ဝက်ပိုက်ကောင်များ

ကျော်ဘသစ်January 4, 20141min17311

သားပိုက်ကောင်ဟာ သားပိုက်ကောင်မေတ္တာနဲ့
သူ့ရင်သွေးသူ သားလိုပိုက်ထားတာ ကိစ္စမရှိဘူး။

ဝက်တစ်ကောင်က
သားပိုက်ကောင်ဘာသာစကားပြောပြီး
သူ့ဗိုက်အောက်ချိတ်ဆွဲထားတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ
ကြက်ပေါက်စလေးတွေ ထည့်လွယ်ထားမယ်ဆိုရင်တော့
ဒါဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်။

ခင်ဗျား
ဒီကြက်ကလေးတွေ ကြီးအောင်မွေးပြီး
ဥကိုစားမှာလား
အသားကို စားမှာလား…လို့။

ပြီး
ခင်ဗျားကိုယ်တိုင် ခင်ဗျားလည်း မေး
ခင်ဗျားရင်သွေးကို ခင်ဗျား တကယ်ချစ်သလား
တစ်ဦးချင်းရဲ့ဘဝအား တကယ်တမ်း လေးစားမိသလား
လွတ်လပ်မှုဆိုတာကို ခင်ဗျား ယုံကြည်ပါသလား။

ခင်ဗျားလို
ဖြစ်တည်နေသူ သတ္တခန္ဓာတစ်ခုရဲ့
ယုံကြည်ခွင့်
ရွေးချယ်ခွင့်
ပြုမူလှုပ်ရှားခွင့်
မှန်ခွင့်၊ မှားခွင့်
ရင့်ကျက်ခွင့်၊ တည့်မတ်ခွင့်
ကိုယ့်တရားကိုယ် စီမံ
ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်ပိုင်ခွင့်
ဒါတွေခွင့်ပြုဖို့ အဆင်သင့်ဖြစ်ပြီလား။

လဲလျှောင်းနေတဲ့ဘဝဟာ
ဘယ်တော့မှ ဖြစ်တည်လာမှာ မဟုတ်ဘူး။

တစ်သက်တာ ကိုယ်မှာပိုက်ထားသမျှ
ဘယ်သူမှ အတောင်အလက်စုံလာမှာ မဟုတ်ဘူး။

နဖူးပြဲပြဲ၊ ဒူးကွဲကွဲ
ကလေးလည်း ကလေးအလျှောက်
သူတို့လည်း လမ်းလျှောက်ချင်ကြတယ်
ခင်ဗျားက
အတ္တအိတ်ကို သွန်မှောက်ပေးလိုက်ရုံ။

အဲဒီလိုမှ မဟုတ်ရင်တော့
ကျွန်တော်က ထပ်မေးရပြန်ဦးမယ်
ခင်ဗျားက ဝက်ပိုက်ကောင်လား…လို့။
…………………………
ကျော်ဘသစ်
…………………………
လွတ်လပ်ရေးနေ့
(အထိမ်းအမှတ်စာစီစာကုံး)

11 comments

  • kai

    January 4, 2014 at 3:13 pm

    ဝက်တစ်ကောင်က
    သားပိုက်ကောင်ဘာသာစကားပြောပြီး
    သူ့ဗိုက်အောက်ချိတ်ဆွဲထားတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ
    ကြက်ပေါက်စလေးတွေ ထည့်လွယ်ထားခွင့်ရှိနေမယ်ဆိုရင်…

    အဲဒီရှိနေတဲ့ လူနေမှုစနစ်… ဥပဒေတွေကို.. မေးခွန်းထုတ်ရလိ်မ့်မယ်..
    တကယ်က.. မေးခွန်းထုတ်နေရင်အချိန်ကုန်ပါတယ်..
    ဖြိုလှဲပြီး.. ပြုပြင်ပေးရမှာပေါ့…

    • Wow

      January 6, 2014 at 3:34 pm

      အနော်တို့ ဒဂျီးတောင် မော်ဒန်လာဘီ… :mrgreen:

  • padonmar

    January 4, 2014 at 10:47 pm

    သားပိုက်ကောင်ဆိုတာ သားကိုပိုက်လို့ ခေါ်တဲ့ အနွတ္ထအမည်လေ။ဝက်တစ်ကောင်က
    သားပိုက်ကောင်ဘာသာစကားပြောပြီး
    သူ့ဗိုက်အောက်ချိတ်ဆွဲထားတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ
    ကြက်ပေါက်စလေးတွေ ထည့်လွယ်ထားမယ်ဆိုရင်တော့
    ကြက်ပိုက်ကောင်လို့ ခေါ်သင့်တာပေါ့။
    မတူသောအတွေးနဲ့ မန့်ကြည့်တာပါ။

    • kai

      January 9, 2014 at 6:13 pm

      အိမ်မြှောင်လည်းမဟုတ်..
      ကျောင်းမြှောင်လည်းမဟုတ်..
      လက်မြှောင်..

      (ခုတလော.. ရွာလူကြီးဒွေးလေးပဒုမ္မာကို စ,နေတာပါ..။ မော်မော်အဖြစ်ရာထူးတိုးထားပါကြောင်း… သတိမထားမိမှာစိုးလို့…)

      • padonmar

        January 10, 2014 at 1:25 am

        `အ´ချက်ကတော့ မပြောရင်သိကို မသိဘူး။

  • ကြောင်ဝတုတ်

    January 6, 2014 at 2:33 pm

    ဒီအကြောင်း အခွင့်သင့်ရင် ဆွေးနွေးပါဦးမယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • Ma Ma

    January 9, 2014 at 6:05 pm

    ကွန်မန့်နည်းလို့ စာရေးသူစိတ်အားလျော့မှာစိုးလို့ …..
    အတွေးအရေးဆန်းတဲ့ ကျော်ဘသစ်ရဲ့လက်ရာတွေကို သဘောကျလို့ အမြဲုဖတ်ဖြစ်တယ်ဆိုတဲ့ အကြောင်းလေး သတင်းပို့ထားတာ။ 🙂

  • ကျော်ဘသစ်

    January 10, 2014 at 4:32 pm

    ကျွန်တော်လည်း စဉ်းစားမိပါတယ်…
    ဝက်ပိုက်ကောင်းအစား… ကြက်ပိုက်ကောင်လို့ ပြောင်းမလားဆိုပြီး..။
    သူ့အဓိပ္ပါယ်နဲ့သူ ဖော်လို့ရတာပဲလေဆိုပြီး ထားလိုက်တာပါ… ဒွေးလေး padonmar.

    ဒါနဲ့… ကွန်မန့်နည်းပေးမယ့်… စိတ်မလျှော့ပါ…
    ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေက ပရိသတ်အများကြီး မျှော်လင့်လို့ မရဘူးဆိုတာ သဘောပေါက်နေတာကြောင့်ရယ်…
    ကျွန်တော်လည်း ကွန်မန့်တစ်ခုချင်းကို ချက်ချင်း အကြောင်းပြန်ဖို့ အခြေအနေမပေးတာရယ်ကြောင့်ပါ။
    ဘာပဲဖြစ်ဖြစ် အဆင်ပြေသလို… ဆက်ရေးသွားမှာပါ…
    ……

    အားလုံး ကျေးဇူးပါ…

  • Ma Ma

    January 11, 2014 at 8:59 am

    သားကို ပိုက်တဲ့ အကောင်မို့ သားပိုက်ကောင်လို့ ခေါ်တယ်။
    ဝက်က ပိုက်လို့ ဝက်ပိုက်ကောင်လို့ခေါ်ခေါ်
    ကြက်ကို ပိုက်ထားလို့ ကြက်ပိုက်ကောင်လို့ ခေါ်ခေါ်
    သားလိုသဘောထားပြီး ယုယပိုက်ထွေးတာ မဟုတ်လို့ သားပိုက်ကောင်လို့ မခေါ်နိုင်တာတော့ အသေအချာပဲ။ 👿

Leave a Reply