အမေများနေ့ကို ဂါရဝပြုလျှက်

manawphyulayJanuary 15, 20141min1056

ဒီကနေ့ ပြာသိုလပြည့်နေ့ ဆိုတော့ မမေ့သင့်တဲ့ နေ့လေးတစ်နေ့ဖြစ်တဲ့ အမေများနေ့ ကျရောက်နေပါလား။ အမေ…. မေမေ… ဘယ်လိုပဲ ခေါ်ခေါ် သားသမီးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြင့်မိုရ်တောင်ကြီးပါပဲ။ မနက်မိုးလင်းထဲက သမီးအလုပ်သွားဖို့အတွက် ပြင်ဆင်ပေးတဲ့ မေမေ့ပုံရိပ်ကတော့ သမီးရဲ့ ရင်ထဲ အမြဲစွဲထင်လျှက်ပါပဲ မေမေ။ ဒီကဗျာလေးနဲ့ မေမေ့ကို ဂါရဝပြုလိုက်ပါရစေရှင်။
mom

လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ
အမေဆိုတာ
သားသမီးများအတွက်
မျှဝေခံစား
သက်ဖူးအကာ လက်ဦးဆရာပါအမေ

ကျွန်မအမေ
အားလုံးရဲ့အမေ
အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင်
မရှိမဖြစ် ခွန်အားဖြစ်ပွား
ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ်
သားသမီးတို့ရဲ့ ရှေ့ဆောင်
ဂုဏ်ရှိန်ဩဇာ စဉ်ထွန်းပြောင်
မျက်နှာသာကြည် လရောင်ပမာ
အမြဲရွှင်ပြုံး
ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍
မမှောင်အလင်း အရောင်ဆင်းနဲ့
မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်
ကောင်းခြင်းပေးဝေ အို… အမေ
သက်တော်ရာကျော် ရှည်ပါစေ….

အမေ့အပြုံး အမေ့ပီတိ
အမေသည် သားသမီးများအတွက် မီးရှူးတစ်ဆောင်သာ ဖြစ်ပါသည်။ အမေမရှိလျှင် သားသမီးလည်း မရှိနိုင်ပေ။ အမေသည်သာ သားသမီးများအတွက် ရှေ့ဆောင်လမ်းပြ မိခင်ဖြစ်ပါသည်။ ကိုးလလွယ် ဆယ်လဖွားစဉ်အခါကတည်းက အမေသည် ပျော်တစ်ပြုံးပြုံး။ “ဝါး… အူဝဲ“ ဟူသော အသံသည် သေမင်းနှင့် စစ်ခင်းနေသော အမေ့မျက်နှာအား အပြုံးရိပ်သမ်းသွားသည်။
မပီကလာ ပီကလာနှင့် “အမေ“ ဟု စခေါ်လိုက်သော သားသမီးရဲ့အသံ ကြားကြားချင်း တအံ့တဩပြုံးလိုက်သူမှာ အမေဖြစ်သည်။ သားသမီးက အမေ့နို့ကို စို့ရိုတင်မဟုတ်၊ သူ့သွားဖုံးလေးနဲ့ ဒါမှမဟုတ် သူ့သွားလေးတွေနဲ့ နာနာကျင်ကျင်ကိုက်နေတာကို အမေက ပြုံးပြုံးကြီးလုပ်ပြီး ပီတိဖြစ်နေတတ်သည်။
သူ့သားသမီး ငုတ်တုတ်စထိုင်တဲ့နေ့၊ လေးဘက်သွားတဲ့နေ့၊ မက်ရပ်စမ်းရပ်တဲ့နေ့၊ လမ်းလျှောက်တဲ့နေ့တွေမှာ အမေ့မျက်နှာပေါ်က အမေ့အပြုံးကို ဘယ်ပန်းချီမှ ရေးလို့မမီနိုင်ပါ။
သူ့သားသမီး ဝလုံးလေး စရေးပြတတ်တာကို မပြည့်စုံတဲ့ နွမ်းပါးနေသည့် အမေဖြစ်စေ၊ ပြည့်စုံကြွယ်ဝမင်းစိုးရာဇာဖြစ်နေသည့် အမေဖြစ်စေ သူ့သားသမီးပညာတတ်ကြီးဖြစ်မယ့် နိမိတ်လို့ ယူဆပြီး ကျေကျေနပ်နပ်ကြီး ပြုံးနေတဲ့အမေ။
အမေ့သားမောင်ရင်လောင်း၊ အမေ့သမီး သီလရှင်လောင်းကိုကြည့်ပြီး ပြုံးနေတဲ့အမေ့အပြုံးကို ကမ္ဘာတည်သရွေ့ မေ့၍ ရမည်မဟုတ်။ သားသမီးတွေ ဘွဲ့တွေ ဂုဏ်ထူးအောင်မြင်မှု အထူးထူးကို ရယူတဲ့နေ့၊ အမေတစ်ယောက် သူ့အပြုံးကို အစသတ်၍ မရတတ်။
သားသမီးတွေအတွက် မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဆိုသည့် မိဘဝတ္တရားငါးပါးအား ဆောင်ရွက်နေရချိန်တိုင်း အမေက ပြုံးနေတတ်သည်။
ပင်ပန်းနွမ်းနယ်နေသည့် အမေ့ကို အမေ ပင်ပန်းနေလားဟင် ဟု မေးကြည့်ပါ။ အမေက မမောမပန်း မပင်ပန်းတဲ့ အပြုံးကို ပြုံးပြနေလိမ့်မယ်။ သားသမီး ဆိုးသည် မိုက်သည် ရက်စက်ပြုမူလိမ်ညာနေလည်း အပြုံးမပျက် မေတ္တာဖက်လျှက် အချစ်ပိုနေတာလည်း အမေ။
ကျွန်မလည်း ဆိုးပါသည်။ သမီးပြန်လာမှ ထမင်းစားတတ်တဲ့အမေ့အပေါ် ပြန်ချိန်မမှန်တဲ့ နှိပ်စက်မှုတွေနဲ့ ဆိုးနေလျှက်ပါပဲ။ မိုးလင်းရင် အလုပ်သွားဖို့ အဆင်သင့် ပြင်ဆင်ပေးတာလည်း အမေ။ သမီးခေါင်းမှာ ပန်ဆင်ဖို့ ခရေပန်းကောက်ပြီး သီပေးနေတာလည်း အမေ။ ခုဆောင်းရောက်တော့လည်း မနက် ရေချိုးဖို့ ရေနွေးကြိုပေးတာလည်း အမေ။ ဒီအမေ ဒီရင်ခွင်နွေးထွေးစွာနေထိုင်ရင်း မပျောက်မကွယ် အမြဲခိုလုံခွင့်ပေးလျှက်ပါ အမေ။
(အမေ့များနေ့မှာ ဒီစာစုနဲ့ မေမေနှင့် ဖေဖေကို ကန်တော့လိုက်ပါတယ်)

6 comments

  • Myo Thant

    January 15, 2014 at 9:44 am

    သားဆိုးခဲ့သမျှ ခွင့်လွှတ်ခဲ့ပြီး
    ၈ လသားအရွယ်မှစကာ အမေတစ်ခု သားတစ်ခုဘဝမှာ
    အတတ်နိူင်ဆုံး ဖြည့်ဆည်းပေးခဲ့တဲ့ အမေ
    သားဆိုးကြီးနဲ့ နှစ်ပေါင်းများစွာ နေကြပါဦးစို့
    နော်အမေ

  • manawphyulay

    January 15, 2014 at 12:14 pm

    ရင်ခွင် သစ်

    အမေ့သားတွက်
    ကြောင်ကျားဆံပင် ဖြူရသလော။
    အမေ့သားတွက်
    ပါးရေလှိုင်းလိပ် တွန် ့ရသလော။

    အမေ့သားတွက်
    မှုန်ဝါးမျက်စိ သီရသလော။

    အမေ့သားတွက်
    စွယ်သွားငွေကုန်း ပြုန်းရသလော။

    အမေ့သားတွက်
    ခါးကိုင်းညွတ်ရုန်း ကုန်းရသလော။

    အမေ့ရုပ်ဝါ၊ ငါ့တွက်သာလျှင်
    အခါမတန်၊ ချိန်မှန်မရောက်
    တစ်ခေါက်တစ်ခါ၊ ပြန်မလာသော
    ဇရာသူ ့နယ်၊ အိုမင်းရွယ်သို ့
    ခုနှယ်အခို စောရှာထင့်။

    အမေရုပ်ဝါ၊ ပျိုစဉ်ခါဝယ်
    ငါမလာက- ကောင်းလေစွ။ ။

    တင်မိုး

  • Lay Pai

    January 15, 2014 at 2:48 pm

    ပြာသိုလပြည့် အမေများနေ့ ကို သိတာ မကြာသေးပေပါ။
    အမေနဲ့ ပတ်သက်လာရင် တော့ သားလိမ္မာ တစ်ယောက် မဟုတ်ခဲ့ပေမဲ့၊
    သားသမီး ဝတ္တရား မှာ တော့ နောင်တရ စရာ မရှိခဲ့ ဘူးလို့ ပြောလို့ ရပါတယ်။

    သားသမီးဝတ္တရား ကျေပွန်ဖို့ ဆိုတာ ထက် နောင်တရစရာ မရှိအောင် နေထိုင်ရင်း သားသမီးကောင်း တယောက်ဖြစ်အောင် နေနိုင်ကြပါစေလို့

    ဆယ်စု နှစ် တစ်ခု ကျော် ကြာ ခွဲခွာ သွားပြီ ဖြစ်သော ကျေးဇူးရှင်မေမေ အား ရိုသေစွာ ဦးခိုက်ရင်း….။

  • kyeemite

    January 15, 2014 at 4:23 pm

    အွန်လိုင်းပေါ် အမေ အမေဆိုနေကြလို့ နေခင်းကပဲအမေ့အိမ် ဖုန်းဆက်ပြီးသတင်းမေးလိုက်ရတယ်…
    အော်…အမေ့မြေးလေးတွေ လုပ်စာစားသွားပါအုံးနော်လို့..သာ

  • TNA

    January 15, 2014 at 6:13 pm

    လှပတဲ့အရေးအသားလေးမို့ ထပ်တူခံစားသွားပါတယ်။

  • တိမ်တမန်

    January 16, 2014 at 6:34 pm

    အမေများနေ ့မှာ..
    အမေနဲ ့..ဝေးရာ မှာ..
    အမေ့ကို.စိတ်နဲ ့တောင်… သေချာ ကန်တော့ဖို ့မအားခဲ ့တဲ ့အတွက်…
    ကိုယ့်ကို ကိုယ်..အားမရခဲ ့…..

    🙁

Leave a Reply