ဆွဲစားမယ်

PhyoAugust 7, 20101min1262

ဇာတ်ကားအမည် – ဆွဲစားမယ်

ဒါရိုက်တာ – ကျော်ဇောလင်း

ဝတ္ထု၊ ဇာတ်လမ်း – မျိုးကိုမျိုး

သရုပ်ဆောင်များ – ရန်အောင်၊ မယ်လိုဒီ၊ မြင့်မြတ်၊ ဂွမ်းပုံ

ကြာချိန် – ၁၀၅ မီနစ်

ဒီတစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ ဇာတ်ကား တော်တော်များများ ထွက်ပေါ်လာတာကို စာဖတ်ပရိသတ်တွေ သတိထားမိမယ်လို့ ထင်ပါတယ်။ အဲဒီ ဇာတ်ကားတွေ ထဲမှာမှ ဇာတ်ကား တော်တော်များများကတော့ လိင်တူချစ်သူတွေဟာ နောက်ဆုံး ဇာတ်သိမ်းပိုင်းမှာဆိုရင် လူတွေပြောပြောနေကြတဲ့ ယောကျာ်းစစ်စစ်၊ မိန်းမစစ်စစ်တွေဆိုတဲ့ လိင်ကွဲချစ်သူတွေ ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒါပေမယ့်လို့ ထွက်ရှိခဲ့ပြီးတဲ့ ဇာတ်ကားတွေထဲမှာမှ ထူးထူးခြားခြား သတိပြုမိတဲ့ ဇာတ်ကားလေးတွေ ကတော့ “ကနားစီး မပြုံး” နဲ့ “ဆွဲစားမယ်” ဆိုတဲ့ ဇာတ်ကားလေးတွေက လိင်ကွဲချစ်သူဆိုတဲ့ ဟာလိုမျိုး မဖြစ်သွားပဲနဲ့ လိင်တူချစ်သူ တယောက်ဟာ သူ့ရဲ့လိင်စိတ်ကို ပြောင်းလဲလို့ မရဘူးဆိုတဲ့ အမြင်မျိုးကို ရိုက်ကူး တင်ပြထားတာကို တွေ့ရမှာ ဖြစ်သလို ဟာသလည်းဖြစ် ရယ်လည်း ရယ်ရတယ်၊ ဇာတ်သိမ်းထားတဲ့ အချက်မှာလည်း လိင်စိတ်ဆိုတာကို ပြုပြင်လို့ မရဘူးဆိုတဲ့ တကယ့်လက်တွေ့ဘဝနဲ့ ကိုက်ညီတဲ့ သတင်း အချက်အလက်တွေကို ပေးပို့နိုင်တဲ့အတွက် ဒီတပတ် သက်တံ့စာစောင်ရဲ့ ရုပ်ရှင်ကဏ္ဍမှာ ဖော်ပြရေးသား ပေးလိုက်တာ ဖြစ်ပါတယ်။

အခုတလော အရမ်းရယ်ရတယ် ကြည့်လို့ ကောင်းတယ်လို့ လူပြောများပြီး ရေပန်းစားနေတဲ့ ဆွဲစားမယ် ဆိုတဲ့ ဇာတ်ကားကို ကြည့်မိတဲ့အချိန်မှာ ထူးခြားတာ နှစ်ခုကို တွေ့ရပါတယ်။ တစ်ခုကတော့ ဇာတ်ကားထဲမှာ မိုးထက်မြင့်ဆိုတဲ့ လိင်တူချင်းချစ်သူ (မိန်းကလေးလို ဝတ်စားဆင်ယင်နေထိုင်သူ)အဖြစ် သရုပ်ဆောင်ထားတဲ့ ရန်အောင်ရဲ့ အထူး သရုပ်ဆောင်ချက် တွေဟာ တခြားမင်းသားတွေ လိင်တူချစ်သူလို သရုပ်ဆောင်တဲ့ ဟန်ပန် အမူအယာထက်ကို ပိုပြီးတော့မှ ပီပြင် အသက်ဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တချို့သူတွေဆိုရင် ဇာတ်ကား ပြီးခါနီးတဲ့အထိ ရန်အောင်သရုပ်ဆောင် နေမှန်းတောင် မသိတဲ့သူတွေ ရှိပါတယ်။ ဒုတိယ တချက်ကတော့ ဇာတ်ကားထဲမှာ လိင်တူချစ်သူတယောက် ဖြစ်တဲ့အတွက် ရှက်ရွံ့ အားငယ်နေစရာ မလိုပဲ ရဲရဲရင့်ရင့်နဲ့ “ဒါမျိုးမကြောက်လို့ ရွာရိုးရှောက်နေတဲ့ မဟာမျိုး အခြောက်ဟေ့”ဆိုပြီး အော်ပြောနေတဲ့ ပုံဟာ တကယ့်ကို အားနဲ့မာန်နဲ့ လိင်တူချစ်သူတွေအတွက် စိတ်ဓါတ်ကို တက်ကြွစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် အပြင်လောကမှာ လိင်တူချစ်သူတွေ အချင်းချင်း တကယ်နေထိုင်ပုံ စရိုက်တွေ၊ ပြောဆိုဟန်ပန် အမူအယာတွေ၊ သုံးနှုန်းတဲ့ စကားလုံးတွေ ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဘယ်သူတွေကမှ မိုးထက်မြင့်ကို မိန်းကလေးတွေကို စိတ်ဝင်စားလာအောင် ကြိုးစားလုပ်ဆောင်ပေမယ့် လိင်တူချင်းကို ကြိုက်နှစ်သက်တဲ့ လိင်စိတ်ဆိုတာကို ပြောင်းလဲလို့ မရဘူးဆိုတဲ့ အချက်ကို အဓိက ပေါ်လွင်အောင် ရိုက်ကူးတင်ပြ ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဇာတ်ကားလေး ထဲမှာတော့ မိန်းမပုံစံ ဝတ်စားဆင်ယဉ် နေထိုင်တဲ့ အယောကျာ်း တစ်ယောက်က သူ ငယ်ငယ်လေးကတည်းက ချစ်ခင်စွဲလမ်းခဲ့ရတဲ့ ငယ်ချစ်ဟောင်း ချစ်သူ ယောကျာ်းတစ်ယောက်ကို သူငယ်ချင်း မိန်းကလေးက လုယူသွားတယ်ဆိုပြီး ဖြစ်နေတဲ့ စိတ်အပေါ်မှာ အခြေခံကာ တစ်မိသားစုလုံးအပေါ် အခဲမကျေ ဖြစ်နေတဲ့ စိတ်တွေက မိသားစုဝင် သားသမီး လူငယ်တွေ အပေါ်မှာပါ အကျိုးသက်ရောက်စေတဲ့ စိတ်ဓါတ်လေးတွေကို အခြေခံပြီးတော့ ရယ်စရာ ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ယောကျာ်းကနေ မိန်းကလေးပုံစံ ပြောင်းလဲ ဝတ်စားဆင်ယင်ပြီး ကိုယ့်ကိုယ်ကို မိန်းကလေး တယောက်ကဲ့သို့ နေထိုင်ပြုမူတဲ့ မိုးထက်မြင့်ဆိုတဲ့ သူတယောက်မှာ မွေးစားထားတဲ့ တူ နဲ့ တူမ နှစ်ယောက်ရှိတယ်။ တူဖြစ်တဲ့သူက တချိန်လုံး အရက်တွေကိုပဲ ဖိသောက် သူငယ်ချင်းတွေနဲ့ ပျော်ပါးနေထိုင် တတ်သလို တူမဖြစ်သူကလည်း မိုးထက်မြင့် လိုးဝ ကြည့်လို့မရတဲ့ မိသားစု တစ်ခုက ကောင်လေး နဲ့ ချစ်ကြိုက်ခဲ့တဲ့ အတွက်ကြောင့် လုံးဝ သဘောမတူနိုင်ပဲ ကန့်ကွက်ခဲ့ပုံတွေ၊ အဲဒီ ကောင်လေးနဲ့ သဘောမတူရခြင်းရဲ့ အဓိက အကြောင်းအရင်း ကတော့ မိုးထက်မြင့်မှာ ငယ်ငယ်တုန်း ကတည်းက အရမ်းချစ်ခင်ရတဲ့ သူငယ်ချင်း သုံးယောက် ရှိပါတယ်၊ အဲဒီ သူငယ်ချင်း သုံးယောက်မှာ ကောင်လေးကို ကျတော့ မိုးထက်မြင့်က တဖက်သက် အချစ်တွေနဲ့ အရမ်းချစ်ကြိုက် ရင်ခုန်နေရပြီး သူငယ်ချင်း ကောင်မလေးကို ရင်ဖွင့်၊ နောက်ဆုံး သူငယ်ချင်း ကောင်လေးနဲ့ ကောင်မလေးက အိမ်ထောင်ပြု သွားကြတာကို သူလက်ထဲကနေ သူချစ်ရတဲ့ ချစ်သူကောင်လေးကို လုယူသွားတဲ့ သူငယ်ချင်း မိန်းကလေးကို သူ့လက်ထဲကနေ ကောင်လေးကို နှိုက်ယူသွားတဲ့ အတွက် ‘စနှိုက်ကျော်မ’လို့ ခေါ်ပြီး တစ်သက်လုံး အခဲမကျေဖြစ်ပုံတွေ၊ သူငယ်ချင်း မိန်းကလေးနဲ့ ရန်ဖြစ်ပုံတွေ၊ နောက် သားသမီးမျိုးဆက်အထိ ရောက်ပြန်တော့ စနှိုက်ကျော်မရဲ့ သားကလည်း မိုးထက်မြင့်ရဲ့ တူမလေးကို အသည်းအသန် ကြိုက်တဲ့ အတွက်ကြောင့် အစ်ကိုဖြစ်သူကို အရက်တိုက်ပြီး ချည်းကပ်ပုံတွေ၊ မိုးထက်မြင့်က နတ်ကို ကိုးကွယ်ယုံကြည် တဲ့အတွက် တူမဖြစ်သူကို နတ်မင်းသားလေးနဲ့ အိမ်ထောင်ချပေးတဲ့ နတ်ကနားပွဲမှာ ကောင်လေးက လိုက်လာပြီးတော့ မိုးထက်မြင့်နဲ့ ရန်ဖြစ်တဲ့ပုံတွေ၊ ကောင်လေးကလည်း မိုးထက်မြင့်ကို ယောကျာ်းဖြစ်သွားအောင် ဆိုပြီး ကြံမိကြံရာ မိန်းကလေး တယောက်ကို အကူအညီတောင်းပြီးတော့ အတင်းမြူဆွယ် ဖြားယောင်းခိုင်းတဲ့အတွက် နောက်ဆုံး မိုးထက်မြင့်က သိသွားပြီး အိမ်တိုင်ရာရောက် သွားရန်တွေ့ ပုံတွေ၊ ရန်တွေ့ပြီးတိုင်းလည်း ‘ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတဲ့ မဟာမျိုး အခြောက်ဟေ့’ လို့ ဟန်ပါ မာန်ပါ သရုပ်ကျကျ ပြောဆိုပုံတွေ၊ နောက်ဆုံး ဆိုင်တစ်ခုမှာ မိုးထက်မြင့်နဲ့ သူငယ်ချင်း တစ်ယောက် ထိုင်နေတုန်း အဲဒီ ဆိုင်ထဲမှာ ကောင်လေးတယောက်က ထမင်းစားပြီး ပိုက်ဆံ မရှင်းနိုင်လို့ ဆိုင်ရှင်နဲ့ အခြေအတင် ပြောဆိုနေတာကို သူငယ်တွေ အပေါ်မှာ အင်မတန်မှကို စေတနာ ထက်သန်တဲ့ မိုးထက်မြင့်က ပိုက်ဆံရှင်းပေးပြီး သူငယ်လေးကို အိမ်တိုင်ရာရောက် ခေါ်လာကာ တည်းခိုစေပုံတွေ၊ နောက်ဆုံး သနားလို့ အိမ်ပေါ်အထိ ရောက်အောင် ခေါ်တင်လာတဲ့ ကျေးဇူးကိုမှ မထောက်ထားပဲ ကောင်လေးက မိုးထက်မြင့်ကို အကြမ်းဖက်ပြီး ဒါးပြတိုက်ပုံတွေနဲ့ ဟာသနှော ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို ဘယ်လိုမျိုး ဇာတ်သိမ်းမလဲ ဆိုတာကို ပရိသတ်ကြီး ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပါဦးနော်။

သက်တံ့အယ်ဒီတာအဖွဲ့။

4 August, 2010

http://www.coloursrainbow.com/articles/40-entertainment/367-2010-08-04-06-37-30.html မှ ကူးယူဖော်ပြပါသည်။

2 comments

  • fatty

    August 7, 2010 at 3:15 pm

    တခြား ဖွတ်ကြားကားတွေထက်စာရင်တော့…သရုပ်ဆောင်တွေ ကြောင့် မဆိုးလှပါဘူး။ ဇာတ်လမ်းနဲနဲရိုးတာပါဘဲ။

  • Gong Zhu

    September 15, 2010 at 2:41 pm

    ဆွဲစားမယ် ၂ ထွက်မယ်လို့ပြောသံကြားတယ် ထွက်ပြီလားသိဘူး

Leave a Reply