လူတွေမှာ သံသရာစွန်းဆိုတာ ရှိသဗျ၊ ကိလေသာ အသဝေါ မကုန်စင်သေးသူတိုင်း သံသရာရှေ့စွန်း သံသရာနောက်စွန်း တခုမဟုတ်တခု အချိန်တိုင်း ဖြစ်နေကြတာပဲ။ တရားတော်မှာလည်း အထင်အရှားရှိ၊ ဒီဖက်ခေတ် ကျင့်ကြံပေါက်ရောက်သူ ပုဂ္ဂိုလ်များကလည်း ဟောပြဆုံးမသွားကြပါတယ်။ အဲဒီအစွန်းမှ လွတ်ရာလမ်းကိုတော့ မဇ္ဈိမမဋိပဒါ အလယ်အလတ်လမ်း လို့ခေါ်တယ်။ အများလွယ်လွယ်ပြောနေတာတော့ ကိလေသာကာမဂုဏ် အလွန်အကြူး ခံစားတဲ့လမ်းနဲ့ ကျိုးကြောင်းမဲ့ အပြင်းအထန် ပြုမူခြင်း နှစ်ခုပါ။ အစွန်းနှစ်ဖက် လွတ်အောင်ရှောင်ဆိုပြီး ကျင့်ကြံအားထုတ်ကြပေမဲ့ ပြုလုပ်လိုက်ကထဲက ငါပါနေလို့ အဲဒီအစွန်း ဝဲဂယက်ထဲက ရုန်းမထွက်နိုင်ဘူး။ သမထနဲ့ ဝိပသနာ ဘယ်လိုပဲ ခွဲခြားပြပါစေ.. လက်တွေ့ တကယ် ကြုံတဲ့အခါ ဟုတ်နိုးနိုး ဖြစ်ကုန်တာများတယ်။ နဂိုအခံ အစွဲကြီးထားတဲ့အခါမှာတော့ စာဘယ်လောက်ကြီး တတ်ပါစေ၊ သမာဓိ ဘယ်လောက် ကောင်းနေပါစေ ပညာနဲ့ လွဲရတယ်။

အစွဲကြောင့်ပါ။ ကိလေသာသည် ဘာလို့ ပြောထားတော့ ကိလေသာကို အရှိလုပ် အတည်ယူတယ်၊ သူနဲ့ပြောင်းပြန် ကိလေသာ မဖြစ်တာကို အကောင်အထည်ဖော် အစွဲလုပ်တယ်။ စွဲတယ် ဆုပ်ကိုင်တယ်ဆိုထဲက အရင်က ရှိထားလို့၊ အခုရှိတယ်၊ ဒါဆို နောင်လည်း ရှိရဦးမယ်။ ရလဒ်က အစောကပြောတဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အစွန်းထဲ တဝဲဝဲ တလည်လည် လှည့်ပတ်မဆုံး ဖြစ်နေတော့တယ်။ ကျိုးကြောင်းဆင်ခြင်မှုကို အပြစ်မတင်၊ ဆင်ခြင်တုံတရား အဟုတ်ထင် ဆုပ်ကိုင်ခြင်းကိုသာ ပြောနေခြင်းဖြစ်တယ်။ ရုပ်နာမ်စိတ်စေတသိက် အစွဲယူတော့ ဆင်ခြင်နေတဲ့စိတ်ကို အရှိထင်တယ်၊ မှန်တဲ့အခါ ပိုခိုင်မြဲသွားတယ်။ ဒီလိုနဲ့ စာတွေတတ် ကျမ်းတွေကျွတ် တရားမရဘူး၊ ရပြန်တော့လည်း ကိုယ့်ထက်မြင့် ပညာပိုဖြစ်သူကို အထင်လွဲတယ်။ သံသရာ ရှေ့စွန်းနောက်စွန်းနဲ့ ချိန်ကိုက်လျင် လက်ရှိအဟုတ် ထင်နေတာ မှန်သမျှ မသိစိတ်၊သိစိတ်မှာ အရင်ထဲက လက်ခံစွဲမြဲ ဆုပ်ကိုင်ထားလို့ နောင်ကာလ အထိပါ ဆွဲယူသွားတာ။

ဘာမှ ကြီးကြီးကျယ်ကျယ် မတွေးနဲ့၊ လက်ရှိ စာဖတ်နေတာကို ဥပမာပြောမယ်။ စာတလုံး အဓိပ္ပါယ်သည် ရှေ့နောက် ဆက်သွားရလို့ သူ့ဟာသူ နေရင်းကို ကာလသုံးပါး စပ်ဆက်နေတယ် မဟုတ်ဖူးလား။ အစာစား၊ စကားပြော၊ တီဗွီကြည့်၊ အလုပ်လုပ် အားလုံး အတူတူပဲ။ ယုတ်စွအဆုံး သမထ၊ ဝိပသနာ လုပ်ရင်တောင် ဒီသဘောပဲ ဖြစ်တယ်။ အဲလိုဖြစ်လို့လဲ တရားလွယ်လွယ်နဲ့ မရကြတာပေါ့နော်။ ဘုရားဟော အတိအကျရှိ၊ ယနေ့ခေတ် ပေါက်ရောက်သူတွေလဲ အထင်အရှား ရှိနေပါလျက် သူကြတော့ရပြီး ကိုယ်ကမရတာ အဲဒီအဓိကအချက် လွဲနေလို့ ဖြစ်ပါတယ်။ အဲဒါကလည်း သိတိုင်းရလားဆို မရဘူး၊ ဘုန်းကံလိုသေးတယ်။ ဒါကြောင့်ပဲ ရဟန္တာတဆူဖြစ်ဖို့ဘယ်နှစ်ဘကမ္ဘာ ပါရမီ ဖြည့်ဆည်းရတယ် ပြောကြတာပေါ့။

အခြားဘာသာတွေက ထားပါတော့၊ သံသရာလွတ်ဆိုပြီး ဝိပဿနာ ရှုမှတ်သူများ ရေလိုက်လွဲနေပုံ မြင်ရတော့ အားမလို အားမရ ဖြစ်မိပါတယ်။ ရည်ရွယ်ချက် မှန်တယ်၊ နည်းလမ်း ဟုတ်တယ်၊ အားထုတ်မှုလည်းကောင်းတယ်။ ဘာလို့ လိုရင်း မရောက်လဲ။ ပညာဖြစ်စေတဲ့ အခြေခံ အကြောင်းတရား အားနည်းလို့ ပြောပါရစေ။ သိထားတာ မမှားဘူး၊ အဲဒီအသိကို ပညာဖြစ်ဖို့ အကူးအပြောင်းမှာ အမြင်မှန်ဖို့လိုနေတာ။ ကိုယ် သိမြင်လက်ခံထား၊ ဆရာသမား သင်ကြားပို့ချထားတာကို အမှန်တကယ်လို့ ဆုပ်ကိုင်မှု အားကြီးလွန်းတော့ ကိုယ်တိုင် ရုန်းထွက်ရမည့် အချိန်မှာ အဆင်သင့်မဖြစ် တနည်းအားဖြင့် တွန်းကန်အား ညှစ်အားပျောက်နေတယ်။ ဒါဆို မင်းကြတော့ ဘာလို့ မဖြစ်လည်းဆို ကျနော်လည်း အခုပြောနေတာကို တကယ့်လွတ်လမ်းလို့ ဆုပ်ကိုင်မိနေလို့ မလွတ်ဖြစ်နေတာပေါ့၊ ဝင်္ကပါလိုပဲ အကွေ့အကောက် များတယ်။ တခုလွတ်လို့ ဟုတ်ပြီမထင်နဲ့ ချက်ကောင်း မမိသ၍ တနေရာရာမှာတော့ ကွိနေတာပဲ။

ခုတော့ တရားစည်ကြီး မြည်ဟီးပြီ။ ကိလေသာ အမြစ်ဖြတ်ပြီးတဲ့ ဓမ္မအောင်နိုင်သူ ဆရာမ ချစ်မြတ်နိုး သန်လျင် သဘာဝ ရိပ်သာကို ပြန်ရောက်နေပြီး အတ္တဖြုတ် အနတ္တတရားတွေ ညွှန်ပြဆုံးမလျက် ရှိပါတယ်။ မိတ်ဆွေများ ဆရာမထံချဉ်းကပ် နည်းနာနိဿယခံ ဆွေးနွေးဖို့ တိုက်တွန်းပါတယ်။ မိန်းခလေးဖြစ်တာ၊ အသက်ငယ်တာ ဘာဘာညာညာ စဉ်းစားမနေဘဲ ကိုယ်လုပ်မှကိုယ်စား ကိုယ်ပိုင်အသိညဏ်ရဖို့ သီသီလေး လွဲနေတဲ့ ဟကြားကွက်လပ်လေးဖြည့်နိုင်ဖို့ တကယ်သိသူ ပေါက်ရောက် အောင်မြင်ထားသူထံသွား နာယူကြပါ။ အဲလိုမရှာဘဲ သိထားတာ အဟုတ်ထင် ရေလိုက်လွဲနေရင် အချိန်နဲ့ ဒီရေအပြင် သေမင်းက ကိုယ့်ကိုစောင့်မှာ မဟုတ်လို့ ဘုရားသာသနာတော်နဲ့ ကြုံတုန်း၊ တကယ်တတ်သိသူများ ပေါ်ခိုက်၊ မိမိကလည်း စေတနာ၊သဒ္ဓါ၊ခွန်အား ပြည့်စုံချိန်မှာ တခါတခေါက် အရောက်သွား ဖူးမျှော်ကြပါလို့ တိုက်တွန်းပါတယ်။

ဇမ္ဗူတလူ ရဲရင့်သူ ဓမ္မတံခွန် အောင်လံထူ

ဇမ္ဗူ တလူ ရဲရင့်သူ ဓမ္မတံခွန် အောင်လံထူ

အမြည်းသဘော ဝေမျှရလျင် ဆရာမလေး ပြောတဲ့ ဘယ်အရာမှ တကယ်ဖြစ်မနေ.. အရင်ကလည်း မဖြစ်၊ ခုလည်းဘာမှ ဖြစ်မနေ၊ နောင်လည်း ဖြစ်စရာ မရှိဆိုတဲ့ အသိလေးကို လက်ခံနိုင်လျင်ကိုပဲ လောကီ၊လောကုတ် ဘာပဲလုပ်လုပ် သံသရာ အစွန်းနှစ်ဖက်ကနေ လွတ်စေ၊ ပေါ်ဆဲပေါ်လတ္တံ့ ပေါ်ပြီးသော ကိလေသာ ဆင်းရဲခြင်းထဲ မိမိကိုယ်မိမိ တုပ်နှောင်ခံမိထား ရခြင်းကနေ လွတ်မြောက်စေ၊ သက်သာရ ရစေပါတယ်။ အဲဒီ အသိလေးတချက် အရင်းတည်လို့ သမထနဲ့ ဝိပဿနာ၊ သမာဓိနဲ့ ပညာ၊ ပညတ် ပရမတ်၊ ဓမ္မတာနဲ့ သာသနာ အလုံးစုံ ခြုံငုံမိစေတယ်။ တကယ်ဟုတ်မနေလို့ လုပ်စရာလဲ မလို၊ မလုပ်ရမှာလဲမဟုတ်.. သာသနာနဲ့ကြုံကြိုက်ချိန်သာ ရှားရှားပါးပါး ရနိုင်တယ် အသိထူး ဖြစ်ပါတယ်။ သုခ၊ ဒုက္ခ တွေ့တွေ့ မရှိတာကို အရှိလုပ်လို့ ရနေကြောင်း သိလိုက်လျင်ကို လက်တွေ့ အကျိုးထူး ခံစားရမှာ ဖြစ်ပါတယ်။ ညဏ်အနိမ့်အမြင့် အပေါ်မူတည်ပြီး ဝေဒနာ ခံစားရမှု အတိမ်အနက် အနှေးအမြန် သိသာပါမယ်။ အရေးကြီးတာ အသိနောက် ဆင်ခြင်တုံ မလိုက်ဖို့။ လိုက်တော့ ဘာဖြစ်သလဲ.. ခံစားမှု ထူးတဲ့အခါ သိလိုက်တာကို အတည်ယူမယ်၊ ငါဟုတ်လှပြီ ယူဆမယ်၊ ရလဒ်အနေနဲ့ အမှန်ထက်အမှား.. အတက်ထက်အတန့် ညဏ်အစားသမာဓိ.. ပရမတ်အစား ပညတ် အဆုံးသတ်ပါမယ်။ https://www.facebook.com/photo.php?fbid=653105558084961&set=a.187734604622061.50503.142617729133749&type=1&theater

ဤစာစုဖြင့် သဘာဝရိပ်သာ ကမ္မဌာနစရိယ ဆရာမ ချစ်မြတ်နိုးအား ရိုသေမြတ်နိုး ခြေစုံဦးတိုက် ကန်တော့ပါသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး