အွန်လိုင်းမှ ပြောနိုင်သော Skype က ဝန်ဆောင်ခ ထပ်မံလျှော့ချ

klnAugust 6, 20101min410

နိုင်ငံတကာ၌ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သည့် အွန်လိုင်းမှ အပြန်အလှန် ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သော Skype က ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး ၎င်း၏ ဖုန်းခေါ်ဆိုခနှုန်းထားများကို ဒုတိယအကြိမ်အဖြစ် ထပ်မံလျှော့ချလိုက်ပြီဖြစ်ကြောင်း အဆိုပါဖုန်းခေါ်ဆိုမှုအား ဝန်ဆောင်မှုပေးနေသော ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ သတင်းရရှိသည်။ လူဇင်ဘတ်နိုင်ငံ အခြေစိုက် Skype ကုမ္ပဏီမှ ယခုကဲ့သို့ ၎င်း၏ဖုန်းခေါ်ဆိုခနှုန်းထားများကို လျှော့ချပေးရခြင်းမှာ ပြည်တွင်း၌ Skype သုံးစွဲမှု တွင်ကျယ်လာစေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အင်တာနက်သုံးစွဲမှု ရရှိနိုင်သောနေရာတိုင်းသို့ ခေါ်ဆိုမှုပြုလုပ်နိုင်စေရန်အတွက်ဟု သိရသည်။ Skype မှတစ်ဆင့် နိုင်ငံတကာသို့ ခေါ်ဆိုသည့်ဈေးနှုန်း သတ်မှတ်ချက်များမှာ စင်ကာပူ၊ ဟောင်ကောင်၊ အမေရိက၊ ကနေဒါ အစရှိသည့် နိုင်ငံများသို့ ခုနှစ်ထောင့်ငါးရာကျပ်၊ ကျပ်တစ်သောင်းခွဲ၊ မလေးရှား၊ ကိုရီးယား၊ ရုရှားနှင့် ထိုင်းအစရှိသည့် နိုင်ငံများမှာမူ မိနစ်လေးရာစာအတွက် ကျပ်တစ်သောင်းနှစ်ထောင်မှ တစ်သောင်းခုနှစ်ထောင် ဝန်းကျင်ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိအချိန်တွင် စင်ကာပူနိုင်ငံအပြင် အခြားနိုင်ငံအချို့သို့ပါ ခေါ်ဆိုနိုင်သော ပီဖင်းဂိုး(Pfingo) စနစ်ဝန်ဆောင်မှုများ ကျဆင်းနေကြောင်း ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသော အင်တာနက်ကဖေးဆိုင်အချို့မှ စုံစမ်းသိရှိရသည်။ ပီဖင်းဂိုး ဝန်ဆောင်မှုများ ကျဆင်းနေရခြင်းအကြောင်းမှာ ယခုလပိုင်းအတွင်း အင်တာနက်မြန်နှုန်းများ ယခင်ကထက် အနည်းငယ်နှေးကွေးနေခြင်းကြောင့်ဟု သိရသည်။ သို့သော် Skype သုံးစွဲမှုသည် ပြည်တွင်းတွင် ပီဖင်းဂိုးသုံးစွဲမှုလောက် တွင်ကျယ်မှုမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အွန်လိုင်းမှတစ်ဆင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုသည့် ဝန်ဆောင်မှုတွင် Skype သည် နိုင်ငံတကာ၌ သုံးစွဲမှု အတွင်ကျယ်ဆုံး ဖြစ်နေကြောင်း သိရသည်။