” အဟ အဟ အဟက် အဟက် အဟီး အဟီး……….”

 

” အဟ အဟ အဟက် အဟက် အဟီး အဟီး အဟ အဟ အဟက် အဟက် အဟီး အဟီး ဟီးးးးးးးးးးးးး”

မန္တလေးဆောင်းတွင်းမနက်ခပ်ချမ်းချမ်းမှာ မနက် ၆ နာရီလောက်ဆိုပေမယ့် ပတ်ဝန်းကျင်ဟာမိုးမလင်းသေးတဲ့ အချိန် လူသူတိတ်ဆိတ် အိပ်ကောင်းနေတုန်း ဘယ်အိမ်က ကလေးများ စောစောစီးစီးထပြီး အားရပါးရ ရယ်မောနေသံက ရပ်တန့်မသွားဟဲ တအားကိုသဘောကျရယ်နေသံကြောင့် ကျုပ်တစ်ယောက်အိပ်ယာထဲ မှေးနေတဲ့မျက်လုံးဖွင့်ပြီး အသံလာရာကိုနားစွင့်မိလိုက်တော့ အိမ်ရှေ့နှစ်ထပ်အိမ်ဘက်ကလာတဲ့ အသံ ဆိုတာ လဲသိလိုက်ရော မှေးနေတဲ့မျက်လုံးတောင် ကျယ်သွားသလိုဖြစ်မိသွားတယ်လေ။

အကြောင်းကဒီလိုဗျ ကျုပ်တို့အိမ်ရှေ့တည့်တည့်မှာ နှစ်ထပ်အိမ်လေးရှိပြီး သော့ပိတ်ထားတာအတော်ကြာ ခဲ့ကာ ပြီးခဲ့တဲ့ စနေကမှ နေမယ့်သူတွေပြောင်းလာတာလေ အဲဒီပြောင်းလာတဲ့ သူတွေအကြောင်းကို ကျုပ် အလုပ်ကပြန်လာတော့ သမီးဖြစ်သူက စပ်စုထားသမျှဖောက်သည်ချခဲ့တာက

” ဖေကြီး သမီးတို့ အိမ်ရှေ့ကနှစ်ထပ်အိမ်ကို နေ့ခင်းက လူတွေပြောင်းလာတယ်”

“ဟုတ်လားသမီး သမီးတို့အရွယ် ကလေးတွေရော ပါသလားလို့ သမီးစပ်စုပြီးပလား”

“သမီးတို့အရွယ်ကလေးတွေတော့မပါဘူး အဖွားကြီးတစ်ယောက်နဲ့ အဒေါ်အရွယ် အမျိုးသမီးနှစ်ယောက် ဘဲပြောင်းလာတာတွေ့တယ်”

“အေးလေ ဘာဘဲဖြစ်ဖြစ် လမ်းထဲလူပြောင်းလာတယ်ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်စည်ကားလာတာပေါ့ သမီးရယ်”

“သြော်ဒါနဲ့ဖေကြီး အဲဒီ အဒေါ်ကြီးနှစ်ယောက်က အပျိုကြီးတွေတဲ့”

အဲဒီလို ပြောထားခဲ့တာကြောင့် အပျိုကြီးတွေနေတဲ့အိမ်က ဘယ်နဲ့ကြောင့် ကလေးရယ်မောသံကြားရပါလိမ့် ဆိုပြီးတွေးနေမိသပေါ့ဗျာ။

 

အဲ နောက်တစ်ခုက ဟိုတစ်နေ့က တိုင်းရုံးမှာ အစည်းဝေးလေးရှိလို့ သွားတက်ပါတယ် အစည်းဝေး သဘာပတိနေရာယူပြီး သိပ်မကြာဘူး နိုင်ငံတော်သီချင်းတီးလုံးသံ ထွက်လာလို့ ကျုပ်ဖြင့်ထိုင်နေရာက ကမန်းကတန်းထရမလိုဖြစ်ပြီးမှ ဘေးဝဲယာကြည့်မိလို့တော်သေးတာပေါ့ ဒီပြင်ဆို ကျုပ်တစ်ယောက်ထဲ ယောင်ချာချာမတ်တပ်ရပ်သလိုဖြစ်အုံးမှာလေ။

တစ်ခါကလည်း ရန်ကုန်ကို အဝေးပြေးကားနဲ့ ညဖက်စီးနင်းခရီးထွက်ခဲ့တာ ညဥ့်နက်ချိန်ဆိုတော့ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေလည်း အိပ်မောကျနေတုန်း ကားနောက်ဖက်ကနေ  ကယ်ကြပါအုံးရှင် ကယ်ကြပါအုံးရှင် ဆိုပြီးအသံထွက်လာလို့ ခုနအိပ်မောကျနေတဲ့ခရီးသည်တွေအကုန်လုံး ရုတ်ရုတ်သဲသဲနဲ့ ဘာများဖြစ်လဲ လန့်ကာနိုးကုန်ကြတာပေါ့။

 

တစ်ခါကြုံခဲ့တာလေးတစ်ခုက အလှုမင်္ဂလာပွဲတစ်ခုမှာ ဘုန်းတော်ကြီးက ရေစက်ချတရားဟောနေတုန်း ကိုကိုဖုန်းလာတယ် ကိုကိုဖုန်းလာတယ် ကိုကိုဖုန်းလာတယ် ဘာမှန်းလဲမသိဘူး ခေါ်မကြား အော်မကြား နဲ့ဆိုပြီးအသံထွက်လာလို့ တရားနာသူတွေနဲ့ ဘုန်တော်ကြီးမှာ ဆက်ဘဲတရားစာဆက်ရွတ်ရမလို ရပ်ရမလို ဖြစ်ခဲ့ကြတာပေါ့ဗျာ။

 

စားသောက်ဆိုင်တစ်ခုမှ နေလည်စာ စားနေတုန်းကတော့ မီးသတ်ဥသြဆွဲသံလို ထမြည်တာကြားရတာမို့ စားလက်စသူတွေ ထပြေးရမလိုဖြစ်ကြတာလဲ ကြုံရပါသဗျို့။

 

အခုဆိုမြန်မာပြည်လည်း မြို့နေသူတိုင်းနီးပါး ဟန်းဖုန်းလေးတွေကိုင်ဆောင်ကာ ပြောကြဆိုကြလုပ်ကြပါပြီ၊ အတော်လည်းခေတ်မှီလာပြီလို့ဆိုရမှာပေါ့ဗျာ။ ဟန်းဆက်တွေကလည်း အမျိုးစုံ ဖန်ရှင်တွေကလည်း လိုက်မှီ အောင်ကို နည်းပညာအစုံဆိုတော့ ဟန်းဖုန်းဖုန်းမြည်သံကိုက အမျိုးမျိုးအဖုန်ဖုန်ပေါ့လေ။ အဲဒီမှာ လက်ကိုင် ဖုန်းမြည်တဲ့ အသံကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးထားကြတာ ကိုယ့်ရဲ့လုပ်ပိုင်ခွင့် လွတ်လပ်ခွင့်ဆိုသော်ငြား လည်း အဲဒီ လက်ကိုင်ဖုန်းကို  အစည်းဝေးခန်းမတွေ ခရီးသွားကားတွေ လေဆိပ် ကားဂိတ် ဈေး ကျောင်းစတဲ့ လူအများစုဝေး ရာနေရာတွေကို သယ်ယူသွားလာကြမှာကတော့ မလွဲဧကန်ဖြစ်မှာပါ။ တစ်ကြိမ်မဟုတ်ကြုံဆုံ နိုင်မှာမို့ အများပြည်သူ အထိန့်အလန့်ဖြစ်စေမယ့်အသံလိုမျိုးတွေ ကိုယ့်အခြေအနေနဲ့ ပတ်ဝန်းကျင်မှာ ထိုအသံဟာ သင့်လျှော်၏ မလျှော်၏ တွေးဆကာစဉ်စားပြီး ဖုန်းလာရင်မြည်တဲ့(Ringtone)များကို ထားကြမည် ဆိုရင်ပိုကောင်းလေမလား တွေးလာမိတာပါဘဲဗျာ။ အခုတော့ ကြည့်ပါအုံး အပျိုကြီးတွေနေတဲ့အိမ်က ဖုန်းမြည် သံက ကလေးငယ်တစ်ယောက် အားရပါးရရယ်မောလိုက်တဲ့…………

” အဟ အဟ အဟက် အဟက် အဟီး အဟီး အဟ အဟ အဟက် အဟက် အဟီး အဟီး ဟီးးးးးးးးးးးး”

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..