မီးပုံဘေးကလူတွေ

Paing LayDecember 31, 20131min914

ကျွန်တော့် အဖေဆုံးတော့ အမွေကိစ္စနှင့် စကားများကြသည်။ အဖေချန်ထားခဲ့တဲ့ မြေကို မောင်နှမများ အညီအမျှခွဲဝေယူရန် ဆုံးဖြတ်ကြရာ ဝေစုမတည့်ရာမှ စကားများကြသည်။ နောက်ဆုံး သိပ်ချစ်ပါသည်ဆိုသည့် မောင်နှမများ တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြသည်။ သူတို့ ဒီလိုဖြစ်နေတာကိုမြင်မှ ကျွန်တော်ဖတ်ဖူးသည့် ပုံပြင်လေးတစ်ပုဒ်ကို ပြေးမြင်ယောင်မိသည်။ ပုံပြင်လေးက ဒီလိုဗျ။

တောင်ပေါ်ရွာလေးတစ်ရွာမှာပေါ့ဗျာ။ နှစ်စဉ် ဆောင်းရာသီတိုင်းမှာ နှင်းတွေ ထူထပ်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာ ခါတိုင်းနှစ်နဲ့မတူဘဲ နှင်းတွေ ထူထပ်စွာ ကျလာပြီး တစ်ရွာလုံးကို ဖုံးလွှမ်းပစ်သည်။ ထိုအခါ ရွာသာများသည် မိမိအိမ်ကိုစွန့်ခွာပြီး တောင်ပေါ်ရှိ ဂူတစ်ဂူထဲသို့ ရှောင်တိမ်းရသည်။ ဂူထဲတွင် ကိုယ်စီမီးဖိုကြရင်း ဖြင့် ပါလာသည့်ရိက္ခာများ ထင်းများဖြင့် မီးဖိုကာ မီးလှုံရင်း စားသောက်ကြသည်။ 3ရက်ခန့် ကြာသည်အထိ နှင်းထုများကလည်း မလျော့နိုင်သေးပေ။ ဒီလိုနှင့် ပါလာသည့် ရိက္ခာခြောက်နှင့် ထင်းများလည်း ကုန်စပြုလာသည်။

ညတစ်ည……….ရွာသားများအားလုံး အိပ်မောကျနေကြသည်။ ထိုအခါ လူတစ်ယောက်က မီးပုံကသေခါနီးဖြစ်နေသဖြင့် မီးညှိရန် ထလာသည်။ နောက်တစ်ယောက်ကလည်း မီးဖိုထဲ ထပ်ထည့်ရန် ထင်းရှုးဆီသယ်ဆောင်လာသည်။ သူတို့နှစ်ဦး မျက်နှာချင်းဆိုင်မိသောအခါ တစ်ဖက်က အလုပ်ရှင် တစ်ဖက်က အလုပ်သမားဖြစ်နေသည်။ အလုပ်ရှင်ဘက်မှ ဒီလိုစဉ်းစားလိုက်သည်။

“ ဒီကောင်တွေက ငါ့ခြံထဲမှာ အလုပ်ကိုလည်း လက်ကြောတင်းအောင်မလုပ်။ ပြီးရင်ခွင့်လည်း ယူသေးတယ်။ လခတွေလည်း ကြိုထုတ်တယ်။ ပြီးရင် နေတာထိုင်တာလည်း စည်းမဲ့ကမ်းမဲ့ နဲ့ ဆန်ကုန်မြေလေးတွေ အလကားကောင်တွေ မင်းတို့ကို လူ့ပြည်မှာ အရှင်မထားတာပဲကောင်းတယ်” ဟု စဉ်းစားကာ သူ့လက်ထဲမှ မီးခြစ်ကို ပြန်ရုပ်သိမ်းလိုက်သည်။

အလုပ်သမားဘက်မှ ဒီလိုတွေးသည်။

“အလကား ကြောင်ပါး မသူတော်ကြီး ငါတို့ လုပ်အားခ တန်ရာတန်ကြေး မပေးတဲ့ အပြင် ခေါင်းပုံဖြတ်သေးတယ်။ ပြီးရင် သူများသားပျို သမီးပျိုတွေကို ငွေနဲ့ ပေါက်ပြီး ဖျက်ဆီးနေတာ မသိဘူးများမှတ်နေလား။ အလုပ်သမားတွေကိုလည်း မထင်ရင် မထင်သလို နှိပ်စက်တယ်။ ဒင်းလူ့ပြည့်မှာ မရှိတာပဲကောင်းတယ်” ဟု စဉ်းစားကာ သူ့လက်ထဲမှ ထင်းရှုးဆီများကို ပြန်ထားပြီး အိပ်နေလိုက်သည်။

နောက်ထပ် လူနှစ်ဦးသည် ထလာပြန်သည်။ ရိက္ခာခြောက်များကို မီးမွေးရန် တစ်ယောက်ကမီးဖိုဆီသို့လာသည်။ နောက်တစ်ယောက်ကလည်း မီးဖိုကို မသေစေရန် မီးဖြစ်တစ်လုံးကိုင်ဆောင်လာသည်။

ထိုလူ နှစ်ဦး မျက်နှာချင်း ဆိုင်မိသောအခါ-

တစ်ဖက်လူက ဒီလိုတွေးသည်။ “ ဒီကောင် ဒိဌိ အယူဝါဒကို လက်ကိုင်ထားတဲ့ကောင်ပဲ   ဒင်း့ကြောင့် ငါ့တို့ရွာထဲက သားပျိုသမီးပျိုတွေ သူ့ဘာသာထဲရောက်ကုန်တယ်။ ပြီးတော့ လည်း ငါ့ရွာထဲက နွားတွေလည်း ဒင်းကြောင့် မျိုးသုဉ်းတော့မယ်။ အဲဒီတော့ ဒင်းလူ့ပြည်မှာ မရှိတာပဲကောင်းမယ်” ဟုတွေးကာ သူ့လက်ထဲမှ ရိက္ခာခြောက်ကို ကိုင်ကာ ပြန်အိပ်နေလိုက်သည်။

တစ်ဖက်လူက ဒီလိုတွေးသည်။ “ ဒီကောင်ကလည်း ငါ့ဘာသာမကောင်းကြောင်းတွေပဲ ဖိပြောပြီးတစ်ရွာလုံးကို ဝါဒဖြန့်နေတဲ့ကောင်ပဲ။ ငါ့ဘာသာထဲက အပြစ်မဲ့တဲ့ လူတွေလည်း သူ့ကြောင့် ဒုက္ခရောက်ရတယ်။ ပြီးတော့ ငါ့ဆိုင်မှာ မဝယ်ကြပါနဲ့ဆိုပြီး တစ်ရွာလုံးကို စည်းရုံးပြီး ငါ့ဆိုင်ကို လာဘ်ပိတ်အောင်လုပ်တယ်။ ဒီတော့ ဒင်းကိုလည်း အရှင်မထားတာကောင်းတယ်” ဟုတွေးကာ မီးခြစ်ကိုကိုင်ပြီး ပြန်အိပ်နေလိုက်သည်။

နှင်းထုများ အားလုံးရှင်းလင်းသွားသောအခါ ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ဂူထဲတွင် အသက်ရှင် ကျန်ရစ်သူများကို ကယ်ဆယ်ရန် ရောက်ရှိလာကြသည်။ လူအချို့မှာအသက်ရှင်သန်ပြီး အချို့မှာ အေးစက် တောင့်ခဲလျက် သေဆုံးနေကြသည်။

 

တစ်ခု ထူးဆန်းသည်က ထိုသူများ၏ လက်ထဲတွင် ရိက္ခာခြောက်၊ မီးခြစ် နှင့် ထင်းရှုးဆီများ လက်ထဲတွင် ဆုပ်ကိုင်လျက် သေဆုံးနေသည်ကိုတွေ့ရလေသည်။

 

credit to- ဦးဘုန်း(ဓာတု) ၊မန္တလေး၊

မှတ်ချက်-ဆရာဘုန်း၏ မူရင်းစာမူက ထိုသို့မဟုတ်ပါ ကျွန်တော့် ရဲ့ ကိုယ်ပိုင်ဉာဏ်ဖြင့်သာ ကွန့်မြူးရေးသားထားကြောင်း ဝန်ခံအပ်ပါသည်။

အားလုံးကိုလေးစားတဲ့

Paing Lay

 

 

4 comments

  • Mလုလင်

    January 2, 2014 at 1:32 am

    ကကြီး ကို ဟိုဘက်လှည့်ကြည့် ဒီဘက်လှည့်ကြည့် ဆိုသလိုမျိုး ဝါဒဖြန့် တဲ့ ပုံစံ ဆန်ဆန် ရေးထားတာ လို့ ထင်ပါတယ်။

  • kai

    January 3, 2014 at 3:30 pm

    ဒီလိုစာမျိုးလေးတွေဖတ်ရတိုင်း.. ဖတ်ဖူးတဲ့.. ပုံပြင်လေးတပုဒ်သတိရမိတယ်..
    ဗုဒ္ဓဘာသာနဲ့ပါတ်သက်ပြီး.. ဖြစ်နေတဲ့ပုံပြင်ပါ..

    တကောင်နဲ့တကောင်ရန်ညိုးနဲ့သတ်ကြတာမှာ.. နကျယ်ကောင်(လားမသိ).နဲ့မြွေတို့ပုံပြင်ပေါ့..
    မြွေကသူ့နားပေါက်ထဲရောက်နေတဲ့နားကျယ်ကောင်ကိုသေစေဖို့.. လာနေတဲ့လှည်းဘီးအောက်ခေါင်းထိုးခံပြီး… နားကျယ်ကောင်သေအောင် လုပ်ထည့်လိုက်တဲ့ပုံပြင်လေးပါ..

    အဲဒါလေး…မှတ်မိသူ.. အကျယ်ရေးပြ..ညွှန်းစေလို.. :mrgreen:

  • Paing Lay

    January 11, 2014 at 2:41 pm

    တစ်ခါမှ လာမမန့်ဖူးတဲ့ ကိုလုလင်ကို လည်း အထူးကျေးဇူးတင်သလို အနော် ရေးနိုင်အောင်ကြိုးစားကြည့်ပါ့မယ့် လို့ ကတိပေးပါတယ် သဂျီးခိုင်ရေ 😀

  • Ma Ma

    January 12, 2014 at 6:32 pm

    တကယ်အရေးကြုံလာတဲ့အခါမှာလည်း ဇာတိမာနဂုဏ်ဓနတွေကို မစွန့်လွှတ်နိုင်ပဲ အသေခံကြနေကြတာတွေကို ခပ်ပါးပါးလေးတို့ပေးလိုက်ပါလားးးး 🙁

Leave a Reply