ညဥ့်နက်လေ ဗိုက်ဆာလေ

ညဥ့်နက်နက်မှာ မအိပ်စက်နိုင်သူတွေဟာ များသောအားဖြင့် ဗိုက်ဆာလာတတ်ပါတယ်။ မယုံရင် လက်တွေ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ ကျနော်များ စနေ၊ တနင်္ဂနွေ နဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး နောက်ကျတဲ့ ဘောပွဲတွေကို စောင့်ပြီး ကြည့်ရှုကြသူတွေကို မေးကြည့်ပြီး သက်သေယူနိုင်ပါသေးတယ်။ မအိပ်စက်နိုင်သူအတွက် ညဥ့်နက်လေ ဗိုက်ဆာလေပါပဲ။

ညဥ့်နက်လေ ဗိုက်ဆာလေ ဆိုတာဟာ ပုံမှန်အမြင်နဲ့ ကြည့်မယ်ဆိုရင် လူ့ခန္ဓာကိုယ် လည်ပတ်မှု စနစ်အရ ဗိုက်ထဲက အူတွေ၊ ကလီစာတွေ၊ ပိုးမွှားတွေရဲ့ အလုပ်တစ်ခုပါပဲ။ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ သာမန်အားဖြင့် တွေ့ရမြင်ရဖန် များလာတဲ့အခါ ချစ်ခင်ခြင်း ဆိုတာ ဖြစ်လာတတ်တယ်။

ဗိုက်ဟာ ဆာလွန်းမက ဆာပြီးတဲ့အခါမျိုးမှာဆိုရင် မဆာတော့ဘဲ ဖြစ်သွားတတ်တယ်။ မယုံရင် စမ်းကြည့်ကြပါ။ ဒီလို အဆာလွန်ပြီး မဆာတော့တဲ့ အဖြစ်မျိုးဟာဆိုရင် … တွေ့ရမြင်ရဖန် များလာလို့ ချစ်ခင်ခြင်း ဆိုတဲ့အဆင့်ကို ကျော်လွန်သွားတဲ့အခါ သံယောဇဉ် ဆိုတဲ့ နှလုံးသားအား ရစ်ဖွဲ့ခြင်းတည်း ဟူသော အဆင့်ကို ရောက်သွားပုံနဲ့ ဆင်တူပါတယ်။ (မတူရင်လည်း မတူဘူးလို့ မှတ်ကြပါ။)

 

အိုက်ပြုတ်ပြုတ်ဆို မိုးရွာတော့မယ်

ဒီစကားကို ရွာမှာ ကြားဖူးလာခဲ့တာပါ။ ရာသီဥတုက ပူနေတာချည်းပဲ မဟုတ်တော့ဘူး။ အရိပ်ထဲမှာနေလည်း လူက အိုက်ပြုတ်ပြုတ်ကြီး ဖြစ်နေသလို ခံစားရတယ်။ ဒီလို အခါမျိုးဆိုရင် နောက်ရက်ပိုင်းအတွင်းမှာ မိုးရွာတော့မယ်လို့ မှတ်ချက်ပြုတတ်ကြပါတယ်။ မယုံရင် သတိထားကြည့်ကြစေလိုပါတယ်။

အတိတ်နိမိတ် ဆိုတာ ယုံကြည်လွန်းရင် မကောင်းပါဘူး။ ဒီလိုပဲ လုံးဝ မယုံဘူးဆိုပြီး တစ်ဇွတ်ထိုး ငြင်းရင်လည်း မကောင်းဘူး။ ချင့်ယုံဆိုတဲ့ သဘောပေါ့။ မြန်မာတွေမှာ ရာဇဝင်နဲ့ချီပြီး စာတွင်နေတဲ့ သဘောင် ဆိုတာမျိုး အတိတ်နိမိတ်နဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို အထင်အရှား တွေ့နိုင်ပါတယ်။ ဒါက စာတွေ့ဆိုတော့ ဝေးပါသေးတယ်။

နီးနီးကပ်ကပ် ပြောရရင် အမေနဲ့ သား၊ သမီးတွေဟာ သွေးချင်း ဆက်စပ်နေတော့ကာ ဟိုဘက် ခန္ဓာကိုယ်၊ ဒီဘက် ခန္ဓာကိုယ် ကွာခြားပေမယ့် တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်မှု ပိုပြီး လွယ်ကူစေတယ်။ မိသားစု ဆိုတာ သွေးချင်း ဆက်စပ်နေတော့ကာ အဝေးမှာ ရောက်နေသူ မိသားစုဝင်တစ်ဦးအဖို့ ကျန်မိသားစုဝင် တစ်ယောက်ယောက် တစ်စုံတစ်ခုသော အန္တရာယ် ကျရောက်နေပြီဆိုရင် အဝေးရောက် မိသားစုဝင်မှာ သွေးလေးနေတာတွေ ဘာတွေ ညာတွေ ဖြစ်တတ်ပါတယ်။ သဘောက သွေးက သိနေတဲ့ သဘောပေါ့။ အချဉ်မထည့်ဘဲနဲ့ အုန်းနို့ခေါက်ဆွဲတို့ မုန့်ဟင်းခါးတို့ စားလို့မို့ သွေးလေးလာတာကတော့ တစ်ပိုင်းပေါ့နော့။

ဆိုလိုချက်ကို သဘောပေါက်ကြလားတော့ မသိဘူး။ မပေါက်ရင်လည်း မပေါက်ဘူးလို့ပဲ မှတ်ကြပါ။ စာရေးသူ အတွေးအခေါ် ပရော်ဖက်ဆာ ငါးထပ်ကွမ်း ဒေါက်တာ ခြောက်ထပ်ကွမ်း ရရှိထားတဲ့ ထာဝရ ကမ္ဘာ့အတော်ဆုံး ဖီလိုဆိုဖာကြီးကိုတော့ မပြစ်မတင်ကြပါနဲ့။ ယင်းဖီလိုဆိုဖာကြီးမှာ ဦးဇင်းဦးမောင်ကြီး ဆီကနေ တိတ်တဆိတ် ပညာမွေ ဆက်ခံထားသူလည်း ဖြစ်သည့်အတွက်ကြောင့်မို့ အပြစ်တင်လို့ကတော့ နာဖို့သာ ပြင်ကြပေတော့။ (မှတ်ချက် ။   ။ ဤကား သတိပေးချက်မျှသာ ဖြစ်ပါ၏။)

 

သတ္တိရှိတယ်ဆိုတာ မိုက်ရူးရဲတာ မဟုတ်ဘူး

ဒီစကားကတော့ ကြားဖူးကြမှာပါ။ ကျနော့်ဘဝရဲ့ ဆရာများဆီကလည်း ဒီစကားမျိုး နာယူ မှတ်သားခဲ့ဖူးပါတယ်။ သတ္တိရှိတာနဲ့ မိုက်တာ မတူဘူး။ နက်ရှိုင်းတဲ့ ချောက်ကမ်းပါး ထိပ်ကနေ ချောက်ထဲကို ခုန်ချရဲတယ် ဆိုတဲ့ ကိစ္စကိုပဲ ကြည့်ပါ။ ဘာအတွက် ခုန်ချတာလဲ ဆိုတာကို ကြည့်ပြီး သတ္တိရှိတာနဲ့ မိုက်တာကို ခွဲခြားလို့ ရစေနိုင်ပါတယ်။

တမင်တကာ ကိုယ့်ဟာကိုယ် ဖင်ယားပြီး ခုန်ချတာကို သတ္တိရှိတယ်လို့ ဆိုလို့ မရနိုင်ဘူးဗျ။ တစ်စုံတစ်ခုသော (အများ) အကျိုးစီးပွားအတွက် အရဲစွန့် ခုန်ချပြီး ရယူပေးတယ် ဆိုခဲ့ရင်တော့ဖြင့် ဒီလူ သတ္တိရှိတယ်လို့ ပြောလို့ ရနိုင်တယ်။

ခြွင်းချက် အနေနဲ့ ထပ်ပြောရပါလျှင် မိမိ၏ ချစ်သူက တကယ်ချစ်တယ်ဆို ခုန်ပြဆိုလို့ ခုန်ချတာမျိုး ဆိုရင်တော့ “ငကြောင်ပဲ၊ သေတာတောင် နည်းသေးတယ်” လို့ မှတ်ချက်ပြုရပါလိမ့်မယ်။ (မှတ်ချက် ။   ။ မိမိအား ချစ်ခင်သူများမှာ မိမိ အကျိုးစီးပွားမဲ့ကို မည်သည့်အခါမျှ ကြံစည်လိမ့်မည် မဟုတ်ပါပေ။)

 

ပုံ/

ပရော်ဖက်ဆာ ငါးထပ်ကွမ်း

ဒေါက်တာ ခြောက်ထပ်ကွမ်း ရရှိထားတဲ့

ထာဝရ ကမ္ဘာ့အတော်ဆုံး ဖီလိုဆိုဖာကြီး အံချာဒုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။