ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်း -သော်ဇင်(လွိုင်ကော်)

 

ညနေခြောက်နာရီထိုးတော့မယ်ဆိုရင်မယ်ရင့် စိတ်တွေလှုပ်ခတ်နေပြီ။ ခြေလက်မျက်နာသန့်စင်ရုံပဲ သန့်စင်နိုင်ပြီး အကြီးကောင်ကိုမြန်မြန်လှမ်းခေါ်ရတယ်။ အရေးအကြောင်းဆို အကြီးကောင်လည်း အိမ်မှမရှိတတ်ဘူး။ ပျောက်ရင်အိမ်နောက်ဘေးလမ်းမှာ ချည်းပဲ။ မယ်ရင် ခြံစည်းရိုးပေါ်ကနေ လှမ်းခေါ်မှ မျက်နာစူအောင့်အောင့်နဲ့မလာချင်လာချင်ပြန်လာတာ။ ဒီလိုဆိုရင်တော့ လာထားပဲ။ မယ်ရင့်လက်ကလည်းမြန်သလားမမေးနဲ့ အကြီးကောင်ရဲ့ခေါင်းကိုဒေါက်ခနဲခေါက်ချပြီး မယ်ရင် သိချင်တာကို ခိုင်းရတယ်။

 

“သွား အဘရုံဒီနေ့ညဘာကားလဲလို့၊သေသေချာချာဖတ်ခဲ့နော်၊ လွဲလို့ကတော့ အသေပဲ၊ သွားမြန်မြန်“

အကြီးကောင်က မဲ့တဲ့တဲ့ထွက်သွားပြီဆိုမယ်ရင် အငယ်နှစ်ယောက်ကို ခေါ်ရပြန်တယ်။ အငယ်နှစ်ယောက်ကလည်း အကြီးကောင်လိုပဲ နောက်ဖေးလမ်းကြားထဲမှာကျွတ်ကျွတ်ကိုညံအောင် ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်းလို့ အော်နေတုန်း။ နေပါလေ့စေဦး..။

 

(၁)

 

“ ဒါက ဘယ်လဲ“

 

ကျွတ်။ နေ့တိုင်းလည်း မယ်ရင်ညနေခြောက်နာရီကျော်ရင် ဘယ်သွားမလဲဆိုတာသိနေရက်နဲ့ထပ်ထပ်မေးတာလောက် စိတ်ပျက်တာမရှိဘူး။မေးလိုက်ရင် သံပြတ်နဲ့။ တစ်နေကုန်မောရတဲ့အထဲ အဲလိုမျိုး အလုပ်ပြီးချိန်မှာ လုပ်ချင်တာလုပ်သွားချင်တာသွားတာကို စစ်မေးလာရင် မယ်ရင် သိပ်စိတ်ပျက်တာ။ ဒီလိုမျိုးဆိုရင် မယ်ရင် အရင်ခါးထောက်ပြီးမှစန်းဝင်းဘက်ကိုလှည့်တယ်။

 

“နေထက်လင်းဆီသွားမှာ ဘာလုပ်ဖို့မေးတာလဲစန်းဝင်းရဲ့“

 

အဲလိုမျိုး စန်းဝင်းဆိုတဲ့သူ့နာမည်ကိုအသံမြင့်ပြီးမေးရင် သူ့မျက်နာကြီးက အီးမှန်သလိုမျိုး ရှုံ့မဲ့နေတာ။ မှတ်ပလား။ သူ မယ်ရင့်ကိုဘယ်တုန်းကမသွားနဲ့လို့ ပြောလို့ရလို့လဲ။ မယ်ရင်ကြိုက်တာ နေထက်လင်း။ နေထက်လင်းနဲ့ တစ်နေ့မတွေ့ရရင်ကိုစိတ်မဖြောင့်ဘူး။ အိမ်က စန်းဝင်းဆိုတဲ့သူနဲ့များကွာပါ။ နေထက်လင်းက ယောကျာ်းပီပီသသ၊အပြောအဆိုအနေအထိုင်က ကျစ်ကျစ်လစ်လစ်၊ မိန်းမကြည့် ဓါးကြည့်ဆိုတဲ့လူစားမျိုး။ အလုပ်လည်းလုပ်သလားမမေးနဲ့။ပေါက်ပြားပေါက်မလား၊ ထင်းခုတ်မလား၊ ရေလောင်းမလား၊ ပန်းရံလုပ်မလားလာခဲ့။ အဲ ပြီးတော့တိုက်ရည်ခိုက်ရည်ကလည်း ကောင်းသေးတာ။ သူ့များတော့ အဲဒီနေထက်လင်း ခြေဖျားတောင်မမီဘူး။

 

“နင် ထမင်းမချက်တော့ဘူးလား၊ဘာနဲ့ငါကစားရမှာလဲ“

ဟားတိုက်လို့ ရယ်ပစ်လိုက်ချင်တယ်စန်းဝင်းရယ်လို့ မပြောတော့ဘူး။ မျက်နာကိုဆတ်ခနဲ့လှည့်ပြီး ခါးထောက်မပျက် ပြန်ပြောလိုက်တယ်။

 

“အပိုတွေလုပ်မနေစမ်းပါနဲ့စန်းဝင်းရယ်။ နေ့တိုင်းနင်ချက်နေတာပဲ ငါစားနေရတာပါ။ ငါက ချက်စရာလား။ နင်ဆာရင် နင့်ဖာသာနင်ချက်၊ငါကတော့ နေထက်လင်းဆီသွားမှာပဲ။ နေဦး နင်မကျေနပ်ရင် လဲသေလို့ရတယ်နော်။ လာ ဟိုနှစ်ယောက်။ဟိုကောင်ဘာလုပ်နေတာလဲ နင့်ပထွေးနဲ့နေခဲ့မလို့လား။ တကတည်း နေထက်လင်းမှမီပါ့မလားမသိဘူး“

 

(၂)

“ဟဲ့ မာလွင်ရဲ့ သိလား မနေ့ကနေထက်လင်းတို့ရန်ပွဲလေ။ ငါရောက်သွားတော့ တော်တော်ကြမ်းနေပြီ။ ရန်ပွဲကိုအစအဆုံးမကြည့်လိုက်ရတာနာတာပဲ။အဲဒီကာလနာ စန်းဝင်းနဲ့စကားများနေရလို့ နောက်ကျသွားတာ။ နေထက်လင်းမျက်နာဆို သွေးတွေကိုချွဲလို့ကြည့်မကောင်းဘူး။ ကိုကိုဦးမသာလေ အဲဒီသေချင်းဆိုး လုပ်ထည့်လိုက်တာ။ ငါလေ ဘေးကနေတွေ့တဲ့ဟာနဲ့ကောက်ပေါက်ချင်နေတာ။လက်ထဲဘာမှမရှိလို့။ အဲဒီအချိန်မှာ မြတ်ကေသီအောင်ရောက်လာ“

 

“ အမေ“

 

ကျွတ်။ အဲဒီကောင်ဟာလေ။ စကားကောင်းရင်ရောက်လာပြီ။လာလိုက်ရင်လည်းတစ်ခုမဟုတ်တစ်ခုတော့ ဂျီကျတော့မှာ။ မျက်နာကိုတင်းနေအောင်ထားပြီးမှ ထူးလိုက်တယ်။

 

“ဟဲ့ ဘာလဲပြော။ ဘာတုန်း နင်ကအရေးထဲဘာပြောမှာတုန်း“

 

“အဖေက ဝက်စာလာကျွေးဦးတဲ့ဝက်တွေအော်နေပြီတဲ့“

မာလွင်က ခစ်ခနဲရယ်တယ်။ မယ်ရင်ဒီနေ့ စိတ်လိုလက်ရရှိတာနဲ့အိမ်လည်နေတာ။ မာလွင်အိမ်နဲ့ဆို လေးအိမ်မြှောက်ပြီ။ တစ်အိမ့်တစ်အိမ်ကို ကူးပြီး ပြောချင်တာတွေပြောလိုက်ရလို့ မယ်ရင်ကျေနပ်နေတာ။ ဒီလိုပြောရဖို့ကလည်းအလုပ်ကလေးကလည်း အားဦးမှ။ အိမ်လည်ချင်စိတ်ကလည်းရှိဦးမှ။ စိတ်ပါတဲ့ရက်မျိုးဆို ဟိုအနှောင့်အယှက်ကလည်း ဝင်တတ်သေးတယ်။ အဲဒီမသာ အိမ်မှာနေပြီး မယ်ရင် ဘယ်သွားသွား ကလေးတွေနဲ့လိုက်လိုက်ခေါ်ခိုင်းပြီးရင် နင်က ငါကနဲ့ စကားများရအောင်လုပ်တော့မှာ။ မယ်ရင် မတ်တပ်ထ ထမီပြင်ဝတ်လိုက်ပြီးထုံးစံအတိုင်းလက်ကိုခါးမှာ ထောက်လိုက်တယ်။

မာလွင့်ကိုလည်း မပြန်ခင်လေးမှာချင်တာကရှိနေတော့ မှာရသေး။

 

“ငါသွားဦးမယ် မာလွင်။ ဟိုမသာနဲ့ပြန်သတ်ရဦးမှာပြီးမှမြတ်ကေသီအောင် အကြောင်းပြန်လာပြောမယ်သိလား။ ညကျ လက်ဖက်ကလေးပါ သုတ်ထား။ ဟဲ့ ဆီတော့ရွှဲရွှဲလေးစမ်းနော်။လာ အကြီးကောင် နင့်ပထွေး အိမ်မှာ အားနေတာမလား ။ ဝက်အော်နေတာ သူကျွေးလိုက်ပါရော့လား။တကတည်း ဘာကြီးနေလို့ထိုင်ရာမထရတာတုန်း။ သောက်နေတာမလား။ ပြောစမ်း။ ဟင် ဒါလည်း နင်ဝယ်ပေးလိုက်တာမလား။နင့်ကို ဘယ်နှစ်ခါပြောရမလဲ အရက်ဝယ်ခိုင်းရင်မဝယ်ပါနဲ့လို့။ ကဲ ကဲ“

ကလေးခေါင်းကို တဒေါက်ဒေါက်ခေါက်သွားလိုက်တာများ ပါးစပ်ကလည်းပြောရင်းနဲ့ မယ်ရင့်ကိုကြည့်ရတာ မာလွင်တော့ ရယ်ချင်မိနေတာပါပဲ။

 

(၃)

 

ဝုန်း ဒိုင်းနဲ့ မယ်ရင်အိမ်ကလေးသိမ့်သိမ့်ခါသွားခဲ့ပြီ။ အငယ်မနှစ်ယောက်ကတော့ ဘုမသိ ဘမသိအော်ငိုနေကြတာများ ဝါးဝါး နဲ့။စန်းဝင်းခမျာတော့ မီးဖိုချောင်ထောင့်လေးမှာ ခွေခွေကလေး။ မှတ်ထား။ မယ်ရင့်ကိုများ အသားထိချင်သေးတယ်။မယ်ရင် ငယ်ငယ်ကလေးထဲကနေ ခု လင်ရတဲ့အထိ နှီးကျောလေးတစ်ကျောစာတောင် မယ်ရင့်မိဘများ ရွယ်ခဲ့တာမဟုတ်ဘူး။ဘာတုန်းသူက။ ရိုက်လား ပုတ်လားလုပ်ချင်သေးတယ် အံ့ပါ။

ပေါက်ပြားပေါက်နေတဲ့ မိန်းမတစ်ယောက်ရဲ့လက်ကိုများ သူ့လို ဝါးခြမ်းပြားသာသာလက်ဖျံရိုးလေးနဲ့လိမ်ချိုးချင်သေး။ အချိန်ကိုလည်းကြည့်ဦးညဆယ်နာရီကျော်နေပြီ။ အဘရုံကပြန်ပြန်လာချင်း မောင်မင်းကြီးသားက မအိပ်နိုင်သေးပဲ မယ်ရင့်ကိုစောင့်ကြိုနေသတဲ့။ ခေါင်းလေးငိုက်နေကတည်းက မယ်ရင်သိလိုက်ပြီ။ ဒါ မူးနေတာ။ သောက်ထားတာ။

 

 

“စန်း   ဝင်း“

မယ်ရင့် အသံက ပြတ်ပြတ်ပဲ။စန်းနဲ့ဝင်းကြားမှာ လေသံကို မြင့်ထားလိုက်တယ်။

 

“ဘာလဲ မယ်ရင်။ နင်က နင့်အလုပ်နင်လုပ်ငါ့အလုပ်ငါလုပ် ဆိုတဲ့သဘောနဲ့သွားချင်ရာသွား လာချင်ရာလာ၊ လင့်ဆီသွားလိုသွားလုပ်နေတာလား“

ကြည့်စမ်း။ မူးမူးနဲ့စန်းဝင်းတို့မယ်ရင့်ကိုလင်တွေပေးစားနေပြီ။ ထုံးစံအတိုင်းပဲခါးကိုထောက်တယ်။ မျက်ခုံးကို မို့မို့မြင့်အောင်ပင့်သလိုမျိုးပင့်ပစ်လိုက်တယ်။ နှုတ်ခမ်းကို ခပ်မဲ့မဲ့လေးလုပ်လိုက်ပြီး

 

“နင်က ဘာဖြစ်နေတာလဲ စန်းဝင်း၊သွားတယ် ဘာဖြစ်လဲ။ ဒီနေ့လည်းသွားမှာ နောက်နေ့ညလည်း သွားဦးမှာ။ နင်လာမတားနဲ့ နင်လည်းနင်လုပ်ချင်သလိုလုပ်။ပင်ပန်းရတဲ့အထဲ နင် နားလာမပူစမ်းပါနဲ့။ နင်တစ်ပတ် ပန်းရန်ဆင်း တစ်ရက် မဆင်းတစ်ရက်ကိုငါက လောက်လောက်ငင ထိုင်စားနေရတဲ့ မိန်းမမဟုတ်ဘူးနော်။ ဘာအလုပ်မှမလုပ်ပဲ ထိုင်စား သန်းရှာနေတဲ့မိန်းမမဟုတ်ဘူး။ အလကား နေထက်လင်းလောက်တောင်အသုံးမကျတဲ့ ကောင်ကများ“

 

အဲလိုပြောတော့ စန်းဝင်းမျက်နာကြီးရဲတွတ်လာတယ်။ရဲပစေ။ မယ်ရင့် နေထက်လင်းဆို မူးပြီးတော့လည်း မြတ်ကေသီအောင်ကိုမဆူဘူး။ ရိုက်လည်းမရိုက်ဘူး။သားမှတ်မှတ် မယားမှတ်မှတ်လည်း လုပ်ကျွေးသေး။ မယ်ရင့် စန်းဝင်းများကြတော့ ယောကျာ်းပျင်းကျောခင်းနေတာကခပ်များများ။ မယ်ရင် ပေါက်ပြားကိုင် ပန်းစိုက်ရောင်းနေလို့သာ ဒင်းထမင်းနပ်မှန်တာ။ အသောက်အစားဖဲများကလည်းကစားချင်လိုက်သေးတာ။ နေထက်လင်းနဲ့များ ကွာပါ့။ ခုကြည့် မူးပြီး လင်ပေးစားနေတာ။

 

“မယ်ရင် နင့် ကောင်ကဘာမို့လို့လဲ။အဲလောက်ကြိုက်နေသွားယူပါလား။ နေထက်လင်းနဲ့ငါ့လာမနှိုင်းနဲ့။ သွား  နင့် လင်မို့လို့လား“

 

“ဟုတ်တယ် နေထက်လင်းက ငါ့လင်၊ငါ သိပ်ကြိုက်တဲ့ ငါ့လင်။ နင်က လင်ငယ်ဟဲ့သိလား လင်ငယ်။ နင်နဲ့မရခင် ငါအပျိုဘဝကတည်းကနေထက်လင်းနဲ့ညားနေတာ ကဲ ဘာပြောချင်သေးလဲ“

 

“ဟာ ဒီမိန်းမ“

ဆိုင်းများလိုဆိုရင်တော့ဘာဆိုင်းတီးပေးမလဲမသိဘူး။ မယ်ရင့်ကို စန်းဝင်း ဝင်လုံးပြီ။ ပြီးတော့ တွေ့ရာနဲ့ကောက်ပေါက်တာများဖိနပ်လည်းပါရဲ့။ ငရုပ်ကျည်ပွေ့လည်းပါရဲ့။ သံပန်းကန်ပြားများလဲပါရဲ့။ အိပ်မှုန်စုံမွှားကလေးတွေတောင်ငိုလို့ယိုလို့။ စန်းဝင်းတို့မူးနေပုံနဲ့ မယ်ရင့်ကို ဝင်လုံးတယ်တဲ့။ အံ့ပါရဲ့။ နပန်းလုံးလိုက်ကြတာစန်းဝင်းကအောက်က။ မယ်ရင်က အပေါ်က။ ဒါများ သူက ညကြီးမင်းကြီး ဘေးအိမ်လူကြားကောင်းအောင်မှတ်ပလား မှတ်ပလားအော်နေရသေးတယ်။

 

(၄)

 

ဒီည အဘရုံမသွားရတော့ ယောင်ချာချာနဲ့မယ်ရင် ထမင်းအိုးတစ်လုံး ကောက်တည်နေတယ်။ စန်းဝင်းတို့လေကလေးချွန်လို မျက်နာက ပြီတီတီနဲ့။မယ်ရင့် နေထက်လင်းနဲ့မတွေ့ရတော့ဘူးပေါ့။ ထမင်းအိုးမွှေရင်း ဘာကိုချက်ရင်ကောင်းမှာပါလိမ့်လို့တွေးတော့ဟင်းတောင်မစီမံတတ်တော့ဘူး။ စောစောတုန်းက အကြီးကောင်ကို အဘရုံလွှတ်လိုက်တာ ပြန်လာတော့ဒီနေ့ မယ်ရင်ကံမကောင်းဘူး။

“အမေ အဘက ဒီနေ့ နေထက်လင်းမပြဘူး။ဒွေးကားကြီး၊ တစ်ကားက မလေးရှားသရဲကားတဲ့“

အဲဒီအဖြေစကားကိုနားစွံနားဖျားကြားပြီးတော့စန်းဝင်းက အကြောင်းမဲ့ လက်ခုပ်ထတီးတယ်။ အဘကွတဲ့။ ဒါနဲ့ သွားစရာမရှိတော့လည်း မယ်ရင်ဆန်နှစ်လုံးခွဲကို ဆန်ကောထဲထည့် ကပျာကယာပျာပြီး အိုးဆေးတည်ရတာပေါ့။ အကြီးကောင်ကလည်းပြောပြီးတာနဲ့ ခြံစည်းရိုးခွေးတိုးပေါက်ကနေ နောက်ဖေးလမ်းကြားရောက်သွားတာပဲ။ စန်းဝင်းကလေလေးထပ်ချွန်ပြန်တယ်။ချွန်မှာပေါ့ အရက်ပုလင်းပြားလေးကိုင်ထားပြီကို။ သောက်သောက်။ သေအောင်သောက်လို့ မျက်စောင်းနိုင်နိုင်ထိုးပြီး  အူနေတဲ့မီးခိုးတွေကို မီးပြောင်းနဲ့တဖူးဖူးမှုတ်နေတယ်။သေချင်းဆိုးမီးကလည်း ဘောစကိုင်းသားမခြောက်သခြောက်မို့လားမသိဘူး အူလိုက်တာ။

 

“ဝုန်း ဒိုင်း“

 

“အမလေး သောက်ပလုပ်တုတ် “

 

နောက်ဖေး ကလေးတစ်သိုက် နို့ဆီဗူးခွံ၊အမဲဆီပုံးခွံတွေဆင့်ပြီး ဘောလုံးနဲ့ပေါက်ပြန်ပြီ ထင်တယ်။ အဲဒီ အသံကြောင့်မယ်ရင် ထအော်တော့စန်းဝင်းကရယ်တဲ့။ မသာ သေချင်းဆိုး။ ရယ်ရယ် နင် ဒီတစ်ရက်ပဲရယ်လို့ရမယ်။ နောက်နေ့မယ်ရင်အဘကိုသွားပြောမှာ နေထက်လင်းမပြရင် တစ်သက်လုံး အဘဗွီဒီယိုရုံကိုမလာတော့ဘူးလို့။ ဟောမီးတောက်ပြီ။ မမမြတ်ရေ နေထက်လင်းအတွက် ဘာချက်မှာတုန်း။ အဲ ဟုတ်ပေါင်။

ငရုပ်သီးမီးဖုတ်၊ ငါးပိလေးမီးဖုတ်၊ရောထောင်းဆီဆမ်းလိုက်တော့ ဒါ ညနေစာ။

 

“ဒါက ဘာတုန်း။“

 

“ဟဲ့ ငါးပိထောင်းဆီဆမ်းလေးနင့်သောက်မျက်လုံးကမ်းနေလား“

 

“အလကားမိန်းမ လင်ပူမိပြီးစိတ်မပါလက်မပါလုပ်ထားတာ ငါက စားစရာလား ကဲကွာ “

 

“ခလွမ်း…“

 

ဟေး။ နောက်ဖေးကလေးတွေအော်ကြပြန်ပြီ။

 

“နင် ဘယ်လိုလုပ်လိုက်တာလဲစန်းဝင်း မူးလာရင်အသာနေနော်။ ငါစကားမများချင်ဘူး။ စိတ်ညစ်ရတဲ့အထဲ“

 

“နည်းသေးတယ်။ နင့် နေထက်လင်းကြီးသေရမှာသေသွားရမှာ။ “

ဝုန်း။ ဒိုင်း။ ဆိုတဲ့ နောက်ဖေးကနို့ဆီဗူးခွံပြုတ်ကျသံကိုကြားရပြန်တယ်။ ကလေးတွေက ဟေးခနဲအော်။ မယ်ရင်တို့ကလည်း

 

“နင်သာ အန်ဖတ်ဆို့သေရမှာငါ့နေထက်လင်းကိုမထိနဲ့။“

 

“ထိတော့ဘာဖြစ်လဲ နင့်လင်မို့လား“

ဝုန်း၊ ဒိုင်း။ ကလေးတွေ အော်ပြန်တယ်။နို့ဆီခွက်တွေကျပြန်ပြီထင်တယ်။ ပြေးလွှားပြီး ဗူးခွံတွေ ကောက်ဆင့်နေတာကိုလည်း တွေ့နေရတယ်။

 

“ဟုတ်တယ် ဘာဖြစ်လဲ ငါ့လင်ငါ့လင်က နေထက်လင်း နင်က လင်ငယ် စန်းဝင်းရဲ့“

 

“ဟာကွာ ဒိမိန်းမ“

 

ဟေး….ခနဲအော်သံတွေကိုကြားရတယ်။စန်းဝင်းကအပေါ်ကရောက်လိုက်။ မယ်ရင်ကအောက်ရောက်သွားလိုက်နဲ့ ဆံပင်တွေဆွဲ ပါးစပ်တွေနှိုက်မြင်သမျှ နိုင်နို်င်သမျှ အပေါက်တွေ အကုန် မယ်ရင်လိုက်နှိုက်တယ်။ စောစောက ငရုပ်သီးကိုင်ထားတဲ့လက်ကစန်းဝင်းမျက်လုံးကိုပွတ်ပစ်လိုက်တယ်။

 

“အား ကောင်မ….အယုတ်သမာမ….နင်နင်“

ဟေး ဆင့်ဆင့် မြန်မြန်ဆင့်မြန်ဆင့်လို့။ အကြီးကောင့်ရဲ့အသံ။ မယ်ရင်နားထဲရောက်လာတယ်။ မယ်ရင် တစ်လှည့် စန်းဝင်းအပေါ်ရောက်လာတယ်။သူ့လုံချည်က လည်ပင်းကိုရောက်နေပြီ။ မယ်ရင့်ထမီဆိုပြဲလို့။ လက်တွေနဲ့မျက်လုံးတွေကိုအားရပါးရထပ်ပွတ်ပစ်လိုက်တယ်။

 

ဟေး ဒီး ကူ ဒီး ကူ ဒိုင်းဒိုင်း

 

ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်း

 

ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်း

 

ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်း

 

ကလေးတွေ ရဲ့ကစားနည်းက နားထဲမှာပဲ့တင်ထပ်လို့။ မယ်ရင့်ကမျက်စိစပ်လို့အော်နေတဲ့ စန်းဝင်းကို တက်ခွလျှက်သားနဲ့ပြောလိုက်သေးတယ်။

 

“မှတ်ထား နေထက်လင်းမိန်းမကအဲလို ဉာဏ်နီဉာဏ်နက်များတတ်တယ်ဆိုတာ သိပလား စန်းဝင်းရဲ့”

 

 

 

 

စာကြွင်း၊        ၊ ဒီကူးကစားနည်းဆိုသည်မှာ မတုူညီသောစွန့်ပစ်ပစ္စည်းဗူးခွံများကို ကြီးစဉ်ငယ်လိုက် ဆင့်ထားလျှက် ၊ ဘောလုံးနှင့်ပစ်ပေါက်ကစားရသောကစားနည်းဖြစ်သည်။ ထိုကစားနည်းတွင်  အုပ်စုနှစ်ဖွဲ့ဖွဲ့၍ကစားရသည်။ တစ်ဖွဲ့တွင်ကလေးငယ် ငါးဦးမှ ခုနှစ်ဦးဝန်းကျင်ခန့်အထိကစားနိုင်ပြီး ကစားနည်းမှာဆင့်ထားသော မတူညီသည့် ဗူးခွံများကို တစ်ဖက်အဖွဲ့မှ ပစ်ပေါက်သည်ဆိုလျှင် ကျန်တစ်ဖွဲ့မှာပြန့်ကျဲနေသော ဗူးခွံများကို နဂိုမူလဆင့်ထားသည့်အတိုင်းပြန်ဆင့်ရသည်။ ထိုအချိန်တွင်ကျန်တစ်ဖွဲ့မှာ ဗူးခွံလာရောက်ဆင့်နေသော တစ်ဘက်အဖွဲ့မှ ကလေးငယ်များကို ဗူးခွံများ ပြန်လည်မဆင့်နိုင်အောင်ဘောလုံးနှင့်ပစ်ပေါက်ရသည်။ ပစ်ပေါက်ခံရသူသည် ဗူးခွံဆင့်ခွင့်မရှိတော့ချေ။ ဗူးခွံဆင့်ရသည့်အဖွဲ့သည်ဗူးခွံဆင့်နိုင်ရန်အတွက် ပစ်ပေါက်လာမည့် ဘောလုံးကိုလည်း မထိအောင်ရှောင်ရှားရသဖြင့်စိတ်လှုပ်ရှားဖွယ် ကစားနည်းတစ်မျိုးဖြစ်သည်။  ပစ်ပေါက်လာသည့် ဘောလုံးကိုမထိအောင်ရှောင်ရှားပြီးဗူးခွံအားလုံးကို ပြန်လည်ဆင့်နိုင်သောအဖွဲ့က အနိုင်ရသည်။ ထိုအခါ ဒီး ကူ ဒီးကူ ဒိုင်းဒိုင်း ဟု အနိုင်ရပြီးမြှောက်သည့်အကြောင်း ကလေးတွေအော်တတ်ကြသည်။ အခြားသော ဒေသများတွင်ယင်းကစားနည်းမျိုးရှိနိုင်သော်လည်း အခေါ်အဝေါ်ကွဲလွဲကောင်းကွဲလွဲနိုင်ပါသည်။

 

 

 

 

သော်ဇင်(လွိုင်ကော်)

Date-14th-Jan-2013

Time-02:48PM

19 comments

  • MAUNG

    January 15, 2014 at 1:37 pm

    အားပေးသွားပါတယ် ကိုသော်ဇင်
    ကျွန်တော်တို့ ငယ်ငယ် ကလဲ ဒီးကူ ကစားဘူးတယ်ဗျ

    • ဟုတ်ကဲ့ ဒီကစားနည်းလေးက ကလေးတိုင်းနည်းပါးလောက်ကစားဖြစ်ခဲ့မယ့်ကစားနည်းလေးပါ။ ဝမ်းနည်းစရာကောင်းတာက ခုခေတ်ကလေးတွေကစားတာကိုမမြင်ရတော့တာပဲဗျ ။ ကျေးကျေးပါ

  • TNA

    January 15, 2014 at 6:27 pm

    ဖတ်လို့ကောင်းလိုက်တာ အဲဒီကစားနည်းကိုတော့မသိပေမဲ့ မယ်ရင်နဲ့ စန်းဝင်းတို့လင်မယားကိုတော့ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်ပြီးအားပေးသွားပါတယ်။

  • ဖြူစိုင်း လူ

    January 16, 2014 at 8:00 am

    ဒီတစ်ခါတော့ ဗယာကြော်ပါ ကိုသော်..

    အဲ့လိုမျိုး ရေးလိုက်ပုံက အကြောင်းအရာတစ်ခုကို စာရေးဆရာတစ်ယောက်က ရေးနေတယ်လို့ မခံစားမိပဲ အဖြစ်အပျက်တစ်ခုကို ဘေးကထိုင်ကြည့်နေသလို၊ ကိုယ်တိုင်ပဲ ဖြစ်နေသလိုလို၊ တော်ကြာနေ ကိုယ့်ကိုယ်ကို မယ်ရင်ဖြစ်သွားသလိုလို၊ တော်ကြာနေ စန်းဝင်းဘဝ ရောက်သွားပြီး ထောင့်မှာ ခွေခွေလေး ကွေးလို့ကွေးနဲ့။

    ပြောင်မြောက်ပါပေတယ်..

    ခေါင်းစဉ်ကို ဇာတ်သိမ်းမှ သိတော့တယ်၊ ကျုပ်တို့ငယ်ငယ်က ကစားဖူးပါ့ဗျား.. နာမည်ဘယ်လိုခေါ်မှန်းသာ မသိတာ…

    ကောင်းမွန်ပါပေကြောင်းနဲ့ ရေးသားတင်ပြပုံကို အားကျသွားပါကြောင်း။

    စိုင်းကွမ်းခေး
    (ခေတ္တ ကုလားဖြူပြည်)

      • ဖြူစိုင်း လူ

        January 16, 2014 at 9:23 am

        ဂလိုရှိတယ်ဗျ..

        အကြောင်းပြန်တာတော့ ဝမ်းသာသဗျား
        ကျွန်တော်က ဆွေးနွေးတာ၊တစ်နည်း Debate လုပ်ရတာ၊ တစ်နည်း Discussion လုပ်ရတာ၊ တစ်နည်း Sharing လုပ်ရတာ ပိုအားသန်သဗျာ။

        တောင်းဆိုထားသလို ဆက်လက်အားပေး ဝေဖန်နေဦးမယ့်အကြောင်း။

  • KZ

    January 16, 2014 at 8:38 am

    ခေါင်းစဉ် က အစ။
    အကြောင်းအရာ ရွေးချယ်ပိုင်း အလယ်
    သရုပ်ဖော် ရေးသားတတ်မှု အဆုံး အားကျစရာ ချီးကျူးစရာ ကောင်းလှပါကြောင်းးး

    🙂

  • kyeemite

    January 16, 2014 at 10:18 am

    သရုပ်ဖေါ်ရေးသားချက်ကတော့ ထိမိပါပေ့ဗျာ…ရုပ်ရှင်ကြည့်နေရသလိုပဲ ဗရာဗိုပါ ကိုသော်ဇင်ရေ

  • Mr. MarGa

    January 16, 2014 at 2:59 pm

    စာကောင်းတစ်ပုဒ်ပါဗျို့
    ကျန်တာတော့ အထက်ပါအတိုင်းသာ 🙂

  • ဒါကြောင့်လည်း ကိုသော်ဇင့်စာတိုင်းကို စောင့်ဖတ်နေရတာ…
    ကိုရင်စိုင်းပြောသလို.. ဘေးကနေ ထိုင်ကြည့်နေရတဲ့အတိုင်း..ခံစားရတယ်..တစ်ခါတစ်ခါ..အော်ငိုနေတဲ့ ကလေးနေရာရောက်သွားတယ်..

    အဲ့ကစားနည်းကို ကစားဖူးတယ်.. အနော်တို့ဆီမှာကျတော့ အုန်းမှုတ်ခွက်နဲ့ဆော့တာ.. ကစားနည်းနာမည်က မတူဘူး.. နာမည်ကတော့ မေ့နေပြီ..အလွယ်ခေါ်ရင်တော့ အုန်းမှုတ်ခွက်ထုတမ်းဆော့မယ် လို့ ပြောကြတာ.. 🙂

    • တစ်နယ်နဲ့တစ်နယ် ကစားနည်းမှာပါတဲ့ ပစ္စည်းလေးတွေကွဲသွားပြီး အခေါ်အဝေါ်လေးတွေသာ ကွဲသွားတာပါ။ ဟုတ်ကဲ့ ခံစားဖတ်ရှုပေးတဲ့အတွက်လည်း မှတ်မှတ်ရရရှိတယ်ခင်ဗျ

  • Ma Ma

    January 16, 2014 at 7:00 pm

    ကြည့်ရတာ စာရေးဆရာ ကိုယ်တွေ့လား မသိဘူး
    သရုပ်ဖော်ရေးသားချက် ပီပြင်လို့ပါ့။ :mrgreen:

  • ဝင့်ပြုံးမြင့်

    January 16, 2014 at 11:35 pm

    ဘဝသရုပ်ဖော် အရေးကောင်းတဲ့ ကိုသော်ဇင်ရေ
    အမြဲမပြတ် အားပေးလျက်ရှိကြောင်း စာရင်းတင်တာပါနော်။ ကလေးနှစ်ကောင်နဲ့ မအားလွန်းလို့ ကွန်မင့်ဝင်မပေးဖြစ်တာပါ။ ခေါင်းစဉ်တွေကအစ အမြဲထူးခြားနေတယ်။ မစိန်ရီ ပုဇွန်မမြူးပါ ဆိုရင် ဒီကနေ့အထိ မှတ်မိနေတုန်း။
    ခင်မင်လျက်
    မပြုံး

  • ဒညင်းဝက်

    January 17, 2014 at 6:52 pm

    ကစားနည်းလေးကို ကျကျနန ရေးပြသွားလိုက်တာ. . . .

    ဖတ်ရှုအားပေးနေလျက်ပါနော့

Leave a Reply