ဂေါက်တယ်လို့မှတ်မှာလား(၃)-ဂေါက်မိသူပါရှင်

padonmarJanuary 11, 20141min29020

ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible)

Posted by on Mar 18, 2013

https://myanmargazette.net/170276

ဂေါက်တယ်လို့မှတ်မှာလား(၂)-လမ်းပေါ်ကအမှိုက် ကိုယ်နဲ့ဆိုင်မဆိုင်?

– Posted by on Jan 10, 2014

 

 

ဂေါက်မိသူပါရှင်

မိုးရာသီ အစ တရက်မှာပေါ့။ ကျမနဲ့ ကျမယောင်းမနှစ်ယောက်သား ဓမ္မဗျူဟာမှာ ရက်တိုသင်တန်းသွားတက်ပါတယ်။ သင်တန်းရှိတဲ့ ကြားတောရလမ်းမကြီးပေါ်မှာ ဆိုင်တွေလည်းရှုပ်၊ တခါတလေလည်းရဲကဖမ်းတတ်တော ့ယောင်းမက ကားကိုကြားတောရလမ်း ထိပ်မှာရှိတဲ့ သာသနာ့လင်္ကာရကျောင်းတိုက်ဝင်းထဲမှာ သွားရပ်ရပါတယ်။

ညနေ ၄ နာရီသင်တန်းဆင်းချိန်မှာ ကားဆီပြန်ရောက်တော့ ကားစက်နှိုးလို့မရတော့ပါဘူး။ ကားကိုမောင်းရုံသာတတ်ပြီး ရောဂါမရှာတတ်တဲ့ မိန်းမသားနှစ်ယောက်ဆိုတော့ မောင်လေးဆီ ဖုန်းဆက် ၊ ကားရပ်ရာလမ်းညွှန်ပြီး စောင့်နေကြရပါတယ်။ ကားကကျောင်းတိုက်ဝင်းအတွင်းမှာဆိုတော့ မလာဖူးတဲ့သူအတွက်ဆို ရှာလို့မလွယ်ပါဘူး။ ဒါကြောင့် မောင်လေးလာရင် အလွယ်တကူရှာတွေ့အောင် ကျမလည်း ကျောင်းတိုက်အဝထိ ထွက်ပြီး လူလုံးပြစောင့်နေလိုက်ပါတယ်။

မိုးရာသီဖြစ်တော့ မိုးသားတိမ်တိုက်တွေကလည်း ရွှေတိဂုံဘုရားရှိရာ အနောက်တောင်ဖက်က ညို့ပြီးတက်လာနေပါ တယ်။ ဒီလိုမိုးသားမဲမဲ နောက်ခံမှာ ဘုရားဖက်က တရွှေ့ရွှေ့လျှောက်လာနေတဲ့ အဖွားကြီးတယောက်ကိုတွေ့ရပါတယ်။ စစ်အကျႌအစိမ်းရောင်ဟောင်းဟောင်းကြီးကို ဝတ်လို့ ၊လုံချည်ကလည်း ပါတိတ်အဟောင်း အကွက်မပေါ်တော့တဲ့အဆင်နဲ့ နေလောင်ထားတဲ့ အသားအရေကလည်း မွဲပြာခြောက်နေတာပဲ။ဒီလောက် မွဲပြာတဲ့ အသားအရေ တခါမှ မတွေ့ဖူးပါဘူး။ ခပ်ကိုင်းကိုင်းခါးက ပခုံးပေါ်ထမ်းထားတဲ့ ဘိလပ်မြေအိတ်ခွံ အဟောင်းနဲ့ ထည့်ထားတဲ့ အထုပ်ကြောင့် ပိုလို့သာ ကုန်းနေပါတယ်။ အိတ်ထဲမှာဘာတွေပါတယ်တော့မသိ။

မိုးစက်လေးတွေက တပေါက်စ နှစ်ပေါက်စကျလာတဲ့ အချိန်မှာ ကျမလက်ထဲက ထီးကို ဖွင့်ဆောင်းလိုက်ပါတယ်။အဲဒီအချိန် အဖွားကြီးက ကျမနဲ့ ၅-၆ ပေလောက် အကွာကို ရောက်နေပါပြီ။သူ့မျက်နှာက အရေးအကြောင်းတွေက အနားကပ်လာလေ ထင်ထင်ရှားရှားမြင်ရလေ။သဲသဲကွဲကွဲမြင်ရပုံမရတဲ့  သူ့မျက်လုံး ကလယ် ကလယ် လေးတွေက ဘေးပတ်ဝန်းကျင်ကို အားကိုးတကြီးလိုက်ကြည့်လို့ ။ ကျမကတော့ အဖွားကြီးမျက်လုံးနဲ့ မဆုံမိအောင် မျက်နှာလွှဲနေလိုက်ပါတယ်။ ကြည့်မိရင် ထီးမပါတဲ့ ဒီအဖွားကြီးကို ထီးလိုက်မိုးပေးချင်နေမိ မယ်။ ဒီလောက်မွဲခြောက်နေတဲ့ အဖွားကြီးကို ထီးဆောင်းပြီး လိုက်ပို့ရင် ဘေးလူတွေက ရယ်လေမလား။ကိုယ့်မှာလည်း ကားပျက်တဲ့ ဒုက္ခကရှိသေးတယ်လို့ ကိုယ်ဖာသာ မဲတင်းပြီး အသည်းမာမာနဲ့ နေလိုက်ပါတယ်။ :buu: မမြင်ချင်ယောင်ဆောင်နေတဲ့ ကျမရှေ့ကနေ အဖွားကြီးလည်း တရွေ့ရွေ့ဖြတ်သွားပါတော့တယ်။

မိုးတွေက ခပ်စိပ်စိပ်ရွာလာပါပြီ။ အဖွားကြီးလည်း တလှုပ်လှုပ်လျှောက်နေရင်းက သည်းလာတဲ့မိုးကို ကြောက်လို့ ထင်ပါရဲ့၊ လမ်းဒေါင့်ဘုန်းကြီးကျောင်းဝင်းထဲက ထိုးထွက်နေတဲ့ အပင်တပင်ရဲ့ မလုံ့တလုံ အရိပ်အောက်မှာ ဆောင့်ကြောင့်လေး ထိုင်ချလိုက်တာတွေ့ရပါတယ်။

ကျမဘာလုပ်ရမလဲ၊ မသိချင်ယောင်ဆက်ဆောင်နေလိုက်လည်း ပြီးတာပါပဲ။ ဒီနားဖြတ်သွားသူတွေ အများကြီး၊ သူများတွေလည်း ဘာမှမှမလုပ်ကြတာ ၊ ကိုယ့်လည်းဘယ်သူ့ကမှလာပြီး အားနွဲ့သူ မကူရကောင်းလားလို့ အပြစ်တင်မှာ မဟုတ်ပါဘူး။ ကိုယ့်လည်း ဘယ်သူမှ မသိပါဘူး။

ဒါပေမယ့်လေ ၊ သူများက အပြစ်မတင်ပေမယ့် ကိုယ့်ဖာသာအပြစ်တင်နေမိတယ်။ စာတွေသင်လိုက် ကျက်လိုက်တော့ ကရုဏာဆိုတာ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခိတသတ္တဝါပေါ်သနားကြင်နာခြင်း၊တဲ့။ ဒါဆို ကိုယ့်မှာ ကရုဏာတရားမရှိလို့ပေါ့။ တော်တော်နေရက်တဲ့ ငါပဲလို့ အပြစ်တွေဖို့နေမိပါတယ်။ 😥

နောက်ဆုံးကိုယ့်ကိုယ်ထဲက လွန်ဆွဲနေတဲ့ တွန်းအားကိုမခံနိုင်တော့တာနဲ့ ကားဆီပြန်ပြေး၊ ပိုက်ဆံအိတ်ယူပြီး အဖွားကြီးရှိရာ ထွက်ခဲ့မိပါတယ်။

“အဖွား ၊ ဘယ်သွားမလို့လဲ” မေးလိုက်တော့ သူပြန်ဖြေတဲ့အသံက မသဲကွဲပါဘူး။ အဖွားရဲ့အသံက စကားကလည်းမပီ၊နှာခေါင်းသံပါနေတဲ့ အပြင် မောနေလို့ လေမဆက်တာရောနဲ့ ကျမနားမလည်နိုင်ပါဘူး။ သေသေချာချာ ၂ ခါ- ၃ ခါ မေးကြည့်မှ ဘုန်းကြီးကျောင်း တခုနာမည်ဖြစ်နေပါတယ်။ “ဝေးသလားအဖွား” ဆိုတော့ ဒီဗဟန်းထဲတင်တဲ့။

ဒါနဲ့ဖြတ်သွားတဲ့ တက်စီတစီးကို လှမ်းတားလိုက်ပါတယ်။ တက်စီမောင်းတဲ့သူက လူငယ်လေးတဦးပါပဲ။

“သားရယ် ဒီအဖွားမိုးရေထဲ ထီးလည်းမပါလို့ သူနေတဲ့နေရာကို လိုက်ပို့ပေးပါဟယ်။ အန်တီကားခပေးပါမယ်” ဆိုတော့ လူငယ်လေးက သဘောကောင်းရှာပါတယ်။ လိုက်ပို့ပေးပါမယ်တဲ့။ သူလည်းအဖွားပြောတဲ့ကျောင်းတိုက်ကို မသိပါဘူး။ `အဖွား လမ်းပြတတ်လား´ဆိုတော့ ပြတတ်တယ်လို့ ခေါင်းငြိမ့်ပါတယ်။ ဒါနဲ့ အဖွားကို ကားနောက်ခန်းထဲ တွဲထည့် ၊သူ့အထုပ်ကြီးပါ မပြီး ဘေးကတင်၊တက်စီဒရိုင်ဘာလေးကို ကားခ ၂၀၀ဝ ပေးပြီး ကားလေး ထွက်သွားပါတော့တယ်။ ကျမလည်း ကိုယ့်လုပ်ရပ်ကိုယ် ပီတိတွေ ဖြာပြီး ကျန်ခဲ့တာပေါ့။  :boss:

နောက်တပတ် နံနက်ပိုင်း ကျောင်းတက်ရက်ရောက်တော့ အိမ်က ကျမကိုကျောင်းလိုက်ပို့ပါတယ်။ ကမာ္ဘအေးဘုရားလမ်းအတိုင်း ရေခဲဆိုင်မှတ်တိုင်ကို ကျော်ပြီး ကြားတောရလမ်းထိပ် မီးပွိုင့်ကို အဖြတ်မှာတော့ မီးပွိုင့်နားက ပလက်ဖောင်းပေါ်မှာ ကျကျနန ထိုင်ပြီး တောင်းနေတဲ့ အဖွားကြီးတယောက်ကိုတွေ့ပါတော့တယ်။မနေ့ကစစ်စိမ်းအကီင်္ျနဲ့ မနေ့က ပါတိတ်ဟောင်းနဲ့ပါပဲ။ လက်စသတ်တော့ ကျမကားဌားပြီး ပို့မိတဲ့ အဖွားပါလား။ :harr:

ကိုယ့်ဖာသာကိုယ်လည်း တွေးမိတိုင်း ရယ်ချင်နေရပါတယ်။ ငါတော်တော်ဂေါက်ပါလားလို့လေ။ သူတောင်းစားကိုတောင် မရိပ်မိလောက်အောင် ဒူပါလားလို့ သူများတွေ မပြောခင် ကိုယ့်ကိုကိုယ် အရင်ဝန်ခံပါတယ်။ ဂေါက်မိပါတယ်ရှင်။

ဒါပေမယ့်လေ နောက်ကိုလည်း ဒီလိုဂေါက်ဖို့ကြုံရင် ဂေါက်မိဦးမှာပါပဲ။
ဗိုလ်ထီးသီချင်းလေးတောင် ဆိုလိုက်ဦးမှာ။

အရင်လို ဘဝအစမှာ

ပြန်ပြီးနေခွင့်ရတောင်

အပြန်တရာ ဂေါက်ဦးမှာ

အဖန်တရာ ဂေါက်ဦးမှာ။

နောက်ဆုံးတော့လေ၊

ကိုယ့်မှာ မျက်စိမရှိပါ။ :chit:

 

 

20 comments

  • sorrow

    January 11, 2014 at 9:31 am

    တီဒုံရေ …တားတားကမှ … ရုံးအောက်မှာ လေဆိပ်သွားမို့လုပ်တုန်း…အဘွားကြီးတစ်ယောက်က မင်္ဂလာဒုံပြန်ဖို့ လမ်းစရိတ်မရှိလို့ပါဆိုပြီးလာတောင်းလို့ ….ကားနဲ့တင်ခေါ်လာပြီးလေဆိပ်နားကမှတ်တိုင်မှာ ချပေးခဲ့တာ…..သူကလဲတလမ်းလုံး ဘာဆိုဘားမှမပြော….ကားပေါ်ကဆင်းမှ ဆဲလိုက်တာ မွှန်လို့ ..ဘာမှလဲသူ့ကိုမလုပ်မိပါလားလို့….နောက်မှသိတာ သူက ဆာကူရာနားမှာ အဲ့လိုပြောပြီးတောင်းစားနေတာ….တောသားကျပ်မပြည့်နဲ့တွေ့မှ မှတ်လောက်သားလောက်ရှိသွားတာ…..အဟိဟိ……အဟိဟိ….ဆိုတော့ကာ ..တီလေး အားမငယ်နဲ့ ….ဂေါက်ဖော် ဂေါက်ဖက် ရှိသေးကြောင်း..

    • padonmar

      January 11, 2014 at 11:19 pm

      ဟယ် Sur Name တူတဲ့ အမျိုးတွေ တွေ့ပါပေါ့လား။
      ကြီးဒေါ်ဂေါက်ပဒုမ္မာ နှင့် တူလေး ဒူဝါဂေါက်ဆောရိုး ။

  • kyeemite

    January 11, 2014 at 10:20 am

    အရင်လို ဘဝအစမှာ

    ပြန်ပြီးနေခွင့်ရတောင်

    အပြန်တရာ ဂေါက်ဦးမှာ

    အဖန်တရာ ဂေါက်ဦးမှာ။

    နောက်ဆုံးတော့လေ၊

    ကိုယ့်မှာ မျက်စိမရှိပါ။ :chit:
    ကျုပ်လည်းတစ်ခါတလေအဲလိုဂေါက်တတ်ပါတယ်…အဖေါ်ရအောင်ပေါ့..ခိခိ 😀

    • padonmar

      January 11, 2014 at 11:20 pm

      ဦးမိုက်ကို (၂)မှာ ကတည်းက ဂေါက်ဝန်ကြီးချုပ် ခန့်ပြီးသား။

  • TNA

    January 11, 2014 at 11:08 am

    စေတနာကဝေဒနာဖြစ်သွားတယ်ဆိုပေမဲ့ ကူညီခွင့်ရလိုက်တဲ့ တဒင်္ဂမှာရလိုက်တဲ့ပီတိကတော့ ဘာနဲ့မှလဲလို့ မရဘူးမဟုတ်လားအန်တီဒုံရေ။

    • padonmar

      January 11, 2014 at 11:42 pm

      ပီတိကတော့ ခုစဉ်းစားကြည့် ခုဖြစ်တုံး။

  • ဖြူစိုင်း လူ

    January 11, 2014 at 11:28 am

    ဆိုတော့ကာ ကျွန်တော်ကုသိုလ်ယူဖူးတာလေးပေါ့

    အဲဒီတုန်းက မြန်မာပြည်၊ ရန်ကုန်မြို့တော်ရဲ့ အစွန်အဖျားမြို့နယ်လေးတစ်ခုမှာပေါ့… မနက်တိုင်းလိုလို၊ ညနေတိုင်းလိုလို Tea ဆိုင်ထိုင်ဖြစ်ပါတယ်ပေါ့..။ အဲ့လိုပဲ သားရယ် အဖွားမှာ စားစရာမရှိလို့ပါ၊ အကြွေလေးပါရင် နည်းနည်းလောက်.. ဟောက်.. ဟောက်.. တောင်မပြီးရခင် ကိုရင်စိုင်းတစ်ယောက် ထိုင်လက်စခုံကနေထ၊ အဲ့ဒီနေရာမှာ ကျကျနနထိုင်၊ စားပွဲထိုးခေါ်ပြီး ကျကျနန သူမှာချင်တာမှာပြီး စားချင်တာ စားစေသတည်းလို့ ကျွေးမွေးလိုက်တော့ ပထမတစ်ရက်က စိတ်တိုတယ်၊ နောက်ရက်ကျ တစ်ကယ်ဆာမှ လာစားတယ်၊ နောက်ရက်တွေကျတော့ သာဓုတွေခေါ်လို့၊ နောက်များတော့ အဲဒီသူတောင်းစားအဖွားကြီးရယ်၊ ကိုရင်စိုင်းရယ်၊ ဆိုက်ကားသမားတစ်ယောက်ရယ်၊ ဂန်ဘားတစ်ယောက်ရယ် မတိုင်ပင်ထားရပါပဲ နေ့တိုင်း ဆိုင်ထိုင်ဖြစ်ပါလေသတည်း။

  • padonmar

    January 11, 2014 at 11:44 pm

    ညနေလည်း စောင်းပြီဆိုတော့ နေ့တွက်တော့ စီပြီးလောက်ပြီထင်ပါတယ်ကွယ်။
    (ခုနန်းတော်ရာသူပြောမှ ကိုယ့်အပြစ်လျော့အောင် ဖြေတွေးကြည့်တာ)

  • Paing Lay

    January 12, 2014 at 9:03 pm

    နည်းနည်းလေးတော့ လွဲနေမယ် လွဲလွဲလေးပဲကောင်းပါတယ် :mrgreen:

  • padonmar

    January 12, 2014 at 9:12 pm

    ပိုင်လေးရေ
    စိတ်ကျေနပ်ရင်ပြီးတာပဲ….နေတတ်ရင် အေးဆေးလေး။
    လွဲ..လွဲ..လွဲ..လွဲ..လွဲ…………

  • Mr. MarGa

    January 13, 2014 at 2:02 pm

    အလွဲများထဲက အလွဲတစ်ခုပါလား 🙂
    ပြောသာပြောရ ကျနော်ဆိုလဲ ထိုင်ကြည့်မလား အဲ့လိုပဲ လုပ်ဖြစ်မလား တစ်ခုခုရယ် :mrgreenn:

    • padonmar

      January 15, 2014 at 12:24 am

      သေချာတယ် သိကြားမင်းဆိုရင်တော့ ရွှေအိုးဖန်ဆင်းပေးလိုက်မှာပဲ။

  • Crystalline

    January 14, 2014 at 3:55 pm

    ကျမကတော့ မျက်စေ့ရှေ့မြင်ရင် သနားတတ်ပေမယ့် မကူညီဖြစ်တာများတယ်.. ကိုယ်တိုင်က သံသယများသူမို့လားမသိ အလိမ်ခံရမှာစိုးတာ.. တခါတော့ ညနေ၆နာရီလောက် ကိုယ့်ရှေ့မှာ ကောင်လေးတစ်ယောက် ဗရဲသီးဗန်းပြုတ်ကျလို့ ငိုပြီးပြန်ကောက်နေတာတွေ့တော့ စိတ်ထဲက ဘယ်လိုဖြစ်မှန်းမသိဘူး သနားသွားပြီး ပေးလိုက်မိတယ်.. ကားပေါ်က တက်စီသမားတစ်ယောက်လည်း ပေးတာတွေ့လိုက်တယ်.. ဒါပေမယ့် ညကျပြန်စဉ်းစားတော့ ဒီအချိန်ကြီး ဖရဲ့သီးဗန်းအပြည့်နဲ့ ဂွင်ဆင်တာလည်းဖြစ်နိုင်တာကိုတွေးမိပြီး စိတ်ထဲ တော်တော်အနှောက်အယှက်ဖြစ်မိတာ.. ပေးလိုက်တဲ့ပိုက်ဆံက ဘာမှသိပ်မများပေမယ့် စိတ်ထဲ အခုထိအဲဒါကြီးက ကျန်နေတုန်းပဲ.. အဲဒါလည်းဂေါက်တာလို့ပြောလို့ရတယ်.. :))

    • padonmar

      January 15, 2014 at 12:26 am

      ခရစ်လေးရေ၊
      ဖရဲသီးဗန်းမှောက်တဲ့ကောင်းလေးက ခွင်ဆင်ရင်တောင် ဖရဲသီးဖိုးရင်းရအုံးမှာဆိုတော့ ဂေါက်မိတဲ့..အဲ ပေးမိတဲ့ အလှူတွက် နောင်တမရပါနဲ့ကွယ်။
      လွတ်လွတ်လပ်လပ်ကြီး ဂေါက်ကလပ်ဝင်ပါ။

  • TheWinner Getprize

    January 14, 2014 at 4:14 pm

    တွေးဖြစ်ရင် ကျေနပ်စရာအလှူလေးပါ အန်တီရယ်…

  • padonmar

    January 15, 2014 at 12:27 am

    ဘယ်သူတွေ ဘာပြောပြော ကျေနပ်ပါတယ်။စိတ်ကျေနပ်ရင် ပြီးတာပဲလေ။

  • ko six

    January 24, 2014 at 6:26 am

    ဒီလို​ဂေါက်​ခြင်​းမျိုးက
    သူများဒုက္ခ​ပေးတဲ့​ဂေါက်​ခြင်​းမျိုးမှ
    မဟုတ်​တာ
    ခံရဖူးတာချင်​းတူသ​ယောင်​​တွေပါ
    မမပဒုမ္မာ….

  • Shwe Ei

    January 24, 2014 at 8:38 pm

    အလှူခံမြင်ရင် ပချံထဲ့ချင်တာ ဝါသနာတူဘာဘဲ အာတီဒုံ…

    စကားမစပ် သများတို့ ဒါဇင်ပလွတ်အဖွဲ့လဲ ကြုံရင် ကြုံသလိုအလှူခံပါတယ်လို့ ..အာ..ဟိ

Leave a Reply