၂၀၁၃ မှ ၂၀၁၄ သို့ မပြီးသေးသော ပန်းချီကား” ( ကျော်ဝင်း)

kaiJanuary 21, 20141min1325
January 21, 2014 at 2:18am

“ဖြစ်စဉ်” နှင့် ပြက္ခဒိန်နှစ်များ

စာရေးသူက မြန်မာ့နိုင်ငံရေးကို ပြက္ခဒိန်နှစ်များနှင့် မကြည့်။ “ဖြစ်စဉ်” အနေနှင့် မြင်သည်။ ယနေ့ မျက်မှောက်ပြုနေရသော ဒီမိုကရေစီ အပြောင်းအလဲကိုပဲကြည့်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးမှ စတင်ခဲ့သော ယနေ့ထက်တိုင် အဖြေမတွေ့တတ်သေးသော ရှေ့ဆက်လုံးပန်း အားထုတ်ကြရဦးမည်ဖြစ်သော ခရီးရှည် ခရီးကြမ်းကြီး အဖြစ်သာ သဘောယူသည်။

ပြောရလျှင် ယခုဖြစ်စဉ်မှာ ဒုတိယအကြိမ် ကြိုးပမ်းမှုဖြစ်သည်။ ပထမအကြိမ် ဒီမိုကရေစီရေးကို လွတ်လပ်ရေးခေတ်ဦး ၁၉၄၈ ခုနှစ်ကပင် စတင်ခဲ့သည်။ သို့တစေ ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုတွင် ပုဒ်မ ချခံလိုက်ရသည်။ ထို့နောက် အမှောင်ခေတ်ကြီး။ အမှောင်ကန့်လန့် ကာကြီးကို ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ဆွဲတင် ဖယ်ရှားလိုက်ရာမှ ဒုတိယအကြိမ် ကြိုးပမ်းမှုစသည်။ ယခုဒုတိယအကြိမ်၏ ထူးခြားချက်မှာ အကြိမ်ကြိမ် ပုဒ်မအချခံခဲ့ရသော်လည်း ပထမအကြိမ်မှာလို အပြီးတိုင် ရပ်မသွား။ တငွေ့ငွေ့ ရှင်သန်ကျန်ရစ်သော အရေးတော်ပုံ စိတ်ဓာတ်ဖြင့် အကြိမ်ကြိမ် ရုန်းထကာ “ဖြစ်စဉ်” ကြီးကို အသက်ဆက်ခဲ့ကြသည်။ “ဖြစ်စဉ်” ဆိုသော်လည်း “မျဉ်းတန်းသဘော” (Linear) ကားမဟုတ်။ မြန်လိုက်၊ နှေးလိုက်၊ ငုပ်လိုက်၊ ပေါ်လိုက် non-Linear သဘောဖြစ်သည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် အာဏာသိမ်းမှုဖြင့် ပုဒ်မချ ခံလိုက်ရသည်။ သို့တိုင် ၁၉၉ဝ ရွေးကောက်ပွဲတွင် ပြန်လည်လူးလွန့်လာ ပြန်သည်။ ၁၉၉ဝ ရွေးကောက်ပွဲ အပြီးတွင်ကား နောက်တစ်ကြိမ် ပုဒ်မကြီးကြီး အချခံလိုက်ရပြန်ရာ ကာလအတန် ကြာသွားသည်။ ဤအတွင်း လုံးဝ ငြိမ်သက်သွားသည်တော့လည်းမဟုတ်။ အခါ အားလျော်စွာ ရုန်းကန် လှုပ်ရှားကြသည်များ စဉ်ဆက်မပြတ်ဆိုသလို ရှိခဲ့သည်သာ ဖြစ်သည်။ သို့ဖြင့် ၂၀၁ဝ တွင် ပြန်လည် အသက်ဝင်လာကာ ၂၀၁၂ တွင် အရှိန်ပြန်ရလာသည်။ သို့တစေ ၂၀၁၃မှ ၂၀၁၄ အကူးတွင်ကား နောက်တစ်ကြိမ် ပုဒ်မချခံရမည့် အန္တရာယ်အချို့ကို မြင်သလောက် မြင်နေရချေပြီ။

သတိပြု ဆင်ခြင်စရာများ

ပြောကြစတမ်းဆိုလျှင် မည်သည့် ဒီမိုကရေစီ အပြောင်းအလဲမှ အဆင်ပြေ ချောမွေ့တတ်သည် မဟုတ်၍ ဆိုခဲ့ပါ အခက်အခဲ အတားအဆီးများမှာ ဆန်းလှသည်တော့ မဟုတ်ပါချေ။ သို့နှင့်တိုင် ပုဒ်မချ ခံရမှုများများ လွန်းကြာလွန်းလျှင်မူ ဒီမိုကရေစီခရီးမှာ ကြာသင့်သည်ထက် ပိုကြာသွား နိုင်ပေသည်။ အဆင်မသင့်လျှင် ဝင်္ကပါထဲတွင် ပိတ်မိပြီး ဒီမိုကရေစီပင် လမ်း ပျောက်သွားနိုင်စရာ ရှိသည်။ သို့အတွက် မည်သို့သော အခင်းအကျင်းနှင့် အခြေအနေမျိုးတွင် ပုဒ်မချ ခံရတတ်သည်ကို ပြန်လည် ဆန်းစစ် ဆင်ခြင်နိုင် ကြလျှင် ဒီမိုကရေစီရေးအတွက် အကျိုးမယုတ်တန်ရာဟု သဘောရပါသည်။

ယခုဆက်လက်ပြီး စာရေးသူ တွေးမိသည်များကို စာရင်းတို့ ချပြ သွားပါမည်။

၁။ လက်ဝဲသွေဖည်ရေး အန္တရာယ်

နိုင်ငံရေးမဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ရာတွင် လက်ဝဲ လက်ယာ သွေဖည်ရေးများ ရှိတတ်ပါသည်။ (ဤနေရာတွင် အိုင်ဒီယော်လော်ဂျီ လက်ဝဲ လက်ယာကို ဆိုလိုသည်မဟုတ်ပါ။ ဗျူဟာရွေးချယ်ရေးတွင် ကြုံလေ့ရှိသော သွေဖည်ရေးများကိုသာ ဆိုလိုသည်။) လက်ဝဲသွေဖည်ရေး ဆိုသည် မှာ ပကတိ အခြေအနေက ခွင့်ပြုသည်ထက် ကျော်လွန်ဆောင်ရွက်ခြင်း ဖြစ်ပြီး လက်ယာသွေဖည်ရေး ဆိုသည်မှာကား ပကတိအခြေအနေက ခွင့်ပြုသည်ထက် နောက်ကျ ကျန်ရစ်ခြင်းပင် ဖြစ်သည်။ လက်ယာသွေဖည်ရေး ဆိုလျှင် အရှိန်တင်၍ အဖတ်ဆယ် ရနိုင်သော်လည်း လက်ဝဲသွေဖည်ရေးမှာ ဤမျှမလွယ်။ အရှိန်လွန်မှောက်ထိုး လဲတတ်သည်ဖြစ်ရာ ပြန်ထဖို့ပင် မလွယ်။ ထမရအောင် ဖိထားမည့် ဖိနပ်တွေက အဆင်သင့်ရှိသည်။ သို့အတွက် လက်ဝဲ သွေဖည်ရေးက ပိုအန္တရာယ်ကြီးသည်။

ယနေ့မျက်မှောက်ပြုနေရသော ဒီမိုကရေစီ ဖြစ်စဉ်ကြီးတွင် လက်ဝဲ သွေဖည်ရေးများနှင့် အကြိမ်ကြိမ် ကြုံခဲ့ရသည်ဟု တွေးမိသည်။ ဒေါက်တာ မောင်မောင် လက်ထက်တွင် ရွေးကောက်ပွဲ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး “ကိုယ်ချည်းပါသော ကြားဖြတ်အစိုးရ” တောင်းရာမှ ၁၉၈၈ အာဏာသိမ်းမှုနှင့် ကြုံခဲ့ရခြင်း။ ၁၉၉ဝ ရွေးကောက်ပွဲ အကြိုကာလတွင် ၆၂ ပုံနှိပ်ဥပဒေ အာဏာဖီဆန်ရေးမှ အထွေထွေ အာဏာဖီဆန်ရေးသို့ ကျွံသွားရာမှာ ရွေးကောက်ပွဲ မတိုင်မီ General Supressing ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရခြင်း။ (နောက်ထပ် ဥပမာတွေလည်း မနည်းမနော ရှိပါသေးသည်။)

၂။ “လှုပ်ရှားခွင့်”နှင့် “အကန့်အသတ်” များ

၂၀၁၃ ပြဿနာ အထွေထွေတွင် အခြေခံဥပဒေ ဒီဘိတ်ကြီးက ထိပ်ဆုံးတန်းမှာ ရှိသည်ဟုမြင်သည်။ ဤကိစ္စနှင့် ပတ်သက်လျှင် ၂၀၀၈ အခြေခံဥပဒေက စရပါလိမ့်မည်။ စာရေးသူက ၂၀၀၈ ကို ဥပဒေစံနှုန်းများထက် ယခင်အစိုးရ၏ “ထွက်ပေါက် မဟာဗျူဟာ” တစ်ခုအဖြစ် ချဉ်းကပ်ကြည့် မြင်လိုသည်။ ဤဥပဒေတွင် “မပြောင်းမဖြစ်၊ ပြောင်းမှ ဖြစ်တော့မည်” ဆိုသော အမြော်အမြင်မှ လာသည့် “လှုပ်ရှားခွင်” (Space) များလည်း ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် “ပြောင်းလိုက်မှ မိမိတို့ဘက် ဦးလှည့်လာလေ မလား” ဆိုသော စိုးရိမ်မှုများမှလာသည့် “အကန့်အသတ်” (Limit) များ လည်း ပါသည်။ ဆိုခဲ့ပါ “လှုပ်ရှားခွင်”နှင့် “အကန့်အသတ်” တို့ ချိန်ခွင်လျှာမျှ ထားခြင်းသည်ပင် ၂၀၀၈ အခြေခံဥပဒေ(ထွက်ပေါက် မဟာဗျူဟာ) ၏ အသက်ဟု ယူဆရသည်။

ဆိုခဲ့ပြီးသော “ချိန်ခွင်လျှာ” မကျိုးပေါက်သရွေ့ ဒီမိုကရက်တစ် အင်အားစုများအတွက် “လှုပ်ရှားခွင်” ရှိနေပါလိမ့်မည်။ ပုဒ်မချ အန္တရာယ်မရှိ နိုင်လောက်ပါ။ ရေရှည်တွင် စိုးရိမ်မကင်းမှုများကို လျှော့ချပြီး “အကန့်အသတ်များ” လျော့ပါးသွားကာ “လှုပ်ရှားခွင်”များ ကျယ်လာနိုင်စရာ ရှိပါသည်။ ယခုလောလောဆယ်တွင်ကား ဒီမိုကရက်တစ် အင်အားစုများအနေနှင့် ပေးထားသော “လှုပ်ရှားခွင်” အတွင်းတွင်သာ ပါးပါးနပ်နပ် ကစားတတ်ဖို့ အရေးကြီးသည်။ ဤသို့ မဟုတ်ပါက ပုဒ်မချ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်လိမ့်မည်။

၃။ တဖြည်းဖြည်းလား၊ တစ်ချီတည်းလား

အခြေခံဥပဒေနှင့် ဆက်နွှယ်နေသည့် အချက်ကိုပင် ဆက်လက် ဆွေးနွေး လိုပါသေးသည်။ ဆိုရလျှင် မည်သည့် အခြေခံဥပဒေမှ ဒီမိုကရက်တစ် စံနှုန်းများဖြင့် ကြည့်ပါက ပြီးပြည့်စုံလိမ့်မည် မဟုတ်ပါ။ ဥပမာ – အမေရိကန် ပြည်ထောင်စု၏ မူလစတင်ခါစ အခြေခံဥပဒေမှာဆိုလျှင် ကျွန်စနစ်ကို ခွင့်ပြု ထားရသည်များပင် ရှိသည်။ အခြေခံဥပဒေ ရေးဆွဲသူများအနေနှင့် “ပေါင်းစည်းရေး” အတွက် “လွတ်လပ်မှု”ကို အချိန်ကာလတစ်ခု ဆိုင်းငံ့ထားရသည် များရှိသည်။ ဤတွင် ပြောလိုသည်မှာ “မည်သည့် အခြေခံဥပဒေမှ စတင် ရေးဆွဲစဉ်က စံမမီ၊ စံမကိုက်၊ လိုအပ်သလို ပြင်ဆင်ကြရသည်” ဆိုသော သဘောဖြစ်ပါသည်။

ဤသို့ ပြင်ကြရာတွင်လည်း တစ်ချီတည်း၊ တစ်ဘရိတ်တည်းနှင့် စံကိုက် ဒီမိုကရေစီဖြစ်အောင် ပြင်လို့ရသည် မဟုတ်။ လက်တွေ့ အလုပ်လုပ်ရာတွင် အခက်အခဲ အဟန့်အတား ဖြစ်သည်များကို ဦးစားပေး၍ အဆင့်ဆင့် အချိန်ယူ ပြင်ဆင်ကြရသည်သာ ဖြစ်သည်။ အမေရိကမှာဆိုလျှင် လက်ရှိ အနေအထားရောက်အောင် နှစ်ပေါင်း ၂၀ဝ ကျော် ပြင်ခဲ့ရသည်။ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာစေရေး အတွက်ပင် ၁၂ နှစ် အချိန်ယူ ပြင်ဆင်ခဲ့ရသည်ဟု သိရသည်။ မြန်မာ့နိုင်ငံရေးတွင်ကား အသစ်ရေးချင်သူတွေပင် ရှိသည်။ အသစ်က အခွင့်မသာတော့၊ ပြင်ရေး ခေါင်းစဉ်အောက်တွင် အသစ်ဖြစ်အောင် လုပ်လာကြသည်။ ဥပဒေကြောင်းအရ အခြေခံဥပဒေပါ ပုဒ်မများ၏ တစ်ဝက်ကျော် ပြင်လျှင် အနှစ်သာရအရ အသစ်ရေးရာ ရောက်သည်ဟု ကြားဖူးသည်။ ဥပဒေပညာရှင်များ သတိပြုကြစေချင်သည်။

၄။ လွှတ်တော်နိုင်ငံရေးနှင့် လမ်းပေါ်နိုင်ငံရေး

ဥပဒေတွင်း နိုင်ငံရေးကို တရားဝင် ခွင့်ပြုမထားသော စနစ်များ အောက်တွင်မူ လမ်းပေါ်နိုင်ငံရေးမှာ ပြည်သူလူထု၏ တစ်ခုတည်းသော အားထားရာလို ဖြစ်နေပါသည်။ အမှောင်ကန့်လန့်ကာကြီးကို အန်တုဗလပြု၍ စတင်ဆွဲချ ရသည်မှာလည်း “လမ်းပေါ်နိုင်ငံရေး” သာများပါသည်။ သို့နှင့်တိုင် တရားဝင် လွှတ်တော်များ ရှိနေပြီ ဖြစ်သော အခင်းအကျင်းသစ်တွင်ကား “လမ်းပေါ်နိုင်ငံရေး” ကို ချင့်ချင့်ချိန်ချိန် အသုံးပြုဖို့ လိုပါလိမ့်မည်။

ယနေ့ကာလမှာ အေသင်ခေတ်ကလို လူပုဂ္ဂိုလ်တစ်ဦးချင်းစီက ပြောခွင့်ဆိုခွင့် အရယူသော “တိုက်ရိုက်ဒီမိုကရေစီ” မဟုတ်တော့ပါ။ တိုက်ရိုက်ဒီမိုကရေစီ အကောင်အထည်ဖော်ဖို့လည်း လက်တွေ့မဖြစ်နိုင်ပါ။ လူထုကိုယ်စားလှယ်များမှ တစ်ဆင့် ဆန္ဒ ဖော်ထုတ်ကြရသော “ကိုယ်စားပြု ဒီမိုကရေစီ” ခေတ်ဖြစ်သည်ကို သတိချပ်ဖို့ လိုပါလိမ့်မည်။ လူထု ကိုယ်စားလှယ်များ စုဝေးရာ လွှတ်တော်သည်သာ အဆုံးအဖြတ်နှင့် အခေါင်အချုပ် ဖြစ်ပါသည်။

ဤသို့ဆိုသည်နှင့်“လွှတ်တော်ပြင်ပ နိုင်ငံရေး” ကို ပစ်ပယ်သည်တော့လည်း မဟုတ်ပါ။ ပုံသဏ္ဌာန်မျိုးစုံ လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ လွှတ်တော်ကို အထောက်အကူပြုရမည်သာ ဖြစ်ပါသည်။ လွှတ်တော်ကို ဦးတည်ရမည်သာ ဖြစ်ပါသည်။ လွှတ်တော်ပြင်ပ နိုင်ငံရေး ဆိုရာတွင် လမ်းပေါ်နိုင်ငံရေး တစ်ခုတည်း မဟုတ်သည်ကိုလည်း ဆင်ခြင်ကြဖို့ လိုပါလိမ့်မည်။ လွှတ်တော် သည်သာ အဓိက နို်င်ငံရေးဖိုရမ်ကြီး ဖြစ်ရပါလိမ့်မည်။

၅။ အသိုင်းအဝို်င်း စိတ်အခံနှင့် အများကြိုက် ပေါ်ပြူလာ နိုင်ငံရေး အန္တရာယ်

မြန်မာ့နိုင်ငံရေးတွင် “အသိုင်းအဝိုင်းစိတ်အခံ” (Group Psychology) သဘောတွေ အတော်ရှိသည်ဟု ထင်သည်။ လူတစ်ဦးအဖွဲ့ အစည်းတစ်ခု အနေနှင့် လက်တွေ့ အလုပ်ဖြစ်နိုင်သော စဉ်းစားချက်တွေ ရှိနိုင်သည့်တိုင် အစုအဝေးသဘောဖြစ်လာလျှင်မူ တစ်မျိုးတစ်မည် ဖြစ်တတ်သည်။ အစုအဝေး အသိုင်းအဝိုင်းထဲမှ တစ်စုံတစ်ယောက်၊ တစ်ဖွဲ့တစ်စည်းက ရဲရဲတောက် အဆိုတစ်ခု တင်လိုက်လျှင် လက်တွေ့ဖြစ်နိုင် မဖြစ်နိုင် အသာထား ငြင်းဖို့ အတော်ခက်သည်။ မိမိ၏ ဂုဏ်သိက္ခာနှင့် အမှတ်အသား ထိခိုက်ပွန်းပဲ့လေမလားဆိုသော စိုးရိမ်စိတ်ဖြင့် လက်တွေ့ အလုပ်မဖြစ်သော အန္တရာယ်ပင် ဖြစ်ကောင်း ဖြစ်နိုင်သော စုပေါင်းရပ်ခံမှုတွင် စွဲခိုင်နေလေ့ရှိသည်။ ဤ စိတ်သဘာဝက လက်တွေ့ကျသော မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ဖို့ ခက်ခဲနိုင်ပါသည်။

ဤအချက်နှင့် တစ်ဆက်တည်း ပြောလိုသည်မှာ “အများကြိုက် ပေါ်ပြူလာ နိုင်ငံရေး” အန္တရာယ်ပင် ဖြစ်သည်။ ဘက်ပေါင်းစုံ ပိတ်ဆို့ ခံထားရသော အနေအထားမှ တစ်စုံတစ်ရာ လွတ်လပ် ပွင့်လင်းလာသော အခါတွင် လူတိုင်းလူတိုင်း ပြောစရာ၊ ဆိုစရာ ရင်ဖွင့်စရာတွေ ရှိလာသည်မှာ သဘာဝ ကျပါသည်။ သို့တစေ တာဝန်ယူမှု အလျင်းမရှိသော လက်ခုပ်သံ ချူသည့် “အများကြိုက် ပေါ်ပြူလာ နိုင်ငံရေး” မျိုးလည်း ဤကာလမျိုးတွင် ခေတ်စားတတ်သည်။ ဤနိုင်ငံရေးမျိုးကား အမှန်ပင် အန္တရာယ်ရှိသည်။ အသံကြောင့် ဖားသေနိုင်သလို “လူလည်ကြီးများ၏ အာဝဇ္ဇန်း နိုင်ငံရေး” (Demagogic Political Trend) သို့လည်း ဦးတည် သွားနိုင်စရာ ရှိသည်။

ပြောရလျှင် ဆိုခဲ့ပြီးသော အခြင်းအရာအားလုံး ၂၀၁၃ မှ ၂၀၁၄ အကူးတွင် တွေ့နေရသည်။ စာရေးသူ ဖတ်ခဲ့ဖူးသော Time မဂ္ဂဇင်းမှ အက်ဆေး တစ်ပုဒ်ကို အမှတ်ရမိသည်။ ယခုလို … “တိုင်းပြည်တစ်ပြည် ကံဆိုးမိုးမှောင်ကျပြီဆိုလျှင် သူရဲကောင်းတွေ ပေါ်ထွက်တတ်ပါသည်။ သို့တစေ သူရဲကောင်းတွေလိုသည်ထက် ပိုများနေလျှင်လည်း အဆိုပါ တိုင်းပြည် ပြန်ကံဆိုးသွားတတ်သည် …” ဆိုသတတ်။

သော့ချက်

မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ဂရုဓမ္မထား၍ လေ့လာစောင့် ကြည့်နေသော စတင်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ လာရီဒိုင်းမွန်းက ယခုလို မှတ်ချက်ပြုသည်။ “ယခင်အစိုးရဟောင်းမှ ပြုပြင်ပြောင်းလဲရေးသမားများ” နှင့် ဒီမိုကရက်တစ် အင်အားစုများထဲမှ “သဘောထား ပျော့ပျောင်းသူ များ” ကြား နိုင်ငံရေးပဋိညာဉ် တစ်ရပ် ရရှိအောင် မဖန်တီးနိုင်ကြသေးသည်မှာ မြန်မာနိုင်ငံရေး၏ အဓိကအကျဆုံး လစ်ဟာချက် ဖြစ်ပါသည်။ ဤသို့သော ပဋိညာဉ်မျိုး မရှိသည့် အခြေအနေတွင် အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ် ခရီးဆက်နိုင်ဖို့ ခက်ခဲလှပါသည်။ အဆင်မသင့်လျှင် ကတိမ်းကပါးပင် ဖြစ်ကောင်း ဖြစ်သွားနိုင်သည် …” စသည်ဖြင့်

သမ္မတကြီး ဦးသိန်းစိန်ကလည်း သူ၏မိန့်ခွန်း တော်တော်များများတွင် ထိပ်တိုက် ရင်ဆိုင်ရေးကို ကျော်ပြီး “အပြန်အလှန် စေ့စပ်ညှိနှိုင်း အဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်” ထွန်းကားဖို့လိုကြောင်း မကြာခဏ ဆိုသလို ပြောဖူးသည်။ လာရီဒိုင်းမွန်း ပြောသော “နိုင်ငံရေး ပဋိညာဉ်အတွက် အလားအလာကောင်းဟု ယူဆရပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးခင်ကပင် “လေးပွင့်ဆိုင်ဆွေးနွေး” ကြဖို့ ကမ်းလှမ်းခဲ့သည်။ ဆိုခဲ့ပါ “နိုင်ငံရေးပဋိညာဉ်” အတွက် ကြိုဆိုအပ်သော အစပြုချက်ဟု မြင်ပါသည်။

သို့နှင့်တိုင် တကယ့်လက်တွေ့တွင်မူ ယခုချိန်ထိ ဘာမှ ဖြစ်မလာသေးပါ။ အကွဲအပြဲများ သည်းသန်ပြင်းထန်လှသော လူ့အဖွဲ့အစည်းမျိုးတွင် တရားဝင် နိုင်ငံရေး ဆွေးနွေးအဖြေရှာမှုများ ပေါ်ထွက်ဖို့ ခက်ခဲသည်ဖြစ်၍ ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါ။ တရားဝင် မဖြစ်နိုင်သေးလျင်သော်မှ အခြားသော နည်းလမ်းများဖြင့် တိုးတိုးတိတ်တိတ် အဖြေရှာလျှင်ကော … မဖြစ်နိုင်ပေဘူးလား။ စဉ်းစားမိသည် တည်ငြိမ်သော အပြောင်းအလဲအတွက် မရှိမဖြစ် လိုအပ်သော “နိုင်ငံရေး ပဋိညာဉ်” တစ်ရပ်ထွက်ပေါ်လာစေရန် တစ်နည်းနည်းဖြင့် ကြိုးစား အဖြေရှာပေးကြပါရန် ခေါင်းဆောင်အားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။ ဤသို့သော နိုင်ငံရေးပဋိညာဉ်မျိုးဖြင့်သာ ပင်မ ရေစီး လွှတ်တော်နိုင်ငံရေးကို အားဖြည့်နိုင်ပါလိမ့်မည် ထင်ပါကြောင်း။

မှတ်ချက် –

ယခုစာစုမှာ ၂၀၁၄ ဇန်နဝါရီလ ၄ ရက်နေ့က UMFCCI တွင် စာရေးသူ ပြောခဲ့သည်များကို အနှစ်ချုပ် ပြန်ရေးထားခြင်း ဖြစ်ပါသည်။

 

==

မှတ်ချက်။  ။ http://thevoicemyanmar.com/  မှကူးယူပါသည်။

5 comments

  • မင်း ခန့် ကျော်

    January 21, 2014 at 4:01 pm

    ဤသို့ ပြင်ကြရာတွင်လည်း တစ်ချီတည်း၊ တစ်ဘရိတ်တည်းနှင့် စံကိုက် ဒီမိုကရေစီဖြစ်အောင် ပြင်လို့ရသည် မဟုတ်။ လက်တွေ့ အလုပ်လုပ်ရာတွင် အခက်အခဲ အဟန့်အတား ဖြစ်သည်များကို ဦးစားပေး၍ အဆင့်ဆင့် အချိန်ယူ ပြင်ဆင်ကြရသည်သာ ဖြစ်သည်။ အမေရိကမှာဆိုလျှင် လက်ရှိ အနေအထားရောက်အောင် နှစ်ပေါင်း ၂၀ဝ ကျော် ပြင်ခဲ့ရသည်။ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာစေရေး အတွက်ပင် ၁၂ နှစ် အချိန်ယူ ပြင်ဆင်ခဲ့ရသည်ဟု သိရသည်။ မြန်မာ့နိုင်ငံရေးတွင်ကား အသစ်ရေးချင်သူတွေပင် ရှိသည်။ အသစ်က အခွင့်မသာတော့၊ ပြင်ရေး ခေါင်းစဉ်အောက်တွင် အသစ်ဖြစ်အောင် လုပ်လာကြသည်။ ဥပဒေကြောင်းအရ အခြေခံဥပဒေပါ ပုဒ်မများ၏ တစ်ဝက်ကျော် ပြင်လျှင် အနှစ်သာရအရ အသစ်ရေးရာ ရောက်သည်ဟု ကြားဖူးသည်။ ဥပဒေပညာရှင်များ သတိပြုကြစေချင်သည်။

    မြန်မာမှာ ရှိတဲ့ဥပဒေကို အတင်းကာရောပြင်ပစ်လိုက်ချင်ကြသည်။
    တခါ မရှိသေးသော ဥပဒေကိုဖန်တီးပစ်လိုက်ချင်ကြသည်။
    ဆရာကျော်ဝင်းပြောသကဲ့သို့ ယခုကာလသည် တိုက်ပွဲဝင်ကာလပင်ဖြစ်နေသေးသည်။ အာဏာရှင်ထံမှအာဏာပြန်ရလိုလျှင်
    ၁။ သူပေးချင်စိတ်ရှိမှ ပြန်ပေးမှရမည်။
    ၂။မပေးချင်သော်လည်း ပေးချင်စိတ်ပေါက်လာအောင်တခုခုနှင့် လှည့်ဖျားပြီး မက်လုံးပေးပြီး ရယူနိုင်မည်။
    ၃။ နောက်ဆုံးမရနိုင်ပါက အင်အားကိုအပြည့်သုံးပြီး အသက်ကို ပဓာန မထားပဲ ပြုတ်ပြုတ်ပြုန်းတိုက်ပြီးပြန်ရနိုင်သည်။

    သည်လိုမှမဟုတ်ပဲ တို့ဂဏန်း ဆိတ်ဂဏန်းဖြင့် မရနိုင်။
    သည်အချိန်မှာ တော့ တိုက်ပွဲ အရှိန်ဘယ်လောက်မြှင့်တင်နိုင်စွမ်းရှိသလဲ နှင့် မည်မျှပရိယယ် ကောင်းသလဲ ဆိုတာ ပြောဖို့ စောသေးသည်လားးးလို့ ။

  • ဒညင်းဝက်

    January 22, 2014 at 8:37 pm

    သူ ့အထင်နဲ ့..ကိုယ့်အထင်…
    တစ်ခါတစ်ခါကျတော့…
    ထင်မထားလောက်အောင်.. ကွဲလွဲတတ်ပါတဂါး…

    😆

  • kai

    January 23, 2014 at 7:23 am

    အခြေခံကနေ… မချန်မချွင်းပြောကြည့်ရမယ်ဆိုရင်ဖြင့်…
    လုပ်နေကြခဲ့တာပဲ.. နှစ်က ဆယ်စု၂ခုကျိုးပြီပဲ..။ ဘာမှဖြစ်မလာတာ..
    သူပေးလို့ကိုယ်ရတာပါပဲ..။
    မပေးပဲ.. မြောက်ကကြီးတွေလို အတင်းကာရော.. ဂွကို… ခွကိုင်ထားလည်း…ဘာလုပ်လို့ရတယ်လိုက်လို့..။

    ဆိုတော့…
    အဲဒီကနေ..ဆွဲလိုက်ညှိလိုက်..တိုးလိုက်… လျှော့လိုက်သွားရမယ်လို့ထင်တယ်..။

    သေချာတာက..
    စစ်သားတွေကို.. လွှတ်တော်ထဲ တမတ်သားနေရာကနေဖယ်ပစ်ရမယ်ဖြစ်ပေမယ့်.. တိုင်းပြည်ထဲကနေ… စစ်သားနဲ့သူ့ဆက်စပ်ဆွေမျိုးမိသားစု ၅သန်းလောက်ကို.. ပင်လယ်ထဲမောင်းချလို့မရ..
    တိုင်းပြည်တပြည်မှာ…စစ်တပ်တတပ်က.. ရှိကိုရှိရမယ်..။
    မြန်မာမိရိုးဖလာစိတ်ဓါတ်က.. နိုင်ရင်ဖိထောင်း.. ကြောက်ရင်ဖင်ကုန်းတယ်ဗျ..။
    ဘာတဲ့..
    “မိုးကောင်းတုံး..ရွားထားဦးပေါ့ကွာ.. ငါ့အလှည်ကျရင်မိုးကြိုးပါပစ်ချလိုက်မယ်..။” တဲ့..
    အဲဒါကို..
    “နားထဲဝင်တဲ့ပဒူကောင်သေစေချင်လိုလို့.. ခေါင်းကို.. လှည်းအောက်ထိုးခံပြီး သတ်သေတဲ့…မြွေပုံပြင်”နဲ့ဆက်စပ်တွေးရင်….
    ဒီလိုစိတ်ဓါတ်
    ဒါရှိနေသမျှ.. စစ်တပ်ကအပေါ်စီးနေရာယူထားတာကနေ.. မဖယ်ရေးးးးးးချ…..မဖယ်..။
    သူ့မှာ.. သေသေချာချာလေ့ကျင့်ထားတဲ့.. အရည်အချင်းရှိသူသောင်းချီရှိနေသေးတယ်..။

    ဆိုတော့…
    တောင်းပန်ကြေအေး အကျင့်ကိုမွေးမြူရမယ်..။
    ..civil rights lawsတွေ ထုတ်ရမယ်..။
    ကာကွယ်ရမယ်..အရေးယူရမယ်..
    လူလူချင်းတန်းတူညီမျှမှုကို.. ဖေါ်ထုတ်ရမယ်..။

    အဲဒီကနေမှာ.. ကျန်တာတွေအလိုလို” ကျ”လာမယ်ထင်ပါကြောင်း…။ :kwi:

    • Foreign Resident

      January 23, 2014 at 7:58 am

      kai says:
      ” လုပ်နေကြခဲ့တာပဲ.. နှစ်က ဆယ်စု၂ခု ကျိုးပြီပဲ..။
      ဘာမှဖြစ်မလာတာ.. သူပေးလို့ ကိုယ်ရတာပါပဲ ”

      မှန်ပါ့ ။
      အဘ လည်း Pro-Demo ဒီမို လိုလားသူ ပါဘဲ ။
      ဒါပေမယ့် ၊ ဒဲ့ပြောရရင် ၊ ဒီမိုတွေ မအောင်မြင်ခဲ့ပါဘူး ။

      အခု ရနေတဲ့ အခြေအနေ က စစ်တပ်က ပေးသနားတော်မူလို့ ရတာပါ ။

      မှန်တာပြောရရင် ၊
      ၁ ။ စစ်တပ် ကိုယ်နှိုက်က တရုတ်ကြီး ရဲ့ အောက်ကို ဒီ့ထက် ပိုမဝင်ရဲတော့လို့ ၊
      ၂ ။ တိုင်းပြည်က ဆင်းရဲလာပြီး ၊ ကောင်းလာအောင်လဲ ဆက်မလုပ်တတ်တော့လို့ ၊
      ၃ ။ သူတို့ကို နောက်ကြောင်းပြန် ဒုက္ခ မပေးနိုင်မှာ သေချာအောင် လုပ်ပြီး ၊

      အာဏာ ကို ၊ ဒီမိုတွေဘက်ကို နဲနဲ ပေးသနားတော်မူလိုက်တာပါ ။

      စစ်တပ် က ပြန်သိမ်းမယ် ဆိုလဲ ( တရုတ်ကြီး ကသာ ထောက်ခံရင် )
      ဒီမို တွေကော ၊ အမေရိက ရော ဘာမှ မတတ်နိုင်ပါဘူး ။

      အမေရိက ဘယ်လောက် အင်အားကြီးတယ် ပြောပြော ၊
      တရုတ်ကြီး တို့ ၊ ရုရှား တို့ ရဲ့ ကပ်ရက် နယ်ခြား နိုင်ငံတွေကို မထိရဲ / မထိချင် ပါဘူး ။
      နယ်ခြား နိုင်ငံတွေကို ကပ်လာရင် တရုတ်ကြီး တို့ ၊ ရုရှား တို့က တကယ် ဆော်လွှတ်လိုက်မှာ ။

      အခုတောင် အမေရိက က အကြွေးတွေ ဗလပွ နှင့် မွဲနေတာ ၊
      နောက်ထပ် စစ်ပွဲကြီး တစ်ခုသာ ဖြစ်လိုက်ရင် ၊
      တစ် ကမာ္ဘလုံးကိုပတ်ပြီး လှည့်ပါတ် တောင်းစားရလိမ့်မယ် ။

      • kai

        January 23, 2014 at 11:59 am

        အမေရိကား… ဆိုတာက..
        ဒီအတိုင်းဆက်သွားလို့.. ယူအက်စ်စီးပွားရေးကမှ(အခုလို) ပြန်ကာဗာမဖြစ်ရင်.. စိနပြည်မှမဟုတ်.. တကမ္ဘာလုံးကိုစစ်ခင်းဖို့လည်း… ဝန်လေးမယ်မဟုတ်ဖူးထင်မိတယ်..
        အိုဘားမားနောက်.. တက်တဲ့အစိုးရဟာ.. ဟီလာရီမဖြစ်ပဲ.. ရီပါ့ဗလစ်ကန်င်ကမှ.. တီးပါတီထောက်ခံသူဆိုရင်.. စိနပြည်အကြွေးတွေအကုန်မပေးဘူးကွာ… မလျှော်ဘူးကွာလုပ်ပစ်ဖို့.. ဝန်လေးမယ်မဟုတ်ဖူး…။

        ယူအက်စ်က …ဒေါ်လာကို.. တိုင်းပြည်ရဲ့ယုံကြည်မှုထပ်ပြီး… ရောင်းစားနေတာ..
        စက္ကူကိုတန်ဖိုးတပ်ရောင်းနေတဲ့တိုင်းပြည်… အမေရိကား…
        သူ့ဆီမှာ.. (လုံးဝထုတ်မသုံးပဲထားတဲ့) သယံဇာတက..ကမ္ဘာတန်းထိပ်ပိုင်းအမြင့်ဆုံးချမ်းသာတဲ့အဆင့်ရှိပြီး.. နည်းပညာကလည်း အသင့်ပါ…။
        အဲဒီတိုင်းပြည်.. မွဲမယ်လို့တော့… မထင်ရေးချမထင်ပါအဘဖောရေ…

        ဆိုတော့….မြန်မာပြည်ဖက်ပြန်လှည့်ရရင်…
        ၈၈ ကထက်..အများကြီးအခွင့်သာတဲ့.. ပညာအရည်အချင်း..အတွေ့အကြုံ… အသက်ရင့်ကျက်မှု… ကမ္ဘာနိုင်ငံတွေနဲ့အဆက်အသွယ်.. အကုန်ရထားတဲ့ ၈၈ မျိုးဆက်… ဒီချုပ်.. လူရွယ်တွေ… အခုစစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းနဲ့.. နှလုံးရည်ယှဉ်နိုင်မယှဉ်နိုင်.. စောင့်ကြည့်ရမယ့်ကာလပါ…။

        ရှေ့ ၂၀၁၅လှေကားကို… တဆင့်မတက်နိုင်ရင်တော့… ဂျပန်တွေလို.. ကိုယ့်ကိုယ်ကိုယ်ဟာရာဂိရိလုပ်သင့်ကြတယ်..။ :kwi:

Leave a Reply