buddha 2

 

 

buddha

 

ဟိုတစ်လောတုန်းက ပန်းပုရုပ်လေးတွေ ပြုလုပ်နည်း ကို ပို့ စ်အဖြစ်တင်မည်ဟု ကတိပေးပြီး

အလုပ်တွေ ပိနေသောကြောင့် မလုပ်ဖြစ်သေး။

ဒါပေမယ့် အချိန်နည်းနည်းရတာနဲ့  3D ပန်းပုရုပ်လေးတွေ လုပ်ပုံလုပ်နည်းကို အစအဆုံးတင်ပေးဘို့ 

အစီအစဉ်တော့ ရှိပါသည်

နောက် မြင်းခြံက ကိုစောရဲ့ ပန်းပုရုပ်လေးတွေ မြင်တော့ သေချာသတိထားကြည့်တဲ့အခါ အရုပ်လေးတွေ

ရဲ့ လက်လေးတွေ ကျိုးပဲ့ နေတာမြင်တော့ နည်းစနစ်ပိုင်းလေး ကူညီပြောပြချင်မိသည်..

ဒါပေမယ့် ကိုယ့်မှာကလည်း မအားသေးသောကြောင့် အရုပ်ကို မလုပ်ဖြစ်သေး..

ဒီပန်းပုရုပ်လေးတွေ ပြုလုပ်ရတာ စိတ်ငြိမ်သည်.. ပျော်ရွှင်မိသည်..

တစ်ကယ်တော့ ကျနော်က ပန်းပုပညာကို ဘယ်မှာမှ မသင်ခဲ့ရပါ။ ပန်းချီကို သာ တစ်စိုက်မတ်မတ်ဆွဲတဲ့သူ..

ပန်းပုကို စပြီး ထိတွေ့ ပြုလုပ်ခဲ့ရဘို့  အကြောင်းတစ်ခု ဆုံလာတဲ့အခါ..ပန်းပုပညာဆိုတာကို သင်ချိန်တောင်

မရဘဲ လက်တွေ့ လုပ်ခဲ့ရလေသည်..

ထိုအကြောင်းအရာများကို တွေးမိတဲ့အခါတိုင်း ပါရမီဆိုသော စကားလုံးက ၇င်ထဲအလိုလို ရောက်လာသည်….ကျနော် သိမြင်တဲ့ ပါရမီဆိုတဲ့ စကားကို ကိုယ်က တစ်ပါးသောသူတို့ အတွက် ဖြည့်ဆည်းပေးခြင်းဟု နားလည်မိခဲ့သည်..

ပါရမီ………………….

ကိုယ်က သူများကို ပါရမီဖြည့်ဆည်းပေးတဲ့အခါ…..ကိုယ့်အတွက် ပါရမီ ဖြစ်လာခဲ့လေသလား..

အပေါ်က ဗုဒ္ဓဘုရားရှင်ပုံတော်သည် ကျနော် ကိုယ်တိုင်ထာလုပ်ထားသော ပန်းပုလက်ရာဖြစ်သည်..

ဥရောပမှာ ရောင်းချသော ပုံတော်တို့ သည်..ထိုင်းလက်ရာ တရုပ်လက်ရာ များသောကြောင့် ..

နီပေါနိုင်ငံသား ဘုရားရှင်၏ မျက်နှာကျဖြစ်အောင် စိတ်တိုင်းကျကိုယ်တိုင် ထုလုပ်ပူဖော်ခဲ့ခြင်းသာ ဖြစ်သည်.

ဘုရားပုံတော်ကို ဘ၀မှာ ဒုတိယအကြိမ်ထုလုပ်ပူဇော်ခြင်းဖြစ်သည်….

ပထမဆုံးထုလုပ်ခဲ့သော ဘုရားပုံတော်သည် ကျနော့်ဘ၀မှာ ပထမဆုံးသော ပန်းပုဖြစ်ခဲ့သည်..

ထိုသို့ ပထမဆုံး ထုလုပ်ပူဇော်ခွင့်ရသော အမှတ်တယ အကြောင်းလေးကို ကျနော့်ရင်ထဲမှာ

လင်းလွန်းပင် သစ္စာဟု သေသည့်တိုင် ကဗျည်းထိုးထားမိခဲ့သည်..

……………..

……………..

 

လင်းလွန်းပင် သစ္စာ……
အမှန်တစ်ကယ်က ကျနော်က ဆုတောင်းသော အလုပ်ကို မလုပ်ချင်….အားမနာတမ်းပြောရမယ်ဆိုရင်တော့ မယုံတာပါ….
ကံ၊ဥာဏ်၊၀ီ၇ိယ ၃ ပါးကိုသာ အားကိုးဘို့  ဘုရားဟောကိုသာ လက်ခံသူ

ကိုယ်ဖြစ်ချင် ကိုယ်လုပ်ကိုယ်ကျိုးစား၊ကိုယ်လုပ် ကိုယ်ခံ

ဒါပေမယ့် ကျနော်က သစ္စာကိုတော့ ယုံကြည် လေးစားသည်။ လိုက်နာကျင့်ကြံသည်

သစ္စာ၏အနက်မှာ အမှန်ဟု လက်ခံထားသည်..

မှန်တာကို ပြောတာ..သစ္စာ။ သစ္စာမှန်လျှင် နွယ်မြစ်သစ်ပင်သော်တောင်မှ ဆေးဘက်ဝင်သည်..
ယခု လင်းလွန်းပင် သစ္စာဟု အမည်ပေးထားသည်မှာလည်း သထုံမြသပိတ်တောင်ခြေမှာ ဆိုခဲ့ ဘူးသော သစ္စာတရား၏ အကျိုးပေးပုံကိုအမှတ်တရဖြင့်ရေးလို့ ဖြစ်သည်….
သထုံမြသပိတ်တောင်ခြေတွင် ပဋိယတ္တိဖြင့် ကြော်ကြားသော “မဟာသဒ္ဓမ္မဇောတိကရာမ”  စာသင်တိုက်ကြီးရှိသည်၊ ဆရာတော်ကြီးမှာ သက်တော် ၇၀ခန့် ရှိပြီး ပိဋကတ်၃ပုံကို

ထောင်းထောင်းကျေကျေ နိုင်နင်းလှသော တိပိကတ္တဋ ဘွဲ့ ခံ ဆရာတော်ကြီးဖြစ်သည်စာသင်ရဟန်းများမှာ အပါး ၅၀၀ခန့် ရှိသည်….

သထုံမြို့ ထဲမှ လာလျှင် ကားလမ်းမှာ ဖြောင့်နေသည်….။ကျောင်းကို တိုက်ရိုက်ရောက်သည်ကျောင်းဝမှာ ခြင်္သေ့ကြီး၂ကောင်ရုပ်ထုဖြင့် ထယ်ဝါလှသည်။ ကျောင်းဝန်းထဲတွင် ဗုဒ္ဓဂါယာ စေတီ ပုံတူလည်းရှိပါသည်
ထို ဗုဒ္ဓဂါယာ စေတီ အနီးအနားတွင် ယခု သတ္တဌာန ၇ ဌာနရှိသည်….။အရင်က ၆ဌာနဘဲ ရှိသည်….လင်းလွန်းပင်နေရာမှာ ဘာဘုရားပုံတော်မှ မရှိပါ။ ထိုမြသပိတ်တောင်ဆိုတာကလည်း သိုက်သမိုင်းတွေနဲ့ ပါတ်သက်လျှင် နာမည်ကြီးသည်..။ ယခုထိလည်း နာမည်ကြီးတုန်းပါ
ဆရာတော်မှာ ထို သတ္တဌာနကို ဘုရားရုပ်ထုတော်များအတွက် ဒကာများနှင့် ညှိနှိုင်းကာ တစ်ပြိုင်နက် အကောင်အထည် ဖော်ခြင်းဖြစ်သည်။ ကျန်သော ၆ဌာနမှာ ဘာမှ မဖြစ်ပေမယ့် လင်းလွန်းပင်နေရာကတော့ ပြသနာ တခုကို စကြုံတွေ့ ခဲ့ သည်
အလှုရှင်ရော၊ ပန်းပုပန်းရံဆရာပါစတင်ပြုလုပ်ချိန်မှာဘဲ တစ်ပြိုင်တည်းလို သေဆုံးခဲ့ သည်
တိုက်ဆိုင်လို့ ပါဟု သဘောထားကာ ဒကာထပ်ရှာ ပန်းရံဆရာ ထပ်ရှာပြီး ပြန်စသည်….ဒုတိယအကြိမ် ၂ရက်၃ရက်ခြားဖြင့် သေဆုံးသွားပြန်သည်။ ဆရာတော်က လက်မခံ တတိယ အကြိမ် ပြန်ပြီးလုပ်…..ဒကာရော ဆရာပါသေဆုံးပြန်တော့
ဘယ်သူမှ ဆက်မလုပ်ရဲတော့ဆရာတော်မှာလည်း ဒကာများကို ငဲ့ ပြီး ဆက်လုပ်ရန် မမိန့် ဆိုတော့….
နှစ်တွေသာကြာလာသည် ထိုသတ္တဌာနမှာ….၆ ဌာနနှင့်ဘဲ ရပ်နေခဲ့ ပြီး ခြောက်ခြောက်သွေ့ သွေ့ နှင့်ပါ..။ ညဘက်ဆို ဘယ်သူမှ မသွားပါ၊ ဇရပ်မှာလဲ အိပ်ရဲသူမရှိပါ
ဒါပေမယ့် အချိန်အခါ ဆိုတာ ရောက်လာပြီ ဆိုရင်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပါ
ကျနော်တို့က သထုံမြို့ တောင်ဘက် ၁၅ မိုင်ဝေးသော ရွာ( ဇနီး၏ ဇာတိရွာ)လေးမှာနေသည်အိမ်ဘေးတွင် ဂျပန်ခေတ် က တော်လှန်ရေးတွင် ပါဝင်ခဲ့ သော မော်ကွန်းဝင် သခင်မကြီး နေထိုင်ပါသည်….။ကျနော်တို့ က အဘွားဟုခေါ်ပါသည်။ အဘွားမှာ အသက် ၈၀ နီးပါးရှိပြီး အောက်ပိုင်းမှာ လေဖြတ်ခံထားသဖြင့် လမ်းမလျှောက်နိုင်ပါ။
ကျနော့် အမျိုးသမီးနှင့် ထိုမိသားစုလေးမှာ နှစ်အိမ့် တစ်အိမ်ခင်မင်စွာနေကြသည်..။ 
အဘွားက ထို မြသပိတ်တောင်ခြေ ကျောင်း၏ တပည့်ရင်းဒကာရင်းဖြစ်သည်..

တစ်နေ့ တော့ အဘွားက “ငါ အသက်လဲ ကြီးပြီလေလဲ ဖြတ်ထားတယ်

၊ဒီအချိန်မှာ သေလဲ ဘာမှ မထူးဘူး၊ အဲဒီလင်းလွန်းပင်ဘုရားကို ငါ ဒကာခံမယ်” ဟုပြောသောအခါ သူ့ မိသားစုကလဲ လှုဘို့ စီစဉ်ကြပါသည်….
ဆရာတော်ကို လျှောက်သောအခါ ဆရာတော်က သာဓု ခေါ်ပြီး ခွင့်ပြုပါသည်….။ အဘွားက လှုရဲ သေရဲ သော်လဲ ပန်းရံ ဆရာ ရှာလို့ မရပါ။ အားလုံးက နာမည်ကြားဘူးယုံနှင့်  လန့် နေကြသည်….။ ရှောင်ကြရှားကြသည်..
တစ်ကယ်တန်းဆိုလျှင် ကျနော့် ယောက်ဖ ၂ယောက်က ပန်းရံ ဆရာကြီးတွေပါ။ ပညာတော်ပါသည်ယောက်ဖအငယ်ကတော့ နောက်လိုက်ပေါ့….။ သထုံဘက်မှာ ဆရာ ရှာမရတော့ ယောက်ဖအကြီးဘက်လှည့်လာသည်ဆွေလိုမျိုးလို ဖြစ်နေလို့ အဘွားဆန္ဒဖြည့်တဲ့ အနေနဲ့ 

အလုပ်လက်ခံ ပေးဘို့ လာပြောသည်။ မနက်လာပြောပြီး ညနေပိုင်းကျ ယောက်ဖကြီးက ကွင်း( သဲကုန်း၊ဗိုင်လောင်းပင်လယ်ကမ်းခြေ ရွာများ)ထဲမှာ အလုပ်သွားရမယ်ဆိုပြီးလစ်ပြေးတော့သည်..

လူဆိုတာ သေမျိုးဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ တော့ မသေချင်ဟု ပြောခဲ့ သည်..။အပြစ်ပြောလို့ တော့ မရပါ။ အစက ဒီအကြောင်းကို ကျနော်မသိသေးပါ
နောက်မှ အဘွားမြည်း( ယခု စင်္ကာပူတွင်နေထိုင်) ၊ ယောက်ဖငယ်နှင် ကျနော်တို့ ညဘက်လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူတို့ တိုင်ပင်နေကြသည်ယောက်ဖငယ်ကို အကူအညီတောင်းနေတာကိုး.။ ယောက်ဖငယ်မှာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့  ငြင်းရခက်၊လက်ခံရခက်ဖြစ်နေပြီး။ နောက်မှ ကိုယ်တော်ချော ၂ယောက်တိုင်ပင်ပြီး အကို ကူညီနိုင်မလားဖြစ်နိုင်ရင်ကူညီ ပေးပါဟုပြောလာသည်။ ဘာကိုလည်းဟုမေးမှ အကြောင်းစုံပြောပြသည်….။အမှန်ဆို ကျနော်ပန်းချီသာဆွဲတာ ရုပ်ထုတို့ ပန်းပုတို့ တစ်ခါမှ မလုပ်ဘူးပါ။ သူတို့ ပြောတာက အကို ပန်းချီဆွဲတတ်တာဘဲ ၊ နောက်ပြီး အကို့ ကို ယုံလို့ ပါဟု ပြောလာသည်။
(
ကျနော် အကြောင်းသင့်လျှင်တော့ ၀ိဥာဉ် လောကနှင့် ပါတ်သက်တာလေးတွေ၊ရေးပါဦးမည်ဒါပေမယ့် ကျနော် ဆရာကြီးမဟုတ်ပါ)
ကျနော်လည်းစဉ်းစားပြီး တစ်ထိုင်ထဲနှင့် လုပ်မယ်ဟု ဂတိပေးလိုက်သည်.ချွင်းချက်အနေနဲ့ ငါ ပိုက်ဆံနဲ့ မလုပ် ပညာဒါန ပြုမည်ဟုပြောသောအခါ အဘွားမြည်းကတော့ ပျော်သွားသည်ကျနော့် ယောက်ဖကတော့ မျက်နှာငယ်လေးနှင့်။
အိမ်ပြန်ရောက်တော့ ဇနီးကို ပြောပြသောအခါ မျက်နှာငြိုးသွားသည်။ သူဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။
လး၂ယောက်နှင့်၊ ကျနော်များတစ်ခုခု ဖြစ်ခဲ့ လျှင် သူရင်ဆိုင်ရမယ့် ဘ၀ကိုလဲ သိပါတယ်။သူ့ ကို နားလည်အောင်ပြောပြရပါတယ်။ ကိုယ်တို့ က ဗုဒ္ဓဘာသာတွေပါခုကိုယ်လုပ်မှာ သာသနာ့မြေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးချင်တာပါနောက်ပြီး ကိုယ်က ဗုဒ္ဓဘာသာကို ယုံကြည်လွန်းလို့  ဆွေဖြတ်မျိုးဖြတ်

စွန့် လွှတ်ကိုးကွယ်နေတဲ့သူ
ငါသေသွားခဲ့ ရင်လဲ မကောင်းမှု ကျူးလွန်လို့ သေတာမဟုတ်၊ ဘုရားရုပ်ပွားတော် ထုလုပ်လို့ သေတာ၊ မင်းဂုဏ်တောင်ယူရဦးမှာ
ဒါပေမယ့် ငါသိတယ်ငါမသေဘူး….။ နောက်ပြီး မင်းစဉ်းစား ၊ဒါ ဒါနအလှု ၊ဗုဒ္ဓဘုရားက မင်းတို့ မိရိုးဖလာ ကိုးကွယ်လာတာပါ
ဘုရားရှင်ဆိုတာ မေတ္တာကရုဏာရှင်ပါလူမသတ်ပါဘူး……စသဖြင့် နားလည်အောင် ပြောပြရပါတယ်..( ဒီလိုရေးနေလို့  ပိုရန်ကောကွာလို့ ထင်ခဲ့ ရင် မြသပိတ်တောင်ခြေမှာ စုံစမ်းလို့ ရပါတယ်….ရာဇ၀င်နဲ့ ပါ)
ယောက္ခမကလည်းတားပါသေးတယ်သူ့ သားအငယ်ပါသွားရမှာကိုး

ကျနော်ကတော့ ဆုံးဖြတ်ပြိးရင် ခေါင်းမခါတတ်တော့ပါဘူး….

အမေရယ်..သံသရာမှာ မကျွတ်မလွတ်နိုင်လို့  ဒီ ၃၁ဘုံမှာ ထပ်ကျင်လည်နေရတယ်အတိတ်ကံရှိတော့

ဘာသာခြားဘ၀မှာ ပင်ပန်းဆင်းရဲစွာ နေခဲ့ရတယ်..အခုကျနော် ရွှေငွေဂုဏ် ဆွေမျိုးဂုဏ်ကျနော့်မှာ ဘာမှမရှိပေမယ့် ၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်ကျနော် စိတ်ချမ်းမြေ့စွာနေရပါတယ်..ဒါပေမယ့် ကျနော်

ရေပေါ်ဆီ ဗုဒ္ဓဘာသာဝင်ဘ၀၊ သားကျွေးမှု မယားကျွေးမှုအတွက်ရုန်းကန်ရင်းရင်း သေရမယ့် ဆုံလည်နွား

အဖြစ်နဲ့စာရင် ကျနော်ချစ်တဲ့ ဗုဒ္ဓပုံတော် ထုလုပ်ရင်း ကျနော်ကို သေခွင့်ပေးပါ…”

………………….

………………….

ကျနော့်စကားကို မဒမ့်အမေက မျက်ရည်ကျရင်း သမီးနဲ့ မြေးလေးတွေကို သနားစိတ်နဲ့ ကြည့်ရင်း

ကျနော့်ကို ခွင့်ပြုခဲ့ပါတယ်..

နောက်ဆုံးတော့ ကျနော်ရယ်၊ အဘွားမြည်းအောင်အောင်ရယ်၊ ယောက်ဖ မောင်စိုးရယ် ၃ယောက် သထုံကိုချီတက်ကြပါတော့တယ်
………………………………
………………………………
သထုံရောက်တော့ ဆရာတော်လာတွေ့ ပါတယ်ပြီးတော့ ပန်းပု အချိုးတွေ ရွတ်ပြစမ်းကွာတဲ့ ။ ကျနော်ကလည်း တပည့်တော် ပန်းပု မထုဘူးပါဘူးဘုရားပန်းချီဘဲ ဆွဲတတ်တာပါဆိုတော့“ ပန်းပု မထုဘူးဘဲနဲ့ ပန်းပုထုမယ်မဖြစ်ရင် အစကတည်းက မလုပ်ဘို့  ပြောရော..။အဲတော့ ကျနော်ကလည်း ပန်းပုနဲ့ ပန်းရံဟာ အချိုးတူတဲ့ အကြောင်း လက်တွေ့ ပုံတော်ကို ရေးဆွဲပြမှ ဆရာတော်ကလက်ခံပါတယ်။ ဒါတောင်ဆရာတော်ကြီးက“ အေးဒီမှာတော့ ရန်ကုန် လက်ရာ၊ မန္တလေးလက်ရာ၊ ဘီလူးကျွန်းလက်ရာ ဆရာစုံနေတာဘဲမင်းသူတို့ ထက်သာအောင်လုပ်” လို့  ထပ်မိန့် သေးတယ်….ကျနော်ကတော့
စောင့်ကြည့်ပါဘုရား” ဘဲ ပြောရတာပေါ့။ 
လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ရင်းဘဲ တစ်နေ့ ကုန်ပါတယ်ညဘက်လဲ ရောက်ရောအောင်အောင်တို့ အမ၀မ်းကွဲက အိမ်မှာ လိုက်အိပ်ဘို့ ၊ဒီမှာ မအိပ်ဘို့ ကားနဲ့ လာခေါ်ပါတယ်လုံးဝ မအိပ်ခိုင်းပါဘူး။ ဒါပေမယ့် ကျနော်က ဒီမှာ တရားထိုင်ချင်လို့ ပါဒီမှာဘဲ အိပ်မယ် ဇွတ်ပြောမှ ပြန်သွားပါတယ်။ ကျနော်တို့ အိပ်မှာက လင်းလွန်းပင် နောက်က ဇရပ်လေးမှာပါ….
တော်တော်လေးမိုးချုပ်တော့ ဘုန်းကြီးတပါး အတင်းလာခေါ်ပါတယ်ဒီဇရပ်မှာ မအိပ်နဲ့ တဲ့ သူ့ ဇရပ်မှာ လိုက်အိပ်ဘို့  အတင်းလာခေါ်ပါတယ်
ကျနော်က ခေါင်းမာတယ်ဒီမှာဘဲ အိပ်ပါရစေလို့ ပြောတော့ ဘုန်းကြီးက အရေး အကြောင်းရှိရင် ဘုန်းကြီးဇရပ်ကိုပြေးလာတဲ့ ။
။အောင်အောင်နဲ့ မောင်စိုးကတော့ မျက်နှာလေးတွေက ဇီးရွက်လောက်ဘဲ ရှိတော့တာ။ ညမှောင်တော့ ၅ပါးသီလ ယူကြပါတယ်၃ယောက်လုံးပါ….။ ပထမ ၄ပါး အထိ ဘာမှ မဖြစ်ပေမယ့် မုသာဝါဒါ ကံ ရောက်ရင် ကြက်သီးတွေ တစ်ကိုယ်လုံးထပါတယ်။ နောက်ခွေးတွေအူကြတာ တတောလုံးတတောင်လုံးလိုပါဘဲ
တော်တော်ထူးခြားတဲ့ နေရာပါအသံတွေကလဲ အစုံဘဲ ကြားနေရပါတယ်..။ အနံ့ တွေ ရပါတယ်..
ကျနော်ကတော့“ ကျနော်အခု လုပ်နေတာ ဘုရားသာသနာ အတွက်ပါ….ကျနော့်ရဲ့ ဘ၀ဘ၀က ဆွေမျိုးမိဘ မောင်နှမတွေ ဒီနယ်မြေမှာ ရှိနေကြတာ ကျနော်သိပါတယ်ဘ၀အစွဲတွေ မပြတ်နိုင်လို့ မကျွတ်မလွတ်ဖြစ်ပြီး သာသနာ့ မြေမှာ နေနေကြတယ်ပြီးတော့ သာသနာလုပ်ငန်းလုပ်နေတဲ့ သူကိုမှ နှောက်ယှက်ဦးမယ်ဆို ဘယ်လိုလုပ် ကုသိုလ်တရားရနိုင်မလဲစဉ်းစားပါကိုယ်လုပ်တာမှန်တယ်ထင်ရင်တော့ ဆက်လုပ်ပါငါ့ ခန္ဒာကိုတော့ ဘုရားကိုလှုထားပြီးပြီ….ဘုရားတဲ့ စွမ်းရင်တော့ ငါ့ကို ကြိုက်သလိုသာလုပ်” လို့ ပြောပြီး ပုတီးစိတ် ၊တရားထိုင် မေတ္တာပို့ပါတယ်..
ညဘက်ရောက်မှ အိပ်မက်ထဲမှာ အသားညိုညို ဆံပင်ရှည်လေးနဲ့ အမျိုးသမီးငယ်တစ်ယောက်က အနောက်တောင်ဘက်နားမှာ ကျင်ငယ်မစွန့် ဘို့  ကြမ်းတမ်းသောစကားတွေ မပြောမိစေဘို့  အကို့ ကို လာပြောတာပါ” လို့ ပြောပါတယ်….
…….
မနက်မိုးလင်းတော့ တခေါ်လောက်ဝေးတဲ့  လဘက်ရည်ဆိုင်မှာ လဘက်ရည်သွားသောက်တော့….၀ိုင်းကြည့်နေကြတာ
နောက်မှ ဆိုင်က ကောင်မလေးက ပန်းပု ပန်းရံ ဆရာတွေလားတဲ့ ။
ဟုတ်ပါတယ် ဘာဖြစ်လို့ လဲဆိုတော့ “ ညတွင်းချင်း ပြေးမယ်လို့ ထင်နေကြတာ”တဲ့ ..။ ဘာဖြစ်လို့ လဲလို့ အစ်အောက်မေးမှအဲဒီဇရပ်က လူမပြောနဲ့ ဘုန်းကြီးတွေတောင်မအိပ်ရဲဘူးဆိုပြီး ဇာတ်စုံခင်းတော့တာ။ 
ပြီးတာနဲ့ ဟို၂ ယောက်က ဖောက်လာပြီဒီည မြို့ ထဲက အမအိမ်မှာ သွားအိပ်ရအောင်တွေ ဘာတွေဖြစ်လာရော
သူတို့ အမကလဲ ကားနဲ့ ရောက်လာပြီး“ ညက ဘာဖြစ်သေးလဲ”လို့ မေးပါတယ်ဘာမှ မဖြစ်ပါဘူးဆိုမှတော်သေးတာပေါ့တဲ့
ပြောရမယ်ဆိုရင်ဗျာအလုပ်လုပ်လိုက် ဟို၂ယောက်ကို ဆွဲထားလိုက်နဲ့ ဘဲ ၃ရက်မြောက်နေ့ မှာတော့ ဘုရားမျက်နှာတော်ပါအချောကိုင်နေပါပြီ….ကျနော့်လက်တွေကို ကိုယ်တိုင်တောင်အံ့သြရပါတယ်
၃ရက်မြေက်နေ့ မှာဘဲ မိုးလေးတဖွဲဖွဲရွာနေတုန်း ဆရာတော်ကြီး ဆွမ်းခံပြန်ရင်း( သက်တော် ၇၀ ကျော်နေတဲ့ ကျောင်းထိုင်ဆရာတော်ကြီးက ကိုယ်တိုင်ဆွမ်းခံပါတယ်ကျနော်တော်တော်လေးစားကြည်ညိုမိပါတယ်) လှည့်ဝင်လာပါတယ်
ဘယ်လောက်ပြီးပြီလဲ ဒကာလေးလို့ မေးရင်း ပုံတော်ကိုတွေ့ တံ့ အခါ….ငါတို့ ဘုရားရှင်ဟာ အိန္ဒိယနွယ်ဖွားကွ….ကျောင်းဝင်းထဲမှာ ရုပ်ထုပုံတော်တွေအများကြီးဘဲဒါပေမယ့် ဒီလို မျက်နှာတော် မဖူးဘူးသေးဘူ….ခုမှဘဲ အိန္ဒိယ ဘုရားဖူးရတော့တယ်ငါမနေနိုင်တော့ဘူးကွ ဆိုပြီး မိုးရွာထဲမှာဘဲ သပိတ်ကိုဘေးချပြီး အကြိမ်ကြိမ်ကန်တော့ပါတော့တယ်ဗျာ
အမှန်ဆို ပုံတော်က လက်စမသပ်ရသေးသလို အနေကဇာလဲ မတင်ရသေးပါဘူး….ဒါပေမယ့် ဆရာတော် စကားကြားမှ ကိုယ့်မှာလည်း သက်ပြင်းချနိုင်ပါတော့တယ်….။လူတွေလည်းဘယ်ကဘယ်ကရောက်လာမှန်းမသိပါဘူး….
နောက်ဆုံးတော့ အောင်မြင်စွာဘဲ ပြီးမြောက်ခဲ့ ပါတယ်….။ အနေကဇာတင်ပွဲကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ ပါတယ်
ပြန်ရတော့မယ့် နောက်ဆုံးနေ့ မှာမှ ကျနော် ဘုရားရှေ့ မှာသစ္စာဆိုခဲ့ ပါတယ်
အရှင်ဘုရား….ဒီလင်းလွန်းပင် သတ္တဌာနဘုရားပုံတော်ကို တပည့်တော် အောင်မြင်စွာထုလုပ်နိုင်ခဲ့ ပါတယ်ဒီပုံတော် ပြီးသည့်နေက် သေမလားရှင်မလားတပည့်တော် မသိပါ….

အကယ်လို့ မသေခဲ့လျှင်တပည့် တော် ဘ၀မှာ ပန်းပု ပညာနဲ့ ပါတ်သက်ကြုံတွေ့ လာခဲ့လျှင်

ထူးခြားသောလက်ကို ပေးသနားတော်မူပါသေမည်ဆိုလျှင်လည်း တပည့် တော် အသက်ကို လှုပါမည်” လို့ သစ္စာဆိုခဲ့ ဘူးပါတယ်….
………………………………….
လွန်ခဲ့ တဲ့ ၅နှစ်လောက်မှာတော့ ဆရာတော် ပျံလွန်တော်မူခဲ့ ပါတယ်
တမြန်နှစ်ကတော့ အဘွားဆုံးပါးခဲ့ ပါတယ်……..
ကျနော်ကတော့ မထင်မှတ်ဘဲ ပန်းပုရုပ်ကလေးတွေနဲ့ ဘ၀ကို အတူ ရင်ဆိုင်နေဆဲပေါ့…..

…….

…….

i285773616_56698_4

 

i285925785_33563_4

 

i285925784_1644_4

 

i285762697_89916_4

 

i285773617_8601_4

 

i285762195_54396_4

i285762698_82380_4

 

i285762194_33215_4

 

i285926271_13223_4

 

i285762695_9785_4

အရင်က တင်ဘူးသော ပန်းပုရုပ်ကလေးတွေပါ ပြန်တင်ပေးလိုက်ပါသည်


(သထုံ မြသပိတ်တောင်ခြေမှာ ဘုရားပုံတော်ထုလုပ်ရင်း ကြုံတွေ့ ရသော
တစ်ချို့ သော ပရလောက အကြောင်းနေရာလေးတွေမှာ ပြောပြလျှင် လက်တွေ့ မဟုတ်ပါက ယုံကြည်ဘို့ ခက်သောကြောင့် ချန်လှပ်ထားခဲ့ ပါသည်)

အားလုံးဘဲသစ္စာဖြင့် အရာရာ အောင်မြင်နိုင်ကြပါစေ

 

ခေါင်

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။