သက်တမ်း

Yin Nyine NwayAugust 7, 20101min613

ဖန်ဆင်းရှင်က ခွေးကို ဖန်တီးလိုက်သည်။ ခွေး၏သက်တမ်းကို ၂ဝ နှစ်ရှိစေဟု သတ်မှတ်လိုက်သည်။ ခွေးက ဆင်ခြေတက်၏။

ခွေး။ ။ ဖန်ဆင်းရှင်ခင်ဗျား နှစ် ၂ဝ တောင်ဆိုတော့ အချိန်အကြာကြီးဟောင်နေရမှာပေါ့။ ၁ဝ နှစ်ပဲ နေချင်ပါတယ်။ ပိုတဲ့ ၁ဝ နှစ် ပြန်ယူထားပေးပါလား။
ဖန်ဆင်းရှင်က သဘောတူလိုက်သည်။ ထို့နောက် မျောက်ကို ဖန်ဆင်းပြန်၏။ မျောက်၏ ဘဝသက်တမ်းကို နှစ်၂ဝ သတ်မှတ်ပေးလိုက်၏။ မျောက်က ဆင်ခြေပေးသည်။
မျောက်။ ။အောင်မယ်လေး။ နှစ်၂ဝ လုံးလုံး လူတွေကို ဖျော်ဖြေနေရမယ်။ သွားဖြဲပြနေရမယ်ဆိုတော့ ဘယ်ကောင်းတော့မလဲ။ ဖန်ဆင်းရှင်ရယ် ၁ဝ နှစ်ပဲ နေပါရစေ။ ကျန်တဲ့ ၁ဝ နှစ်ပြန်နုတ်ပေးပါ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်သည်။ ထို့နောက် နွားကိုဖန်ဆင်းပြန်၏။ နွား၏ သက်တမ်းကို နှစ် ၆ဝ သတ်မှတ်လို်က်ရာ နွားက အသနားခံ၏။
နွား။ ။ ဖန်ဆင်းရှင်ခင်ဗျား။ နွားကို လယ်ထွန်ရမယ် ၊ နေဒဏ်မိုးဒဏ်ခံရမယ် ၊ လယ်သမားမိုသားစု အတွက် နွားနို့ထုတ်ပေးရမယ် ဆိုတာတွေကို လိုက်နာပါ့မယ်။ ဒါပေမဲ့ နှစ် ၆ဝ တောင် အဲဒီလိုကြီး လုပ်နေရမယ်ဆိုတော့ နွားတောင် မဖြစ်ခင်တော့ပါဘူး။
နှစ် ၂ဝ ပဲ  နေပါရစေ။ ပိုတဲ့ နှစ် ၄ဝ ပြန်နုတ်ယူထားပေးပါလား။ နော်….။
ဖန်ဆင်းရှင် သဘောတူလိုက်ပြီးနောက် လူကိုဖန်ဆင်းလိုက်သည်။ လူ့သက်တမ်းက နှစ် ၂ဝ ဟု  သတ်မှတ်ပေးလိုက်၏။ လူက ဆင်ခြေတက်သည်။
လူ။ ။ ဖန်ဆင်းရှင်အနေနဲ့ လူအဖြစ် နှစ် ၂ဝ နေရမယ်။ ဘဝ တစ်လျှောက် အိပ်လိုက် ၊ စားလိုက် ၊ ကစားလိုက်လုပ်ရမယ်။ လက်ထပ်ရမယ်လို့ ပြဋ္ဌာန်းပေးတာတွေကို ကျေနပ်ပါတယ်။ ဒါပေမဲ့ သက်တမ်းနှစ် ၂ဝ ဆိုတာ နည်းလွန်းပါတယ်ဗျား။
ဖန်ဆင်းရှင် ပြန်နုတ်ထားတဲ့ ခွေးဆီက ၁ဝ နှစ် ။ မျောက်ဆီက ၁ဝ နှစ်နဲ့  နွားဆီကနှစ် ၄၀  စုစုပေါင်း နှစ် ၆ဝ ကျွှန်တော့်ကို ထပ်ဆောင်းပေးပါလား။ ဒါမှ နေပျော်မှာပေါ့။
ဖန်ဆင်းရှင် သဘောတူလိုက်၏။
ထို့ကြောင့် လူသည် ပထမနှစ် ၂ဝ တွင် စားခြင်း ၊ အိပ်ခြင်း ၊ ဆော့ခြင်း ၊ အပျော်ရှာခြင်းတို့သာလုပ်၏။ ဒုတိယနှစ် ၄ဝ တွင် နွားကဲ့သို့ ရုန်းကန်လှုပ်ရှားရပြီး တတိယ ၁ဝ နှစ်တွင် မျောက်ကဲ့သို့ မြေးများနှင့် အတူဆော့ရကာ နောက်ဆုံး ၁ဝ နှစ်တွင် အလကားနေရင်းဟောင်ဖွာဟောင်ဖွာလုပ်ရလေ့ရှိ၏။

3 comments

  • mryto

    August 7, 2010 at 3:42 pm

    တယ်- ဟုတ်တဲ့ ပို့စ်ပါလား ဗျို့။လူဘဝရဲ့ အဓိပ္ပါယ်ကို အသက်ဝင်စေတယ်။ပထမနှစ် ၂ဝ တွင် စားခြင်း ၊ အိပ်ခြင်း ၊ ဆော့ခြင်း ၊ အပျော်ရှာခြင်းတို့သာလုပ်၏။ ဒုတိယနှစ် ၄ဝ တွင် နွားကဲ့သို့ ရုန်းကန်လှုပ်ရှားရပြီး တတိယ ၁ဝ နှစ်တွင် မျောက်ကဲ့သို့ မြေးများနှင့် အတူဆော့ရကာ နောက်ဆုံး ၁ဝ နှစ်တွင် အလကားနေရင်းဟောင်ဖွာဟောင်ဖွာလုပ် တဲ့။ ပထမ ဟာ တော့ လူတိုင်းကွာမကွာမသိဘူး။ နောက် ဆုံးဟာကတော်တော် တူတာပဲ။ဘာလို့လဲ ဆိုတော့အိမ်မှာအဖိုးက ခဏခဏ ဆူတယ်ဗျ။နာညီးတယ်–အကိုရေ

  • bigcat

    August 8, 2010 at 2:36 am

    Do you mean Burma’s supremo Than Shwe has just three more years to live?

  • winne

    August 8, 2010 at 9:51 am

    သက်တမ်း ရှိသလောက်တော့ နေရမှာပေါ့။ အသက်ရှည်မဲ့ လူစားမျိုးတွေ အခုတော့ နေမကောင်းဘူးဆိုလားဘဲ

Leave a Reply