`သင်ယူမူအပေါ် အမြင်´

လူ့ဘဝဟူသည် သင်ယူမှုမဆုံးသည့် နယ်ပယ်ကြီးတစ်ခု ဖြစ်၏။ ကျွန်ုပ်တို့သည် ငယ်ငယ်ကတည်းကပင် သင်ယူမှုနှင့် စတင်သည်။ ဘယ်အချိန်မှ ဆုံးသနည်းဟု မေးပါက သေမှဆုံးမည်ဟု အသေအချာ ဖြေချင်ပါသည်။

ဟုတ်သည်။ ဘဝသည် အရွယ်သုံးပါးလုံး အကျုံးဝင်၍ သင်ယူရင်း၊ ပြန်လည် အသုံးချရင်းနှင့်ပင် အဆုံးသတ်ရသည် မဟုတ်ပါလား။

ထပ်ရှင်းရသော် ကျွန်ုပ်တို့သည် ငယ်ငယ်ကလည်း ငယ်ငယ်အလျှောက် စိန်ခေါ်မှုများကြားမှ ရပ်တည်နိုင်အောင် သင်ယူရင်း ကြီးပြင်းလာရသည်။ အရင်ဆုံးမိတ်ဆက်ရလျှင် ကလေးဘဝအရွယ်၌ မတ်မတ်ရပ်နိုင်ဖို့၊ ထို့မှတစ်ဆင့် လမ်းလျှောက်တတ်ဖို့ သင်ယူရသည်။ ပြီးနောက် သင်ပြီးသမျှကိုလည်း အလကားမထားရ၊ ပြန်လည်အသုံးချခြင်းဖြင့် အကျိုးရှိစေသည်။ ထို့ကြောင့် ကလေးဘဝ၌ တတ်သင့်သည်မှန်သမျှ သင်ယူရင်း၊ ပြန်လည်အသုံးချရင်းနှင့်ပင် လူငယ်လူရွယ်ဘဝသို့ ရောက်ရှိလာရသည်။

ထိုလူငယ်ဘဝတွင်လည်း အလကားနေရမည် မထင်ပါနှင့်။ မှားမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် စားဝတ်နေရေးအတွက် ပြန်လည်အသုံးချရန် ရည်ရွယ်၍ နှုတ်မှုလက်မှု ပညာတစ်ခုခု လူပီသစွာ သင်ရပြန်၏။ ထိုအရာ၌ အရေးကြီးဆုံးမှာ တစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်အောင် ရွေးချယ်သင်ယူခြင်း ဖြစ်သည်။ ဟိုစပ်စပ်၊ ဒီစပ်စပ် တတ်အောင် မသင်သည့်သူနှင့် တစ်ခုတည်းကိုပင် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူသူတို့သည် များစွာ ခြားနားပေသည်။

ထိုသူတို့ကို နှိုင်းယှဉ်သော် ဟိုစပ်စပ်၊ ဒီစပ်စပ်သမားများက ဟိုဟာတတ်သလို၊ ဒီလိုသိသလိုဖြစ်ကာ ဘယ်အရာမှ တတ်မြောက်လိမ့်မည်မဟုတ်။ ထိုအရာ၏ အကျိုးဆက်က အလုပ်နှင့် ဝေးမည်။ ရည်မှန်းချက်နှင့် လွဲမည်။ လောက၌ မိမိကိုယ်တိုင်လည်း ရပ်တည်ဖို့ ခဲယဉ်းမည်မှာ သေချာပါသည်။

နောက်တစ်ယောက်မှာမူ တစ်ခုတည်းကိုပင် သင်ကြားထားသော်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည့်အတွက် ယင်းနယ်ပယ်၌ လက်တွေ့အသုံးချနိုင်ပြီး အကျိုးများ၏။ ထိုအတွက် အလုပ်အကိုင် အခွင့်အလမ်းလည်း ပွင့်မည်။ ရည်မှန်းချက်လည်း ရောက်အောင်လျှောက်နိုင်မည်။ မိမိ၏ ရပ်တည်မှုလည်း စိတ်ချရုံသာမက မိသားစုကိုလည်း ထောက်ပံ့နိုင်ပေမည်။ ဟိုစပ်စပ်၊ ဒီစပ်စပ်သမားများနှင့်မူ ဆန့်ကျင်ဘက် ရလဒ်ပင်။

ထို့ကြောင့် သင်ယူမှုသည် ရေဆန်ကို ရွက်တိုက်ခြင်းနှင့် တူပြီး ရှေ့မတိုးလျှင် နောက်ပြန်ရောက်သွားလိမ့်မည်ဟု တရုတ်စကားပုံ ထားရှိခြင်းပင်။

ထိုစကားပုံအရ သင်ယူမှုသည် အရေးပါပြီး တစ်ဝက်တစ်ပြက်သာ သင်ယူမှုနှင့် ရပ်တန့်နေမည်ဆိုပါက မိမိ၏ အရည်အချင်း ဆုတ်ယုတ်သွားမည်ဟု ဆိုလိုသည်။ ထိုထက် အကျယ်ချဲ့တွေးရသော် သင်ယူမှုကို ပြန်လည်အသုံးချရာ၌ တီတွင်မှုပါ တိုးချဲ့သွားဖို့လိုကြောင်း တိုက်တွန်းထားပုံပင်။ သို့မဟုတ်ပါက အဆိုးနှင့် အဆုံးကို ကျသွားနိုင်သည်ဟု သတိပေးထားသည်။

သင်ယူမှုသည် ပထမအရွယ်၊ ဒုတိယအရွယ်သာမက တတိယအရွယ်၌လည်း အရေးပါသေး၏။ ထိုတတိယအရွယ်၌ သင်ယူမူသည် ပို၍ အရေးပါသည်ဟု ဆိုရလျှင် လွန်မည်မထင်။

အဘယ်ကြောင့်ဆိုသော် တတိယအရွယ်သည် အို၊ နာ၊ သေဘေးနှင့် ပို၍ နီးကပ်လာသည့် အချိန်မဟုတ်ပါလား။ ထိုအချိန်တွင် အဓိက အရေးကြီးဆုံးမှာ အသေတတ်ဖို့ သင်ရခြင်းပင်။ ထိုအသေတတ်ဖို့ဆိုသည်မှာ နည်းလမ်းကျကျ တရားရှူမှတ်ခြင်းနှင့် မေတ္တာဘာဝနာပွားများခြင်း စသည့် အသေတတ်ဖို့ လုပ်ငန်းစဉ်များအား စာတွေအားဖြင့်လည်းကောင်း၊ လက်တွေ့အားဖြင့်လည်းကောင်း သင်ယူရခြင်းဖြစ်၏။ ထိုအရာတွေ သိအောင်၊ တတ်အောင် သင်ထားမှ အိုနာသေဘေးနှီပ်စက်သော်လည်း မတုန်မလှုပ် ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပေမည်။ ထိုထက်ပိုလျှင်ကား သေလွန်သောအခါ သုဂတိဘုံလားရုံသာမက၊ နိဗ္ဗာန်အထောက်အပံ့လည်း ကောင်းစွာရရှိနိုင်ပေသည်။

ထို့ကြောင့် ဘယ်အရွယ်ဖြစ်ဖြစ် သင်ယူမှုမပြတ် ရှိနေဖို့က အရေးကြီးပေသည်။ ထိုထက် တတ်အောင် သင်ယူဖို့က ပို၍ အရေးကြီး၏။ ထိုထက်ပို၍ သင်ထားသမျှ ပြန်လည်သုံးသပ်ပြီး တိုးတက်အောင် ကြံဆောင်အသုံးချခြင်းသည် ပို၍ပို၍ပင် အရေးကြီးပါသည်။

သို့ဖြစ်၍ လူတိုင်း၏ ဘဝတွင် သင်ယူမှုသည် ပိုင်ရှင်သွားရာနောက် တကောက်ကောက်လိုက်ပါတတ်သော ရတနာပစ္စည်းဖြစ်၏။ ထို့ကြောင့် သင်ယူမူသည် လူတိုင်းအတွက် အဖိုးထိုက်တန်သော အရာတစ်ခုဟုသာ ဆိုချင်ပါတော့သည်။ ။

စေပိုင်ထွဋ်(ပုသိမ်)

2 comments

  • kai

    December 13, 2013 at 8:57 am

    တချို့ကျတော့လည်း.. မွေးကတည်းက.. ရွှေဘုံပေါ်စံ… ရွှေကြဌာန်းနဲ့မွေးတယ်..
    ဘာမှမလို..
    တချို့ကျတော့.. မွေးကတည်းက.. အမေဇုံတောနက်က… တိုင်းရင်းသားမျိုးနွယ်စုမှာလေ…
    ငါးတကောင်ဖမ်းဖို့.. တမင်တကောင်အမဲလိုက်ဖို့.. တော်တော်ကြီးမှသင်ရသဗျ..
    ဒါတောင်ယောက်ျားဖြစ်မှ… မိန်းကလေးဆို.. ၁၃နှစ်ဆို..ဘာမှသင်စရာမလို.. ဗိုက်ကြီးနေပြီဆိုသတဲ့..
    တချို့ကျတော့လည်း.. မွေးကတည်းက.. ကင်ဆာနဲ့..
    သေတတ်ဖို့မလို.. တကယ် သေမှာကြီး..

    နောက်ပြီးတကယ်ပြောတာနော… :kwi:

  • alinsett

    December 13, 2013 at 8:57 am

    ပိုစ့်ကောင်းလေး တင်ပြပေးလို ့ကျေးဇူးတင်ပါတယ်

    ဒါနဲ့ ကိုစေပိုင် ဆီက စာပဆေိုင်ရာ ဆောင်းပါးတွေ စောင့်မျှော်နေပါတယ်
    ကဗျာတွေရောပေါ့

Leave a Reply