ်လမ်းဖြစ်နေတဲ့အတွက် ဂဇက်ရဲ့ ရည်ရွယ်ချက်နဲ့ ထပ်တူထပ်မျှကို ဖြစ်နေပါရော။  ဆက်ဆံရေးမှားတဲ့ မိဘနဲ့သားသမီး ဇာတ်လမ်းကနေ လူငယ်တွေ တက်ကုန်ရွက်ကုန်လွှင့်ခဲ့တဲ့အကြောင်းလေးပါ။ စာရေးဆရာရဲ့ စိတ်ကူးစိတ်သန်းဟာ အံ့ဩစရာ ကောင်းလောက်အောင် ရဲတင်းတယ်။ အဇာတသတ် ဇာတ်လမ်းလေးဟာ မြန်မာအတွေးနဲ့ဆိုရင် သားအဆိုး၊ ဒီဝတု္ထမှာကတော့ အဇာတသတ်ဖြစ်ခဲ့ရတဲ့ ကလေးတစ်ယောက် သိပ်ကို ဗြောင်းဆန်သွားခဲ့တာ အင်မတန်သနားစရာကောင်းတယ်။ သားကလေးဟာ ပင်ကိုဉာဏ်ရည်ဉာဏ်သွေး ကောင်းတဲ့အတွက် ဖြတ်ထိုးဉာဏ်နဲ့ သေနတ်သံ နှစ်ချက်ထွက်ရမယ့်နေရာမှာ သေနတ်သံ တစ်ချက်တည်း ထွက်အောင်လုပ်ခဲ့လို့ ပြည်နယ်တစ်ခုလုံးက ရဲတွေ အဖြေမရှာနိုင်ဘဲ ဒေါင်းတောက်ခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

—-

အဌမနေ့ ထွက်ဖို့ကတော့ ကြာဦးမှာပါ။ ဒီကြားထဲ (ဖေဖော်ဝါရီလကုန်လောက်) မှာ နောက်တစ် အုပ်ထွက်ပါမယ်။ အဲဒီထွက်မယ့်စာအုပ် အရေးကြီးတဲ့အတွက် ထွက်ခါနီးကျမှ စာအုပ်အကြောင်း ကျမ သေချာရှင်းပြ …  အဲလေ … ကြော်ငြာပါ့မယ်။

—-

အဌမနေ့ အခန်းဆက်ဘာသာပြန်ကို ဆက်မတင်နိုင်တဲ့အတွက် ဂဇက်မြို့သူမြို့သားများ စိတ်မဆိုးကြပါနဲ့လို့ တောင်းပန်ပါတယ်ရှင်။ ပြီးတော့ ကျမမှာ အချိန်ရှားပါးတာရော၊ တခြားအကြောင်းတွေကြောင့် ရော၊ ကွန်မင့်တွေကို တာဝန်ကျေအောင်ပြန်မဖြေပေးနိုင်ခဲ့တာတွေ များလှပါပြီ။ ဒီအတွက်လည်း စိတ်မရှိကြဖို့ပြောပါရစေ။
ချစ်သော ဂဇက်မြို့တော် သက်တော်ရာကျော် အဓွန့်ရှည်တည်စေသော်။

 

 

12 comments

  • surmi

    December 1, 2013 at 8:51 am

    ​မျှော်​တလင်​့လင်​့… 🙂
    တကယ်​​တော့.. ဆိုင်​က​နေအား​ပေးလိုက်​တာပို​ကောင်​းပါတယ်​..
    ပြီး​တော့..စာအုပ်​ကြီးကိုင်​ဖတ်​ရတာပိုပြီးအရသာရှိသလိုပဲ…

    • ဝင့်ပြုံးမြင့်

      December 2, 2013 at 5:00 am

      ဦးဆာရေ စာအုပ်ကြီးကိုင်ပြီး အေးဆေးဖတ်ရမှ တငြိမ့်ငြိမ့်နဲ့ ဇိမ်ရှိမှာ။ ဒါပေမယ့် ဂဇက်မြို့သားတွေ အများစုက ပြည်တွင်းမှာ သိပ်မရှိလှ။ ပြည်ပမှာ ပိုများတာကုိုး၊ အဲဒါကြောင့် အားနာစရာဖြစ်ရတာပါ။ စာအုပ်ထွက်ရင် အားပေးနော်။
      —–
      ဦးကျောက်စ်၊ မသဲနု၊ — အခု ၂လပိုင်းကုန်မှာ ထွက်မယ့် စာအုပ်က အရေးကြီးတယ်။ ပြဿ နာ နည်းနည်းရှိတယ်ဆိုတာက အခုလက်ရှိမြန်မာပြည်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စကို ဝန်ကြီးဌာနအဆင့်တင် မဟုတ်ဘဲ အဲဒါထက် အဆင့်ပိုမြင့်တဲ့ အမျိ ုးသားရေးအဆင့်အနေနဲ့ လုပ်ကြဖို့ သတင်းစာတွေထဲမှာ တအားရေးနေကြတယ်။ ဧရာဝတီမြစ်အပေါ်မှာ ထားတဲ့သဘောထားကလည်း ထိုနည်း လည်းကောင်းပဲ။ ဒီနိုင်ငံမှာက ရင်းနှီးမြှုပ်နှံမှု ပြဿ နာကို အခုမှ ကြုံ ကြရတော့ လူတွေကလည်း တဆိတ်ရှိ ဆန္ဒပြလိုက်၊ ကလေးတွေလို ဖယောင်းတိုင်ကိုင်ပြီး ဂျီတိုက်လိုက်နဲ့ ဘလိုင်းကြီး တိုးဝင်နေကြတယ်။ သူများနိုင်ငံမှာက ဒီလို ဒေသတွင်း ပြဿ နာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆို တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်ကတည်းက ကြုံ ထားကြ ပြီးသား၊ အတွေ့အကြုံ ရှိထားပြီးသား။ အချိန်တန်ရင် ကြောင်က ကြွက်ကို ဆော့လို့ ဝသွားရင် မျိုတော့မှာ။ ဘယ်နည်းနဲ့ ဖြစ်ပစေ အရင်းရှင်စနစ်က မျိုဝါးသွားမှာ။ သိပ္ပံပညာက လွှမ်းမိုးသွားမှာ။ အခုက စပ်ကူးမတ်ကူးကာလဆိုတော့ မျိုးချစ်တွေက နိုင်ငံကို အထိမခံနိုင်ဘူးဆိုတဲ့ သဘောမျိုးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာကို ပြောနေကြတယ်။ တကယ်က ကိုယ်ရှင်သန်ကျန်ခဲ့ဖို့ ဘာလုပ်မလဲဆိုတာကို မတွေးကြဘူး။ နောက်ထွက်မယ့်စာအုပ်ဟာ အဲဒီအပိုင်းကို ချပြလိုက်သလိုပဲ၊ သိပ်ပြီး သဘာဝကျနေတယ်။ မြစ်တစ်စင်းကို စွမ်းအင်ထုတ်ဖို့ ကြိုးစားရာက အစပြုခဲ့တဲ့ ဝတ္ထု ဇာတ်ကြောင်းတစ်ခု၊ တနည်းအားဖြင့် တစ်တိုင်းပြည်လုံးရဲ့ အခြေအနေကိုလည်း ခြုံ ငုံ ထားနိုင်တာ ဝတ္ထု ရဲ့ အသက်ပါပဲ။ မဟုတ်ရင် တော်ရုံလောက်နဲ့ ဂန္ဓဝင်တန်း မဝင်ပါဘူး။ စာအုပ်ရဲ့သဘောသဘာဝဟာ ယခုလက်ရှိမြန်မာပြည်သူတွေရဲ့ သဘောထားကို ဆန့်ကျင်ရာကျတဲ့အတွက် ပြဿ နာနည်းနည်း ရှိနိုင်တယ်လို့ ပြောတာပါ။ ဖတ်ပြီးရင် မကြိုက်မယ့်လူက လူများစုပါ။
      —–
      အန်ကယ်ကြောင်ရေ entrepreneur အကြောင်း တစ်အုပ်တော့ ပြန်ဖူးပါတယ်။ ဒေါက်တာသန့်သော်ကောင်း ပြန်ခိုင်းတာနဲ့ ပြန်ပေးလိုက်တာ။ ဒါပေမယ့် မျှစ်ကြော်က သုတဘက် အားမသန်ဘူး။
      —-
      အလက်ဇင်းရေ — စာအုပ်ထွက်ရင် အရင်ဦးဆုံး ရစေရမယ်။

      အန်တီမာရေ — စာအုပ်ထွက်ရင် အားပေးမယ်ဆိုလို့ ကြိုတင် ကျေးဇူးတွေ တင်ထားတယ်နော်။ စာအုပ်ကို ဖတ်ပြီးရင် အားမနာတမ်းဝေဖန်နိုင်ပါတယ်။ ဒီစာအုပ်အပေါ်မှာ မျှစ်ကြော် ခံစားချက်ရှိတယ်။
      ထွက်မယ့် စာအုပ် နာမည်က — နှစ်ဘဝ နှစ်ကနာ္တ — ပါ။

  • ဦးကျောက်ခဲ

    December 1, 2013 at 9:13 am

    မပြုံးရေ ဂုဏ်လည်းယူတယ်၊ ဝမ်းလည်းသာတယ်…
    Cေarry On…ရှ့ဆက် ဒီထက်တိုးပြီး အောင်မြင်ပါစေဗျာ…
    ဟို… လက်သင့်ရာ စားတော်ခေါ်တဲ့ ဆုကြီးကို မေ့လိုက်ပါ…
    😀

  • TNA

    December 1, 2013 at 10:05 am

    ဂုဏ်ယူပါတယ်ဆရာမရေ။ စာအုပ်ထွက်မှ သေချာကြော်ငြာ အဲလေ သေချာရှင်းပြပေးပါ 😀

  • ဦးကြောင်ကြီး

    December 1, 2013 at 11:06 am

    လူငယ်ထု ရိုးမော်ဒယ်လ် ကမာ္ဘကျော် စွမ့်ဦးတီထွိမ် လုပ်ငန်းရှိမ်များရဲ့ အထုပတ္တိတွေရော ဘာသာပျံဖို့ အစီအစိမ် ရှိပါလာဆြာမ။ အမှန်တိုင်း ဝင်ခိမ်ရလျင် ရသစာပေ အားအသန်ဗူး။ ဖြစ်ရပ်မှန်တွေ ဆိတ်ဝင်ဇားဒယ်။ ဒီခေတ်မှာ နိုင်ဂံရေးဂေါင်းဆောင်ထက် နည်းပညာမူပိုင် ဘီလျံနာပေါက်စတွေက ပိုဟော့တ်လေ မလားလို့။
    ဒို့ အမ်တီပြုံး မာန်ချီပိတုံးသို့ ကြံစည်မဆုံး ညဏ်သီကုံး၍ ဘုန်းမီးနေလ တောက်ပါစေ..

  • alinsett

    December 1, 2013 at 1:33 pm

    စာအုပ်ထွက်ရင်တော့
    ဖတ်ဖြစ်အောင် ဖတ်မယ်အစ်မရေ

  • padonmar

    December 1, 2013 at 10:59 pm

    ပြုံးရေ၊နားလည်ပေးနိုင်ပါတယ်။
    ဲပြုံးရဲ့ ရွာအပေါ်ထားတဲ့ သံယောဇဉ်ကိုလည်း ထပ်ဆင့်နားလည်ပါတယ်။
    စာအုပ်ထွက်ရင်လည်း အားပေးပါမယ်။

  • ဝင့်ပြုံးမြင့်

    December 1, 2013 at 11:57 pm

    reply လုပ်တာ နေရာမှားသွားပြန်ပြီ။ အောက်ကို ပြန်မချတတ်တော့ဘူး။

  • KZ

    December 2, 2013 at 8:54 am

    စာအုပ်ကို အရသာရှိရှိ ကိုင်ပြီး ဖတ်နိုင်ဖို့ စောင့်ပါ့မယ် ဝင့် ရေ။
    🙂

    • ဝင့်ပြုံးမြင့်

      December 3, 2013 at 12:33 am

      စာအုပ်တွေကို ချက်စားလို့ရရင် ကောင်းမှာပဲနော် ဟီး။

  • kyeemite

    December 2, 2013 at 2:14 pm

    စာအုပ်ထွက်ရင်အားပေးပြီးဇိမ်နဲ့ဖတ်ပစ်မယ်ဗျာ…

  • ဝင့်ပြုံးမြင့်

    December 3, 2013 at 12:35 am

    ဖတ်ပြီးရင်လည်း အားမနာတမ်း ဝေဖန်ပါ ဦးကြီးမိုက်ရေ။ စာအုပ်က လူကြိုက်မများနိုင်မယ့် စာအုပ်မို့ပါ။

Leave a Reply