လွမ်းရင့်ကြွေ အတိတ်နွေရက်များ

စဆရ ႀကီးJanuary 9, 20141min915

သူများတွေ ဟက်ပီးနွားရူးရီးယားဟုအော်သံကြားလိုက်ရလေသည်။

ကိုရင်စိုင်းတစ်ယောက် ဆိုင်ရှေ့မှ လူတန်းရှည်ကြီးကိုတစ်ချက်ကြည့်လိုက်၊ ဆိုင်ထဲမှ ပျာယာခတ်နေကြသော ဝန်ထမ်းများအား ချွေးတစ်လုံးလုံးဖြင့် လိုက်လံစီမံခန့်ခွဲနေရင်းမှ ခဏတာရပ်လိုက်ပြီး

နှုတ်ဖျားမှ အသံမထွက်ပဲ ခပ်ဖွဖွလေး ရေရွတ်လိုက်ပါ၏။ နှစ်သစ်မှာ အစဦးဆုံးတောင်းတဲ့ဆုပေမလား၊ ကောင်းမယ်ထင်တာလေးပေါ့..

“ပျော်ရွှင်စရာများ ဆောင်ကြဉ်းပေးမည့် နှစ်သစ်မင်္ဂလာဖြစ်ပါစေသား..” ဟုသာ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုရင်စိုင်းတစ်ယောက် တစ်မြေရပ်ခြားတွင် နှစ်ပေါင်းအတော်အတန်ကြာပေပြီ။ အိမ်မြှောင်မဟုတ်သည့် နိုင်ငံမြှောင်များဟုလည်းတစ်ချို့က ဆိုကြသေးသည်။ ဆိုချင်လဲ ဆိုလောက်စရာပင်၊ သူများနိုင်ငံတွေမှာ သူများလူမျိုးတွေ ကောင်းစားနေတာကို စိ်န်နားကပ်ရောင်နှင့် ပါးပြောင်နေရသည့်ဘဝ၊ ဆင်ဖြူတော်မှီပြီး ကြံစုပ်နေရသည့်ဘဝတွင်မတော့ မဝရေခမ်း သူတို့ဂုဏ်တက်စေမည့် အထိမ်းအမှတ်နေရာကြီးများကို နောက်ခံထားပြီး စပ်ဖြီးဖြီးပုံကြီးများရိုက်ပြီး ငါကွ.. ဟု ဓါတ်ပုံများရိုက်ပြီးလည်း ကြွားရမည်မည်ကို ရှက်လွန်းလှပေသည်။

သူတို့တွေ တိုးတက်သည်ကို အားကျရင်းဖြင့်သာ ငါ့မြေ၊ ငါ့ရေမှာများ ဒီလိုခေါင်းဆောင်ကောင်း၊ ဒီလိုနောက်လိုက်ကောင်းတွေနဲ့သာ ဒီလိုတစ်စုတစ်စည်းတည်း၊ တစ်စိတ်တစ်ဝမ်းတည်း ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားတာကို နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်ရင် ကောင်းမှာပဲဟုသာ…။ ကိုယ်ကိုယ်တိုင်သော်မျှ လူလက်တစ်ဆုပ်စာခန့်မျှကိုသာ ခေါင်းဆောင်နိုင်သေးသဖြင့် သန်းခြောက်ဆယ်ကျော်သော လူထုကြီးကို ဦးဆောင်ဦးရွက်ပြုနေသော လူတစ်စုအား နိုင်ငံကြီးအား ဘယ်သို့ဘယ်ပုံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြမည်၊ ဘယ်နည်းဘယ်ပုံဖြင့် လုပ်ဆောင်ကြံရွယ်ကြမည်ဟူသော စိတ်လေးများ ရှိစေချင်ပါသည်။ နောက်လိုက်နောက်ပါများသည်လည်း ထိုနည်းလည်းကောင်းပင်။

တစ်ကယ့်တစ်ကယ် ကိုယ်ပိုင်အမြင်ဖြင့် သုံးသပ်ရလျင်တော့မူ ရွှေပြည်တော် မျှော်တိုင်းဝေးလျက်သားပင်။ ကိုယ်ကိုယ်တိုင်သော်မျှ ဘာမှ မဟုတ်သေးသောကြောင့် မောနေသောရင်ကို ခပ်နာနာလေးဖိထားရင်း သက်ပြင်းရှည်ကြီးသာချမိတော့သည်။

ကျွန်တော်တို့ဘာများ တတ်နိုင်ပါလိမ့်နည်း၊ ဘာများရော တတ်နိုင်ပါဦးမည်နည်း။ ကိုယ့်လူမျိုးအချင်းချင်း အပြန်ပြန်အလှန်လှန် သတ်နေကြရုံမှတစ်ပါး ဘာမှ ဖြစ်လာစရာမရှိပေ။ လောက်လောက်လားလား ခေါင်းဆောင်နိုင်သူ တစ်ယောက်တစ်လေမှလည်း ခုထိ မမြင်မိသေးပေ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သို့နှင့်ပင် ကျွန်တော်အပါအဝင် တိုင်းရင်းသား၊ ပြည်သူ၊ ပြည်သားအပေါင်းတို့သည် သူများရေမြေများတွင် သူများတွေ မလုပ်ချင်၊ မလုပ်နိုင်သော အလုပ်ပေါင်းစုံ၊ အလုပ်ကြမ်းများကို (အများစုသော ရွှေ့ပြောင်းလုပ်သားများကိုသာ ရည်ညွှန်းလိုကြောင်း) လုပ်ကိုင်ကြရင်း နဖူးမှ ချွေး မျက်လုံးထဲ ကိုးလိုးကန့်လန့် ဝင်လာသောအခါများတွင် ကိုယ့်ရပ်ကိုယ့်ရွာကို လွမ်းလို့ကျချင်တဲ့ မျက်ရည်နဲ့ ရောလှိမ့်ချလိုက်ပြီး ပါးပြင်မှ ချွေးမျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး အပြုံးတစ်ပွင့်ကို ခပ်ရွဲ့ရွဲ့နှင့် နှုတ်ခမ်းတွင် အချိန်မှီချိတ်လိုက်ရင်း….

တစ်ချိန်က..

တစ်သာင်းရှစ်ထောင်မျှသောငွေကြေးအတွက် မနက်အစောကြီး ထပြီးချက်ပြုတ်ပြင်ဆင်နေရရှာသော မိခင်များ၊ ကိုယ့်လိုရွယ်တူတွေ အိပ်ယာထက်မှာ ကွေးလို့ကောင်းတုန်းအချိန်မှာ အိပ်ယာက မထချင်ထ၊ ရေမိုးချိုး၊ ယူနီဖောင်းဝတ်ပြီး မနက်စာကို ဖြစ်သလိုစား၊ ချိုင့်ထဲ ဘာပါမှန်းမသိပဲ ဆွဲယူလာပြီး လိုင်းကားဂိတ်သို့အပြေးလာ၊ တစ်နေ့တာအတွက် ပါလာသမျှ ငွေလေးခပ်နွမ်းနွမ်း နှစ်ရွက်သုံးရွက်ကို လက်တွင်ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သွားလိုသည့်နေရာသို့ တစ်ဆက်တည်းရောက်မည့်ကားကို ကားမှတ်တိုင်တွင် ဖွေးဖွေးလှုပ်နေသည့် တစ်ခြားသော မဝရေစာရှာ မနုဿလူသားများနည်းတူ လည်ပင်းကြီးမျှော်ပြီးစောင့်နေရတော့သည်။

တစ်စီးပြီးတစ်စီး ထိုးဆိုက်လာပါ၏။

ကားအသီးသီးမှာ မဖုံးနိုင်၊ မဖိနိုင်၊ အတွယ်အတာတွေ တိုးလိုးတွဲလျောင်းနှင့်။ ခြေမလေးတစ်ချက်ချ၊ လက်သန်းလေး ချိတ်စရာသော်မျှ မရှိပေ။ တစ်ချို့မိန်းမသားများမှာတော့ ဘာကိုမှ မမှုနိုင်ပဲ ထိုသို့သော လူလှိုင်းကြီးကြားထဲ တိုးခွေ့ဝင်ရောက်ပြီး တစ်အိအိ ထွက်ခွာသွားသော ကမ္ဘာစစ်လက်ကျန် ကားကြီးများပေါ်တွင် ဘယ်နည်းဘယ်ဖုံ ပါသွားလေသည်မသိ။

တစ်ရွေ့ရွေ့နှင့် ပျောက်ကွယ်သွားလေ၏။ ကျန်နေရစ်သူများ ဘယ်သူမှလည်း ခေါင်းရှုပ်ခံ စဉ်းစားမနေအားပါ။ နောက်ကားတစ်စီးကိုသာ ချောင်ပါစေသားဟု ကြိတ်ဆုတောင်းရင်း သစ်ကုလားအုပ်ကြီးများအလား သူများခေါင်းကိုကျော်ပြီးမြင်ရရေးအတွက် ခြေဖျားထောက်လိုထောက်၊ အောက်က ငုံ့ကြည့်လို့ကြည့်၊ နောက်ကကြည့်၊ ဘေးကကြည့်၊ အရှေ့ကျော်ကြည့်၊ အနောက်ကနေကြည့်နှင့် သူများအရင် တစ်နေရာစာ ဦးအောင်လုနိုင်မှမလား။

ဒါကြောင့်ထင်ပါ၏။

နေရာတစ်ခုရထားသူများ ဘယ်တော့မှ မထချင်တော့ပေ။ အဲ့ဒီတစ်နေရာရအောင် ဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့ကိုယ်တိုင် အသိဆုံးမို့နေပေမည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တစ်လစာအတွက် ချွေးနှဲစာဆိုသည်မှာ ဟိုနှုတ်၊ ဒီနှုတ်နှင့် အားလုံးအမွှေးနှုတ်လိုက်သောအခါ ၅ ကျပ်သားခန့်တောင် အနိုင်နိုင်(ဟယ်…. မှားလို့၊ ဒီကြက်အကြောင်းက ပါလာသေး ဟီးဟီး) လက်ထဲမှ အနည်းငယ်မျှသော ခြင်္သေ့ငုတ်တုတ်ထိုင်များကို မိခင်လက်တွင်း အပ်နှင်းလိုက်သောအခါတွင်မတော့ ရှေ့လာမည့်နေ့ရက်များကိုတွေး၊ အရင်လ လက်ကျန်ရှင်းစရာလေးများကို တွေးတောပြီးသကာလ

ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ မိဘကိုလုပ်ကြွေးတဲ့ သားလိမ္မာလေး ဘေးမသီရန်မခပါစေ

နဲ့လို့တောင် မြန်မာ့ယဉ်ကျေးမှုပေါ်လစီကားထဲကများလိုပင် ဟန်ဆောင်ဆုမတောင်းနိုင်ရှာပဲ သက်ပြင်းရှည်ကြီးတစ်ချက်ကိုသာ ဆုချရင်း မကြည်မသာမျက်နှာဖြင့် ဇိုးဇိုးဇတ်ဇတ်ဆွဲယူရင်း ဖူးထားသည့်လက်အစုံ ကြမ်းပေါ်မကျမီမှာပင် မီးဖိုချောင်ရောက်သွားလေ၏။

ဒါလဲ ကောင်းလေစွ၊ ပြန်ထလိုက်တော့ ဘာမှမမြင်ရတော့ပဲ ထိုင်ခုံကြီးသာ ဟောင်းလောင်းကြီးနှင့်။

ကိုယ့်ဖာသာ ဖုတ်ဖက်ခါထပြီး တစ်နေ့တာ ကြုံတွေ့နေကျ နိစ္စဒူဝလောကကြီးကိုသာ ရှုတည်တည်ကြီးရင်ဆိုင်လိုက်တော့၏။

သို့နှင့်ပင် တစ်နေ့တွင်မတော့ သူလို၊ ကိုယ်လိုပါပဲ နိုင်ဂျံဂါးဆိုတာကြီးကို ဘာအတတ်ပညာမှမပါပဲ လုပ်အားတစ်ခုကို အရင်းပြုပြီးရောက်လာလေတော့၏။ အိမ်ပြန် ကိုယ့်လူမျိုးများ မတွေ့ရသည်မှလွဲလို့ အဓိပ္ပါယ်မရှိသော အလုပ်များကို လုပ်နေရဆဲပါပဲ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သို့နှင့် ဆယ်စုနှစ် နှစ်စုခန့်မျှ ကြာသွားလေသည်ပေါ့။

ဇာတိရပ်မြေကို စွန့်ခွာလာသည်မှ တွက်မိခြင်းဖြစ်ပါ၏။ သူတို့သည်ကား ကိုရင်စိုင်းရင်ထဲ၊ အတွေးထဲတွင်မတော့ တစ်ချို့က ပုဆိုးချက်အောက် အတော်ကျကျကြီးဝတ်ပြီး ဆံပင် ဖားသားဝဲယားကေကြီးများနှင့် (ဒါမှလည်း ထိုခေတ်ထိုအခါက အတော်လေး ဆက်ဆီကျတာလား)၊ တစ်ချို့များကျတော့ ဆံပင်လေးကို သေချာလျှော်၊ သေချာ ကျကျနန ကျစ်ဆံမြှီးကျစ်၊ စက်ဘီးကို နင်းသောအခါ လှတ ပတလေးဖြစ်စေရန် ထိုင်ခုံအမြင့်ကြီးတင်၊ ခြေဖျားလေးများဖြင့် စက်ဘီးခြေနင်းများကို မမှီ့တစ်မှီ ဟိုဘက်စောင်းလိုက်၊ ဒီဘက်စောင်းလိုက်နှင့် နင်းရင်း ရွယ်တူယောကျာ်းလေးများ မြင်သောအခါ အပျိုကြီးများအထာဖြင့် မျက်နှာလွှဲ ရှက်ပြုံးများပြုံးကြရင်းဖြင့် ဖြတ်သန်းခဲ့ကြသော ငယ်ငယ်က သူငယ်ချင်းများကို သတိရမိလေသည်။

အမှတ်တရ တစ်တန်းလုံး စုပေါင်းရိုက်ကူးထားခဲ့သော စုပေါင်းပုံကို ကိုင်ကြည့်ရင်း ကိုရင်စိုင်းတစ်ယောက် မှန်ကိုငေးကြည့်မိသည်။ နဖူးမှာလည်း နောင်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် လေယာဉ်ကွင်းဆောက်ရန် ငှားလို့ပင်ရလောက်ပေပြီ၊ တစ်ချိန်က အပျိုပေါက်လေးများ နင်ဘာတွေသုံးလဲဟု အမေးခံခဲ့ရသော နှုတ်ခမ်းကြီးတစ်ခုမှာ မီးသွေးရောင်ဖျော့ဖျော့နှင့်၊ အရှေ့အလည်ပိုင်းတစ်နေရာမှာလဲ ခါးပါတ်ကို ချက်အောက်လျှောဝတ်ရအောင်ကို မဖုံးနိုင်၊ မဖိနိုင်ဖြစ်လျက်သားနှင့်။

ကိုရင်စိုင်းသူငယ်ချင်းများမှာတော့ အမှတ်တရပုံလေးကို ပြန်ကြည့်မိလိုက်တိုင်း နုနုငယ်ငယ်နှင့် ပြုံးရွှင်ကြည်နူးလျက် ရှိနေကြသား။ ကိုရင်စိုင်းတစ်ယောက်သာ မဖုံးနိုင်၊ မဖိနိုင်သော ဇရာအမှတ်တရများနှင့်။ ဓါတ်ပုံအနားပျစွန်းများမှာတော့ တစ်ဖြေးဖြေး အရောင်တွေ ပျယ်လွင့်လာလျက်သားနှင့်။ သူတို့မှာတော့ ပုံမပျက်၊ ပန်းမပျက်နှင့်ပင်။

လွမ်းမယ့်သာလွမ်းရသည်။ ထွက်လာသည်မှ ယခုတိုင်အောင် သူတု့ိကို တစ်ယောက်တစ်လေသော်မျှ ကိုရင်စိုင်းမမြင်ရ။

လက်ချိုးရေတွက်မိပါ၏။ သိပ်တော့မများလှပါ။

ကိုရင်စိုင်း ငယ်ငယ်ကတည်းက အဆင့်တစ်နေရာကို လုနေကျ သဉ္ဖာထွန်း၊ သူမအားတစ်ချိန်က မကောင်းကြံသည့်အနေဖြင့် ကျောင်းဝင်းရှိ ပျားအုံအောက် သူမဖြတ်သွားချိန် ခဲနဲ့ပေါက်လိုက်ရာ ပျားနှစ်ကောင်ခန့်လိုက်တုပ်သည်ကိုရယ်ရင်း၊ ရယ်နေရင်းမှ ပျားတစ်အုံလုံး လိုက်တုုပ်သဖြင့် မျက်ရည်လည်ရွှဲဖြင့် အတန်းထဲထိ အော်ပြေးခဲ့ရသော ငါးတန်းတုန်းက အချိန်ကိုသော်လည်းကောင်း၊

သို့နှင့် ခုနှစ်တန်းရောက်တော့ ပထမအစမ်းမှာ ကိုရင်စိုင်းက အဆင့်တစ်ရသဖြင့်ဟုဆိုကာ သူမအား ဒါဏ်ချသည့်အနေဖြင့် သူမမိခင်မှ ကိုရင်စိုင်းအား စာလာသင်ခိုင်းသည်ကို မကျေမနပ်ဖြင့် သူလဲ စာကျက်ပါရစေဆိုပြီး ဇွတ်အတင်း လာပြီး စာမကျက်ချင်ပဲ စာလာကျက်သော လွှမ်းမိုးကျော်အားလည်းကောင်း၊ (သူသည်ကား ထိုစဉ်က ရန်ကြွေးကို အားမရသဖြင့်ထင်၊ ကိုရင်စိုင်းရှစ်တန်းနှစ်ရောက်သောအခါ ပထမဆုံးထွက်လာသော ဝက်ခြံအား နေ့တိုင်းညှစ်ပေးနေသဖြင့် နဖူးအလည်တည့်တည့်တွင် အမှတ်တရ အမည်းစက်ကြီးဖြင့် ရိုက်ခဲ့သောပုံလဲရှိ၏)

အထက်တွင်ရည်ညွှန်းခဲ့သော အပျိုကြီးစတိုင်ဖမ်း မျိုးသဉ္ဖာထွန်းမှာလဲ ကျောင်းဆင်း စက်ဘီးစီးပြန်သောအခါ ကိုရင်စိုင်းတို့နှင့်တော့ ဟေးလားဝါးလားနှင့်၊ လက်ဖက်ရည်ဆိုင်ရှေ့ဖြတ်သောအခါတွင်မတော့ မမြင်ဖူးသော သူများအလား (အချွန်နှင့်မခြင်း)

နာမည်ငါးလုံးနှင့် နေဇာဝင်းမင်းအေးဆိုသော ကိုရင်စိုင်း အရင်းနှီးဆုံးကောင်မှာ ဝတ်လိုက်လျင် ပုဆိုး သူ့ဖွားဖက်တော်အောက်ရောက်အောင်ဝတ်၊ ဖားသားဝဲယားကေကြီး ခဏခဏပင့်လျက်သားနှင့်၊ သူ့အကို ထောက်လှမ်းရေးမှ လက်ဆောင်ပေးခဲ့သည့် ကက်ဆက်ပိစိလေးထဲမှ တိတ်ခွေပိစိကွေးလေးကို အဲလက်စ်သီချင်းများသွင်းထားသည်ကို ဖွင့်ပြီး ထိုခေတ်ထိုအခါကလို ဟော့လျက်သား။

ကိုရင်စိုင်းမှာတော့ စက်ဘီးကိုနင်းလျက်သားနှင့်၊ သကောင့်သားမှာတော့ သစ်သားဘားတန်းတွင် ထိုင်လိုက်ပြီး နောက်တွင်မတော့ ကျွန်တော်တို့နှစ်ယောက်
၏ ချစ်ခင်လှစွာသော ယောကျာ်းမဟုတ်၊ မိန်းမမဟုတ် စန်းနွယ်ဦးကြီးမှာ စပ်ဖြီးဖြီးကြီးဖြင့် နေ့တိုင်းပါလာလေ၏။

သူမသည်လည်း သိပ်တော့မလွယ်ပါ၊ ကိုရင်စိုင်းတို့နှင့် နောင်ခမ်းကြီးသွားလဲ ကန့်လန့်ကြီးပါ၊ ပွဲကောက်လဲ စပ်ဖြီးဖြီးကြီးနှင့် စက်ဘီးနောက်ကတွန်းရင်း ပါလေ၏။ စာမေးပွဲနီးတော့ စာစုကျက်ကြမယ်ဆိုပြီး သုံးယောက်သား မှန်ခိုသီးတွေသုပ်ပြီး တစ်ဇွတ်ဇွတ်စားရင်း လေတွေပဲ ပေါဖြစ်ကြသည်။ အားလုံးတော့ စာမေးပွဲအောင်ခဲ့ပါ၏။ ဆယ်တန်းနှစ်တွင်မတော့ အားလုံးတစ်နေရာစီ ဖြစ်သွားလေ၏။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဟန်းနီးမွန်းကာလတွင် တစ်ချို့သောသူများ ပြန်ဆုံဖြစ်ပါ၏။

စန်းနွယ်ဦးမှာတော့ ကလေးနှစ်ယောက်နှင့် ခုထိ ကြီးပေါကြီးဖြစ်လျက်သား။ အရင်ကလိုပင်(ဆိုရမည်ဆိုလျင် နှစ် ၂ဝ ခန့်ကလိုပင်) ပြန်လည်ခံစားမိလေ၏။ မေမြို့ထွက် လတ်လတ်ဆတ်ဆတ်အသီးအနှံများကို ကြော်ချက်ကြွေးမွေးပြီး ဖွယ်ဖွယ်ရာရာ ဧည့်ခံလေ၏။

သဉ္ဖာထွန်းကောင်းမှုကြောင့် အင်ဂျင်တုန်းဖင်ခွပြီး မေမြို့တစ်ခွင်ပြဲပြဲစင်ခဲ့လေ၏။ ကိုရင်စိုင်းတစ်ယောက် ခုတော့မှ ကြွေလွင့်ရလေသည်ဆိုသည်ကို မယုံကြည်လျက်သားနှင့်။ သူတို့ဖာသာ ပြောနေကြသည်များမှာတော့ ကိုရင်စိုင်းတစ်ယောက် တပ်တွင် ရာထူးကြီးကြီးတစ်ခုနှင့် ကလေးနှစ်ယောက်တောင် ရှိနေပြီဆိုလား (နာမည်ကြီးနေပုံများ ပြောပါတယ်)

နောင်များတွင်မတော့ သူတို့မှ ဆက်စပ်ပြီး မျက်နှာစာအုပ်မှတစ်ဆင့် ငယ်သူငယ်ချင်းများ ပြန်ဆုံရလေ၏။

ဆံပင်ကျစ်ဆံမြီးကျစ်ပြီး အပျိုကြီးမမပုံစံဖမ်းသော သူငယ်ချင်းမှာတော့ ကလေးနှစ်ယောက်နှင့် မျက်နှာပြဲပြဲကြီး ဖြစ်လျက်သား၊ ငယ်ငယ်ကလိုတော့ စကားပြောသည့်အခါတိုင်း ပေါချာချာဖြစ်လျက်သား၊

နာမည်ငါးလုံးနှင့်ကောင်မှာတော့ ရှမ်းပြည်တစ်နေရာတွင် ချဲဒိုင်ကိုင်လျက်သား၊

ပျားတုပ်ခံရသူမှာတော့ မြို့နယ်အလှမယ်အနေနှင့် ဂေါ်မစွံဖြစ်လျက်သား။

စန်းနွယ်ဦးမှာတော့ သိသည့်အတိုင်း။

လွှမ်းမိုးကျော်မှာတော့ မင်္ဂလာဒုံ စစ်သူနာပြုကျောင်းတွင် ဘိုလကြီးဖြစ်နေသဖြင့် အဖက်လုပ်စကားတောင် ပြန်မပြောနိုင်တော့ပေ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဘယ်သို့ပင် ဆိုစေကာမူ…

သူတို့သည်ကား ကိုရင်စိုင်းရင်ထဲတွင်မတော့ ငယ်ငယ်တုန်းကလိုပင်၊ ဘယ်တော့မှ မပြောင်းလဲသွားတော့မည့် သူငယ်ချင်းများသာတည့်။

တစ်ချို့သောသူများ ပြောင်းလဲသွားသည်မှ လွဲလို့ပေါ့။

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

5 comments

  • KZ

    January 9, 2014 at 9:59 am

    ပျော်စရာကောင်းချက်အေ။
    ရေးတတ်လိုက်တာ။
    ရုပ်တွေဘယ်လိုပြောင်းပြောင်း ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရတဲ့ စိတ်ရဲ့ နုပျိုသွားပုံများ မယုံနိုင်စရာ။
    :mrgreen:

  • Mr. MarGa

    January 9, 2014 at 1:04 pm

    ငယ်သူငယ်ချင်းတွေ ဆုံရင်တော့
    အချိန်တွေက နောက်ပြန်လှည့်သွားတတ်စမြဲ
    ကိုယ်တိုင်လဲ ပြန်ငယ်သွားတတ်စမြဲ
    စိတ်ကလဲ…..
    ဘယ်သူတွေ လွတ်သေးလဲ တွေးတတ်စမြဲ…. :mrgreenn:

  • မဟာရာဇာ အံစာတုံး

    January 9, 2014 at 1:27 pm

    ကျုပ်ရဲ့ ငယ်ငယ် ဘော်ဘော်တွေကိုတောင် လွမ်းသွားဒယ် …
    ဒီကောင်တွေထဲက တစ်ယောက်ကတော့
    ဗိုလ သင်ဒန်းတက်ပီး ဗိုလ တစ်ယောက် ဖြစ်နေဘီ ထင်ရဲ့ …
    စိတ်ထား ပြောင်း မပြောင်းတော့ မပြောတတ်

    စကားမစပ် …
    ဖားသားဝဲယားကေကြီး .. ဆိုတာ ဘာဒုန်းငင်င်င် …
    :mrgreen:

  • kyeemite

    January 9, 2014 at 2:37 pm

    တလောလေးကပဲ..ကျောင်းနေဖက်သူငယ်ချင်းမိသားစုတွေစုပြီး…ကျောက်ပန်းတောင်းသားသူငယ်ချင်း
    ရဲ့အလှူတစ်ခုကိုသွားရင်း ပုဂံညောင်ဦးဘုရားဖူးခရီးထွက်ဖြစ်သေးတယ်…အင်း…
    ကျောင်းတုန်းက နဲနဲလှလို့ ဟိုလူချိန်..ဒီလူချိန် သူငယ်ချင်းမတွေ…ကလေးအမေဝတုတ်ကြီးတွေဖြစ်လို့
    ငယ်ကအကြောင်းတွေပြန်ပြောရင်း..ရီလိုက်ကြတာ..တဝါးဝါးနဲ့…ပျော်စရာကောင်းပါ၏

  • TNA

    January 9, 2014 at 5:09 pm

    ငယ်ငယ်တုန်းကသူငယ်ချင်းတွေပြန်ဆုံချင်သေးတယ်။ အခုတော့တယောက်မှအဆက်အသွယ်မရှိတော့ ဘူူး။ ပြန်တွေ့ခွင့်ရရင်တွေ့ချင်ပါသေးတယ်။

Leave a Reply