မိန်းမရာဇဝင်-သော်ဇင်(လွိုင်ကော်)

လူဖြစ်ရခြင်း၏ ဒုက္ခကို ကျွန်မတော့ ကောင်းကောင်းကြီးခံစားဖူးပြီ။ ထိုအထဲမှာမိန်းမသားဖြစ်ရသော ဘဝကို ရွံရှာစက်ဆုပ်လာမိပြန်သည်။ ထိုအတွေးကိုမတွေးမိအောင် နေခဲ့ရင်းမှ ယနေ့ညအော်နေသောသံဆိုးသံကြောင်များကြောင့် ဆက်လက်တွေးတောမိရသည်။ နားနှစ်ဖက်ကိုပိတ်ဆို့ထားသည့် ခေါင်းအုံးထူထူသည်ပင် ထုတ်ချင်းပေါက်သည့် ထိုအသံများကို ကျွန်မမကြားချင်။ ည ရှစ်နာရီသာရှိသေးသော်လည်းတိတ်ဆိတ်ငြိမ်သက်နေသော ကျွန်မ၏ အိမ်သည့် ခြောက်ခြားစရာကောင်းလွန်းသည်ဟုထင်သည်။

ကျွန်မ၏ အိမ်ကလမ်းမကြီးဘေးတွင်ကပ်လျှက် တည်ရှိသည့်တိုင် သည်ညတိတ်ဆိတ်လွန်းလှသည်။ ရံဖန်ရံခါ ဖြတ်သန်းသွားသောဆိုင်ကယ်သံများပင်လျှင် မကြားရ။ သို့သော် နားစည်တွင် လာလာရိုက်ခတ်နေသောအသံများကိုဆက်တိုက်ကြားလာနေရသည်။ ကျွန်မစိတ်ကို ကျွန်မအတတ်နိုင်ဆုံးထိန်းချုပ်ထားလျှက် အခန်းပြင်ကိုမထွက်မိအောင် အောင့်အည်းနေရသည်။ ထိုဒုက္ခသည် ကျွန်မအတွက် မသေးလှ။ ကျွန်မအိပ်ခန်းအပြင်ကိုခြေကျွံမိလျှင် ဘာတွေဖြစ်လာမလဲမပြောနိုင်။ ထိုအသံများရပ်တန့်သွားအောင် ကျွန်မဘယ်လိုနည်းနှင့်မှ မစွမ်းဆောင်နိုင်သည်ကတော့ သေချာသည်။

ဒါသည်ပင် မိန်းမသားဖြစ်ရသောမိန်းမတစ်ယောက်၏ ဒုက္ခဟု ကျွန်မခံယူထားရသည်။

(၁)

နံနက်တွင်တော့ သူဟူသော ကျွန်မခင်ပွန်း၏ မျက်နာသည် တည်ကြည်လေးနက်လွန်းသည်။ ကျွန်မ၏ အသက်နှင့် မတိမ်းမယိမ်းကွာဟသောသူ့အသက်သည် ရုတ်တရက်ကြီးလျှင် များစွာကွာဟသွားပြီ။ သူ့မျက်နာသူ့လက် သူ့ခြေများကိုခိုးကြည့်မိတော့ ခပ်မို့မို့။ လူကညှင်းတိုးတိုးနှင့် ရေမှန်မှန်မချိုးသည်မှာ ကြာပြီဖြစ်သောကြောင့် သူ့ ကိုယ်နံ့သည် ကျွန်မနှာခေါင်းထဲတွင် အော်ကလီဆန်စွာစူးရှလွန်းနေသည်။ မျက်နာကိုလွှဲရင်းနံနက်စာကိုခါတိုင်းလိုပင် ဖြစ်သလို ကြက်ဥဟပ်ပရိုက်လေးကြော်ထားလိုက်သည်။ သူစားချင်စားမစားချေနေဟုပေယျာလကန်ပင် ဒယ်အိုးထဲတွင် သည်အတိုင်းထားခဲ့သည်။ ဟိုတုန်းကလိုခူးခပ်ပြင်ဆင်ခြင်းသည်ပင် ယခုကျွန်မအတွက် ဇနီးမယား၏ ဝတ္ထရားမဟုတ်တော့ဟု ခံယူသည်။

ကျွန်မသည်လိုနှင့် နံနက်ခင်းတိုင်းကို ကြက်ဥကြော်ဖြစ်ခဲ့သည်။ သူတစ်လုံး ကျွန်မတစ်လုံးနှင့် ချိုမြိန်ခြင်းမရှိသောခပ်ညှီညှီနေ့ရက်များကို ဖြတ်ကျော်သည်။ ယင်းအဖြစ်သည် နေ့ခင်းဘက်တွင်သာ ကျွန်မလုပ်ချင်ရာလုပ်နိုင်သောအခွင့်အရေးဖြစ်ပြီးနံနက်စာပြင်ဆင်ခြင်း၏ အပြစ်ကိုတော့ ညဘက်များတွင် ကျွန်မကောင်းကောင်းပြန်ခံစားရသည်။ သည်လောက်အထိအတေးအမှတ်ကြီးပါသောသူဆိုသောခင်ပွန်းကို ကျွန်မဘယ်လိုများမျက်စိမှောက်မှားစွာလက်ထပ် ယူခဲ့မိသလဲအဖြေရှာသော်လည်းမရ။

ယခုနံနက်တွင်တော့ ကျွန်မသူ့ကိုပြောရတော့မည်။ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့သည် ကျွန်မအပြင် ကျွန်မမိဘနှစ်ပါး၏ စိတ်ဆင်းရဲမှုများကိုနိဂုံးချုပ်သင့်ပြီဟုမနေ့ညကတည်းကတစ်ညလုံးလုံးစဉ်းစားထားခဲ့သည်။ သူဘာတွေ မျှော်လင့်သလဲ။ သူဘာတွေဖြစ်ချင်နေခဲ့သလဲဆိုခြင်းကို ကျွန်မမသိချင်။ သိအောင်လည်းမကြိုးစားချင်တော့။ မေမေကမနေ့ညနေခင်းအိမ်ဘက်ကူးလာပြီးစကားတစ်ခွန်းပြောသည်။

“သမီးသူ့ဆီကဘာတွေယူထားသလဲ၊ ပေးစရာရှိတယ် ပေးနိုင်တယ်ဆိုရင်လည်းပေးလိုက်ပါ သမီး၊ ပြီးရင်တော့ တစ်ခါတည်းအပြတ်မေးလိုက် သူလိုချင်တာရပြီးရင် ဒီအိမ်ကထွက်သွားမလားဆိုတာကို၊ အေးမထွက်နိုင်ပဲနဲ့တော့ လင်နဲ့မယားကြားမှမဖြစ်ဖူးသေးတဲ့ ပြဿနာတွေကိုမရှာပါနဲ့လို့၊ သမီးဖေဖေကြာရင် သည်းခံနိုင်မှာမဟုတ်တော့ဘူး ကြားလား “

မေမေပြောသွားသောစကားများကနားထဲမှာဟိုမှ သည်မှာပြေးလွှားလျှက် ပဲ့တင်ထပ်ရိုက်ခတ်နေသည့်မှာယနေ့နံနက်အထိ။

(၂)

ကျွန်မရင်ဘတ်တစ်ခုလုံးခုန်ဆွခုန်ဆွနှင့် အသက်ရှူရခက်ခဲနေသည်။ နှလုံးခုန်သံများစက္ကန့်မလပ် မရပ်မနားတဒုတ်ဒုတ်နှင့်။ ရေတစ်ခွက်ကိုသောက်ပြီးထိုင်ခုံပေါ်ထိုင်နေသည့်တိုင်အောင် စိတ်သည် တည်ငြိမ်မှုမရှိသေး။ ဝူးဝူး ဝါးဝါး အော်သံတွေကြားနေရသေးသည်။ တစ်ချက်တစ်ချက် စူးခနဲ။ သူ့ကိုဖေဖေတို့ထိန်းချုပ်သွားနိုင်ပြီလား။ အော်ဟစ်ရုန်းကန်နေသည့်အသံက ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် ဆူညံနေဆဲ။ တိတ်ဆိတ်နေသော ည၏ ခြောက်ခြားမှုတစ်ခုသည် သည်ည ဖြစ်ခဲ့ရပြန်ပြီ။

သည့်မှာ ကျွန်မဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချရတော့မည်ဟုသိလိုက်သည်။ သူရပ်တန့်သွားနိုင်မည် နည်းလမ်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်မည်လားတော့ သေချာမသိ။ ညစဉ် ညတိုင်းမူးရူးအော်ဟစ်ကာမိန်းမတစ်ယောက်၏ အရှက်နှင့် သိက္ခာတွေကိုစကားလုံးများနှင့်လေပေါ်ပေါက်ခွဲနေသောသူ့ကိုသေချာပေါက် ငြိမ်သက်သွားစေနိုင်မည်ဟု ကျွန်မကိုယ်တိုင်အာမမခံရဲသေးတာဘာကြောင့်လဲ။ သူအရှက်မဲ့လာနေသည်။ သူသိက္ခာတရားကိုဂရုမစိုက်တော့။

“အလကားမိန်းမ၊ သောက်သုံးမကျတဲ့မိန်းမ၊ မိန်းမယုတ် “

ထိုအသုံးအနှုန်းများ၊ ပြီးတော့ ပါလိုက်သေးသည်။

“မင်းလိုမိန်းမမျိုးကိုယူခဲ့မိလို့ငါ့ဘဝပျက်တာ“ တဲ့။ ကျွန်မသူ့ကိုဘာတွေများ ဘဝပျက်အောင်လုပ်ခဲ့မိသလဲ စဉ်းစားမရ။ သူအရက်ကိုခုံခုံမင်မင်သောက်လာခဲ့သည် အိမ်ထောင်သက် ငါးနှစ်ပြည့်မှစပြီး ကျွန်မသူ့ကိုခင်ပွန်းအဖြစ် စွန့်လွှတ်ထားခဲ့တာပဲရှိသည်။

သူက ကျွန်မကိုဘာတွေလုပ်ထားခဲ့သလဲဆိုသည်ကိုပဲသူမစဉ်းစားသလား။ ကျွန်မအတွက် အမျိုးသားတစ်ယောက်ကိုလပ်ထပ်ယူချင်သည် အချစ်ညီမျှခြင်းအားကိုးယုံကြည်ခြင်းထပ်တူကျဖို့ဖြစ်သည်။ သူထိုအရာတွေကိုအိမ်ထောင်သက် ငါးနှစ်မပြည့်ခင်ကတည်းကဖျက်ဆီးပစ်ခဲ့သည်။ ကျွန်မမှားသလားဆိုသည်ကိုထပ်ခါတလဲလဲတွေးတောကြည့်သည်တိုင် လင်ရှိမုဆိုးမတစ်ယောက်အလားအထီးကျန်ခဲ့ရသည်။

ထိုအချိန်တွေတုန်းကချစ်သည်ဟူသောစိတ်သည် သူ ကျွန်မအပေါ် သေချာခြင်းရှိခဲ့သလားဟုသံသယ စဝင်ခဲ့ရသေး၏။ သို့သော် မမေးဖြစ်ခဲ့။ ကျွန်မအတွက်

“ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား“ ဟူသောယောကျာ်းတစ်ယောက်ကိုအောက်ကျို့ စစ်ဆေးမြန်းခြင်းဆန်သောမေးခွန်းမျိုးမလိုအပ်ခဲ့ချေ။ ဒါသည်ပင် သူနှင့်ကျွန်မ၏ အိမ်ထောင်ရေးကန့်လန့်ကာခြားသွားခြင်းဖြစ်မှန်းမသိဖြစ်လာသည်လား။ ထိုစဉ် ဝုန်းခနဲ အသံတစ်ချက်ထွက်လာပြန်သည်။ ဖေဖေသူ့ကိုဘာလုပ်လိုက်သလဲမပြောတတ်။ ကျွန်မအခန်းအပြင်ဘက်ထွက်လိုက်သည့် အချိန်တွင် သူ့အခန်းဘက်မှာငိုသံတစ်ချက်ကိုကြားလိုက်သည်။ ကျွန်မအံ့ဩသွားသည်။ယောကျာ်းတွေ ငိုတတ်သတဲ့လား။

(၃)

သူအရက်ကြောင်ပြီး ခြံထဲတွင် ညဘက်ကြီးထပြေးနေတော့ ကျွန်မဆွံ့အသွားသည်။ သူ့အတွက် ကျွန်မဘယ်လိုဖြည်ဆည်းရမည်မသိ။ နေရာတွင်သွေသွေကြီးရပ်လျှက် ဘာဆိုဘာမှမသိ။ ကံကိုက ကျွန်မရှင်သန်မှုကိုရပ်တန့်လိုနေပြီဟုထင်သည်။

တစ်နေ့က ကျွန်မချွေးနည်းစာလေးနှင့်ဝယ်ထားသော ခြံဝန်းငယ်တစ်ခုခြံကိုရောင်းလိုက်သည်။ ကျွန်မပေးရမည့် အကြွေးသည် ကျွန်မ၏ခင်ပွန်းဖြစ်နေသောအခါ ကျွန်မကိုယ်တိုင်နားမလည်ချင်။

“မင်းကိုငါပေးထားတဲ့ ငွေ သိန်းနှစ်ဆယ်ကို ငါပြန်လိုချင်တယ်။“

သိန်းနှစ်ဆယ်။ ဘယ်တုန်းကပေးခဲ့သလဲဆိုတာကိုတောင် ကျွန်မမသိ။ မေ့နေ့ပြီ။ သေချာသည်ကအလုံးလိုက်အရင်းလိုက် သူမပေးခဲ့ဖူးခြင်းဖြစ်သည်။ ဘာကိုနားလည်ရမလဲမသိလောက်အောင် ကျွန်မထုံအသွားသည်။ ကျွန်မတို့လက်ထပ်ပြီးစဉ်ကထမင်းဖိုလား၊ အိမ်စရိတ်လား၊ အဝတ်တန်ဆာဖိုးတွေလား၊။ဒါမှမဟုတ် ကျွန်မ ကျွန်မအသက်ဘေးနှင့် ကံသီစွာလွဲခဲ့ရသည့် အချိန်တုန်းကလား။ သည်လိုမိန်းမထံကအကြွေးတောင်းသူကိုလောကတွင်မြင်ဖူးလိမ့်မည် မထင်။ ကျွန်မဘယ်သူ့ကိုမှ ရင်ဖွင့်သော်လည်းပြေမည်မဟုတ်သောအဖြစ်။ မေမေကိုမဖြစ်သာ၍ပြောပြတော့ မေမေဘာမှမပြောနိုင်။

“ဪ“ ဟုတစ်လုံးတည်းညည်းတွားလျှက်။ ကျွန်မ ဝမ်းနည်းမိသွားသည်က ကျွန်မကားအက်စီးဒင့်ဖြစ်စဉ်ကဆေးရုံကိုသူရောက်လာပြီး မျက်ရည်ဝေ့နေသော သူ့ရဲ့အကြည့်တွေဟာအစစ်အမှန်မဟုတ်ပါလားဟုသိလိုက်ရသောကြောင့် ဖြစ်သည်။ အဲသည်တုန်းကသူရောက်နေပြီကြားတော့ သာမန်အချိန်ထက် နှစ်ဆမျှယောင်ကိုင်းနေသောမျက်နာနှင့် သူ့ကိုမတွေ့ရက်။ မျက်လုံးတို့ဖွင့်၍ရသော်လည်း မြင်ကွင်းတွေကျဉ်းနေသည်။ ကျွန်မအနားရောက်လာပြီး ကျွန်မလက်တွေကိုဆုပ်ကိုင်လိုက်စဉ်က ဝေးခဲ့သော သူ့နွေးထွေးမှုကိုရသဖြင့် မျက်ရည်တွေ အိုင်ထွန်းလိုက်ရသေးသည်။ သေမည်ဆိုလျှင် ထိုအချိန်တုန်းကသေလိုက်ချင်သည့်အထိ ကျွန်မတွေးထားခဲ့သည်။

ခုပကတိကျန်းမာလာပြီးနောက် သူသည် ခွေးမြီးကောက်ကျည်တောက်စွပ်သည့်ပမာသောက်မြဲတိုင်းသောက်လျှက် မူးမြဲတိုင်းမူးကာမိန်းမယုတ်ဟူသောစကားနှင့်တင် ကျွန်မ၏ မုန်းတီးမှုကိုလက်ခံယူပြန်သည်။

“လင်ကိုမရိုသေလို့ ဒီလိုဖြစ်တာ၊ မှတ်ပလား၊ အဲဒါ လင်ကိုမရိုသေလို့ဖြစ်ရတာ၊“

ဘုရား၊ ဘုရား။ သူ့စကားတွေက ကျွန်မရင်ဘတ်ထဲကိုဆောင့်ကြီးအောင့်ကြီးဝင်လျှက် ထိုးနှက်သည်။ ကျွန်မကားအက်စီးဒင့်ဖြစ်ခြင်းသည် သူ့ကိုမရိုသေ၍သော်လည်းကောင်း၊ သူ့ကိုမုန်းတီး၍သော်လည်းကောင်း ဖြစ်ရသည်တဲ့။ သူတွေးတတ်မည်ဆိုလျှင် ပတ်ဝန်းကျင်ကို ဒဏ်ရာဒဏ်ချက်များနှင့် လူတောမတိုးဝင့်တော့သည့် မိန်းမကိုထိုစကားများနှင့် ထိုးနှက်သင့်နိုးမသင့်နိုးကိုဖြစ်သည်။ သည်နှောက် သူက ကျွန်မကိုပေးထားသော၊ သို့မဟုတ် တစ်ချိန်တုန်းကလင်မယားဟူသောအသိနှင့် မရှိအတူ ရှိအတူဝေမျှခံစားခဲ့သောကုန်ကျစရိတ်များကိုသူ ပြန်တောင်းလာသည်။

(၄)

သူ့ရှေ့တွင် ငွေသိန်းနှစ်ဆယ်သည် အစီးပင်မဖြေရသေးသောအနေအထားနှင့်။

“ယူလေ၊ ရှင်က ကျွန်မဆီကရစရာရှိပါတယ်ဆိုတဲ့ ရှင်တွက်ချက်ထားတဲ့ အကြွေးတွေ၊ တစ်ပြားတစ်ချပ်မှမလျော့ဘူး ။ ပြီးတော့ ရှင့်ကတိတည်ဖို့လိုတယ်။“

ကျွန်မသည်ကနေ့တကယ့်ကိုစိတ်လွတ်လပ်တော့မည်လား။ ရင်ထဲတွင် ပြတ်တောက်နေသောသံယောဇဉ်အမျှင်တန်းသည် ခပ်ဆတ်ဆတ်ကလေးနာကျင်သည်။ ကျွန်မသူ့အခန်းထဲကထွက်လာတော့ ရှုပ်ပွနေသော၊ ဖရိုဖရဲဖြစ်နေသောပစ္စည်းတွေကိုတွေ့ရသည်။ သူ့အခန်းထောင့်တွေင် မြန်မာရမ်ပြားများ၊ ဝီစကီပုလင်းများ၊ စီပလပ်စ်ရမ် ဗူးများပုံနေသည်။ ကျွန်မမေးချင်သည်ကအရက်ကိုဘာကြောင့်သောက်ရသလဲ။ ဘဝကို ဘာကြောင့် ရေစုန်မြောပစ်လိုက်ရသည်လဲ၊ မကျေနပ်ချက်တွေကဘာကိုအရင်းခံဖြစ်ပေါ်လာသလဲ၊ သူဟာ ကျွန်မနှင့်မရခင်ကတည်းက ဘဝကို ပေါ့ပေါ့တန်တန်သဘောထားတတ်သည့် လူ့ဘော်ကြော့တစ်ယောက်လား။ ထိုသို့သောလဲတွေ လားတွေနှင့် ကျွန်မထွက်လာခဲ့တော့ သည်မနက် သူတိတ်ဆိတ်နေခဲ့သည်။

ကျွန်မသူ့ကိုအိမ်ထောင်သက်ငါးနှစ်တွင် အရက်သောက် အလုပ်မလုပ်တော့သဖြင့် ၊ ပြီးတော့ မိန်းမတစ်ယောက်ကိုသားမယားအဖြစ် ပေါင်းသင်းဆက်ဆံပေါင်းသင်းရုံယောကျာ်းတစ်ယောက် အဖြစ်သတ်မှတ်မိသဖြင့် တစ်အိမ်တည်းအတူနေပါလျှက် လင်ခန်းမယားခန်းကိုဖြတ်တောက်ပစ်လိုက်သည်။ ချစ်ခင်ခြင်း၊ ယုယခြင်းတွေကိုလည်း ကျွန်မမသိတော့သလိုမခံစားတတ်တော့သလိုနေလိုက်သည်။

နောက်ပိုင်း ကျွန်မသူမူးတိုင်းရေရွတ်ကလော်ဆဲနေသောညများစွာတွင် ငရဲတစ်ခုကိုခံစားနေရသလို၊ ကျွန်မ၏ အရှက်များကိုသူ့ စကားတစ်လုံးချင်းတိုင်းတွင် အခွဲခံလိုက်ရသလိုနှင့် နှစ်များပင် ကြာလာခဲ့သည်။ နေ့စဉ် ၊ လစဉ်၊ နှစ်စဉ် ကျွန်မခံစားခဲ့ရပါသော စိတ်ဒုက္ခဝဋ်ကြီးသည် သည်ကနေ့ပြီးဆုံးခန်းတိုင်လေပြီဟုထင်သည်။

သူ့အခန်းသည် တိတ်ဆိတ်နေမြဲ။ ကျွန်မစိတ်လိုလက်ရရေချိုး၊ ခေါင်းလျှော်လိုက်သည်။ နေ့သစ်တစ်ခုကို ကျွန်မစတင်ခြေလှမ်းမည်။ လေးဆယ်ကျော်မှ စရသော ဘဝသစ်တစ်ခု။ စိတ်တွေလှုပ်ရှားနေသည်။

“မမရှိလား“

သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းနေရင်းမှ အိမ်ရှေ့ကခေါ်လာသော ကျွန်မ မောင်တစ်ဝမ်းကွဲ၏ အသံကို ပြန်ထူးရသည်။

“ရှိတယ် ။ ခဏလေးမမသနပ်ခါးလိမ်းနေလို့“

ကျွန်မထွက်လာတော့ ကျွန်မမောင်ဝမ်းကွဲက ထူးဆန်းသလိုကြည့်သည်။ ပြီးတော့

“မမကိုမြတ်ကိုပေးလိုက်တယ်ဆို“

“ဟုတ်တယ် မောင်လေး၊ မနက်ဖြန်သူသွားတော့မှာ“

“ထင်လို့လား“

“ဘာကိုထင်လို့လားလဲမောင်လေး“

“ကိုမြတ် မမဆီကတောင်းထားတဲ့ငွေတွေကိုဘာလုပ်မယ်လို့ထင်လဲ“

“မသိဘူးလုပ်ချင်တာလုပ်ပေါ့။ မမသူမရှိရင် စိတ်ချမ်းသာမယ်ထင်တယ်။ မမ ဝဋ်ကျွတ်တာပေါ့“

မောင်လေးကခေါင်းခါသည်။ ပြီးတော့ ပြုံးသည်။ ကျွန်မတို့လင်မယားသည်လိုဖြစ်ခြင်းသည် ပြုံးချင်စရာကောင်းနေသတဲ့လား။

“တစ်ရက်ကကိုမြတ်မူးပြီး ကျွန်တော့်ဆီလာသေးတယ်။ ကိုမြတ်ကပြောတယ် သူ့မှာအဖော်လိုတယ်တဲ့။ သူမမဆီကတောင်းထားတဲ့ငွေတွေရရင်….“

ငွေတွေရရင်၊ အဖော်လိုတယ်တဲ့။ ဘာစကားလဲ ကျွန်မသိချင်လာသည်။

“ဆက်ပြောလေ“

“ကိုမြတ်ကမိန်းမယူမလိုတဲ့“

ကျွန်မနားစည်များကွဲမတတ် ထိုစကားကြောင့်ကျယ်လောင်သွားသည်။ ရင်တွေတုန်လာသည်။ ခနာတစ်ခုလုံးစပ်ဖျင်းဖျင်းဖြစ်လာသည်။ မျက်ရည်တွေ ဝဲလာသည်။ နုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာသည်။ ကျွန်မကိုယ့်ကိုကိုယ် ထိန်းချုပ်နေရသည်။

“မိဆုနင်မငိုရဘူးနော်၊ နင်မငိုရဘူး။ နင်ငိုလို့မဖြစ်ဘူး“

သော်ဇင်(လွိုင်ကော်)

Date-11th-Jan -2014

Time-09:42AM

 

7 comments

  • ဖြူစိုင်း လူ

    January 11, 2014 at 11:18 am

    ခုလေးတင် “Her” ဆိုတဲ့ဇာတ်ကားကိုကြည့်ရင်း မြန်မာမှုပြုမယ်လို့ စဉ်းစားနေတုန်းရှိသေးတယ်..

    သူမတစ်ယောက်အကြောင်းဖတ်လိုက်ရတော့ တစ်မျိုးကြီးပဲ… ကိုသော်ဇင်ရေးတာတွေမှာ ရင်ဘတ်ကြီးနဲ့ရေးထားလို့ ရင်ထဲရောက်ရောက်သွားပါတယ်.. ပြင်ပမှာတော့ ဘယ်လောက်အနေအထားရောက်နေတဲ့ စာရေးဆရာလဲတော့ မသိဘူးပေါ့လေ.. ဒီဆိုက်မှာတော့ ရင်ဘတ်ကြီးလာလာ ဖွင့်ပြနေတာ ဖတ်နေရတာပဲ..။ ရေးလက်ကြည့်တာတော့ ဇ တော့ တယ်မသေးလှပေဘူး။

    ဇာတ်ကြောင်းပြန်ကောက်ရအောင်ဗျာ.. ကိုသော်ဇင်က စာတွေတော့ရေးတယ်၊ အငှားခံစားချက်တွေကို ပို လက်တွေ့တယ်လို့ မြင်မိတယ်။ ဒီတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်မိန်းကလေးက စာရေးသူတော့ ဖြစ်မယ်မထင်။ စိတ်ကူးထဲက မိန်းကလေးတစ်ယောက်သော်လည်းကောင်း၊ သိကျွမ်းပါတ်သက်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်အကြောင်း အငှားခံစားရေးသားတယ် ထင်ပါတယ်ပေါ့။

    ဇာတ်အိမ်ဖွဲ့ပုံ၊ ဇာတ်အိမ်ဖော်ပြပုံ၊ ဇာတ်လမ်းကို ဆွဲဆောင်ခေါ်ယူသွားပုံတွေက အရင်လိုပဲ ပိရိသေသပ်ကျစ်လှစ်လှပါပေတယ်။ စာရေးသူ လက်ရာအတိုင်းပေါ့။

    ဇာတ်သိမ်းခန်းမှာ ဇာတ်သိမ်းသွားတာတော့ သိပ်သဘောမကျဘူး။ ရေးတာကို မဟုတ်ပဲ ကိုယ်ပိုင် Emotion လေးတစ်ခုနဲ့ပေါ့။ ၅ နှစ်ကျော် ပေါင်းခဲ့တဲ့မိန်းမတစ်ယောက် ယောကျာ်းအရက်ကြောင်သွားလို့ မပေါင်းနိုင်တော့တာ။ တစ်ကယ်တော့ သူသာတစ်ကယ်ချစ်ရင် ကြောင်မသွားခင်ကသော်လည်းကောင်း၊ ကြောင်နေစဉ်မှာသော်လည်းကောင်း၊ ထိန်းသင့်တယ်ထင်ပါတယ်။ ဇာတ်လမ်းအလိုအရဆို ဘာမှန်း၊ ညာမှန်းမသိပဲ ကြောင်သွားတဲ့ယောကျာ်းကို မိန်းမက ကွာတော့မယ်ပေါ့။ ဒီတော့ ကွာလိုက ကွာစေပေါ့။ ခက်တာက အဲ့ဒီထိ ယောကျာ်းက ဘာလို့ အရက်ကြောင်သွားမှန်းကို မသိသေးဘူး။ နောက်ဆုံး ဇာတ်ကောင်မိန်းကလေးက ဇာတ်ကောင်ကို ကွာရှင်းတော့မယ်ဆိုမှ သူ့မောင်ကပြောလို့ အရက်ကြောင်နေတဲ့ကောင်က နောက်မိန်းမနဲ့ ပေါင်းတော့မယ်ဆိုတာ သိလိုက်ရတယ်။

    ဆိုတော့ကာ ရသတစ်ပုဒ်အနေနဲ့ အတော်လေးကောင်းမွန်ပြီး ဇာတ်အိမ်မှာတော့ ဇာတ်သိမ်းခန်းတစ်ခု အတော်လေး လိုအပ်တယ်လို့ စာဖတ်သူတစ်ယောက်အနေနဲ့ မြင်မိပါတယ်။

    (ဆရာကြီးတော့မဟုတ်ပါ.. မြင်သလို၊ သိသလို၊ ခံစားနားလည်မိသလို ဆွေးနွေးခြင်းသက်သက်သာ)

    • ဟုတ်ကဲ့ ဗျာ ခုလိုဆွေးနွေးလာတာကိုလည်း ကြိုဆိုပါတယ်ဗျာ။ တကယ်တော့ ယောကျာ်းဖြစ်သူ အရက်သောက်ရပြီး ကြောင်လာရခြင်းအကြောင်းအရင်းကို တကယ့်အပြင်မှာရှိတဲ့ မိန်းမဇာတ်ကောင်လည်း မသိနေဘူးဗျာ။ ကျွန်တော်လည်း ဉာဏ်မီသလောက်တော့ စဉ်းစားကြည့်ပါသေးတယ်။ နောက်ဆုံး မိန်းမယူမယ်ဆိုတာလည်း တကယ်ပြောနေတော့ ခက်သားဗျ။ ဒါကို ကျွန်တော်က ခံစားချက်ကိုဆင့်ပွားယူလိုက်တာ မပီပြင်သေးဘူးထင်တယ်ဗျ။ ကျွန်တော်ပြန်ကြိုးစားကြည့်ဦးမယ်။ ခုလို ရင်ဘတ်ကြည့်လာလာဖွင့်ပြတာကို သေချာလေးထင်မြင်ချက်ရေးပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျ။

  • ဟုတ်ကဲ့ ဗျာ ခုလိုဆွေးနွေးလာတာကိုလည်း ကြိုဆိုပါတယ်ဗျာ။ တကယ်တော့ ယောကျာ်းဖြစ်သူ အရက်သောက်ရပြီး ကြောင်လာရခြင်းအကြောင်းအရင်းကို တကယ့်အပြင်မှာရှိတဲ့ မိန်းမဇာတ်ကောင်လည်း မသိနေဘူးဗျာ။ ကျွန်တော်လည်း ဉာဏ်မီသလောက်တော့ စဉ်းစားကြည့်ပါသေးတယ်။ နောက်ဆုံး မိန်းမယူမယ်ဆိုတာလည်း တကယ်ပြောနေတော့ ခက်သားဗျ။ ဒါကို ကျွန်တော်က ခံစားချက်ကိုဆင့်ပွားယူလိုက်တာ မပီပြင်သေးဘူးထင်တယ်ဗျ။ ကျွန်တော်ပြန်ကြိုးစားကြည့်ဦးမယ်။ ခုလို ရင်ဘတ်ကြည့်လာလာဖွင့်ပြတာကို သေချာလေးထင်မြင်ချက်ရေးပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျ။

  • TheWinner Getprize

    January 12, 2014 at 9:53 am

    ဇာတ်လမ်းထဲက ဇာတ်ဆောင်အမျိုးသမီးဘဝ အရမ်းကို လွပ်လပ်သွားတာပေါ့…

  • kai

    January 12, 2014 at 11:27 am

    တခါတလေကျတော့လည်း.. တကယ့်အဖြစ်တွေက.. စိတ်ကူးယူရေးထားထက်..ပိုဆန်းကြယ်ပါတယ်…
    အများအားဖြင့်.. ဟက်ပီးအန်းဒင်းတော့..သိပ်မဟုတ်ကြပါဘူး..

  • လူကလေး

    January 12, 2014 at 9:17 pm

    အကန်းပေါ့နော် ..
    ထိုက်မှ မထိုက်တာ . .
    သူ့ဘဝနဲ့သူပေါ့..
    မိန်းကလေးအတွက်တော့ ဝမ်းသာစရာ..

  • kyeemite

    January 14, 2014 at 11:38 am

    ကြိုက်ပါတယ်…ရသခံစားပြီးမြင်လာအောင်ရေးထားတာလေးအားပေးသွားပါတယ်..

Leave a Reply