`ခြင်ကလောင်တစ်ကောင်ရဲ့ ရင်ဖွင့်သံ´

ကျွန်တော်က စာပေလောကထဲ ဝင်လာကစ ခြင်ကလောင်လေးပါ။ ခြင်ကလောင်ဆိုတော့ သိတဲ့အတိုင်း လက်ဝါးကြီးကြီးတွေက ရိုက်သတ်ဖို့ ချောင်းနေကြတာပေါ့။ ခြင်ကလောင်တွေခမျာ ဟိုင်ရှောင်ရင်း ဒီရှောင်ရင်းနဲ့ မိရာထိရာကို အပြီခဲရတော့တာပဲ။ တကယ့်အဖြစ်ပါဗျာ။ ဘဝက ဆင်ကလောင်မှ မဟုတ်တာကိုး။

ခြင်ကလောင်ပီပီ စာပေလောကမှာ ကိုယ်လုံးငယ်ရသလို မျက်နှာလည်းငယ်ရပါတယ်။ ဟုတ်ပါတယ်။ ကြည့်ပါ။ ခြင်ဆိုမှတော့ ဆင်နဲ့နှိုင်းလိုက်ရင် မြင့်မိုရ်တောင်နဲ့ ဇီးစေ့လိုပါပဲ။ ဒါကြောင့် စာပေလောကမှာ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့အတိုင်း ခြင်ကလောင်တွေခမျာ ချောင်ထိုးခံရတော့တာပဲ။ စိတ်ပေါက်ပေါက်နဲ့ တစ်ခါတစ်ခါ တွေးမိတယ်။ သူများတွေလို ပုံးချီပေးပြီး ကလောင်ကြီးဆေးထိုးဖို့တောင် တွေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာအုပ်ထုတ်တာကို ပြောတာပါ။

ပြောလို့သာ ပြောတာ ဘယ်မှာလဲ ပိုက်ဆံဆိုလို့ကတော့ တစ်ကိုယ်လုံး ညှစ်ချကြည့်တောင် တစ်သောင်းမပြည့်ရှာတဲ့ဘဝ။ စိတ်မခိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ရှိတော့တယ်။ စာပေလောကမှလည်း စာမူတစ်ခါသွားပို့ရင် ဟို့လူပြုံးပြလိုက်ိ၊ ဒီလူ့ပြုံးပြလိုက်နဲ့ ခြင်ကလောင်ဘဝက လေဆာသွားတိုက်ဆေး ကြေငြာလိုပဲ။ ဆိုးလိုက်တဲ့ဘဝနှယ်။ အဲ့ဒီလိုပြုံးပြလို့ စာမူပါလားဆိုတော့လည်း မပါရှာပါဘူး။

ဟော ရှားရှားပါးပါး ခြင်ကလောင်တွေ စာမူပါလာပြီတဲ့။ ရှေ့တန်းမှာ နေရာရမယ်လို့ ထင်လား။ ဝေးသေးဝေးသေး။ စာအုပ်ရဲ့ ချောင်တစ်ချောင်ချောင်မှာ တူရာတူရာတွေနဲ့ အရောင်မွဲမွဲ မျက်နှာငယ်စွာ နေရပါတယ်။ ဟုတ်တယ်လေ။ ကိုယ်တိုင်မှ ဆင်ပေါက်ဖြစ်အောင် စာအုပ်အကုန်အကျခံ မထုတ်နိုင်သေးတာ။ ခံပေါ့ တစ်သက်လုံး။

ဒီကြားထဲ ခြင်ကလောင်ရဲ့ ရှိစုမဲ့စု(မိသားစု)ပရိတ်သတ်တွေကလည်း မမေးကောင်းတဲ့ မေးခွန်းဆို အားကြီးမေးကြတာပဲ။ စာမူခ ဘယ်လောက်ရလဲတဲ့။ အင်း အဲ့ဒီလို မေးခွန်းမေးလိုက်ရင် ခြင်ကလောင်တွေခမျာ နေ့ချင်းပြန်တောင် သေချင်တာပဲ။ မောင်မင်းကြီးသား အယ်ဒီတာတွေက စာမူခပေးဖို့နေနေသာသာ စာမူပါစာအုပ်ကလေးတောင် အနိုင်နိုင်။ ဒါတောင် ကိုယ်တိုင်သွားထုတ်မှ ရတာ။ နယ်က ခြင်ကလောင်တွေဆို  ပိုဆိုး။ ကိုယ့်စာမူပါစာအုပ် ကိုယ့်ဘာသာကိုယ် ဝယ်ဖတ်ရတာ။ စာမူခကို လာမပြောနဲ့။ စာမူခဆိုတာ ခြင်ကလောင်တွေနဲ့ တစိမ်း။ ဒါကိုမှ ကြံဖန်ရင်းနှီးခွင့်ရတယ်ဆိုရင်တော့ အဲ့ဒီတိုက်ကို သွားထုတ်ရတဲ့ တက္ကစီခတောင် မမှီရှာဘူး။ အဲ့ဒီလို ခြင်ကလောင်ဘဝတွေ ရပ်တည်ရတာပါ။

ပြောရရင် စာပေလောကမှာ ခြင်ကလောင်ဘဝတွေဟာ ဆင်ကလောင်ဘဝထက် ဝဋ်ကြီးပါတယ်။ ဟုတ်တယ်လေ။ ဝါသနာပါလွန်းလို့သာ လုပ်နေရတာ။ စီးပွားရေးအရ တွက်ချက်ရရင် ဟိုဖိုးဒီဖိုးနဲ့ ရင်နှီးမှုအရှုံးပြတဲ့အပြင် ညနက်အောင် တွေးရရေးရတဲ့အတွက် ကျန်းမာရေးလည်း ထိခိုက်ပါသေးတယ်။ ဒါပေမဲ့ ခြင်ကလောင်တွေကလည်း တစ်ခုခုမှာ ကိုက်ခွင့်ရလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ ဝဋ်ခံနေကြတာပါ။ ဘယ်လောက်ဆိုးတဲ့ ဘဝတွေလဲ။ ပြောရင်းနဲ့တောင် ငိုချင်မိတယ်။

ထားပါတော့။ ခြင်ကလောင်တွေရဲ့ ဒုက္ခကို လှန်ပြရင် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်လိမ့်မယ်။ ဖတ်ရတဲ့ပရိသတ်တွေလည်း မျက်ရည်ဘူးသီးလုံးလုံးလောက် ကျရလိမ့်မယ်။ အဲ့ဒါထက် ခြင်ကလောင်တွေ ဘာကြောင့် တစ်ကောင်ပြီးတစ်ကောင် ပေါက်နေကြတာလဲ ဆိုတာတော့ စဉ်းစားလို့မရဘူး။

စာပေဝိုင်းနဲ့ ပတ်သက်လို့ရှိရင်လည်း အရာရာပါချင်တတ်တာ ခြင်ကလောင်တွေပါ။ စာအုပ်မိတ်ဆက်ပွဲ၊ ဘာပွဲညာပွဲတွေအပြင် ဝါသနာနဲ့ပတ်သက်လို့ နန့်နန့်တက်နေကြတာလည်း ခြင်ကလောင်တွေပါ။ သွားသာသွားတာ အဲ့ဒီခြင်ကလောင်တွေကို ဘယ်သူကမှလည်း ဖိတ်တာမဟုတ်ဘူး။ အဓိကကတော့ သိတဲ့အတိုင်း ကိုယ်ဖတ်ဖူး အားကျတဲ့ ဆရာ့ဆရာ ဆင်ကလောင်တွေကို  အရှင်လတ်လတ် တွေ့ချင်လို့ပါပဲ။

အဲ့ဒီမှာ  ကိုယ့်လို ခြင်ကလောင်ကို ဆင်ကလောင်ကြီးတွေ မသိလည်း  မိတ်ဆက်ဖြစ်တတ်တယ်။ ခင်ချင်မင်ချင်တော့လည်း အရှက်မရှိတဲ့ မျက်နှာကြီးနဲ့ပေါ့ဗျာ။ ဒီအချိန် ကိုယ့်မျက်နှာသာ လာကြည့်လို့ကတော့ နွားပွဲစားတောင် ရှုံးလောက်တယ်။ သွားဖြဲထားပုံများ ပါးစပ်စေ့လို့တောင် မရဘူး။

ဒီလို မိတ်ဆက်တာမှာ တချို့ဆင်ကလောင်ကြီးတွေက လေးလေးစားစား အသိအမှတ်ပြုကြပေမဲ့ တချို့တွေက ခပ်နှိမ်နှိမ်ကြည့်ကြတယ်။ တချို့တွေက သူတို့အတွက် ခိုင်စားဖို့တစ်ကောင်ရပြီလို့ တွေးပုံရတယ်။ တချို့တွေက ပညာဂုဏ်ပြချင်ကြတယ်။ တချို့တွေက ဆင်ကလောင်ဖြစ်ရေးမက်လုံးနဲ့ သူတို့ရဲ့ ဂိုဏ်းဝင်ဖြစ်ဖို့ ဆွယ်တယ်။ အဲ့ဒီရောက်မှ ခြင်ကလောင်ခမျာ ဆရာ့ဆရာတွေရဲ့ တစ်ယောက်ချင်းစီတုံ့ပြန်မှုမှာ မသောက်ဘဲနဲ့ မူးတော့တာပဲ။ ဒါပေမဲ့ ခြင်ကလောင်အဖြစ်က နှုတ်ထွက်တာလားဆိုတော့လည်း မဟုတ်ဘူး။ ဆင်ကလောင်အိပ်မက်ကြီးကို မက်ကောင်းတုန်း။ လက်တွေ့တော့ နည်းနည်းဝေးတာပေါ့ဗျာ။

ဒါနဲ့ ခြင်ကလောင်တစ်ခုလောက် ကြားဖြတ် ပြောချင်သေးတယ်။ အဲ့ဒါကတော့ ခြင်ကလောင်တို့ရဲ့ စာမူလေးတွေ အဖြတ်အတောက်ခံရတဲ့ကိစ္စပဲ။ အယ်ဒီတာလုပ်ရင် ဖြတ်မယ်၊ ဖြုတ်မယ်၊ ပယ်မယ်၊ ရောင်းမယ်ဆိုတဲ့ လူစားမျိုးတွေကြောင့်ပါ။ အဲ့ဒီလိုမျိုး ကြုံလာပြီဆို ခြင်ကလောင်တွေ လှိမ့်ခံရတော့တာပဲ။ အဲ့ဒီလို အယ်ဒီတာတွေက ဆင်ကလောင်တွေကို လက်စွမ်းပြဖို့ အားနာသလောက် ခြင်ကလောင်တွေကျတော့ လက်စွမ်းပြလိုက်တာများ ဘုရားဘုရား,တရတယ်။ စာမူလေးတွေခမျာ ကြက်အမွှေးနှုတ်သလို ပြောင်တလင်းခါလို့။

စဉ်းစားကြည့်လေ။ ပိုတဲ့စာမူက စာကြောင်းရေ(၃၀)ဆို (၃)ကြောင်းပဲကျန်အောင် နှုတ်နိုင်တာ တော်တော်တော်တာပေါဗျာ။ အဲ့ဒီလို အယ်ဒီတာတွေ ချီးကျူးစရာပဲ။ ကလောင်နာမည်ပါလို့သာ ကိုယ့်ကဗျာမှန်း သိရတာ။ ကိုယ့်ကဗျာကို ကိုယ့်ကဗျာမှန်းမသိအောင် ပုံပြောင်းနိုင်တဲ့ မျက်လှည့်အယ်ဒီတာလို့ ဆိုရမယ်။ မောင်မင်းကြီးသားတွေ ကျန်းမာပါစေ ချမ်းသာပါစေဗျာ။

ဒီကြားထဲရှိသေး။ ခြင်ကလောင်တွေ ကလောင်နာမည်ပါမလာတဲ့ကိစ္စ။ နောက်ကျမှ မှားသွားလို့တဲ့။ တစ်နှစ်ကြာမှတစ်ခါ ရှားရှားပါးပါး ပါခွင့်ရတာ ကလောင်နာမည် ပါမလာဘူးဆိုတော့ ခြင်ကလောင်တွေခမျာ ဝမ်းချုပ်တဲ့မျက်နှာကြီးတွေနဲ့။ သိတဲ့အတိုင်း ကိုယ်ကလည်း ပါဝါမရှိတော့  ဘာမှလည်း မတတ်နိုင်ဘူးလေ။

တစ်ခါတစ်ခါတော့ ဖြစ်တတ်သေးတယ်။ ခြင်ကလောင်နာမည်လေးတော့ ပါလာပါရဲ့။ ခက်တာက ယောက်ျားကလောင်နာမည်က မိန်းမကလောင်နာမည် ဖြစ်နေတာ၊ မိန်းမကလောင်နာမည်က ယောက်ျားကလောင်နာမည်ဖြစ်နေတာမျိုးပေါ့။ အဲ့ဒီလို စာလုံးပေါင်းမှားကြတာ ခြင်ကလောင်တွေခမျာ စာအုပ်ထဲမှာ လူသိရှင်ကြား လိင်ပြောင်းခံရသလိုပဲ။ ခံစားရပါတယ်။ သိတဲ့အတိုင်း ခြင်ကလောင်ဆိုတော့ ဘယ်သူကမှလည်း မတောင်းပန်ပါဘူး။ ဝဋ်ရှိသမျှ ခံလိုက်အုံးပေါ့။

ခက်တာက အဲ့ဒီအဖြစ်အပျက်မျိုးတွေဟာ ခြင်ကလောင်ကျမှ ရွေးဖြစ်သလိုမျိုးဖြစ်နေတယ်။ ဆင်ကလောင်တွေကျတော့ ရှားရှားပါးပါးပဲ။ ဖြစ်ခဲတယ်။ ဖြစ်လာပြီဆိုလည်း ဆင်တွေဆိုတဲ့အတိုင်း ကြီးကြီးမားမား။ ခြင်ကလောင် ပြာဿနာကျ ပုရွက်ဆိတ်အော်သံလောက်ပဲ သဘောထားပုံရတယ်။ အမှုမဲ့၊ အမှတ်မဲ့။ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် အောက်မေ့ပုံမရဘူး။ သိတဲ့အတိုင်း ခြင်ကလောင်ဆိုတော့ ထုံးစံအတိုင်း ငြိမ်ခံရုံ။

ဒီလိုနဲ့ ခြင်ကလောင်တွေဟာ စာပေလောကထဲကို တဝီဝီအော်သံပေးရင်း အားရှိသလောက် ပျံနေကြတာပဲ။ ဒီကြားထဲ တချို့တွေက လက်ဝါးကြီးအရိုက်ခံရပြီး ပျောက်သွားကြတယ်။ တချို့တွေက လောကဓံရှစ်ပါးအောက် သနားစဖွယ် ငုပ်သွားကြတယ်။ တချို့တွေကလည်း ဖျံလေးတွေလို ရေထဲကနေ ပေါ်လိုက်ငုပ်လိုက် ပုံစံမျိုးနဲ့။ လုံးလည်ချာလည်လိုက်လို့။ တချို့တွေကလည်း ကံကောင်းပါတယ်။ အဲ့ဒီခြင်ကလောင်တွေ ကိုက်ခွင့်ရလိုက်တဲ့ အရာက ကလောင်ကြီးထွားဆေးဖြစ်ပြီး ဆင်ကလောင်ကြီးတွေ ဖြစ်သွားကြတယ်။ မုဒိတာပွားစရာပေါ့။ တချို့တွေကတော့ တခြားအမှီအတွယ်တွေနဲ့ ဆင်ကလောင်ဖြစ်လာနိုးနိုး မျှော်လင့်လို့။ ဒီလိုပါပဲ။ ခြင်ကလောင်တွေဟာ အမျိုးမျိုးသောဇာတ်ရုပ်တွေနဲ့ ကျရာတာဝန် ထမ်းဆောင်နေရတယ်။

ဘာပဲပြောပြော စာပေလောကမှာ မျိုးဆက်သစ်ခြင်ကလောင်တွေ တစ်သုတ်ပြီးတစ်သုတ် ပေါက်ဖွားနေကြတာ အများကြီးမှ အများကြီး။ ဒါပေမဲ့ မိတ်ဆွေတို့ မြင်ချင်မှ မြင်လိမ့်မယ်။ သိတဲ့အတိုင်း ခြင်ကလောင်ဆိုတော့ အများအားဖြင့် ကျော်ဖတ်သွားကြမှာပါ။

အဲ့ဒီလိုဆိုရင် မိတ်ဆွေတို့ကို စကားလက်ကြုံပါးလိုက်ချင်တယ်။ အဲ့ဒါကတော့ ခြင်ကလောင်တွေရဲ့ အနုပညာပြင်းပြစွာချစ်စိတ်ကို သူတို့ရဲ့ဘဝကို စာနာပြီး အားပေးဖတ်ရှူပေးလိုက်ဖို့ပေါ့။ အဲ့ဒီလို ခြင်ကလောင်တစ်ချောင်း ကိုက်ခွင့်ရလိုက်တဲ့အရာဟာ လွယ်လွယ်မဟုတ်ဘူးဆိုတာ….။

စေပိုင်ထွဋ်(ပုသိမ်)

9 comments

  • အာ့တွေစိတ်ညစ်လို့ဒီကခြင်ကလောင်လေးကတော့ ဘယ်ဂိုမှလက်စမ်းတောင်မပို့ဘူး။
    😀
    ဟိုတစ်ရက်ကတော့ဝတ္ထုတိုတစ်ထပ်ကြီး ဦးလေးကတဆင့်ကြိုက်ရင်ထည့်သုံးခိုင်းဆိုပြီး ပေးလိုက်သေးတယ်။
    ပါမပါတောင်လှမ်းမမေးမိဘူး။
    ပါချင်ပါမပါချင်နေ အဓိကကရေးချင်ရာကို ရေးချဖို့နေရာတွေရှိနေတာပဲလေ
    😀
    ဒီမှာတော့ ခြင်ကလောင်ကော၊ဆင်ကလောင်ကော၊ဂေါ်ဇီလာကလောင်ကော၊
    ကျွဲကလောင်၊ကြောင်ကလောင်ပါမကျန် မျက်စိထဲတွေ့သမျှ တန်းစီအားပေးသွားပါမယ်
    😀

  • alinsett

    December 16, 2013 at 8:49 pm

    အတွေ းနဲ ့အရေးကိုတော့…သဘောအကျကြီး..ကျသွားပြီဗျာ…

  • surmi

    December 17, 2013 at 9:11 am

    ကျုပ်​လည်​း ငယ်​ငယ်​ကသိပ်​ဝါသနာပါတာ​ပေါ့​လေ..
    ဒါ​ပေမယ်​့ … ခြင်​အဆင်​့မ​ရောက်​မှီ ပိုး​လောက်​လန်​းမှာတင်​ပဲ
    မျိုးတုန်​းသွားတာ…
    စာနာမိပါတယ်​… ။ ဒီလိုပဲ ကုန်​းရုန်​းပြီးလမ်​းရှာကြရတာပါ ..
    အခု​ခေတ်​အ​ခြေအ​နေက အွန်​လိုင်​းမှာ​လေ့ကိင်​့ခွင်​့ရ​တော့
    အရင်​ကထက်​ပိုပြီး အခွင်​့သာပါတယ်​​လေ..
    ကွန်​မန်​့မ​ပေးဖြစ်​​ပေမယ်​့ ​စေထဋ်​ပ်​ုင်​ ဆိုတဲ့ရွာသားစာ​ရေးသူက်​ို
    ​ကောင်​း​ကောင်​းသိ​နေပါတယ်​။

  • kyeemite

    December 17, 2013 at 2:15 pm

    ခံစားချက်တွေကို လေးလေးနက်နက်ဖတ်ရငအားပေးသွားပါတယ်ဗျ ..ကိုခြင်ကလောင်ရေ
    ကျုပ်အကြံပေးချင်တာတော့ ခြင်ကလောင်ကနေ ဆင်ကလောင်ဖြစ်ချင်ရင်
    အဲဒီ ဆင်ကလောင်ကြီးတွေကိုဝင်ကိုက်ရတယ်…ဒါမှနာမည်ထွက်လာပြီး ဆင်ကလောင်ဖြစ်လာမှာ
    စမ်းကြည့်စမ်းပါ.. 😀

  • KZ

    December 17, 2013 at 2:19 pm

    ဖတ်ကောင်းလို့ကတော့ ခြင်ဖြစ်ဖြစ် ဆင်ဖြစ်ဖြစ် ဖတ်ပါတယ်ဗျာ။
    ခုလည်း ခံစားချက်ကို နားလည်စွာဖတ်သွားပါတယ်။
    🙂
    မပူပါနဲ့လေ။
    ခြင်ကနေ ဆင်ဖြစ်နိုင်ပါတယ်။
    ဆင်ခြေထောက်ရောဂါ က ခြင်ကိုက်ရာက စတာတဲ့ရောဂါပဲ မဟုတ်ပါလား
    😀

  • Paing Lay

    December 17, 2013 at 7:03 pm

    အနော်ကတော့ သစ္စာရှိရှိနဲ့ပဲ ရယ်စရာ မဂ္ဂဇင်းကို အခုထိအားပေးနေဆဲပါ…..။ 2008 Aug တုန်းက အနော့် စာမူပါလားဖူးတယ်ဂျ…..။နောက်တော့ ဆက်မပို့ဖြစ်တော့ဝူးးးးးးးးးးးပျင်းတာကလည်း တစ်ကြောင်းပေါ့ဂျာ 😀

  • padonmar

    December 18, 2013 at 8:22 pm

    စေပိုင်ထွဋ်ဆိုတဲ့ ပုသိမ်သားရဲ့ ကလောင်နာမည်ကို ဂဇက်ရွာသူားတွေကတော့ သိနေပါပြီ။
    တကယ်တော့ စာရေးတယ်ဆိုတာ ရေးချင်လို့ ရေးတာပဲလေ။
    ဆင်ဖြစ်ဖို့ ခြင်ဖြစ်ဖို့ ရေးတာမဟုတ်ဘူးလို့ သဘောထားလိုက်ပါ။
    ကျမတို့ကတော့ ရင်ထဲက ခံစားချက်တွေ စာလုံးတွေ ဖြစ်သွားပြီး ဖတ်သူရှိနေရင် ကျေနပ်လိုက်တာပဲ

  • Ma Ma

    December 19, 2013 at 6:00 pm

    စာပေဝါသနာပါသူတွေအနေနဲ့ (ပုံနှိပ်စာအနေနဲ့မြင်ချင်တဲ့ အိပ်မက်ကလွဲရင်) ဆိုဒ်တွေမှာ အလွယ်တကူ ရေးနိုင်တင်နိုင်နေသလို ကိုယ်ပိုင်ဆိုဒ်တွေထောင်ပြီးတော့လည်း ရေးနိုင်နေတာမို့ ဟိုးးးးး အရင်တုန်းကထက်စာရင် ကိုယ့်စာပေဝါသနာကို စုတုပြုဖို့ ပိုလွယ်ကူကြမယ်ထင်ပါတယ်။

    အင်တာနက်မှာ စုတုပြုရာကနေ ပရိုလိုင်း (ပုံနှိပ်)ကို ရောက်သွားသူတွေလည်း ရှိနေကြပြီမို့…..
    အားမငယ်စေချင်ပါဘူး။
    အားပေးပါတယ်။

    စာဖတ်သူတစ်ယောက်အနေနဲ့ အရေးအသားကောင်းတဲ့ စေထွဋ်ပိုင်တစ်ယောက် ဒိ့ထက်ပို၍ လက်စွမ်းထက်လာပြီး ခြင်္သေ့ကလောင်ရှင် ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။ 🙂

  • ဝင့်ပြုံးမြင့်

    December 20, 2013 at 11:45 pm

    ပိုင်လေးရေ (စေပိုင်ထွဋ် ဆိုတာ ပိုင်လေး ထင်လို့ဒီလိုပဲ ခေါ်တာနော်)
    အစ်မမျှစ်ကြော်လည်း ဘောလုံးရောဂါ တော်တော်ပြင်းနေလို့ ဒီပို့စ်လေးကို အခုမှပဲ ဖတ်မိတယ်။ အစ်မတို့လည်း ဆင်ကလောင်မဖြစ်သေးပါဘူး။ ဒါပေမယ့် မတူတဲ့အတွေးလေးတော့ ရှိနေတယ်လေ။
    ထုတ်ဝေသူဘက်က တွေးတဲ့အတွေးပါ။
    မဂ္ဂဇင်းလောကက နှစ်ပိုင်း၊ အနုရသ မပါဘဲ အလှအပကြော်ငြာချည်းထည့်ပြီး ငွေသက်သက်ရှာတဲ့ မဂ္ဂဇင်းရယ်။ စာပေအနုပညာ ထည့်ပြီး အစုံရောသမမွှေတဲ့ မဂ္ဂဇင်းရယ်။ နှစ်မျိုးလုံးက ငွေရှာဖို့အဓိကပါ။ နှစ်မျိုးလုံးဟာ လက်ဝါးကြီးအုပ်ထားပြီးသား ဆိုတော့ ခြင်ကလောင်လေးတွေအတွက် နေရာမပေးနို်င်သေးဘူး။ စာပေ စာပေ အော်နေကြပေမယ့် တကယ်က ငွေရှာတာပါပဲ။

    ဂျာနယ် သတင်းစာလောက ကတော့ ခေတ်ရဲ့တောင်းဆိုချက်။ ရသစာပေစစ်စစ်တွေကို နေရာမပေးနို်င်သေးပါ။

    လုံးချင်းထုတ်ဝေတာကျတော့ အဲဒီမှာ ထုတ်ဝေသူရဲ့ စွန့်စားမှုဆိုတာကို တွေ့ရမယ်။ ကလောင်က စာရေးဆရာပိုင်တာ။ စာရေးဆရာက ပိုပြီး ပြောအားရှိတယ်။ ထုတ်ဝေသူကတော့ ပြောအားသိပ်မရှိဘူး။ ဒါပေမယ့် လက်တွေ့ကျကျ စွန့်စားထားရတာက ထုတ်ဝေသူပါ။ ဒီကနေ့ခေတ်မှာ ထုတ်ဝေတိုက်တစ်တိုက်ဟာ အောက်ထစ် သိန်း ၅၀ဝ လောက်ရင်းထားရတယ်။ စာအုပ်ထဲမှာပဲ မြှုပ်ထားရတာနော်။ တခြား အပိုတွေမပါဘူး။ လုံးချင်းထုတ်ဝေတိုက်မှာပဲ ယေဘုယျ နှစ်မျိုး ထပ်ခွဲရင် ငွေဖြစ်ဖို့သေချာတဲ့ အချစ်ဇာတ်ကြမ်း၊ လူငယ်ကြိုက် (တကယ်က ရာဂဆွပေးတာတွေ) ကိုထုတ်တာကတစ်မျိုး။ နောက်တစ်မျိုးကတော့ စာပေကို တကယ်ယုံကြည်ချက်နဲ့လုပ်နေတဲ့ တိုက်။ သူတို့ကတော့ ငွေအိပ်တာများတယ်။ ဒါကြောင့် လူသစ်ကို မတင်ရဲဘူး။ ပျံလံနေအောင်တော်မှ တင်ပေးတာ။ ဒါတောင် သိပ်ရှားတယ်။

    ဥပမာ တစ်ခုပေးရရင် စာရေးဆရာကောင်းသန့်ဟာ အရင်က သူ့စာအုပ် ဘယ်သူမှ ထုတ်မပေးလို့ သူ စင်ကာပူကိုထွက်သွားပြီး ငွေရှာတယ်။ ငွေရတော့ ကိုယ့်စာအုပ်ကိုယ်ထုတ်တယ်။ ပရိသတ် အခိုင်အမာရတယ်။ ဒါပေမယ့် သူ တခြားလူကို တင်မပေးဘူး။ သဲအောင်ကိုတင်ပေးတာကတော့ အဲဒါ သူ့သားမို့။

    ပိုင်လေး ရဲ့ပို့စ်ထဲမှာ – (သူများတွေလို ပုံးချီပေးပြီး ကလောင်ကြီးဆေးထိုးဖို့တောင် တွေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာအုပ်ထုတ်တာကို ပြောတာပါ။)
    အဲဒီလောက် မလွယ်ဘူး ပိုင်လေးရေ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စာအုပ်ထုတ်တဲ့လူတွေ မနည်းဘူး။ မြုပ်သွားတဲ့လူများတယ်။ ဖြန့်ချီရေးပိုင်းကို နားမလည်တဲ့အတွက် ငွေကြေးပိုင်းမှာလည်း မအောင်မြင်ဘူး။ စာပေမှာလည်း မအောင်မြင်ဘူး။ မြုပ်ကြတာ များတယ်။
    ထုတ်ဝေသူဘက်ကလည်း ကြည့်ပါ။ စောင်ရေ ၂၀၀ဝ ရိုက်ရလို့ ၁ဝ သိန်းမြတ်ရင် စောင်ရေ ၁၀၀ဝ ရိုက်လို့ ၅သိန်း မမြတ်ပါဘူး။ ဘယ်လောက်ထုတ်ထုတ် အခြေခံကုန်ကျစရိတ် (ဥပမာ ဖလင်ဖိုး)က မသေးတဲ့အတွက် စောင်ရေနည်းရင် သူတို့ရှုံးပါတယ်။ စာပေကို ယုံကြည်မှုတစ်ခုခုနဲ့ လုပ်နေတဲ့ ထုတ်ဝေတိုက်တွေက ရှားတယ်။ ဥပမာ ပုဂံတိုက်လိုမျိုး။ ပုဂံတိုက်ပိုင်ရှင် ဦးချော မရှိတော့တဲ့အခါ သူ့သမီးက သူ့အဖေရဲ့စာပေယုံကြည်ချက်အတိုင်းဆက်လုပ်တာမျိုး။ ဆိုလိုရင်းက ထုတ်ဝေတိုက်တွေ အားမရှိတဲ့အတွက် ခြင်ကလောင်လေးတွေကို နေရာမပေးနိုင်သေးတာပါ။ ဆင်ကလောင်ကြီးကြောင့် မဟုတ်ပါဘူး။
    —-
    ပြီးတော့ ပိုင်လေးအနေနဲ့ စာပေဘက်မှာ ကျော်ကြားချင်တယ်ဆိုရင် အတိုထက် အရှည်ရေးတာ ပိုနီးစပ်တယ်။ ဝတ္ထုရှည်က ညှို့ချက်တစ်ခုရှိရတယ်။ အဲဒီညှို့ငင်အားကြောင့် စာရေးဆရာ နာမည်ကြီးဖို့ပိုလွယ်တယ်။ အတိုရေးမယ်ဆိုရင် မဂ္ဂဇင်းတိုက်ကို အားကိုးရမယ်။ ထုံးစံအတိုင်း သူများအားကိုးရတဲ့အလုပ် ရင်မောရပါတယ်။
    ဒါမှမဟုတ် ဝါသနာပါတဲ့အတိုင်း အတိုပဲရေးမယ်ဆိုရင် အွန်လိုင်းမှာ လက်ကုန်မရေးပါနဲ့နော်။ တစ်ကွက်တော့ ချန်ထား။

    အစ်မလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာအုပ်ထုတ်တာ မဟုတ်ပါဘူး။ အစ်မပြန်ထားတဲ့စာအုပ်ကို ဆရာပါရဂူ ကိုသွားပြလိုက်တာပါ။ ဆရာကြီးက ဖတ်ကြည့်ပြီး သင့်တော်တဲ့ တိုက်ကိုပေးလိုက်တာပါ။ ထုတ်ဝေသူကိုယ်တိုင်လည်း ကြိုက်တော့ ရှားရှားပါးပါကို တင်ပေးခဲ့တာပါ။ ပိုင်လေးလည်း အဲဒီနည်းလမ်း သုံးဖို့သင့်ပါတယ်နော်။ စာပေနယ်မှာ ဩဇာကြီးတဲ့ဆရာကြီးတစ်ဦးထံမှာ အကူအညီတောင်းတဲ့နည်းပါ။

    ထုတ်ဝေရေးဘက်က အများကြီးပြောချင်ပေမယ့် ရှည်နေပြီမို့၊ ပြီးတော့ မြန်မာပြည်က စာဖတ်တဲ့လူရှားတယ်လေ။ ဘာပဲပြောပြော အွန်လိုင်းမှာ လက်ကုန်တော့ မရေးသင့်ဘူးထင်တာပါပဲ ပို်င်လေးရေ။

Leave a Reply