ရင်ခုန်သံမညီမျှသည့် နံရိုးစွပ်ပြုတ်တစ်ခွက်

စဆရ ႀကီးDecember 27, 20131min19010

ကျုပ်မျှော်လင့်ချက်ကြီး ရုတ်တရက်ကျကွဲသွားသည်။ စိတ်ကူးများတော့ တစ်စစီကြေမွလျက်သားနှင့်..

ဟိတ်လူ
ခင်ဗျားက ကိုယ့်ကိုယ်ကို လူလို့ထင်နေတာကိုး
လောကကို ဇောက်ထိုးကြီးကြည့်နေမှတော့
အတည့်အတိုင်းရှိနေတာတွေ
ခင်ဗျားအမြင်မှာ တော်တော် ကိုးလိုးကန့်လန့် နိုင်နေမှာပဲ…

ဟု

မျက်မှောက်ပစ္စုပ္ပန်ကြီးက ကိုရင်စိုင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပိုးစိုးပက်စက်ပြောလေသည်မှ ကိုရင်စိုင်း ရင်ဘတ်ကြီးတစ်စုံကို ငုံ့ကြည့်မိသည်။

သွေးစိမ်းရှင်ရှင်ထွက်လျက်သားနှင့် မျှော်လင့်ချက်တွေ အငွေ့တစ်ထောင်းထောင်းထ ပျောက်ကွယ်သွားသည်ကို ပြန်မြင်ရချေသည်တည့်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ထိုလက ကိုရင်စိုင်း ၁၀၀ဝ တိတိ လစာရပါ၏။ လူကြုံရှိသဖြင့် လိုချင်သည်ဆိုသော CK White ကိုရှာတာ မတွေ့သဖြင့် CK One ၁၆ဝ တန်တစ်ဗူးကိုဝယ်ပြီးနောက် နည်းနေပါသေးသည်ဟုဆိုကာ ကိုရင်စိုင်းနေထိုင်ရာ တောမြို့လေးမှ အဆင့်ဆင့်ခရီးနှင်ကာ ဒူဘိုင်းမြို့ပေါ်သို့ရောက်လာလေ၏။ အကူအညီတောင်းထားသူများမှ ၂ဝ တန်ဆိုင်ကိုလိုက်ပို့သည့်အတွက် စိတ်ဆိုးရလေ၏။ နောက်ဆုံးတွင်မတော့ လိုက်ရှာရင်း Nasser Square ကိုရောက်ပီး အီတလီ Hand Made ဖိနပ်တစ်ရံကို ၄၀ဝ ကျော်ခန့်မျှသောငွေဖြင့် ဝယ်လိုက်လေ၏။ ချစ်ခင်လှစွာသော ချစ်သူထံသို့လည်း ကျန်တာတွေ အကုန်လွှဲလိုက်လေ၏။

ထိုလက ကိုရင်စိုင်းအလုပ်တွင်စီးသော ၁ဝ တန်ဖိနပ် အပေါ်က တစ်ချို့နေရာတွေကွာနေသဖြင့် အားလုံးညီသွားအောင် အကုန်ခွာလိုက်လေ၏။ ရေတော့ မလုံတော့ပါ။ သားရေတုဖိနပ်ပဲ၊ ဒီလောက်တော့ ရှိမှာပဲဟုဆိုကာ ရေနူးနေသောခြေထောက်တစ်စုံကို အိမ်ပြန်ရောက်သည်နှင့် စောင်နှင့်သေချာပါတ်ပြီး အိပ်ယာဘေးပါတ်ပါတ်လည်တွင် ကပ်ထားသော သူမပုံလေးများကို ငေးမောရင်း၊ သူမအမှတ်ဖြင့် နမ်းရှိုက်ရင်းဖြင့် အိပ်စက်ခဲ့ရသည်မှာ ညပေါင်းများစွာနှင့်။

သို့နှင့် လူကြုံပြန်ရောက်သွားပြီးနောက် ကိုရင်စိုင်း လက်ဆောင်မှာလည်း ရောက်သွားလေသည်ပေါ့။

” ကျောက်တွေက ပြူးပြူးကြီး၊ ဘာအရောင်ကြီးမှန်းမသိဘူး၊ ဝယ်ပေးလိုက်တာ အသုံးလဲမကျဘူး “

ဆိုသည့်စွဲချက်ဖြင့် ထိုဖိနပ်လေးမှာ ယခုတိုင် ချောင်ထိုးထားခံရလျက်သား။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုရင်စိုင်းလက်ထဲတွင် စာအိတ်တစ်စောင် ကိုင်လျက်သား၊ ထိုစာအိတ်မှာ နှယ်နှယ်ရရစာအိတ်တော့မဟုတ်ပေ။ ကိုရင်စိုင်းပြန်ရမည့်နေ့၊ ထိုင်ရမည့်ခုံ၊ စီးနင်းရမည့်လေကြောင်းလိုင်း အစရှိသည်တို့ကို အတိအကျရေးထားသော Online Ticket တစ်စောင်သာ ဖြစ်တော့၏။

ထိုမှအပြန်တွင်မတော့ ကားတောင် ငှားစီးခြင်းငှာ မတတ်နိုင်ပဲ စာအိတ်ကြီးကိုကိုင်ကာ သူမနာမည်ကို တစ်ဖွဖွ ရေရွတ်ရင်း ပြန်လာတော့မယ်ကွ၊ သူမနာမည်တိုင်တည်ပြီးသည့်နောက်မှ ပြန်လာရတော့မယ်ကွ၊ ထို့နောက် သူမအကြောင်းကိုတွေး၊ သူမအပြုံးလေးကို မြင်ယောင်ရင်း သူမပုံလေးများအားနမ်းရင်းနှင့် ကျန်ရှိနေချိန်များကို တွက်ကြည့်သောအခါမှ

၆ လနီးပါးခန့်ဟု။

ထိုမှစ ကိုရင်စိုင်းတစ်ယောက် ပိတ်ရက်မယူ၊ နေ့တိုင်း ၁၄ နာရီခန့်အလုပ်လုပ် ခွင့်ပြန်ရန်အတွက် ငွေစုလေတော့၏။ သို့နှင့် နောက်နှစ်လအကြာတွင် သူမမှ ချစ်ခင်လှစွာဖြင့် မဖြစ်နိုင်သဖြင့် လမ်းခွဲကြပါတော့ဟု အကြောင်းကြားလာလေ၏။

ကိုရင်စိုင်းမှာ ထိုလိင်ဗျံလက်မှတ်ကြီးကို လက်ကကိုင်၊ Gtalk မှ မှိန်နေသည့် သူမအကောင့်လေး စိမ်းလာချိန်ကိုစောင့်၊ လက်တစ်ဖက်မှ အရက်တစ်ပုလင်းကို တစ်ဇွတ်ဇွတ်မော့ရင်း ဧည့်ခန်းမှခုံပေါ်တွင် တစ်လကျော်ခန့် အိပ်ပျော်ခဲ့ရဖူး၏။

နောက်တော့လည်း ဘာဖြစ်သည်မသိ၊ ပြန်ချစ်ပါသည် ဆိုလာလေ၏။

ရင်ဘတ်တစ်ခြမ်းတော့ ကုန်သွားလေ၏။ အရက်ကျွမ်းသည်ပဲလေလော၊ အချစ်လောင်မြိုက်သွားသည်လေပဲလားပေါ့။

သေချာသည်ကတော့ ကိုရင်စိုင်း ရင်ဘတ်တစ်ခြမ်းနှင့် အသက်ရှင်နေခဲ့ပါသည်ပေါ့။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လေယာဉ်ပေါ်မှ ဆင်းလိုက်ပြီးနောက် ကိုရင်စိုင်းတစ်ယောက် အူယားဖားယားဖြင့် ရှေ့ဆုံးရောက်အောင် ပြေးထွက်လာခဲ့သည်။ သို့နှင့် ဦးဆုံးထွက်လာဖြစ်သည်ပေါ့။ မျက်လုံးများတော့ တောင်မြောက်ဝဲယာ အကုန်စုံအောင်ကြည့်လျက်သားနှင့်၊ လာကြိုသူဘယ်သူမှ မတွေ့ပေ။ နောက်ဆုံးတွင်မှ အညိုရောင်လေးဖြင့် သူမ လူအများကြားမှ ထွန်းလင်းတောက်ပလာလေ၏။ သူမစီစဉ်ထားပေးသည့် လှည်းတန်းမှ အဆောင်တစ်ခုတွင် ကိုရင်စိုင်းတည်းခိုနေထိုင်ရင်းနှင့် နေ့တိုင်းသူမအားကြို၊ အလုပ်တွင် အဖော်ပြုနေပေး၊ အိမ်ပြန်ချိန်ပြန်လိုက်ပို့နှင့် ခွင့်တစ်လကျော်ကုန်ကာနီးတွင်မှ…..

အတွင်းသတင်းများကို အတွင်းထဲမှ လူတစ်ယောက်က အတွင်းကျကျပြောပြသဖြင့် လူမသိသူမသိမေးသောအခါတွင်မှ ကိုရင်စိုင်းတစ်ကောင်

” ဝမ်းဘဲ… ဘွတ်အဲ “

ဟု အသံတောင်မထွက်နိုင်တော့သည်ပင်။

သို့နှင့် အောင်မြင်စွာ ဆုတ်ခွာလာတော့သည်။

နောင်များတွင်မတော့ ထိုသကောင့်သားသည်လည်း တစ်မြေရပ်ခြားထွက်သွားပါလေသည်တဲ့။

သူတို့အတွင်းရေးများကိုတော့ နောင်တစ်ချိန် ကိုရင်စိုင်းတစ်ယောက် မပေးချင်သော ပတ်စ်ဝါ့ဒ်တစ်ခုကို ရလိုက်ပြီးသည့်နောက်…

ထို့နောက်….

နှစ်လခန့်ဆိုသော အချိန်ကာလတစ်ခုကို တစ်နေ့မပျက်စေရအောင်

သေသေချာချာ ဖတ်ရှုလေ့လာပြီးသည့်နောက်

အကြောင်းစုံကို သိလိုက်ရပြီးသည့်နောက်

ကိုရင်စိုင်းတစ်ယောက်

ရင်ခုန်သံမညီမျှသည့်
တန်ဖိုးအနေအထားအရ ညှိနှိုင်းမရသည့်
သူစိမ်းနှစ်ယောက် အပေးအယူမမျှနှိင်သည့်
ဘယ်သောအခါမှ မနီးစပ်ခဲ့သည့်
ပျောက်ဆုံးနေခဲ့သော နံရိုးလေးတစ်ချောင်းအား

စွပ်ပြုတ်လုပ်သောက်လိုက်လေမိ၏။

လွန်စွာ ကောင်းလှပေသတည်း။ ။

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

10 comments

  • marblecommet

    December 27, 2013 at 10:47 am

    ကိုရှုံးဇာတ်က
    ဇာတ်ရိုးဇာတ်မှန်ကြီး
    ဒါပေမဲ့ ဒီလိုပဲ ဆက်လက်ဖြစ်ပေါ်နေဦးမယ့်
    ဆက်လက် ကြေမွနေကြရဦးမယ့်
    ဖြစ်စဉ်ကြီး….
    အရိုးဆုံးက အဆန်းဆုံး
    ပြန်ရတဲ့ ဝီစိကိစ္ဆာတွေပေါ့ခင်ဗျာ.
    …….
    ဟေ့လူ
    ခင်ဗျားဘာခင်ဗျား နံရိုးစွပ်ပဲပြုတ်ပြုတ်.
    တံကောက်ခွက်ပဲ ကင်ကင်
    ကျုပ်နံရိုးကိုတော့ မထိကြဘာနဲ့….
    ဗျဲ….

  • KZ

    December 27, 2013 at 3:44 pm

    ဒီ အကြောင်းလေးကို ဟိုတခါ ကော်မန့်တစ်ခုမှာ ပြောခဲ့ဖူးတာ အမှတ်ရတယ်။
    မေးချင်တာတော့ရှိတယ်။
    မမေးသင့်ဘူးထင်လို့ မမေးတော့ဘူးးနော်။

  • kai

    December 27, 2013 at 4:05 pm

    တကယ်ဆိုရင်.. စိတ်တော့မကောင်းဘူး..
    ဒါပေမယ့်.. အချစ်မှာမတရားတာမရှိ..

    လုပ်ချင်တာ.. လုပ်ပစ်စေသတည်း..။
    စွပ်ပြုတ်လည်း.. သောက်စေသတည်း.. :mrgreen:

  • Wow

    December 27, 2013 at 4:42 pm

    ငုတ်ကောင်းလေးခတ်သောက် ကိုစိုင်း ပိုကောင်းဒယ် :mrgreen:

  • TNA

    December 27, 2013 at 4:45 pm

    တခါဖတ်ဖူးတဲ့အကြောင်းလေးမို့ ထပ်တူထပ်မျှခံစားဖတ်သွားပါတယ်။ အခုတော့ပျော်နိုင်ပါစေ

  • Ma Ma

    December 27, 2013 at 5:02 pm

    အချိ ု့အချိ ု့သော လူတွေက သူတို့ရဲ့အောင်မြင်မှုတွေကိုချည်းပဲ မှတ်ထားပြီး
    လူကြားထဲမှာ ထုတ်ဖော်ကြွားဝါလေ့ရှိကြတယ်။
    သူတို့ရဲ့ရှုံးနိမ့်မူတွေကိုတော့ မေ့ချင်ဟန်ဆောင်ထားတတ်ကြတယ်။
    အဲလိုလူတွေကြည့်ပြီး ကိုယ်ကတော့ ညံ့လိုက်တာလို့ ထင်မိရင် မှားမယ် ရှုံး…… လူ။ 🙁

  • alinsett

    December 27, 2013 at 5:45 pm

    အဟင့်
    ကိုရင်စိုင်းတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့အားထုတ်ရေးသားတဲ့ ဝတ္ထုတိုတွေ အက်ဆေးတွေ ဖတ်မိရင် အားကျတယ်။

    ကိုယ်လည်း အဲဒီလို ကိုယ်ပိုင်ဟန်တစ်ခု ပေါ်လွင်အောင် ရေးတတ်ချင်တယ်
    ——–

  • ကျော်စွာခေါင်

    December 28, 2013 at 2:51 am

    ကိုစိုင်း
    စွတ်ပြုတ် ချက်ပြုနည်း အသစ်တွေပါသင်ထားဗျ..
    လိုရမယ်ရပေါ့လေ….။
    နည်းနည်းလေး နောက်ကျပြီး စောစောသိလိုက်ရတာ ကံကောင်းဒယ်…

  • Foreign Resident

    December 28, 2013 at 7:03 am

    ကိုရင်စိုင်း ရယ် ။
    ကိုယ်က ရုပ်ခံ ရှိပြီးသား ဘဲဗျာ ( ပေါလွန်းလို့ ) ။
    အသည်း တယ်နုသကိုး ဗျ ။

  • အတည်ကြီးလား..
    😥
    အတည်ကြီးမန့်နေကြတော့ အတည်ပဲစိတ်မကောင်းဘူး။
    အရှုံးသမားဆိုတာ သီးခံတတ်ရင် နိုင်လူဖြစ်လာမှာမလွဲစတမ်းပါ။
    လက်မထောင်ထားပါလို့ပဲအားပေးပါရစေ။

Leave a Reply