နံနက်ခင်းလေးတစ်ခုမှာပေါ့
ကျွန်တော်တို့ရွာလေးရဲ့ ကမ်းခြေတလျှောက်
အတွေးစတွေဆန့်ထုပ်ရင်း လမ်းတလျောက်
တနေ့တာနွေးထွေးတဲ့အလင်းရောင်ကိုဖန်ဆင်းတော့မယ့်
နေမင်းကြီးကိုနှုတ်ဆက်လိုက်တယ်……………..

ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့
လေပြေနုတွေက အေးမြပေမယ့်

ကျွန်တော်တို့အတွက် ကံကောင်းခြင်းတွေသယ်ဆောင်လာပြီး
ပျော်ရွှင်မှုတွေကိုတော့ မင်းတို့နဲ့အတူဆောင်ကြဉ်းမသွားပါနဲ့

ကျွန်တော် ဝမ်းနည်းတတ်လို့ပါ…………………

အဆံမရှိတော့တဲ့ အသွေးရောင်စုံ
ခရုခွံလေးတွေကတော့ ဒီလောကနဲ့မသက်ဆိုင်တော့သည့်အလား
ဖြူလွှလွှသဲသောင်ပြင်ပေါ် တိပ်ဆိပ်စွာလဲလျောင်းရင်း
ငြိမ်သက်ခြင်းတေးသွားကိုဆိုနေကြလေရဲ့
သူတို့ခြေရာတွေကတော့
လှိုင်းလေးတွေအောက်ကွယ်ပျောက်ခဲ့ရပါပြီ………………

ကျင်းဝကို ကိုယ်စီထွက်လာကြတဲ့
ဂဏန်းနီလေးများကတော့
လွပ်လပ်မှုကိုကြွေးကြော်ရင်း
ဘေးတိုက်ပြေးလွှားဆော့ကစား
ညီညွတ်ခြင်းတေးသွားကိုဆိုနေကြလေရဲ့
မျှော်လင့်ချက်ကိုယ်စီနဲ့လေ……………….

ကမ်းခြေအလှကို တန်ဆာဆင်ထား
ခိုင်ခံ့ မာကျောလှပါတယ်ဆိုတဲ့
ကျောက်ဆောင်တွေက ညည်းတွားတယ်
သူတို့ကို ညင်သာစွာပုတ်ခတ်
လှိုင်းလေးတွေပေးတဲ့ ဒဏ်ရာကိုယ်စီနဲ့ပါ…တဲ့…..

ပင်လယ်ပြင်တဖက်ကမ်းက
မိုးကုတ်စက်ဝိုင်းစွန်းဆီမျှော်ကြည့်မိတယ်
ကျွန်တော်တို့ပန်းတိုင်များ အဲဒီမှာရှိလေမလား
တားဆီးထားရာလှိုင်းလုံးကြီးတွေကိုကျော်ပြီး
သွားကြည့်ချင်ပေမယ့် စဉ်းစား
ပန်းတိုင်မရောက်ခင်များ ငါနစ်မြုတ်သွားလေမလား………

ဒီစိုးရိမ်ကြောက်ရွံ့မှုတွေအားလုံး
မြေနှုတ်ပေါင်းသင်ပြစ်လိုက်တယ်
ရေလှိုင်းတွေတောင် ကျောက်ဆောင်တွေကိုတိုက်စားနိုင်ခဲ့သေးတာပဲ
လက်ကျန်ဘဝကို အလှပဆုံးထုဆစ်လို့
ပန်းတိုင်ထိ ကိုယ်တိုင် ပဲ့ကိုင် ရွက်လွင့်
အနက်ရှိုင်းဆုံးခြေရာတွေ ထင်ကျန်စေရစ်မယ်…………………..

 

အညတရကျောင်းဆရာ တစ်ဦး

About Tun Lin Naing

Tun Lin Naing has written 5 post in this Website..