” သိစေချင်လို့ပြောတာနော် “

ခင္ခJanuary 21, 20141min14312

” သိစေချင်လို့ပြောတာနော် “

 

ဒီနေ့ဖတ်လိုက်ရတဲ့ The Voice Weekly သတင်းလေးတစ်ခုကို ဖတ်ပြီးမျှဝေချင်စိတ်လေး ပေါက်သွားမိတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက်အတွင်း တင်သွင်းလာတဲ့ပန်းသီးတွေဟာနေ့စဉ် ခြောက်ဘီးကားရှစ်စီးခန့် ဝင်ရောက်လျက်ရှိပြီး အဲဒီပန်းသီးတွေထိခိုက်ပွန်းပဲ့မှု မရှိစေရန် ဖယောင်းသုတ် ထားမှုရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း ဥက္ကဌဦးကိုကိုထွေးက ပြောကြားသည်။ အဆိုပါ ဖယောင်းအနည်းငယ်သုတ်ထားသော ပန်းသီးကိုစားသုံးပါက အဆိပ်မဖြစ်နိုင် သော်လည်း စားသုံးမှုများပြားလာပါက အူပိတ်၍အော့အန်ခြင်းများ ဖြစ်လေ့ရှိသောကြောင့် အဆိုပါ ဖယောင်းသုတ်ထားသော ပန်းသီးများစားသုံးမည်ဆိုပါက ရေဆေးအခွံနွာလို့ စားသုံးသင့်ကြောင်း မန္တလေး ဆရာဝန်များအသင်း အတွင်းရေးမှုးဒေါက်တာနေဝင်းကရှင်းပြပါသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပန်းသီးအများစုသည် အမြင်တွင် အလုံးကြီးထွားပြီး ပြောင်လက်စေရန် ဖယောင်းသုတ်လေ့ရှိကြောင်း သစ်သီးရောင်းသူတစ်ဦးကဆိုခဲ့ပြီး ပြီးခဲ့သည့် ဇန်နာဝါရီလဆန်းက သတ္တမတန်း ကျောင်းသားတစ်ဦးသည် ပန်းသီးကိုရေမဆေးဘဲ စားသုံးပြီးနောက် အော့အန်ခဲ့ကြောင်း အဆိုပါကျောင်းသား မိခင်ဖြစ်သူမှပြောပြပါသည်။ ” သားက အော့အန်တော့ ဘာလို့လဲ မတည့်တာတွေစားမိလား အအေးပတ်တာ လား မေးကြည့်တော့ ကလေးကဘာမှမစားဘူး အအေးမပတ်ဘူး ပန်းသီးစားပြီးဖြစ်တယ်ဆိုမှ ပန်းသီးကို အဝတ်နဲ့သုတ်လိုက်တော့ ဖယောင်းတွေ ထွက်လာသည် ” ဟုဆိုပါတယ်။ ” ပန်းသီးတစ်လုံးအောင်ဖို့အတွက် ပိုးသတ်ဆေးတွေ သုံးရတာတွေရှိတယ်၊ အဲဒီပိုးသတ်ဆေးရယ် ဖယောင်းရယ်တွေ့ပြီး အော့အန်တာတွေလည်း ဖြစ်နိုင်တယ်” ဟု ဒေါက်တာနေဝင်းကရှင်းပြပါသည်။

ဖယောင်းသည်ရေနံဆီ အုပ်စုထဲတွင်ပါဝင်သည့်အတွက် အဆိပ်ဖြစ်နိုင်ပြီး အဆိုပါဖယောင်းသုတ်ထားသည့် သစ်သီးများကိုစားသုံးလိုပါက ရေဆေး၊ အခွံနွာ၍ စားသုံးသင့်ကြောင်း မန္တလေးပြည်သူဆေးရုံကြီး ဆေးနှင့်လူမှု ဆက်ဆံရေး အရာရှိဦးမင်းလွင်ကပြောဆိုပါသည်။

ဆီးချိုရောဂါရှိသူများ ပန်းသီးစားသုံးပါက ပန်းသီးသည် အချိုဓာတ်ပါဝင်ပြီး ပန်းသီး၏ အခွံများကိုစားသုံးပါက ဆီးချိုကျနိုင်ကာ ဆီ ဝမ်း မှန်ကန်မှုရှိသော်လည်း ဖယောင်းသုတ်ထားမှု ရှိ မရှိ သတိထားစားသုံးသင့်ကြောင်း မန္တလေးမြို့တော်ရှိ အထွေထွေရောဂါကု ဆရာဝန်ကြီးများကပြောပြပါသည်။…………………..တဲ့။

အဲဒီသတင်းဖတ်ပြီး လွယ်လင့်တကူစားလို့ရတဲ့ ပန်းသီးတို့ လိမ္မော်သီးတို့ လက်ဆောင်ပေးရင်း လူပမာမေး တတ်ကြတယ် လူပမာက အလွယ်တကူ ပန်းသီးကိုရေစင်အောင်မဆေးနိုင်ဘဲ အခွံပါဝါးစားမိလို့ ဖယောင်း သုတ်ထားတဲ့ ပန်းသီးကိုစားလိုက်မိပြီး အခန့်မသင့်ဘဲ အော့အန်မှုဖြစ်ပြီး ရောဂါလက္ခဏာစိုးလာမှဖြင့်လို့ တွေးမိသွားတာကြောင့် တရုတ်ပန်းသီးတွေ လက်ဆောင်ပေးရင်ဘဲဖြစ်ဖြစ် ဝယ်စားတယ်ဘဲဖြစ်ဖြစ် ရေစင် အောင်ဆေးကြပါ ဖြစ်နိုင်ရင်အခွံခွာပြီး စားသုံးပေးကြပါလို့ တိုက်တွန်းပါရစေ။

သိစေချင်လို့ ပြောတာနော်။

ခင်ခ။

 

 

12 comments

  • TNA

    January 21, 2014 at 1:11 pm

    အရမ်းတန်ဖိုးရှိတယ်ကိုခင်ခရေ။ မှတ်သားထားလိုက်ပါပြီ။ ဆင်ခြင်လို့ရတာပေ့ါ။ ကျေးဇူးပါ။

    • ခင် ခ

      January 21, 2014 at 1:32 pm

      ကျွန်တော်ပိုစ့်လေးကို ဦးစွာလည်ပတ်မန့်ခဲ့လို့လည်း ဒေါ်သဲကို ကျေးဇူးပါ။

  • kyeemite

    January 21, 2014 at 2:18 pm

    တန်ဖိုးရှိတဲ့ သတင်းလေးမျှဝေလို့ ဗရာဗိုပါကိုခင်ခရေ…သားတို့သမီးတိုကတော့
    အခွံခွာစားတာအကျင့်ဖြစ်နေလို့တော်သေးဗျာ…

  • kai

    January 21, 2014 at 2:57 pm

    အမှတ်မမှားရင်.. ယူအက်စ်ကအသီးတွေလည်း.. ဝက်စ်တင်သဗျ..။ ကြာကြာခံတယ်..။အရောင်လှတယ်..။ ပိုးမွှားအဝင်ခက်တယ်..စသဖြင့်ပေါ့..။
    စားလို့ဖြစ်ပါတယ်..။

    ရေနံဘေ့စ်ဖယောင်းနဲ့.. ေ့ထဲပျော်တဲ့ဖယောင်း.. ဘာသုံးသလည်းသာ.. FDA ကစစ်ပေးဖို့လိုမယ်ထင်မိတယ်..။

    • ခင် ခ

      January 21, 2014 at 3:28 pm

      သဂျီးကလည်း တရုတ်ပြည်က သဂျီးတို့နေတဲ့ ယူအက်စ်ကို တင်ပို့တဲ့ကုန်ပစ္စည်းနဲ့ အနော်တို့မြန်မာကို တင်ပို့တဲ့ကုန်ပစ္စည်း အရည်အသွေးကွာတယ်ဆိုများ မသိလော့လေလားဗျာ။
      ပြီးတော့ ဒီမှာက သွင်းကုန်အရည်အသွေးစစ်ဆေး ထိန်းချုပ်မှု FDA ကလည်း strong ဖြစ်တာခြင်းလည်း ကွာတယ်လေဗျ။

      သဂျီးက ဖယောင်းပါတာစားရတယ်ဆိုလို့ ပြောရအုံးမယ် ကိုရီးယားနိုင်ငံမှာ တစ်ခါသုံးစက္ကူနဲ့ လုပ်တဲ့ ကော်ဖီသောက်ခွက်တွေက အရည်စိမ့်မှုမဖြစ်အောင် ခွက်၏အတွင်းပိုင်းကို ဖယောင်း သုတ်ထားတာလေ ကော်ဖီအပူနဲ့တွေ့တော့ ဖယောင်းအနည်းငယ် ကော်ဖီထဲစွမ့်ဝင်တာကို သတိမပြုမိကြဘူး၊၊ အဲဒါကိုနှစ်ရှည်လများ လူတိုင်းသုံးစွဲကြတာ အခုသုတေသနပြုချက်အရ လူခန္ဓာကိုယ်ထဲက အစာချေရည်အင်ဇိုင်းအထွက်နည်းတဲ့ရောဂါရှိသူတွေရဲ့ အူနံရံမှာအဲဒီဖယောင်းတွေ မပျော်ဝင်မချေဖြတ်နိုင်လို့ အူမကြီးကင်ဆာဖြစ်တယ်လို့ သတင်းဆောင်းပါးတစ်ခု ဖတ်ခဲ့ဖူးတယ်နော်။

  • အခွံခွာရတာပျင်းပေမယ့် အခွံကြီးနဲ့မစားတတ်လို့ ခွာစားပါတယ်ဦးခ
    ဗဟုသုတအတွက်ကျေးကျေး

  • ပန်းသီးကို အခွံခွာစားရင် ရူးနေလားလို့ အပြောခံရတယ်..
    ခုတော့ အခွံခွာစားတာကပိုကောင်းတယ်လို့ ပြန်ပြောလို့ရသွားပြီ.. 🙂

  • MAUNG

    January 21, 2014 at 5:52 pm

    မျှဝေ ပေးတဲ့ အတွက်ကျေးဇူးပါ ကိုကြီး ခင်

    ရန်ကုန် မှာ ငှက်ပျောသီး ဒိုင် တစ်ခု တွေ့ဘူးတယ်၊ ငှက်ပျောသီး အစိမ်း တွေကို အခန်း လုံထဲ ထည့်၊ ဆေးဖြန်း (ဘာဆေး လဲမေးတော့ သေချာ မဖြေပါ) ဖွဲ မီးဖိုလေး အခန်းထဲ ထည့်၊ တံခါး ပိတ်ထား လိုက်တာ နောက်နေ့ မနက်မှာ မျက်လှည့် ပြလိုက် သလိုဘဲ ဝင်းမှည့် နေတဲ့ ရောင်းပန်း လှ ငှက်ပျောသီး တွေ ဖြစ်သွားရော။ နေ့တိုင်း အဲလိုလုပ်ရောင်းတာ ဗျ။

    ဘာဘဲ ပြောပြော အခွံ နွာ ရေစင် စင်ဆေးစား တောင် တော်ရုံ ကျပါ့မလား မသိဘူး

  • padonmar

    January 21, 2014 at 10:51 pm

    ကျေးဇူးပါ ကိုခင်ခရေ၊
    ငှက်ပျောသီးတို့တဲ့ ဆေးက အီသိုင်လင်း တဲ့။
    စားသုံးသူတွက် ဘေးအန္တရာယ်မရှိလို့ ဆိုကြပါတယ်။
    ဒါပေမယ့် အဲသလိုဆေးတို့တဲ့ အသီးတွေ ခဏလေးနဲ့ မှည့်ပုပ်တာ တွေ့ရတော့ လူ့ခန္ဓာကိုယ်ထဲရောက်ရင်ကော ဆိုတဲ့ မေးခွန်းကြီးက အဲဒါမျိုးတွေ မစားရဲအောင်ပဲ။

  • Foreign Resident

    January 22, 2014 at 8:58 am

    အဘ နိုင်ငံ တော်တော် များများ ( ၄ဝ / ၅ဝ လောက် ) ကို ရောက်ဖူးပါတယ် ။
    ဩဇီ အပါအဝင် အဲဒီ နိုင်ငံတွေ မှာ ရောင်းတဲ့ ပန်းသီးတွေဟာလည်း ၊
    ဖယောင်း သုတ်ထားတာပါဘဲ ။ စားလို့ ရမယ် ထင်ပါတယ် ။

    • ခင် ခ

      January 22, 2014 at 9:41 am

      အဘရယ် စားသည် မစားသည် ထိုနှစ်လီက ကာယကံရှင် သဘောပါဗျ။
      ကျွန်တော်က ဖတ်မိတာလေးကို စကားဝိုင်းမှာဖောက်သည်ချသလိုမျိုး မျှဝေ ပြောပြရုံလေးပါ။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    January 26, 2014 at 11:28 am

    လူတွေခက်တာဘဲ
    ကိုယ့်သဘောနဲ့ကိုယ်မသတီလို့အခွံခွါတာများ ကဲ့ရဲ့ကြတယ်လို့

    ဟေ့
    မင်းတို့သတ္တိရှိရင် အုန်းသီးကိုအခွွံမခွာဘဲစားကြ

Leave a Reply