ဒီ ပို့စ် မှာတော့ ကယားမှာ လည် ခဲ့ ပတ် ခဲ့ တဲ့ နေရာလေးတွေ နဲ့ လည်နိုင်ပတ်နိုင်တဲ့ နေရာလေးတွေ အကြောင်းပြောပြချင်ပါတယ်..

လွိုင်ကော်

ကယားပြည်နယ်မှာ လွိုင်ကော်ကိုယ်တိုင်က လည်ပတ်စရာတွေနဲ့ ပါ ၊ ရန်ကုန်လို မျက်စေ့ရှုတ် နားရှုတ်မရှိပဲ အေးဆေးငြိမ်သက်လို့ အနားယူအပန်းဖြေဘို့ ကောင်းတဲ့ နေရာလေးပါ ၊မြို့လည်မှာ ရှိတဲ့ နောင်ယားကန်ဆိုတာက အင်းယားကန်လို သာသာယာယာ နဲ့  အရင်လို ချုံနွယ်ပိတ်ပေါင်း တွေ မရှိပဲ ကန်ပတ်လမ်းလေးလုပ်ပေးထားတော့ ( ဦးထုပ် မဆောင်းပဲ ဆိုင်ကယ်စီးတဲ့သူတွေဆီက ရတဲ့ ဒဏ်ကြေးနဲ့ လုပ်ထားတဲ့ လမ်းတဲ့ )လမ်းလျှောက်သူ ၊အတွဲလေးတွေနဲ့ ထိုင်နေသူတွေနဲ့ အပန်းဖြေစရာ နေရာတစ်ခုပါ ကျွန်တော်တို့ ရောက်တဲ့နေ့ ၁၂ ရက်နေ့က လှေပြိုင်ပွဲကို ကယားပြည်နယ်က လူမျိုးပေါင်းစုံနဲ့ စည်စည်ကားကားလေး လုပ်သွားပါတယ်။ဘီလူးချောင်းက လွိုင်ကော်မြို့ကို ပတ်ခွေ ဖြတ်စီးနေတာကလဲ ဆွဲဆောင်မှုတစ်မျိုးပါပဲ မြို့ထဲမှာ ဘီလူးချောင်းဖြတ် တံတား(၆)စင်း ရှိပါတယ် ၊လှေလေးနဲ့ ချောင်းတစ်လျှောက်လှော်ခတ်သွားဘို့ စီစဉ်ပေးရင် စီးမဲ့ ဧည့်သည်တွေ ရှိမှာပဲ၊ လွိုင်ကော်ကို ဒေသခံတွေက ဆီရိဒေါ လို့ ခေါ်တယ်တဲ့ ဆီရိက လူအမည် ဒေါက နေရာ ၊ ဆီရိဆိုတဲ့ လူတည်ခဲ့တဲ့ နေရာပေါ့ ကယားမှာက ရှမ်းအများစုကလဲ ရှိတော့ အမည်အများစုက ရှမ်းအမည်တွေဖြစ်နေတယ် လွိုင်ကော်ကိုယ်တိုင်က ရှမ်းစကားပါတဲ့။လွိုင်ကော်မှာ တောင်ကွဲစေတီနဲ့ တရားရိပ်သာ ဘုန်းကြီးကျောင်းတွေ အများအပြားရှိသလိုခရစ်ယာန်ဘုရားကျောင်းတွေကလဲ ထုနဲ့ထည်နဲ့ ရင့်ကျက်မှုများစွာနဲ့ နှစ်ပေါင်းများစွာတည်ရှိနေတဲ့သဘောကိုပြနေပါတယ် ခရစ်ယာန်ဘာသာနဲ့ ပတ်သတ်တဲ့ ရာပြည့်ပွဲတွေတောင် ကယားမှာ လာလုပ်သွားတာရှိပါတယ်၊ဗလီတစ်ခုလဲ ဘီလူးချောင်းဘေးမှာ တွေ့ခဲ့ပါတယ် စတိတ်ရှိုးမှာ ပျော်မြူးကြတော့ ကုလားလင်မယားနှစ်ယောက်လဲ ဒေသခံတွေနဲ့ အတူတူ တစ်သားတည်းပျော်ပါးနေတာမို့ ဘာသာရေးပြသနာမရှိဘူးလို့ ပြောလို့ရပါမယ်။

မနက်စောစော ဆွမ်းဆန်စိမ်း ခံထွက်ကြတဲ့ ဆရာလေးများ

မနက်စောစော ဆွမ်းဆန်စိမ်း ခံထွက်ကြတဲ့ ဆရာလေးများ

လွိုင်ကော်မြို့ထဲက ဘီလူးချောင်းဖြတ် တံတားလေး

လွိုင်ကော်မြို့ထဲက ဘီလူးချောင်းဖြတ် တံတားလေး

ထီးပွင့်ကန်

လွိုင်ကော်ကနေ ဒီမောဆို ( စကားလုံး အမှန်က ဒီးမော့ဆို) သွားတဲ့လမ်းမှာ ဒီးမော့ဆိုကနေ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကျော်လိုက်တာနဲ့ လမ်းဘယ်ဘက်ကို ၀င်တဲ့လမ်းအတိုင်း ၁၀ မိနစ်လောက် သွားရင် ထီးပွင့်ကန်ကို ရောက်ပါတယ်  ကန်လေးက ၂၃၀-၁၂၀ ပေ လောက် ရှိတယ် ၊ကန်ကနုန်းများပြီး ကန်ကဓါတ်ငွေ့တစ်ခုခုလိုထွက်နေတဲ့ နေရာက သဲလေးတွေပုံပြီး ထီးသဏ္ဍန်လိုဖြစ်နေတာ ထီးပွင့်လေးတွေ ရဲ့ အရေအတွက် နဲ့ ဖြစ်တဲ့ နေရာက ပုံသေ မရှိဘူး တစ်ခါတစ်လေ လုံးဝ မရှိဘူး အများဆုံး ငါးခုလောက်ဖြစ်တတ်တယ် ကျနော်ရောက်တော့ နှစ်ခုတွေ့ခဲ့တယ် နေရာကလဲ ဟိုနေရာဖြစ်လိုက် ဒီနေရာဖြစ်လိုက်ပဲ၊ ဒေသခံတွေကတော့ ဒီနေရာက ကိန္နရီတွေ ရေချိုးခဲ့တဲ့ ဘုတ်တလုပ်ကန်လို့ ယုံကြည်ကြတယ်၊ ကန်နဲ့ ကပ်ရပ်မှာ ရေလယ်ဗယ်မတူတဲ့ ကန်သေးသေးလေး တစ်ခုရယ် ရေထွက်ရှိတဲ့ သီခြားကန်တစ်ခုရယ်ရှိတယ်။

ထီးပွင့်ကန် ထဲက ထီးပုံသဏ္ဍန် လေး

ထီးပွင့်ကန် ထဲက ထီးပုံသဏ္ဍန် လေး

ကန်ခုနှစ်ဆင့်

ထီးပွင့်ကန်ကနေ ဆက်သွားရင် ကန်ခုနှစ်ဆင့်ကို ရောက်ပါတယ်၊ကန် အသေးအကြီး ခုနှစ်ခု စီတန်း ရှိနေတာပါ၊ ကန်အားလုံးရဲ့ ရေ က ကြည်လင်နေတယ် ဘေးကတောင်တန်းတွေ ရှိတယ် အနားယူ အပန်းဖြေစခန်းလို လုပ်ဘို့ တကယ်ကောင်းတဲ့ နေရာပါ အမှတ်(၆) ကန် ရဲ့ ဘေးမှာဆို ကွင်းပြင်ကျယ် တစ်ခု ရှိပြီး ဆိုင်သေးသေးလေးတွေ (၃)ခုလောက်လဲ တွေ့ခဲ့ရတယ် ၊အမှတ်(၅) ကန်မှာကျတော့ ရေကြည်ကြည်ကန်ရယ်၊ထင်းရှုးပင်လေးတွေရယ် မြေနီနီရယ်နဲ့ ဖုန်းရွှေသမားတွေ သိပ်ကြိုက်ကြတယ် ဆိုပါတယ် ၊ အရင်ကတော့ အဲဒီနေရာတွေကတော့ မငြိမ်းချမ်းသေးတော့ လွိုင်ကော်နဲ့ နီးတာတောင် လူတိုင်းလွတ်လွတ်လပ်လပ် မသွားနိုင်တဲ့ အနေအထား ကန်အကြောင်းကို လူ သိပ်မသိတဲ့ အနေအထားပါ ၊ အခုတော့ ဒေသခံတွေလဲ လာလည်ကြ နဲ့ အရင်ကထက် စည်လာပြီး ကန်ပတ်လမ်းတွေ လုပ်ဘို့ အပန်းဖြေ နားနေစရာတွေ လုပ်ဘို့ စီစဉ်နေတယ်လို့ ကြားခဲ့ရပါတယ်၊ လည်စရာနေရာနဲ့ လာလည်မဲ့ သူက အပြန်အလှန်တည်နေတာမို့ လည်စရာများရင် လာလည်မဲ့သူတွေ ရှိလာမှာဖြစ်သလို လာလည်တဲ့ သူတွေ များ ပြီး ဒေသခံတွေ ၀င်ငွေကောင်းလာရင် ကယားလို အပျိုရိုင်းလေး အတွက် လည်စရာ နေရာသစ်တွေ များစွာ ပေါ်လာနိုင်ပါတယ်။20140113_095442

အမှတ်(၆)ကန်

အမှတ်(၆)ကန်

အမှတ်(၅)ကန်

အမှတ်(၅)ကန်

ဒီးမော့ဆို နဲ့ ငွေတောင်

လာလမ်းအတိုင်း လမ်းမကြီးကို ပြန်ထွက်ပြီး ဒီးမော့ဆို ဘက် သွားလိုက်ရင် အရင်ဆုံး ငွေတောင်ဆည် ကိုတွေ့ရပါမယ် ၊ ငွေတောင်ဆည်ရဲ့ ဘေးမှာ တောင်သုံးလုံးတွေ့ရပါတယ် ရွှေတောင်၊ပတ္တမြားတောင်နဲ့ ငွေတောင် တဲ့ အဲဒီငွေတောင်ကို အစွဲပြုပြီး ငွေတောင်ဆည်ဖြစ်လာတာပါ၊ မြင်ကွင်းသစ်က ငွေတောင်ထဲ ယောကျာင်္၊မိန်းမ ရေဆင်းချိုးနေကြတာပါ အရင်ထင်တာက ဆည်ဆိုတာ သီးခြားရှိနေပြီး ရေဆင်းချိုးတာမျိုး ခွင့်မပြုဘူးလို့ ထင်နေတာပါ ၊ငွေတောင်ဆည်ရဲ့ ဘေးမှာ ဦးနေ၀င်း လက်ထက်က သူလာရင် တည်းနေကြ တိုက်လေး တစ်ခုလဲ ရှိပါတယ် အခုခေတ် အမြင်နဲ့ ဘာမှ မဟုတ်တော့ပေမဲ့ အရင်ခေတ်အခါကတော့ အကောင်းဆုံးဖြစ်နေမှာပါ ၊ ဆက်သွားရင် ဒီးမော့ဆို ထဲ ဖြတ်တာနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့ ဖြတ်ရတယ် လွန်ခဲ့တဲ့ (၆)နှစ်လောက် က သောင်းကျန်းသူတွေ အဲဒီရုံးကို ၀င်ပစ်ပြီး လက်နှိပ်စက်တွေ မ သွားတယ်တဲ့ ၊ ငြိမ်းချမ်းရေး ရဲ့ ကောင်းကျိုးတွေ ကို ရန်ကုန်က လူတွေထက် ဒီးမော့ဆိုလို နေရာကလူတွေက ပိုသိ ပိုကြိုက် ပိုလိုအပ်ကြပါတယ်၊ ဒီးမော့ဆို ရောက်တဲ့ နေ့က ဈေးနေ့ မဟုတ်လို့ ဈေးကိုတော့ မရောက်ခဲ့ရဘူး ၊ ဒီမော့ဆိုကနေ တစ်နာရီလောက် ဆက်သွားလိုက်ရင် ပဒေါင်တွေ နေတဲ့ ပန်ပတ် ဆိုတဲ့ ရွာကိုရောက်နိုင်တယ် ၊ အဲဒီရွာက ကယားပြည်နယ်မှာ ပဒေါင်တွေ နေတဲ့ ရွာအဖြစ် နောက်ဆုံးကျန်ခဲ့တဲ့ ရွာပါ ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရင် စည်ကားလာမဲ့ နေရာတစ်ခုပေါ့ ၊ ကျနော်တို့ကတော့ ပန်ပတ်ကို မရောက်လိုက်ရဘူး..

ရွှေတောင် ၊ ပတ္တမြားတောင် ၊ ငွေတောင်

ရွှေတောင် ၊ ပတ္တမြားတောင် ၊ ငွေတောင်

ရေချိုးကြသူများ

ရေချိုးကြသူများ

( အရမ်း ရှည်နေမှာ စိုးလို့ ဒီ ပို့စ် ကို ဒီမှာ ဖြတ်ပြီး နောက်ပို့စ် ကျရင် ဟော်အကြောင်းနဲ့ ကျတ်ဂူ အကြောင်း အပြီး တင်ပေးပါ့မယ်)

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ