ဂဠုန် မဟုန် ဒဂုံ ပလုံ momentum

ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဖို့ ဦးသိန်းစိန် စစ်တပိုင်း အစိုးမရမှာ စိတ်စေတနာ မရှိဘူးလို့ အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ကြေငြာချက် မနေ့က ထွက်လာတယ်။ အခုလုပ်ရပ် မှန်မမှန်ဆိုတာထက် နောက်ကျ မကျ၊ နောက်ကျရင် ဘယ်လောက်နောက်ကျ၊ ဘာတွေပေးဆပ် လိုက်ရသလဲ သုံးသပ်ချင်တယ်။ ဘွားဒေါ်ဂျီး လွှတ်တော်ထဲ ရောက်တာ တနှစ်ကျော်ပြီ… ဦးသိန်းစိန် အစိုးမရနဲ့ မဲခိုး လွှတ်တော်သက်တမ်း တဝက်ကျိုးပြီ… အစည်းဝေးတွေ အခါခါလုပ်၊ ခရီးတွေ အကြိမ်ကြိမ်ထွက်၊ မိန့်ခွန်းတွေ အမျိုးမျိုးပြော.. လေဖမ်းဒန်းစီး နေတာပဲ တွေ့တယ်။ ရောဂါကုသလိုပဲ အချိန်တခု ပေးကုပြီးမှ ဆေးမတိုးတဲ့အခါ အချိန်ကုန် လူပမ်းတယ်၊ အဆိုးဆုံး အနေနဲ့ ကုမမှီလောက်အောင် နောက်ကျသွားတတ်တယ်။ အဲဒီလိုအချိန်မှာ အကောင်းဆုံးက သက်တောင့် သက်သာ အသေဖြောင့်ဖို့ နည်းလမ်းကလွဲလို့ အခြားမရှိတော့ဘူး။ အဲလောက်တော့ မဟုတ်တန်ကောင်းရဲ့..။

စောင့်ကြည့်ချင်တာ ဘွားဒေါ်နဲ့ အန်အယ်လ်ဒီ အမာခံများရဲ့ ရပ်တည်ချက် တသဘောထဲလား၊ ရေဆူအမှတ် အတိုင်းအတာ ကွာဟမှု ရှိသလား။ ဦးသန်းရွှေခေတ်အလွန် ဖြစ်ရပ်တွေမှာတော့ သိပ်ထပ်တူ မကျ သလိုပဲ..။ သေချာတာ ကျန်သူတွေ မည်မျှ စိတ်အားထက်သန်နေပစေ ဘွားဒေါ်မလှုပ်ရင် အန်အယ်လ်ဒီ မရွေ့ဘူး။ ခုလို ရွေ့တာမှာ ဘွားဒေါ်ဂျီး ပတ်သက်မှု ဘယ်လောက်ပါသလဲ။ သူများဝိုင်းပြောလို့ မရွေ့ချင်ရွေ့ချင်ရွေ့ ရသလား၊ ရွေ့ချိန်တော့တန်ပြီ ရွေ့လေမှပဲဆိုပြီး ရွေ့သလား၊ မကြာခင် ပေါ်ပါမယ်။ ပြီးခဲ့တဲ့ကိစ္စတွေမှာ ဦးဝင်းတင်လို အမာလိုင်းတွေ ဘေးရောက်တယ်၊ ဩဇာမညောင်းဘူး။ ဘွားဒေါ်ဂျီးက အချက်ပြလိုက်ပြီ ဆိုပါစို့ အယင်လို စီးကပ်မှု ရှိအုံးမှာလား၊ အခြေအနေ အချိန်အခါ ပြောင်းလဲနေပြီ။ ကွဲသွားတဲ့ဖန်ခွက် ကော်ပြန်ကပ် လို့ရလည်း အရင်လို အကောင်းပတိ မဟုတ်တော့တာ စဉ်းစားရင် ရင်လေးစရာပဲ။

အဲလိုတွေးရင် ဦးသန်းရွှေရဲ့ လွှတ်တော်တွင်း အန်အယ်လ်ဒီ ကျုံးသွင်းရေး မဟာဗျူဟာ အထမြောက်တယ်၊ အတိုင်းအတာ တခုအထိ ဘွားဒေါ်ဂျီး နိုင်ငံရေးဩဇာနဲ့ အန်အယ်လ်ဒီ အရှိန်အဝါ ကျဆင်းတယ်၊ နီးကပ်စွာ ဆက်ဆံလာတဲ့ မဟာမိတ် တိုင်းရင်းသားပါတီများ ကိုးစားမှု ဆုံးရှုံးတယ်၊ ညီနောင်ဒီမိုကရက်တစ် အင်အားစု အဖွဲ့များရဲ့ လေးစားမှု လျော့ပါးသွားတယ်။ အချိန်တခု ကြာလာရင် ဘယ်သူမဆို ပုခုံးချင်း ယှဉ်လာတတ်တာ သဘာဝမို့ လူရှိန်တုံး ခိုင်းမစားတတ်တဲ့ အားနည်းချက်လို့ ပြောရမယ်။ လူထုအမြင်မှာ အန်အယ်လ်ဒီလည်း မစွံဆိုတဲ့ အားလျော့စိတ် ဖြစ်သွားမှာ ကြောက်စရာ အကောင်းဆုံးပဲ။ ရွှေမင်းသမီးလို ဖူးဖူးမှုတ်ထားရာကနေ သူလဲ ယာဘဆေး သုံးသဟ ဆိုပြီး အမြင်ခံရ သလိုပေါ့ဗျာ။

ဒီချုပ်ဖက် ကြည့်ရင်လဲ သူ့ခံစားချက်နဲ့သူ ရှိပါမယ်။ လူတွေကသာ ရွာဦးကျောင်းဆရာတော် အတင်းတုပ်တာ၊ ဆရာတော် အနေနဲ့ကြပြန်တော့ နင်တို့ဒကာ၊ ဒကာမတွေက ဦးဦးဖျားဖျားဆိုပြီး မစို့မပို့လေးပို့၊ တကယ် ကောင်းတာကြတော့ ငါ့တောင် သတိမရ၊ အလှူရှိရင် လူတွေပဲ တဖြဲနဖြဲနင်းကန်စား ဘုန်းကြီးကြတော့ သင်္ကန်း တထည်လှူဖို့ အတော်စဉ်းစားကြတယ် ဖြစ်သလိုပေါ့။ အန်အယ်လ်ဒီ အနေနဲ့ အနှစ်၂ဝခရီး အတွေ့အကြုံအရ တိုင်းရင်းသား မဟာမိတ်ပါတီ၊ ညီနောင်လက်တွဲဖော်များ ဘယ်လောက် အားကိုးရလည်း ကိုယ်ပိုင်မှတ်တမ်း ရှိပါမည်။ အဲဒီအပေါ် အခြေခံ စဉ်းစားတာကို ပြင်ပလူများ နားလည်ပေးရမယ်။ ၁၉၉ဝရွေးကောက်ပွဲ ကာလမှာ နိုင်ငံရေးပါတီ နှစ်ရာကျော် မှိုလိုပေါက်လာတယ်။  နာမည်နည်းနည်း ရှိတာနဲ့ နေရာရဖို့ ပါတီထောင်၊ ပြီးတော့ တပ်ပေါင်းစုဖွဲ့.. ဦးဆောင်ပါတီ အန်အယ်လ်ဒီကို တန်းတူညှိဖို့ ကြိုးစားတာကို သတိပြုရမည်။

ခုချိန်ထိ ရနေတဲ့ လွတ်လပ်ခွင့် ဘာညာဆိုတာ စစ်တပ်ထိန်းချုပ်မှု အောက်မှာပဲ ရှိတယ်။ တောင်းထဲကကြက် ခြံထဲ လွှတ်ပေးထားသမို့ အချိန်မရွေး ရိုက်သတ်စားနိုင်တယ်။ အင်အားသုံးသိန်း ရှိတဲ့စစ်တပ်၊ တသိန်းခွဲရှိတဲ့ ရဲအဖွဲ့၊ ထောက်လှမ်းရေးကွန်ယက်၊ ကြံ့ဖွတ်ပါတီယန္တရား ဘာတခုမှ ချိနဲ့မသွားဘူး။ နိုင်ငံတကာ ထောက်ပံ့မှု ရလို့ ပိုအားကောင်းလာတယ် ပြောရင်များ ရလေမလား။ ဒီမုိုသမားဖက်မှာလည်း အားပြန်မွေးချိန် ပြန်စုဖွဲ့ချိန် ရပါရဲ့၊ သို့ပေမဲ့ လက်နက်ရှိနဲ့ လက်နက်မဲ့ အာဏာရှိနဲ့အာဏာမဲ့ ဒုံရင်းကဒုံရင်းမို့ ဒို့အရေး ပြန်ဖြစ်တဲ့အခါ နောက်တကြိမ် နိဋ္ဌိတံအုံးမှာပါပဲ။

မပြောင်းမှတော့ ထောင်းကြလော့
မပြောင်းမှတော့ ထောင်းကြလော့

နိုင်ငံရေး ကစားကွက် အပြောင်းအလဲမှာ စစ်တပိုင်းကြံ့ဖွတ် အစိုးမရသည် ယခင် မဆလတပါတီ အစိုးရနေရာ ရောက်သွားတယ်။ လက်နက်အင်အား တောင့်တင်းဆဲပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိပြီ။ စီးပွားရေး ပိတ်ဆို့မှု အားပျော့သွားပြီ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးဝင်လာပြီ။ အခြေအနေ မဟန်လို့ ဒါတွေ မလုပ်ပါနဲ့ ဟန့်တားချင်ရင် နိုင်ငံတကာ လှုပ်ရှားမှု ကမ်ပိန်းအသစ် ပြန်လုပ်ရတော့မယ်၊ အပ်ချလောင်းဆို တန်းဖြစ်မလာဘူး။ ရှစ်ပူးတွေ မှာလည်း တာဝန်ရှိတယ်။ ဘွားဒေါ်ဂျီး မပြတ်သားတာ လက်ညှိုးထိုးရင်း ရေလိုက်ငါးလိုက်နေတာ ကြာခဲ့ပြီ။ အန်အယ်လ်ဒီ ဦးဆောင်မှု မပေးနိုင်သလို ရှစ်ပူးတွေကလည်း နိုင်ငံရေး ကစားကွက် မဖော်နိုင်ဘူး။ အခြားသူ များကြတော့လည်း အခုမှ လူထုနဲ့ ထိတွေ့အားယူဆဲ.. အချို့ကြတော့လည်း ခေါင်းသာရှိ ကိုယ်မပါ။

အခွင့်အရေးဆိုတာ မရိုးနိုင်အောင် အကြိမ်ကြိမ်ရတာ ရှိသလို နှစ်ခါပြန် မလာတာမျိုးလည်း ဖြစ်တတ်တယ်..။ တရားသေ တွက်လို့မရဘူး။ ဆုံးရှုံးသွားတဲ့ မဟာအခွင့်အရေး ပြောပါဆို ဦးသိန်းစိန် အရပ်သား အစိုးရအဖြစ် ပြောင်းချိန် ၂၀၁ဝ ဝန်းကျင်တဝိုက်က ပြည်သူလူထုရဲ မျှော်လင့်ချက် အရှိန်အဟုန်ပဲဖြစ်တယ်။ အုတ်ရောရော ကျောက်ရောရော မဖြစ်သေးဘူး၊ ရာထူးအာဏာ အခွင့်အရေး မပေါ်သေးဘူး၊ ခရီးကြမ်းလို့ ပမ်းနေကြပေမဲ့ ခြေပစ်လက်ပစ် အနားမယူရသေးဘူး။ ရူပဗေဒလိုတော့ မိုမန်တန် momentum အဟုန်ခေါ်နိုင်မယ်။ စပိဒ် speed အရှိန်အပြင် အဟုန်ပါ ရနေတဲ့ အချိန်ကာလ ဖြစ်တယ်။ ဘွားဒေါ်ဂျီး လွှတ်တော်တွင်း ဗျူဟာပြောင်းလဲ လိုက်ချိန်မှာ အဟုန်ပျောက်သွားတယ်၊ အယင် အရှိန်နဲ့သာ ဆက်လိမ့်နေတော့တယ်။

အဟုန်ရဖို့ ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုရတယ်၊ ပေးဆပ်တိုင်းလည်း ဖြစ်မလာဘူး.. အခြေအနေ အချိန်အခါ တိုက်ဆိုင်မှု လိုသေးတယ်။ ရှစ်လေးလုံး အရေးတော်ပုံ ပေါက်ကွဲထွက်ဖို့ ၁၉၈ရ ငွေစက္ကူ အရေးအခင်းနဲ့ ၈၈ အစောပိုင်း ကျောင်းသားထု အဖိနှိပ်ခံရမှုများ မီးထိုးပေးတယ် ဆိုပေမဲ့ သူ့အရင် ကျောင်းသား၊ အလုပ်သမား နိုင်ငံရေး အံတုမှု တိုက်ပွဲများ စဉ်ဆက်မပြတ် အားဖြည့်ပေးခဲ့ကြတယ်။ ဖိနှိပ်မှု ယန္တရားသိပ်ကြီးတဲ့အခါ အဟုန် တခုရဖို့ ဘယ်လောက် ပေးဆပ်ကြရသလဲဆိုတာ သမိုင်းက ပြခဲ့ပြီးပါပြီ။

အဲဒီအဟုန် အခုရှိသေးလား၊ ပြန်ဖြစ်အုံးမလား.. အနီးဆုံး တိုင်းတာချက်မှာ ၂၀၁ဝ ညောင်နှစ်ပင် အခြေခံဥပဒေ ပြင်ဆင်ရေး အန်အယ်လ်ဒီ လှုပ်ရှားမှုမှာ လူထု ထင်သလောက် လိုက်မလာတာ တွေ့ရတယ်။ မပြောင်းချင်တာ ဟုတ်ဟန်မတူ.. စိတ်ဝင်စားမှု အားလျော့သွားတာ၊ ဘွားဒေါ် လုပ်လိမ့်မပေါ့ကွာ လွှတ်တော်ရှိနေသားပဲ စသဖြင့် နိုင်ငံရေး ရေချိန်ကျသွားတာ ဖြစ်မယ်။ ဖိုက်တာဘွားဒေါ်ဂျီး ဘဝကနေ ရွှေပြည်အေးတရား မောင်လေး အမဂျီး ဖြစ်လိုက်၊ မရတော့ စစ်ချီစစ်မောင်းသံ ပြုလိုက်ဆိုရင် နောက်လိုက်များအကြား ဝေခွဲမရ တွေဝေယိမ်းယိုင်ကုန် နိုင်ခြေရှိတယ်။ စိတ်မခိုင်သူ၊ ခံယူချက် အားနဲသူကြတော့ စစ်တပ်၊ကြံ့ဖွတ်တွေရဲ့ အဖျက်အမှောက် တန်ပြန် ဝါဒဖြန့်ချက်တွေကြားမှာ ကျွမ်းထိုမှောက်ခုံ ဖြစ်ကုန်တယ်။

ရန်သူကိုယ့်ဖက် အဝင်ခံပြီး ကိုယ်က သူတို့ဖက် ပြန်မထိုးဖောက်နိုင်ရင် ဒီလိုပဲ ကြုံရတယ်။ ပြန်သုံးသပ်ကြည့်ပါ ကိုယ့်နယ်ဖြစ်တဲ့ မီဒီယာ၊ အရပ်ဖက်အဖွဲ့စည်း၊ တတ်သိပညာရှင် စတာတွေထဲမှာ နှစ်ဖက်ချွန် ဘယ်လောက် များနေပြီလဲ။ အယင်လို ဖော်လံဖား၊ သတင်းပေး ဘယ်သူဘယ်ဝှာ သိဖို့မလွယ်၊ ဟိုလူပြော ဟုတ်နိုး ဒီလူပြော ဟုတ်နိုးနိုး နဝေတိမ်တောင် ဖြစ်ကုန်တယ်။ ကိုယ့်လူကြတော့ စစ်တပ်မပြောနဲ့ အိမ်ထောင်သည် စစ်တန်းလျား အနား ယောင်လို့မှ မကပ်နိုင်။

စစ်တပ်နဲ့ အတိုက်အခံလုပ် အခြေခံဥပဒေ ပြင်မည်ဆိုလျင် ပြည်သူလူထု စိတ်ဓာတ်နိုးကြားဖို့ နိုင်ငံရေးရေချိန် တက်လာဖို့ အရေးတကြီး လိုအပ်နေပြီ။ ဘွားဒေါ်ဂျီး တပွေထဲ အယင်လို ဝမ်းလေဒီရှိုးကြဲဖို့ သိပ်မလွယ်တော့ ထင်ပါတယ်။ စပိဒ်အရှိန် ရှိဆဲမို့ ဒီနှုန်းနဲ့ဆက်သွား ၂၀၁၅ ရွေးကောက်ပွဲ မတရား မဖြစ်လျင် အန်အယ်လ်ဒီပဲ ဘွားဒေါ်မျက်နှာနဲ့ ဆင်ဖြူတော်မှီကြံစုပ် နိုင်ပါအုံးမည်။ သို့သော် စနစ်အပြောင်းအလဲ အတွက်ကတော့ ဒီပုံ ဒီကြိုး ဆက်ရှုပ်နေလျင် မိုးသာစုံးစုံးချုပ် မောင်ထုံ စောင်းတတ် မလာနိုင်ပါဗျား။။

မြန်တျန့်ဂေဇက် မြို့ပိုင်ရုံး ညွှန်ကြားရေးမှူးချုပ် မှူးကြောင်

12 comments

  • KZ

    December 3, 2013 at 11:10 am

    ပြောပါတယ်။
    ဘာမှ မစဉ်းစားနဲ့ ဒက်ဒီကြောင်။
    ပြန်လာပြီး အာဏာသိမ်းလိုက်တော့။
    ဒါမှ မြန်တျန့် သာမီးလေးတွေ ဘွပျက် (အဲလေ) ဘွတွေ ကို ကယ်တင်နိုင်လိမ့်မယ်။

    😀

    • Wow

      December 3, 2013 at 11:46 am

      လှလျှာဂျီးနဲ့ လှလျှာဂျီးနဲ့… လျှာဂျီးတန်းလန်းနဲ့သာ ကြောင်တပ်ဖွဲ့ဂိုအူးဆောင်ပီး အာဏာသိမ်းတော့ကြောင်… :mrgreen:

    • ကြောင်နာရှင်အစိုးရသာတက်လာရင်တော့ သာမီးလေးကိုမြန်းတျန့်မှာမထားတော့ဘူး…ခုတည်းကထိုင်ဝမ်းနိစ်သင်ပေးထားပြီး
      သူ့ဦးလေးမိုက်ဆီပို့လိုက်တော့မယ်
      :mrgreen:

  • alinsett

    December 3, 2013 at 11:16 am

    ဖာရာထေးရာတွေ တင်းတင်းရင်းရင်း
    ဖြစ်သွာရုံနဲ့တော့
    အကျီ င်္က သစ်မသွားဘူး

    :kwi:

  • မင်း ခန့် ကျော်

    December 3, 2013 at 12:10 pm

    ပူး တာ လဲ

    ပူးတတ်မှ။

    ခွ တာ လဲ

    ခွ တတ် မှ။

    ကြော် တာ လဲ

    ဆီ သန့် မှ။ အဲ မှားကုန်ပါပီ။

    မြန်မာအကြောင်း ဘွားဒေါ်ကြီး စိမ်းနေသေးလို့ပါ။

    ဦးကြောင် ခုထဲက ပါတီကိုဝင်တော့။

    ပါတီရဲ့မူဝါဒရေးရာကို ဝင် ချုပ် လိုက်။

    ဒါမှ သန်း ၆ဝ ကို ကယ်တင်ရာကျမယ်။

    တကယ်ပြောတာ။

  • ဦးကျောက်ခဲ

    December 3, 2013 at 2:01 pm

    ခြေဥကို သာမန်ပြည်သူတွေက မဖတ်ကြသလို စိတ်လည်းမဝင်စားကြဘူး…
    ကြည့်ရတာ တမ်ပိုကျနေပြီဗျ… ဘွားဒေါ်ကလည်း အပြင်ထွက်မှ အော်တယ်…
    အန်အယ်လ်ဒီက ဘွားဒေါ်မရှိရင် အသက်မဲ့နေတာ ကြာပေါ့…
    ဒီပုံနဲ့တော့ ဘာမှမဖြစ်ပဲ မိုးကြီးချုပ်လိမ့်မယ်…
    🙁

  • kai

    December 3, 2013 at 2:38 pm

    အမှတ်မမှားရင်… ၈၈ အရေးတော်ပုံကိုစခဲ့သူတိုင်း.. အသက်ရှင်ကျန်နေသူတိုင်း… ပြည်တွင်းပြန်ရောက်နေပြီးစည်းလုံးမိနေပါတယ်..။
    ၈၇-၈၈ ထက်ကွာတာက.. ဘဝအတွေ့အကြုံနိုင်ငံတကာအတွေ့အကြုံ ပညာ..အတတ်သညာတွေပိုလာတာပဲ..

    စစ်အာဏာရှင်ဖက်မှာတော့.. ဦးနေဝင်းအုပ်စု၊ ဘိုခင်ညွှန်အုပ်စု၊ အမာဂိုဏ်း၊ အပျော့ဂိုဏ်း၊ ပါတီ စသဖြင့်အစိတ်စိတ်ဖြစ်နေတာမြင်ရတယ်..

    ဒီမိုကရေစီရဲ့..အရေးအကြီးဆုံးဖြစ်တဲ့.. လွတ်လပ်စွာရေးသား၊ပြောဆိုခွင့်ကိုလည်းတော်သင့်သလောက်ရနေပြီး..

    ဆိုတော့…
    ဒီခေတ်မှမပြောင်းရင်.. ဒို့ခေတ်ကျမှ.. နောက်ကျရမှာလားအကြိမ်၁သိန်းအော်ပြီး.. ပါးစပ်ရေငုံ..အသက်မရှုပဲ.. ရေမွန်းခံ.. သတ်သေကြဖို့လိုတယ်…။
    ဒန်တန်တန်… :mrgreen:

  • kyeemite

    December 3, 2013 at 3:24 pm

    ပြင်မယ်ဆို အဲဒီပြင်ဆင်နိုင်ဖို့ စည်းကမ်းသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံထဲက အခန်း(၁၂)ပုဒ်မ၄၃၆(က)
    ကိုအရင်ပြင်မှရမယ်…သတ်မှတ်ထားတဲ့ပြင်ဆင်နိုင်ခွင့်စည်းကမ်းကိုက မဖြစ်နိုင်တဲ့အခြေအနေမို့ပါ
    အရပ်သားလွှတ်တော်ကိုယ်စားလှယ်အားလုံးချွင်းချက်မရှိပါမှ(ဒါတောင်မလွယ်သေးပါ) ၇၅%ပဲရှိသေးတယ်
    ပီးမှ…စစ်သားကိုယ်စားလှယ်တစ်ယောက်ပါရအုံးမယ်…အဲလိုပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရအုံးမယ်..
    ဆိုတော့…ဆရာမောင်သာရ စာသားယူသုံးရရင်“ကျောက်စရစ်တောမာခေါင်ခေါင်မှာ အတောင်
    ကျွတ်သောကြိုးကြာ ရေရှာ၍မရသကဲ့သို့” ဆိုတာလိုဖြစ်နေပါဂျောင်းးးးးးး 🙁
    👿 👿 👿 👿 👿 👿

  • Foreign Resident

    December 4, 2013 at 8:36 am

    ဦးကြောင်ရေ ။
    ကျနော် ကတော့ အခြေအနေ ကောင်းနေသေးတယ် လို့ ယူဆ ပါတယ် ။

    လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် က အသင့်အတင့် ရှိလာတဲ့ အတွက် ၊
    လူတွေ နိုင်ငံရေး မျက်စိပွင့်လာပြီး ၊ နိုင်ငံရေး ရေချိန် မြင့်လာတယ် ထင်မိတယ် ။

    အကြောင်း ကိစ္စ တစ်ခု တိုက်ဆိုင် ပေါ်ပေါက်လာချိန်မှာ စည်းရုံးမိသွားမှာပါ ။

  • twitty

    December 4, 2013 at 10:08 am

    ဦးကြောင်…

    သာမီးလေးတွေကို ကြောင်နေမယ့်အစား… ဒီလို အနှစ်သာရရှိတဲ့ စာမျိုးလေးတွေ မကြာမကြာ ရေးပါလို့ တိုက်တွန်းပါတယ်…။

    ဂဇက်မှာ နိုင်ငံရေးအတွေးအခေါ်ကောင်းကောင်းနဲ့ သုံးသပ်ဝေဖန်ချက်တွေ ရေးနိုင်တာ ဦးကြောင် တယောက်ပဲရှိတယ်…။
    သူကြီး အတွေးခေါ်တွေကတော့ ကောင်းသလိုလို ရှိပေမယ့် မီဒီယာသမားပီပီ ဖြစ်စေချင်တဲ့ဘက်ကို နဲနဲ စောင်းပေးချင်တယ်…။ ပြောရရင် ဘက်လိုက်တယ်ပေါ့ကွယ်…။ သူ့ဟာသူတော့ balance ဖြစ်အောင် လိုက်ညှိပေးတယ်လို့ ပြောမှာပဲ…။ အဲဒီလို ဟိုဘက်ရပ်လိုက် ဒီဘက်ရပ်လိုက် လုပ်တာကို မကြိုက်ပါဘူး…။

    ခုလို ဂဇက် ဂုဏ်ကို ဆောင်နိုင်တဲ့ အရေးမျိုးတွေကို ကြိုက်တယ်…။ (မြှောက်တာ….)

    • ဦးကြောင်ကြီး

      December 4, 2013 at 11:37 am

      ဒကျောင့် ဒဂျီးဂို ဖိုက်တင်းဗောလို့ သူဂေါင်းပြု ခေါ်တာပေ့ါကွယ်.. ဒါထက် တွစ်တီလေးဂ အထီးလား အမလား.. အမဆို ပျိုဂျင်ပြို အိုဂျင်အို ကိတ်စအရှိဗူး.. ခင်ဖို့သက်သက်မေးဒါ.. အခြစ်မှာ နယ်နမိတ် သတ်မှတ်ချက် မချိ မချိ…။

  • kyeemite

    December 6, 2013 at 1:08 pm

    ဖေ့ဘုတ်မှာဦးဦးမှော်ဆရာနယူးစ်ဂရုကရှယ်ထားတာလေးပါ..
    မူရင်းက အာရ်အက်ဖ်အေ ကပါတဲ့…

    အခြေခံဥပဒေပြင်ဆင်ရေး ၈၈ ကျောင်းသားများအဖွဲ့ အကြံပြုမည် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့လွယ်ကူတဲ့ ဖွဲ့စည်းပုံဖြစ်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြည်ထောင်စုလွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို အကြံပြုစာပေးပို့သွားမယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အဓိကတင်ပြမယ့် အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အကြံပြုစာပြုစုရေးအဖွဲ့ဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ခုလိုပြောပြပါတယ်။ “နံပါတ် ၁ က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြုပြင်ပြောင်းလဲရန်လွယ်တဲ့ အခြေခံဥပဒေဖြစ်ဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြုပြင်ပြောင်းလဲရန်ခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နောက်ဆုံပြုပြင်ပြောင်းလဲချင်ရင် သွေးထွက်သံယိုမှုတွေနဲ့ ပြောင်းလဲရတယ်၊ ဒါကြောင့် နောင်လာနောင်သားတွေ ပြုပြင်ပြောင်းလဲချင်ရင် ပြုပြင်ပြောင်းလဲရန် လွယ်ဖို့လိုတယ်၊ နောက် ဒုတိယတစ်ချက်ကတော့ ဗဟိုချုပ်ကိုင်မှုကို လျော့ချရင်းနဲ့ ဖက်ဒရယ်လစ်ဇင်ပေ့ါနော်၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးတည်ဖို့လိုတယ်ဆိုတဲ့ အဲဒီဥစ္စာကို ကျနော်တို့ချည်းကပ်မယ်၊ နောက် တတိယတစ်ချက်ကတော့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းထင်ရှားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ဖြစ်ရမယ်ဆိုတဲ့ အဲဒီ ၃ ခုကနေပြီးတော့ ကျနော်တို့ချဉ်းကပ်မယ်” ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ ဒီအကြံပြုချက်တွေကို အခုဒီဇင်ဘာ နောက်ဆုံးပတ်အတွင်းမှာ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီကို တင်ပြသွားမယ်လို့လည်း ကိုဂျင်မီကပြောပါတယ်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီဟာ အကြံပြုစာတွေကို ဒီဇင်ဘာလကုန်အထိ လက်ခံသွားမှာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်မတိုင်မီမှာ ရရှိလာတဲ့ အကြံပြုချက်တွေအားလုံးကို လွှတ်တော်ကို အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ လွှတ်တော်ရဲ့လုပ်ဆောင်မှုကို စောင့်ကြည့်လေ့လာသွားမယ်လို့လည်း ဆိုပါတယ်။

Leave a Reply