ပြုံးပြတောင် ရွဲ့တယ်ထင်( သော်ဇင်-လွိုင်ကော်)

ကျွန်တော့်မှာ ပြန်ထိုင်ရမလား၊ထလက်စနဲ့ ထွက်ပဲလာခဲ့ရတော့မလား မသိဖြစ်နေတာ။ သူ့ကိုကြည့်တော့လည်း စကားတွေ အများကြီးဆက်ပြောချင်နေသေးတဲ့ပုံ။ တစ်ဖက်သားမှာ ပြောစရာတွေနဲ့ပါလားလို့ သိရတော့ ကျွန်တော့် ဘာလုပ်ရမှန်းမသိဘူး။အပြင်ဘက်ကနေလဲ ဟိုကောင်ကလည်း ခေါ်နေပြီ။ နောက်ဖုန်းထဲမှာလည်း နံပါတ်တစ်ခုရဲ့ MissCall တွေက လေးငါးကြိမ်ခန့်ဝင်ထား ပြီးပြီ။ ဒီတော့ တစ်ခုခုကိုတော့ ကျွန်တော် ဆုံးဖြတ်ရတော့မယ်။အပြင်ဘက်က ခေါ်နေတဲ့ ဟိုကောင်ကလည်း ခုထိုင်နေတဲ့သူ မသိအောင် စောစောက တိုးတိုးလေးကပ်ပြောသွားတယ်။

“ အောင်ရဲ မသိစေနဲ့“ တဲ့။ပြီးတော့ Message ဝင်လာတယ်။ စောစော ဝင်ထားတဲ့ Miss Call နံပါတ်ကြီးနဲ့ပို့လာတယ်။ ဖွင့်ဖတ်ကြည့်တော့။

“အောင်ရဲမသိစေနဲ့၊ အရေးကြီးတယ်“ တဲ့။ ကျွန်တော်ပြန်ပြီး Message ပို့လိုက်တယ်။

“အေးနင်အခြေအနေကိုကြည့်ထိန်းထားလိုက်ပါ။ ငါတို့ခုလာခဲ့မယ်“

###################

ဖုန်းကအဆက်မပြတ်မြည်နေတော့မကိုင်ချင်ကိုင်ချင်နဲ့ပဲ ဘယ်သူ့ဆီကဖုန်းလဲလို့ နံပါတ်ကိုကြည့်တယ်။ ထူးခြားလွန်းနေတဲ့နံပါတ်တစ်ခုကိုတွေ့တော့ ချက်ချင်းပဲ ဖြေလိုက်တယ်။ ဖုန်းပြောလိုက်တာ တစ်နာရီကျော်သွားတယ်။ပြောသွားတာအများကြီး။ ခေါင်းထဲမှာ အကြောင်းအရာတွေ ရှုပ်ယှက်ခတ်သွားတယ်။ ပြီးတော့ဘာဖြစ်သင့်သလဲဆိုတဲ့မေးခွန်းကို မေးသွားတယ်။ ကျွန်တော်ဘာမှပြန်မဖြေလိုက်မိဘူး။ အဲဒီမေးခွန်းကို ကျွန်တော်ဒီညမဖြေနိုင်ဘူး။ မဟုတ်ဘူး မဖြေချင်ဘူး။

ကျွန်တော်ပြောလိုက်တဲ့စကားကြောင့်တစ်စုံတစ်ဦးကို ထိခိုက်စေပြီး တစ်စုံတစ်ယောက်က အောင်မြင်သွားတာကို ကျွန်တော်မဖြစ်စေချင်ဘူး။ညဦးပိုင်းလောက်က စားသောက်ဆိုင် သီးသန့်ခန်းလေးကို ကျွန်တော်ပြန်ရောက်သွားတယ်။ အခန်းထဲမှာအောင်ရဲထိုင်နေတာ။ တစ်ယောက်တည်းတော့မဟုတ်ဘူး။ လူတစ်ယောက်ရှိသေးတယ်။ အဲဒီလူကိုလည်း ကျွန်တော်သိတယ်။ပြီးတော့ ဟိုကောင်လည်းရှိတယ်။ဟိုကောင်ဆိုတာ စည်သူ။ စည်သူပဲ ကျွန်တော့်ကိုခေါ်လာတာ။ စားသောက်ဆိုင်မရောက်ခင်လမ်းမှာ ကျွန်တော့်ကိုပြောတယ်။

“အောင်ရဲတို့ ပြဿနာဖြစ်ပြန်ပြီကွ“

“ဟင် ဘာဖြစ်ပြန်တာလဲ“

“မနေ့ညကတည်း ငါ့ဆီရောက်လာတယ်။ဘာမှသိပ်မပြောဘူး။ အရက်တွေချည်း ဇွတ်သောက်နေတယ်။ ဒါ ပြဿနာဖြစ်လာလို့ပဲ“

“ငါ့ဆီ အောင်ရဲဖုန်းဆက်သေးတယ်။ငါမကိုင်ဖြစ်လိုက်တဲ့ ညကဖြစ်လိမ့်မယ်“

ဆိုင်ရောက်တော့ အောင်ရဲတော်တော်မူးနေပြီ။ဒါတောင် ရှေ့မှာ ဝီတစ်တောင့်က တစ်စိတ်လောက်လျော့နေပြီ။ ကျွန်တော့်ကို မြင်တော့

“လာ ထိုင် ကျော်ကျော်။ “

ဒါပဲပြောတယ်။စည်သူ့မျက်လုံးကိုကြည့်တော့ အရိပ်တစ်ခုခုပြေးနေတယ်။ ကျွန်တော့် ခန့်မှန်းတာမမှားဘူးဆိုရင်..။

###################

 

ဆိုင်ကလူစည်နေသားပဲ။ ဒါပေမယ့်စားသောက်ဆိုင်မဟုတ်တော့ဘူး။ အကင်နံ့တွေမွှေးပျံ့နေတဲ့ ဆိုင်လေးတစ်ဆိုင်။ ကျွန်တော်နဲ့စည်သူ ဝင်လာတာကိုတွေ့တော့ မိမိမြတ်က ထိုင်ဦးဆိုပြီး ဆိုင်က ကောင်မလေးကို ထိုင်ခုံချခိုင်းတယ်။ကျွန်တော်က မထိုင်သေးပဲ ကွမ်းယာထယာတယ်။ စည်သူက ကျွန်တော့်ကိုချည်းကြည့်နေတယ်။ ကျွန်တော်ကသိပါတယ်ဆိုတဲ့ သဘောနဲ့ မျက်ရိပ်ပြန်ပြတယ်။ မိမိမြတ်က စားပွဲဝိုင်းတွေ အကုန်ချပြီးတော့ကျွန်တော့်တို့ နှစ်ယောက်နားလာတယ်။

“ကဲ ပြောနင်တို့ ဘယ်ရောက်နေတာလဲ။ငါဖုန်းခေါ်တာလည်း မကိုင်ဘူး။ ခု Message ရတယ်မလား။ ငါတို့ဘယ်လိုလုပ်ကြမလဲ။“

“စောစောက ငါပြောသလိုပေါ့။နင်အခြေအနေကိုကြည့်ထိန်းမှရမယ်။“

မြတ်လေးက ဖြတ်ခနဲကျွန်တော့်ကိုကြည့်တယ်။ ပြီးတော့ စည်သူ့ကိုကြည့်တယ်။

“ငါတစ်ယောက်တည်းထိန်းလို့ရတယ်အခြေအနေမဟုတ်ဘူးကျော်ကျော်။ ခု ပြဿနာက ပြောရင်းနဲ့အပြတ်အပြတ်နဲ့ နာခေါင်းသွေးထွက်တော့မယ့် ကိန်းပဲ။နင်တို့ကလည်း ငါဖုန်းခေါ်နေတာ ကြာပြီ မကိုင်ကြဘူး။ ငါ့မှာ ခု မနည်းပဲပြောပြီး မြ ကိုပြန်ခိုင်းလိုက်ရတယ်။“

ကျွန်တော်သက်ပြင်းချတယ်။စည်သူက

“ဖုန်းမကိုင်ချင်လို့မဟုတ်ဘူး။နင့်ဖုန်းဝင်ကတည်းက ကျော်ကျော်က ငါ့ကိုပြတယ်။ ကိုင်လို့မရတဲ့အခြေအနေရှိနေလို့ မကိုင်တာ။ဒီမှာအစီအစဉ်တစ်ခုလုပ်ပြီ နင့်ဖုန်းကို ငါခေါ်လိုက်တာ။ ကျော်ကျော်က အဲဒီအချိန် ဆိုင်ထဲမှာ။ငါ သူ့ကိုခေါ်တယ်။ ခေါ်လို့မရဘူး။ ကျော်ကျော်ကို အောင်ရဲက ဆွဲထားတာ။ ဆိုင်ကယ်မပါလာဘူးဆိုတာတောင်ပြန်ပို့ပါ့မယ်လုပ်နေလို့ အကျပ်ရိုက်နေသေးတာ။ တော်သေးတာက နင့်ကျော်ကျော်ကိုMessageပို့လို့ရသွားလို့“

“နေပါဦး ဘယ်လိုအခြေအနေမျိုးမို့ဖုန်းမကိုင်ရတာလဲ ကျော်ကျော် ပြောငါ့ကို။“

“အဲဒီအချိန် ငါဘယ်သူနဲ့အတူရှိနေတယ်လို့နင်ထင်လဲ“

“ဘယ်သိမလဲ“

“ငါတိုနဲ့အတူ အောင်ရဲရှိနေတယ်“

“ဟင်“

မိမိမြတ် အံ့ဩသွားတယ်။ ပြီးတော့

“ေ—ာက်ကောင်က အဲဒီမှာ ငြိမ့်နေတာပေါ့မြကတော့………“

ကားတစ်စီးဝူးခနဲဖြတ်အမောင်းမှာ မိမိမြတ်ပြောလိုက်တဲ့ စကားအဆုံးကို ကျွန်တော်မကြားလိုက်မိဘူး။စည်သူ့ကိုကြည့်တော ့ခေါင်းခါတယ်။ အချိန်က ည(၉)နာရီ။

###################

 

မနက်(၈)နာရီပဲရှိသေးတယ်။ဒါပေမယ့် စကားလုံးတွေပေါက်ကွဲနေပြီ။ ကျွန်တော် မိမိမြတ်ဆိုင်ကို ရောက်တော့ ခိုင့်ခိုင့်ကိုတွေ့တယ်။ ခိုင်ခိုင်က မျက်ရိပ်ပြပြီး ဝင်ခဲ့ဖို့ခေါ်တယ်။ ကျွန်တော် လာနေတာကို သိလို့လားမသိဘူး စကားဝိုင်းက ခဏတိတ်သွားတယ်။ ခွေးချေခုံတစ်ခုံကို ဆွဲထိုင်လိုက်တယ်။ ဒီမှာ မြကိုကျွန်တော် ကြည့်တယ်။ မြက ဆိုင်ကယ် ဦးထုပ်ကိုတောင် မချွတ်ထားဘူး။ မျက်ဝန်းက မို့နေတယ်။မိမိမြတ်က

“မြ မိတို့ပြောတာကို သေချာစဉ်းစားစေ့ချင်တယ်။ငါတို့ပြောတာက ဘယ်သူ့အတွက်မှမဟုတ်ဘူးနော်။“

“ငါသေချာဆုံးဖြတ်ပြီးပြီမိ၊ “

“ခိုင်တစ်ခုပြောမယ် မြ။ မြဒီလိုဆုံးဖြတ်ပြီး ပြန်သွားရင် မြအတွက်အရမ်းနှစ်နာသွားမယ်။ မိန်းမဆိုတာအစကတည်းက ရှုံးပြီးသား။နောက်ထပ်ထပ်ပြီး အရှုံးခံမလို့လာ။ မြ သေချာစဉ်းစားပါ။“

ကျွန်တော်က ဘာမှမပြောသေးဘူး။မိန်းမသားတွေ ပြောကြပါစေဆိုပြီး လွှတ်ထားတယ်။ မြ တော်တော် ခံစားထားရ ပုံပေါက်တယ်။ တော်တော်လေးလည်းငိုထားပြီးပြီ။ မြ ကျွန်တော့်ကို တစ်ချက်ကြည့်တယ်။ ကျွန်တော်ကအလိုက်သသိနဲ့

“ပြောလို့ရတယ် မြ။ ကိစ္စမရှိဘူး။သူငယ်ချင်းဆိုပေမယ့် ဘာမှအားနာစရာမရှိဘူး။နင်တို့ငါတို့က ငယ်ငယ်ကတည်း သူငယ်ချင်းတွေ။ ခု နင့်စိတ်ထဲရှိတာကို အကုန်ပြောလို့ရတယ် မြ“

“ငါ ဒီတစ်ခါတော့ သည်းမခံနိုင်တော့ဘူး။မိနဲ့ခိုင်။ ငါ့သမီးလေး ငါ့ကို ခဏခဏမေးနေပြီ။ မေမေ သမီးကို မောင်လေးဘယ်တော့ မွေးပေးမှာလဲတဲ့“

မိမိမြတ်နဲ့ ခိုင်ခိုင်ကကျွန်တော့်ကို ကြည့်လာတယ်။ ကျွန်တော့်မျက်နာကဘယ်လိုမှမနေပါဘူး။ မြက ဆက်ပြောတယ်။

“ကျော်ကျော်ရှေ့မှာ မရှက်တမ်းပြောရရင်ငါ တားဆေးတွေစားနေတာ မိ“

“ဘာ….“

ခိုင်ခိုင်က ဆက်ခနဲ မတ်တပ်ထရပ်တယ်။မြ ကိုကြည့်ပြီး ဆွံ့အနေတယ်။ မိမိမြတ်က ရေတစ်ခွက်ထသောက်တယ်။ မြက တရှုံ့ရှုံ့နဲ့ ငိုနေတယ်။ကျွန်တော်ဘာပြောရမှန်းမသိဘူး။ စည်သူကခုထက်ထိမလာသေးဘူး။ မိန်းမသားသုံးဦးကြားမှာ ကျွန်တော်ထထွက်ရမှာလား။ ဆက်ပဲထိုင်နေရမလား။ ချိတုံချတုံနဲ့။ ခိုင်ခိုင် ခုံပေါ်ပြန်ထိုင်တယ်။

“မြ ပြော ခု ပြော နင့်အကြောင်းပြချက်ကဘာလဲ ဘာလဲလို့ ဖြေ“

“ငါ သူ့အတွက် ဘာလဲဆိုတာ မသိရမချင်းငါနောက်ထပ် ကလေးမယူပြီး ခိုင်၊ အဲဒီ ေ-ာက်ကောင် အချိုးတွေ မပြင်မချင်းလည်း မယူဘူး ခိုင်။“

မိမိမြတ်က အဲဒီအချိန်မှာစကားတစ်ခွန်းပြောတယ်.။

“ငါဖွေးလေးကို သနားလိုက်တာ။“ တဲ့။ ကျွန်တော့်မျက်ဝန်းထဲမှာ

###################

 

“ငါ ကလေးနောက်တစ်ယောက်ထပ်ယူခိုင်းမှရမယ်ထင်တယ်ကျော်ကျော်“

ကျွန်တော့်မျက်ခုံးတွေပင့်သွားရတယ်။အဲဒီစကားမျိုး ကျွန်တော့်ကိုလာပြောရမှာမဟုတ်ဘူးဆိုတာ အောင်ရဲ မသိဘူးလား။ အမဲအူပြုတ်သုပ်ကိုတစ်ဇွန်းချင်းစားရင်း တစ်ခွက်ပြီးတစ်ခွက်မော့တယ်။ အချိန်က အစောကြီးရှိသေးတယ်။ ကျွန်တော့်ကိုလာခေါ်တုန်းက မနက်စာစားဖို့။ ခု ခေါင်ဆိုင်ကိုရောက်နေရတယ်။ ညကတည်းက အောင်ရဲအိပ်ခဲ့ပုံမရဘူး။

“အဲဒါ မြကိုပြောကြည့်လေကွာ“

အောင်ရဲက မဲ့တဲ့တဲ့ပြုံးတယ်။

“သူလက်မခံဘူးကွ။ မယူနိုင်ဘူးတဲ့။“

“ဘာလဲအကြောင်းပြချက်က“

“တစ်ယောက်ပဲမွေးမယ်တဲ့။ ဒါပဲပြောတယ်“

“မင်းတို့လင်မယားအဆင်ပြေနေလား။ငါမေးတာက ဆက်ဆံရေးအဆင်ပြေနေလားလို့မေးတာ။ ပြီးတော့ မင်း ဒီလိုသောက်နေဖို့မသင့်ဘူး“

“ငါ မသောက်ပါဘူး“

မသောက်ပါဘူး။ ဒီဆိုင်ကိုမရောက်ခင်အောင်ရဲဆိုင်ကယ်နောက်ကလိုက်စီးကတည်းက ကျွန်တော်အနံ့တွေရနေခဲ့တယ်။ ခု လိမ်နေတယ်။

“မင်းတို့မှာ ဘာလိုနေလဲဆိုတာငါပြောမယ်။“

“ဘာလဲ ဘာလိုလို့လဲ။ ငါသူ့ကိုကောင်းကောင်းထားနိုင်တယ်။ လိုတာဝယ်ပေးနိုင်တယ်လေကွာ။ ဘာလိုနေသေးလို့လဲ“

“လိုတာပေါ့။ မင်းတို့မှာဘာမှမလိုဘူး ပြီးပြည့်စုံနေတယ်ဆို ပေမယ့် မင်းတို့ နားလည်မှု အပြန်အလှန်ရှိဖို့တော့လိုအပ်တယ်။“

“သူက ငါ့ကိုနားမလည်ပါဘူး။ငါအလုပ်ပင်ပန်းတယ်ကွ။ ငါသောက်တယ်ကွာ။ နားလည်ပေးပေါ့။ အလုပ်တွေလာအပ်တယ်။ ငါ့အလုပ်ငါသိတယ်။ပြောစရာမလိုဘူး။ သူလောဘအရမ်းကြီးတယ်။ တတွတ်တွတ်ပြောတယ်။ ငါ နားငြီးတယ်။ အိမ်မှာမနေဘူးအပြင်မှာထွက်သောက်တယ်။ ပြန်လာတော့ ရန်ဖြစ်ဘာလဲကွာ။ ငါစိတ်ရှုပ်တယ်။ မနက်က သမီးလေးငါ့ကိုမေးတယ်။ဖေဖေ မေမေက သမီးကို မောင်လေးမမွေးပေးဘူးတဲ့။ ဘာလို့လဲ သမီးရဲ့လို့မေးတော့ သမီးကိုရိုက်တယ်တဲ့“

ကျွန်တော်ဘာပြောရမလဲ။သမီးလေး ဖွေး အဖော်မဲ့လွန်းနေပြီ။ ပတ်ဝန်းကျင်မှာကလေးအဖော်မရှိ။ နေ့စဉ်ရန်ဖြစ်နေတဲ့အဖေနဲ့အမေ။

###################

 

“ကဲ မင်းက ဘာဖြစ်ချင်တာလဲပြော“

“ဟာ အောင်ရဲ နင်ဘယ်လိုပြောလိုက်တာလဲ။ဒီမှာငါတို့ကညှိပေးနေတာကို နင်ကအဲလိုပြောစရာလား။“

မိမိမြတ်က အောင်ရဲကို ခပ်ဆတ်ဆတ်ပြောလိုက်တယ်။အောင်ရဲဝင်ဝင်ချင်း အဲဒီစကားပြောတော့ မြက မျက်ရည်တွေကျလာပြီး စူးရဲနေအောင် အောင်ရဲကိုကြည့်တယ်။မြ တစ်ခုခုပြောခါနီးအလုပ်မှာ ခိုင်ခိုင်က မြကိုဆွဲပြီး

“ဒီမယ် အောင်ရဲ။ ငါတို့ နင်တို့အဆင်ပြေအောင်လုပ်ပေးနေတာပါ။ငါတို့သူငယ်ချင်းတွေဖြစ်တဲ့ နင်တို့ လင်မယားကွဲသွားတယ်ဆိုတဲ့ အသံကိုမကြားချင်ကြဆုံးကငါတို့ပါ။ နင်တို့ ဒီလိုဖြစ်နေတော့ငါတို့ စိတ်ညစ်တယ်။ ခု အကုန်လုံး အလုပ်တွေပစ်ထားခဲ့ပြီးလာတာ။ ငါတို့ရှိနေတဲ့အချိန်မှာ စောစောကလိုမျိုးစကားမျိုးနင်မပြောပါနဲ့။“

ခိုင်ခိုင်ပြောတော့ အောင်ရဲငြိမ်သွားတယ်။ မြက

“တွေ့လား ဒီ ေ-ာက်ကောင် အချိုးပြင်မှာမဟုတ်ဘူး။ငါတော့ ရှေ့ဆက်ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။ တစ်စိတ်ရှိ ငါ့ကိုအိမ်ပေါ်ကမောင်းချနေတာငါမခံနိုင်တော့ဘူး။ ငါအခြေမဲ့အနေမဲ့မဟုတ်ဘူး ခိုင်။ ခု ငါ့ကို ကိုယ်ထိလက်ရောက်စော်ကားလာပြီ။နောက်ဆို အရက်ကြောင်ပြီး ငါ့ကိုမသတ်ဘူးလို့ ငါ့သမီးကိုလည်းမသတ်ဘူးလို့ မပြောနိုင်ဘူး။“

“မင်း အဲဒါပြောစရာမလိုဘူး“

“ပြောမှာပဲ။ ပြောအောင်နင်လုပ်တာလေေ-ာက်ကောင်ရဲ့“

“မင်းဘာလို့ ငါ့ကို လာလာဒေါသဆွလဲကွ၊“

“ဪ ဘာလဲ ငါ့နင်နဲ့ယူထားတာဘာမှပြောခွင့်မရှိဘူးလား၊ မေးခွင့်မရှိဘူးလား။ တစိတ်ရှိ မင်းနေလိုက်တော့ မပြောနဲ့တော့၊တော်တော့ချည်းနဲ့ ငါ့နင့်အတွက် ဘာလဲ။ အိပ်ရုံပဲမလား။ ဒါဆို နင် ဖာသယ်တွေနဲ့ပဲနေလေ။ငါတော့မနေနိုင်ဘူး။ အပြောအဆိုလည်းခံရသေး။ မောင်းချလည်းခံရသေး။ နင့် ေ-ာက်ကျင့်မျိုးနဲ့တစ်သက်လုံး ဒီအတိုင်းသွားမှာပဲ“

ကျွန်တော်တို့ဘာပြောရမှန်းမသိတော့ဘူး။ညှိနှိုင်းပေးမယ်ဆိုမှ စကားများနေကြပြီ။ မိမိမြတ်ရယ် ခိုင်ခိုင်ရယ်က ကျွန်တော့်ကိုမျက်ရိပ်ပြတယ်။စည်သူသွားခေါ်လာလို့အောင်ရဲ ဒီကိုရောက်လာတယ်။ ခုတော့ ရှူးရှူးရှားရှားနဲ့။

“မြ မပြောတော့နဲ့ အောင်ရဲသူငယ်ချင်း ငါပြောမယ်။ ခုမင်းတို့ဘာတွေစဉ်းစားထားကြလဲ။ တစ်ယောက်နဲ့တစ်ယောက်ပြတ်နိုင်တာလဲမဟုတ်ဘူး။မင်းတို့ ဘယ်လောက် ချစ်ခဲ့ကြသလဲ State ကျောင်းတစ်ခုလုံး သိတယ်။ ခုလိုတွေဖြစ်လာတော့ပတ်ဝန်းကျင်ကို ဘယ်လိုမျက်နာပြမလဲ။ ခု ကလေးလည်းရနေပြီ။ အောင်ရဲရော မြရော ငါတစ်ခုမေးမယ်။အမှန်အတိုင်းဖြေ။ ခုဖြစ်တာဘာမှမဟုတ်ဘူး။ ငါမေးတာကိုပဲဖြေ။ အောင်ရဲ မင်း မြကို ပြတ်နိုင်လား၊“

အောင်ရဲ ဘာမှပြန်မဖြေဘူး။

“မြကရောပြတ်နိုင်တာ သေချာလား“

မြက လည်းဘာမှမဖြေဘူး။

“ကဲ အောင်ရဲ မင်းပဲဖြေ မင်းမြကိုပြတ်နိုင်လား“

အောင်ရဲက ခေါင်းကြီးငုံကြီးတစ်ခွန်းတည်းပြန်ဖြေတယ်။

“ငါ ချစ်လို့ယူထားတာပါကွာ“

ကျွန်တော်တို့အသံတွေကတစ်ထပ်တည်းထွက်လာတယ်။

“အေး…………..အဲဒါပဲ“

“ဟုတ်ပ….မသာ နင့်အဲဒါတော့သိသားပဲ“မိမိမြတ်က ဝင်ဆဲပြီးပြောတယ်။

“ကြားတယ်မလားမြ“

###################

 

စည်သူ။              ။ တစ်ယောက်နဲ့ တစ်ယောက် လျော့သင့်တာလျော့ပေါ့။တစ်ယောက်တင်းနေရင် တစ်ယောက်ကဖြေတွေးပေါ့။ ခုနင်တို့ကလေးလေး အဖော်မဲ့နေပြီ။ ကလေးကငါလာရင်ငါ့လက်ကလေးဆွဲပြီး မပြန်သေးပါနဲ့ ဦးဦးလို့ပြောနေပြီ။ ဒီလောက်ချစ်စရာကောင်းတဲ့ သမီးကိုမင်းမို့ဂရုမစိုက်တယ်။ မိသားစုကို အချိန်ပေးဖို့လိုတယ် အောင်ရဲ။

မိမိမြတ်။             ။ငါတို့မိန်းကလေးတွေက ပူတတ်ပင်တတ်တဲ့အမျိုးဟဲ့။ငါလည်း ငါယောကျာ်းကိုဆွေကို ဖုန်းခဏခဏဆက်တာပဲ။ ဘယ်ရောက်နေလဲဘာညာ။ အဲလိုမေးတာမကြိုက်မှန်းသိသိကြီးနဲ့ကိုမေးတာ။ နောက်တော့ ဖုန်းဆက်ရင် ပိတ်ပစ်လိုက်ရော။ ငါနားလည်လာတယ်။ ဘာလဲဆိုတော့တစ်ဦးနဲ့တစ်ဦး ယုံကြည်ဖို့ပဲလိုတာ။

ခိုင်ခိုင်။               ။ ငါဆို မျက်ရည်နဲ့မျက်ခွက်ပေါ့ မြရယ်အိမ်ပေါ်က ခဏခဏမောင်းချခံခဲ့ရတယ်။ ငိုပြီး ငါ့ အမေအိမ်ပေါ်ကို တက်တိုင်း အမေက ငါ့ကိုပြောတယ်နောက်တစ်ခါအိမ်ပေါ်ကဆင်းရင် ပြတ်သားနိုင်မှ လာခဲ့တယ်။ ငါ့မှ ကြည့်ရမယ့် မျက်နာတွေရှိတယ်လေ။နောက်ပိုင်း သူဘယ်လောက်မောင်းချချ။ ဒါ ငါသားအိမ်ဆိုပြီး တင်းနေလိုက်တာ။ ယောကျာ်းတွေရဲ့အိမ်မှာလိုက်နေရတာကို ကျွန်လိုမျိုးသဘောမထားပဲ။ ငါကအိမ်ကြီး သခင်ဆိုတဲ့ပုံစံမျိုး စိတ်သွင်းလိုက်တယ်မြ။

ကျွန်တော်။          ။ ခု မြ နင့်ကလေး ကိုသွားခေါ်။ ပြီးတော့အိမ်ပြန်။ရေမိုးချိုးပြီး အလှပြင်ပြီး စိတ်ချမ်းသာအောင်နေလိုက် တော့။ စိတ်ထဲကို ဘာကိုမှပြူံပြီးမထည့်ထားပါနဲ့။ငါနဲ့စည်သူ နင်တို့လင်မယားကြောင့် အိမ်ထောင်ပြုချင်စိတ်မရှိတော့ရင် နင်တို့အပြစ်နော်။

အဲဒီအခါမှာ မိန်းမသားသုံးယောက်လုံးကတစ်ပြိုင်တည်းပြောပါတယ်။

“မသာ“တဲ့။

###################

 

ည။

အောင်ရဲဖုန်းဆက်လာလို့ နာမည်ကြီးဆိုင်တစ်ဆိုင်မှာထမင်းကျွေးမယ်ဆိုတာကိုသိတယ်။ ဆိုင်ရောက်တော့ မိမိမြတ်ရယ် ခိုင်ခိုင်ရယ်၊ စည်သူရယ်က ရောက်နှင့်နေကြပြီ။

“ကျော်ကျော် “

မိမိမြတ်က ကျွန်တော့်ကိုခေါ်တယ်။

“ဟင် ဘာလဲ“

“ငါတို့တွေခုပဲပြောနေကြတာ“

“ဘာလဲဟ“

“ဒီလိုဟ ကချင်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေကြတယ်မလား၊“

“အင်းလေ ဂျာနယ်တွေ၊သတင်းတွေဖတ်နေရတာပဲ။ဘာဖြစ်လို့လဲ“

“ဘာဖြစ်ရမလဲ မအောင်မြင်သေးဘူးလေ။“

“ဒီတော့“

“ဒီတော့ နင်ရယ် ငါရယ် ခိုင်ခိုင်ရယ်စည်သူရယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဝင်စေ့စပ်ပေးရအောင်လေ။“

အောင်ရဲနဲ့မြက တိတ်တိတ်ကလေးပဲကျွန်တော်တို့ကိုကြည့်နေတယ်။ ကျွန်တော်က

“အောင်ရဲနဲ့ မြတို့က အစကတည်းကချစ်သူတွေပြီးတော့လင်မယားတွေဟ နင်ပြောတဲ့ ကချင်နဲ့အစိုးရက အစကတည်း ရန်သူတွေလေ။ နားလည်မှုမပြောနဲ့ပြုံးပြတောင် ရွဲ့တယ်ထင်နေကြတဲ့ ဟာတွေဆိုတာ နင်မမေ့နဲ့။“

###################

 

သော်ဇင်(လွိုင်ကာ်)

Date-3rd-Dec-2013

Time-02:52PM

 

11 comments

  • KZ

    December 4, 2013 at 10:21 am

    ချစ်ရင် အကျိုး
    မုန်းရင် အပြစ်တွေချည်းပဲပေါ့နော။

    :hint:

  • ဦးကြောင်ကြီး

    December 4, 2013 at 10:40 am

    အောင်ရဲ
    ပေါင်ဖြဲ
    ချောင်ထဲ
    စောင်ဆွဲ
    ညှောင်သဲ
    မှောင်ပဲ
    တောင်ဟဲ
    ဗျောင်ကဲ..။

  • Thein Zaw

    December 4, 2013 at 1:08 pm

    ဦးကြောင်ကြီး ရေ
    အောင်ရဲ က
    ပေါင်ဖြဲ လို့
    ချောင်ထဲ မှာ
    စောင်ဆွဲ တယ်တဲ့
    နောက်ပိုင်းမှာလဲ
    မှောင် . တောင် . ဗျောင် တဲ့
    အတွေးထဲ ကွက် ကွက်ကြီးမြင်နေတယ် ခွိ ခွိ ။။

  • padonmar

    December 5, 2013 at 12:19 am

    ခုတလော ရန်ကုန်မှာ ကချင်မလေးတွေ ကချင်မကြီးတွေ အများကြီးတွေ့မိတယ်။သူတို့ကြည့်ရတာ မြစ်ကြီးနားလို မြို့ပေါ်က ကချင်တွေ မဟုတ်လောက်ဘူး။နေလောင်နေကြရှာတယ်။
    စိတ်ထင် စစ်ဖြစ်နေတဲ့နေရာကနေ အမျိုးတွေရှိရာ ပြေးလာကြတာလားလို့ ထင်မိပြီး သနားနေမိတယ်။
    ရွဲ့ပြရင်လည်း ပြုံးတယ်ထင်တဲ့ အခြေအနေဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။

  • hmee

    December 5, 2013 at 10:13 am

    ကိုသော်ဇင် စာရေးတာက မင်းလူရဲ့ အရေးအသားနဲ့ တူတယ်။ အဲ့လို ရေးတတ်ချင်တာ။

  • alinsett

    December 7, 2013 at 1:50 pm

    ဇာတ်သိမ်းပုံလေးကို
    တအားသဘောကျမိပြီ

  • kai

    December 8, 2013 at 6:09 pm

    တပုဒ်လုံးအကြောင်းကို.. နောက်ဆုံးမှ.. ကချင်-အစိုးရအကြောင်းလေးနဲ့ဆုံးပေးလိုက်တာ… တော်တော်
    “ဟတ်”ထိသွားကြပုံပေါ်ပါတယ်..
    အနုပညာ… တဲ့..။ :kwi:

  • အင်းနော်.. အိမ်ထောင်တစ်ခု ပြုမိရင် မြဲအောင်လုပ်ဖို့က နားလည်မှုရှိမှရမှာ..
    မလွယ်..မလွယ်.. 🙂

Leave a Reply