အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ( December 10, 1948)

kaiDecember 10, 20132min2739
In 1950, on the second anniversary of the adoption of the Universal Declaration of Human Rights, students at the UN International Nursery School in New York viewed a poster of the historic document. After adopting it on December 10, 1948, the UN General Assembly had called upon all Member States to publicize the text of the Declaration and “to cause it to be disseminated, displayed, read and expounded principally in schools and other educational institutions, without distinction based on the political status of countries or territories.” (UN Photo)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

 

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ ညီလာခံအစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏ စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇဝင်တွင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံ အစည်းအဝေးကြီးက ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စားသားကို အများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင် နိုင်ငံများ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင်ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းေဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့်လည်းကောင်း ဆင့်ဆိုလိုက်သည်။

 

လူခပ်သိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်၎င်း၊

 

လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်စီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်၎င်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကျော်ေကြေညာပြီး ဖြစ်သောကြောင့်၎င်း၊

 

လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန်၊ လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင့်၎င်း၊

 

နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့်၎င်း၊

 

ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မူလအခွင့်အရေးများကိုလည်းကောင်း၊ လူ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှုကြီးပွားတိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘဝအဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့်၎င်း၊

 

ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးများကို၎င်း၊ အခြေခံ လွတ်လပ်ခွင့် အခွင့်အရေးများကို၎င်း၊ ကမာ္ဘတဝှမ်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီး ဖြစ်သောကြောင့်၎င်း၊

 

ထို့ကြောင့်

 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမာ္ဘတဝှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟ၎င်း၊ ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။

 

အပိုဒ် ၁

 

လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဉာဏ်နှင့် ကျင့်ဝတ် သိတတ်သောစိတ်တို့ ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

 

အပိုဒ် ၂

 

လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။

ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍သော်၎င်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက်ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသော အကြောင်းကို အထောက်အထားပြု၍သော်၎င်း ခွဲခြားခြင်း လုံးဝမရှိစေရ။

 

အပိုဒ် ၃

 

လူတိုင်း အသက်ရှင်ရန် လွတ်လပ်မှုနှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

 

အပိုဒ် ၄

 

မည်သူ့ကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူကို ကျေးကျွန်သဖွယ် အဓမ္မစေခိုင်းခြင်း၊ အရောင်းအဝယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။

 

အပိုဒ် ၅

 

မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။

 

အပိုဒ် ၆

 

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။

 

အပိုဒ် ရ

 

လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ၎င်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ၎င်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။

 

အပိုဒ် ၈

 

ဖွဲ့စည်းပုံ အခြေခံဥပဒေကသော်၎င်း၊ အခြား ဥပဒေကသော်၎င်း၊ လူတိုင်းအတွက်ပေးထားသည့် အခြေခံ အခွင့်အရေးများသည် ချိုးဖောက်ဖျက်စီးခြင်း ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်စီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။

 

အပိုဒ် ၉

 

မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

 

အပိုဒ် ၁ဝ

 

အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ပြစ်မှုကြောင့် တရားစွဲဆို စီရင် ဆုံးဖြတ်ခံရာတွင်၎င်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

 

အပိုဒ် ၁၁

 

( ၁ ) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့်ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီးဖြစ်စေရမည်။

 

( ၂ ) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ စွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

 

အပုဒ် ၁၂

 

မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကိုသော်၎င်း၊ မိမိ၏ မိသားစုကိုသော်၎င်း၊ မိမိ၏ နေအိမ်အသိုက်အဝန်းကိုသော်၎င်း၊ စာပေးစာယူကိုသော်၎င်း၊ ဥပဒေအရ မဟုတ်သော ဝင်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းမှသော်၎င်း ပုတ်ခတ်ခြင်းမှသော်၎င်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

 

အပိုဒ် ၁၃

 

( ၁ ) လူတိုင်းတွင် မိမိနိုင်ငံ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။

 

( ၂ ) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ၎င်း၊ အခြားတိုင်းပြည်မှ၎င်း ထွက်ခွာသွားလာပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။

 

အပိုဒ် ၁၄

 

( ၁ ) လူတိုင်းသည် ညှဉ်းပန်းနှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့်ရှိသည်။

 

( ၂ ) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်၎င်းး၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားများကို ဖီဆန်သောအမှုများမှသော်၎င်း၊ အမှန်ပေါ်ပေါက်လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။

 

အပိုဒ် ၁၅

 

( ၁ ) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။

 

( ၂ ) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးများကိုလည်း ငြင်းပယ်ခြင်း မခံစေရ။

 

အပိုဒ် ၁၆

 

( ၁ ) အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်၎င်း၊ နိုင်ငံသားအဖြစ်ကိုသော်၎င်း၊ ကိုးကွယ်သည့်ဘာသာကိုသော်၎င်း၊ အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ၊ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်၎င်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌၎င်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။

 

( ၂ ) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။

 

( ၃ ) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

 

အပိုဒ် ၁ရ

 

( ၁ ) လူတိုင်းတွင် မိမိတစ်ဦးချင်းသော်၎င်း၊ အခြားသူများနှင့် ဖက်စပ်၍သော်၎င်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိရမည်။

 

( ၂ ) ဥပဒေအရမဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။

 

အပိုဒ် ၁၈

 

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်၎င်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲသော်၎င်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

 

အပိုဒ် ၁၉

 

လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်၊ လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်းပါဝင်သည်။

 

အပိုဒ် ၂ဝ

 

( ၁ ) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။

 

( ၂ ) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။

 

အပိုဒ် ၂၁

 

( ၁ ) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

 

( ၂ ) လုတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေးရှိသည်။

 

( ၃ ) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလ ပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်း အညီအမျှ ဆန္ဒမဲပေးနိုင်ခွင့် ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။

 

အပိုဒ် ၂၂

 

လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့် ရယူပိုင်ခွင့် ရှိသည့်အပြင် နိုင်ငံရေး ကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့်၎င်း၊ သယံဇာတ အင်အားနှင့်၎င်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွပ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ် လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

 

အပိုဒ် ၂၃

 

( ၁ ) လူတိုင်းတွင် အလုပ်လုပ်ရန်၎င်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန်၎င်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန်၎င်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်၎င်း အခွင့်အရေးရှိသည်။

 

( ၂ ) လူတိုင်းတွင် ခွဲခြားခြင်း မခံရစေဘဲ၊ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေ ရနိုင်ခွင့်ရှိသည်။

 

( ၃ ) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။

 

( ၄ ) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

 

အပိုဒ် ၂၄

 

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင်၊ လစာနှင့်တကွ အခါအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

 

အပိုဒ် ၂၅

 

( ၁ ) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစာအာဟာရ၊ အဝတ်အထည်၊ နေအိမ်၊ ဆေးဝါးအကူအညီနှင့် လိုအပ်သည့် လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့အပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌သော်၎င်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမ ဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ် အိုမင်းသောအခါ၌သော်၎င်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ဝမ်းစာရှာမှီးနိုင်သောနည်းလမ်း မရှိသောအခါ၌သော်၎င်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

 

( ၂ ) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

 

အပိုဒ် ၂၆

 

( ၁ ) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာ ဖြစ်ရမည်။ နည်းပညာနှင့် အသက်မွေးမှုပညာများကို ယျေဘူယျအားဖြင့် သင်ကြားရယူစေနိုင်ရမည်။ ထို့အပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။

 

( ၂ ) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝ တိုးတက်မှုအပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်၎င်း၊ လူမျိုးစုများတွင်၎င်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်၎င်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။

 

( ၃ ) မိဘတို့တွင်၊ မိမိတို့၏ကလေးများ သင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေး ရှိသည်။

 

အပိုဒ် ၂၇

 

( ၁ ) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ်များကို လွတ်လပ်စွာ လိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာ ထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။

( ၂ ) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှ ဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေးရှိသည်။

 

အပိုဒ် ၂၈

 

လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှုဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

 

အပိုဒ် ၂၉

 

( ၁ ) မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။

 

( ၂ ) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင်လည်း လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာ၎င်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက်၊ တရားမျှတစွာ ကျင့်ဆောင်ရန်အလို့ငှာ၎င်း၊ ဥပဒေကပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။

 

( ၃ ) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

 

အပိုဒ် ၃၀

 

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကို ရည်ရွယ်၍၊ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု အဓိပ္ပါယ် ပိုင်းခြား ကောက်ယူခြင်း မရှိစေရ။

9 comments

  • alinsett

    December 10, 2013 at 3:50 pm

    အပျီပျီဆိုင်ရာ ဆိုဘေမယ့်. . .
    အဲဒီထဲက လူတိုင်းဆိုတာ. . .
    သားသားတို့ရော. . ပါလို့လားးးးဟင်

    :kwi:

  • KZ

    December 10, 2013 at 3:56 pm

    အတည်ပြောရရင်တော့ ကျေးဇူးပါ။

    အဲ!
    ဒါပေမဲ့ လူလူချင်း ကောင်းကောင်းမွန်မွန် ဆက်ဆံမခံရတဲ့ နိုင်ငံတွေမှာ ဒါတွေက နားမလည်နိုင်စရာ၊ သံသယပွါးစရာ ငြင်းဆိုစရာဖြစ်နေလိမ့်မယ် ထင်တယ်။

  • Paing Lay

    December 10, 2013 at 4:22 pm

    လူကို လူလူချင်းသတ်တာ ဘယ်ဘာသာမှ အားမပေးပါကွယ် လင်းလင်း(The Jungle) ရဲ့ သီချင်းပါ 🙂

  • kai

    December 10, 2013 at 5:07 pm

    လူလူချင်း… စကားတတ်တာနဲ့.. .ဘုရားထူးကြရတဲ့.. ရိုးရာဓလေ့.. ယဉ်ကျေးမှုထဲမှာ.. အုပ်မြစ်စွဲနေတာကို.. ဖြိုမချနိုင်သမျှ.. ရွှေပြည်တော်..မျှော်လေတိုင်း… ဝေးနေဦးမယ်ထင်မိတယ်..။

    အတည်ပြောတာပါ…။ :mrgreen:
    =

    Article 1.
    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    =

    All men are created equal – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/All_men_are_created_equal‎
    The quotation “All men are created equal” has been called an “immortal declaration”, and “perhaps [the] single phrase” and popularized as “theory of prediction” …

    =
    အဲဒီအပေါ်က စာ၂ခုထဲက..
    “All human beings are born free and equal in dignity and rights”
    “All men are created equal”

    အဲဒါက.. လူသားဘဝမှာ..အရေးအကြီးတကာ့..အကြီးဆုံးလို့ထင်မိတယ်..။
    အဲဒီကနေ..
    သမ္မတလည်း.. ငါလိုလူပဲလေဆိုတဲ့စိတ်က.. ကိုယ့်ကိုယ်ကိုယ်..ကြီးမြတ်တဲ့စိတ်ဖြစ်စေတယ်..။
    ပြောရဲဆိုရဲ.. ပြန်လှန်ငြင်းရဲ… အယူအဆတင်ပြရဲ.. အဲဒီကနေ.. စွန့်ဦးလုပ်ရဲတာတွေဖြစ်စေတယ်..။
    သမ္မတကိုယ်တိုင်ကလည်း.. ဒီလူကသူတောင်းစားမို့.. ဆင်းရဲသားမို့.. ဖိနပ်ချုပ်သမားမို့စိတ်မဖြစ်ပဲ.. တန်းတူစိတ်ဖြစ်စေတယ်..။

    ဒီလိုစိတ်ကို.. လူသားတိုင်းက.. အခုပြင်ယူလုပ်..အခုရပါတယ်..။ ဘယ်သူ့အကူအညီမှမလိုပါဘူး..။
    အထူးသဖြင့်.. မြန်မာတွေပေါ့…

    • San Hla Gyi

      December 11, 2013 at 8:43 pm

      ဟီး ပြောရတာလည်း တကယ်ပဲ အားနာလှပါပြီဗျာ။ ဒါပေမယ့် မနေနိုင်လို့ ပြောပါရစေ။ ရွာသူရွာသားတို့ရေ
      သဂျီးက ခု ဒီကွန်မန့်ထဲမှာ အားလုံးမြင်တဲ့အတိုင်း ဒီလို ပြောပါတယ် “လူလူချင်း စကားတတ်တာနဲ့ ဘုရားထူးကြရတဲ့ ရိုးရာဓလေ့ ယာဉ်ကျေးမှုထဲမှာ အုပ်မြစ်စွဲနေတာကို ဖြိုမချနိုင်သမျှ ရွှေပြည်တော် မျှော်လေတိုင်း ဝေးနေဦးမယ် ထင်မိတယ်။”
      ဒါကတော့ သဂျီးကိုယ်တိုင် အရှင်ဘုရားတွေရော တပည့်တော်တွေရော စုံနေအောင် ဘုရားထူးသွားတဲ့ ပို့စ်ပါ။ ဘယ်ပို့စ်လဲ သိချင်ပါသလား။ ရှင်အရိယာဆိုသူ ရေးတဲ့ မိုးပြာဆိုသည်မှာ ဒီလိုပါ ဆိုတဲ့ ပို့စ်ပါ။ သူက ရှင်အရိယာကို ဒီလို ပြောပါတယ် “ခေါင်းစဉ်တူ ၂ခုဖြစ်နေလို့ “တပည့်တော်” တခုကို ကော်မန့် ပိတ်ထားလိုက်ပါတယ်။ အခု “အရှင်ဘုရား” ပြောတော့မှ သေချာကြည့်တော့ နိဒါန်းစာ လိုနေတာ တွေ့မိတယ်။” myanmargazette.net/69870 မှာကြည့်ရှုနိုင်ပါတယ်။ အဲဒီမှာ သဂျီးကိုယ်တိုင် မိုးပြာဆရာတော်ကို ဘုရားထူးထားပါတယ်။ ဒါတောင် လူကိုယ်တိုင် မြင်ရသေးတာ မဟုတ်ပဲ စာထဲကနေ သူ့ခမျာ ဘုရားထူးရတာ ဖြစ်ပါတယ်။
      အဲဒါ ဘာရယ်မဟုတ် သမိုင်းကျန်အောင် ကူးတင်ပေးတာ ဖြစ်ပါကြောင်း။

  • အစွန်းရောက်တွေကို ပြင်းပြင်းထန်ထန်သတိပေးရင် ကမာ္ဘငြိမ်းချမ်းသာယာလိမ့်မယ်ထင်
    🙁

  • ဦးကြောင်ကြီး

    December 11, 2013 at 9:43 am

    ကြေးမုံဂျီးအမျိုး ကူမြူ နစ် တရုတ်ပြည်မှာ ဒါမျိုး ကြားဖူးမည် မထင်..။ ဟေ့ လုပ်စမ်ပါအုံးကွ တရုတ်ကြီးကောင်းဂျောင်း….

  • ကြောင်ဝတုတ်

    December 12, 2013 at 11:12 am

    ဒီလိုဗျာ…
    လူ့အခွင့်အရေးကြေငြာစာတမ်းကို အခန့်အထည်စာမျိုးမဟုတ်ဘဲနဲ့…
    မူရင်းအရသာလဲမပျက်… လူတိုင်း၊ အရွယ်သုံးပါးလုံး စိတ်ဝင်စားပြီး အလွယ်တကူမှတ်မိနိုင်…
    ရင်ထဲစွဲနိုင်မယ့်ပုံစံနဲ့ စာအုပ်တစ်အုပ်လောက်လုပ်ချင်စမ်းပါရဲ့…
    ပိုပြီး စိတ်ကူးယဉ်ရရင် အဲဒီစာအုပ်ကို အပိုင်းလိုက်ခွဲ… အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာအဆင့်အထိ
    သင်ရိုးညွှန်းတမ်းမှာထည့်သင်ရင်း…
    နောက်လာမယ့် မျိုးဆက်သစ်ကို ဒီလိုနည်းနဲ့လက်ဆင့်ကမ်းအမွေပေးသင့်တယ်လို့ ထင်ပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မောင်မိုဘိုင်(သလ္လာဝတီ)

    December 13, 2013 at 1:39 am

    ကြောင်ဝတုတ်ရဲ့ အဆိုပြုချက်လေးကို သဘောကျလှပါတယ်…
    ဒီပေ့ချ်လေးကို ကူးယူသိမ်းဆည်းထားလိုက်ပါတယ်…..

Leave a Reply