မိ…………. သား…………. စု…………… FAMILY

ဇီဇီJanuary 24, 201418min1837

မနေ့ညက ကဗျာဆရာလေး ကိုဟိန်း (Heinn FiveStrings) ဖဘ ဝေါ ပေါ်မှာတွေ့လို့ ခွင့်တောင်းပြီး ယူလာတာပါ။
ကိုဟိန်းဆိုတာ ဟိုတစ်ခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာ ရေးတဲ့တစ်ယောက်လေ။
ခုလည်း သူ့စိတ်ကူးနဲ့သူ ကဗျာဆရာတွေရဲ့ ကဗျာလေးတွေ မိသားစု အကြောင်းကဗျာလေးတွေ စုနေတာကို သဘောကျလို့ ယူလာတာပါ။

ကဗျာဆရာ ပေါင်းစုံရဲ့ အကြောင်းအရာ တစ်ခုအပေါ် ခံစားချက်ပေါင်းစုံမို့ ရသစုံပါတယ်။ အားပေးပါဦးးး
—————————

|| မိသားစု ||

BY.. ရိုးမြေ

ကျွန်တော် လေးတန်းနှစ်ရောက်တော့
ထမင်းနှစ်လုတ်စာက လေးလုတ်စာ ဖြစ်ခဲ့တယ်
အမေဈေးရောင်းမကောင်းတဲ့ ရက်တွေမှာ
အမေ့ဈေးဗန်းထဲက အကြော်တွေဟာ ကျွန်တော်တို့ရဲ့ ညစာ
အဖေတစ်နာရီလောက် စောထရင် အဖေ့မှာ ကားခမရှိတော့ဘူး
အဖေတစ်နာရီလောက် နောက်ကျတဲ့နေ့က
ကျွန်တော်တို့တွေ ဆန်ပြုတ်အတူတူသောက်ပြီး အိပ်တယ်
အဖေနေမကောင်းတိုင်း ညည်းသံသာကြားခဲ့ရပြိး
အမေနေမကောင်းတိုင်း ချွေးထုတ်ပြီး ပျောက်ခဲ့ရတယ်
ကျွန်တော်မရတဲ့ မုန့်ဖိုးတွေက ညီမလေးအတွက်
ကျွန်တော်မတက်ဖြစ်တဲ့ကျောင်းမှာ ညီမလေးတက်တော့
ကျွန်တော်ပြတ်နေတဲ့ ဖိနပ်လေးကို ညီမလေးက တွယ်စီးလို့
အမေက ပြောတယ် မင်းညီမလေးက ပညာတတ်ကြီးဖြစ်မှာတဲ့
လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးဝင်လုပ်တော့
ထမင်းစားရတဲ့အလှည့်မှာ ကျွန်တော် မျိုမကျခဲ့ဘူး
ကျွန်တော့်လက်ထဲက ပိုနေတဲ့ ထမင်းလုတ်တွေအတွက် ကျွန်တော်တွေးခဲ့တာပါ
ကျွန်တော် ထမင်းနပ်မမှန်ခဲ့တုန်းက
ကျွန်တော့်လို ဘယ်သူတွေများ ငတ်ခဲ့သလဲလို့ပေါ့
ကျွန်တော် စစ်ထဲဝင်တဲ့နှစ်မှာ
အဖေက ပင်စင်ကျတယ်
အဖေက သူ့ပင်စင်ရောင်းရငွေလေးနဲ့
အမေ့ရဲ့ ပိတ်နေတဲ့နားပေါက်မှာ ရွှေနားကပ်လေးပန်ပေးတော့
အမေက ရယ်ပြီး ပြောတယ်
မရှိဝမ်းစာ ရှိ တန်ဆာပေါ့ သားရယ်တဲ့
ညီမလေး ဆယ်တန်းမဖြေဘဲ အိမ်ထောင်ပြုသွားကြောင်း
ရှေ့တန်းတစ်နေရာမှာ ကျွန်တော်နောက်ဆုံးကြားခဲ့ရတယ်။

ရိုးမြေ
——————————————————–
|| မိသားစု ||

BY… ကိုရွေး

မေမေက
သူ့အိပ်မက်တွေ
ပုခက်ထဲထည့်ထည့်လွှဲ
ကျွန်တော်က
သားချော့တေးတွေစီးရင်း
ကြယ်တွေဆီ ရွှက်လွှင့်
အနားသတ်မရှိတဲ့လောဘထဲ
မျောလွင့်သူဖေဖေ
ကျွန်တော်နဲ့ဘယ်မှာဆုံမလဲ။ ။

ကိုရွေး
—————————————

|| မိသားစု ||

BY.. ညီ(ပခုက္ကူ)

အဝေးပြေးကားတွေ စုန်ချီဆန်ချီမနက်ထဲ
လွတ်ကျသွားတဲ့ ကြိုးတွေ
အငေး တစ်လျောက်
ကွင်းလုံးပြည့်အလွမ်းများ။

အစာအိမ် ခိုင်ခန့် ဖို့
အကြီးဆုံး ညာဘက်လက်က
သူ့ခေတ်ကို ထုပ်သိမ်းရင်း အဝေးတိမ်လို
လွင့်ရတယ်။
နောက်တန်းခံစစ်အရ
လဲစရာလူဟာ လဲနေတဲ့ လူမမယ်တွေလား
ခေတ်က မပျက်ဘူး မေမေ။

မရှိတဲ့အထဲ
သေးသေးတင်တောင် မခဲတဲ့ ကင်းဘတ်ဟာ
ငါ့မိသားစုပေါ့။
သံစဉ်မသိဘဲ သံသရာသီချင်းကို
သံပြိုင်ဆိုကြတာ။

တစ်ခါတစ်လေ
စက္ကူစွန်တွေ ခေါက်ပြီး
စက္ကူလှေတွေပေါ် အ မျှော် ကိုယ်စီထည့်လို့
ဝေးဝေးမရောက်တဲ့လှေမှာ
အ ပျော်က မြင့်မြင့်ပျံနိုင်မလား။

ခုဆို
မသိပ်ဖြစ်တော့တဲ့ အချဉ်အိုးနဲ့
မထားဖြစ်တော့တဲ့ မုန်ညှင်းဆီမှာ
အကိုကြီးလည်း ပြန်မလာဖြစ်တော့ဘူး။
ဖေဖေ လည်း ခဏဆိုပြီး ထွက်သွားလိုက်တာ မှောင်
မိသားစုထဲ ပြန်မလင်းလာတော့ဘူး။

အဲဒီလို
သူသူငါငါ မိသားစုတွေကြား
ငါ့မိသားစုသီချင်းကို
ဆွေးဆွေးမြေ့မြေ့ ဆို နေ ရ တာ။ ။

ညီ(ပခုက္ကူ)

————————————-
|| ကျန်ရစ်သူ မိသားစု ||

BY … ရိုးဒီ

အခုတော့ …
အိမ်ကလေး ရဲ့ မိုးလေဝသမှာ
စာကြည့်စားပွဲလေးလည်း မီးခိုးတိတ်
မီးဖိုချောင် မီးသီးလေးလည်း ကျွမ်း
အိမ်ရှေ့ဝင်းတံခါးလေးလည်း
သံဆူးကြိုး မဲ့ ခဲ့ ပြီ…
ညှိုးရော်နေတဲ့ ခြံဝင်းထဲ
တခြမ်းပဲ့ မေတ္တာလမ်း
နွေ ဝင်္ကပါ
တရားသံ အဆုံးမှာ
မျက်ရည်နဲ့ ရေစက်ချခဲ့သူ
အိမ်ရှင်မရဲ့အလွမ်းတွေ
အမှောင်ထဲ ငေးငေးရီရီ။ ။

ရိုးဒီ
——————————————-
|| မိသားစု ||

BY… ထွဏ်းသွေးအိမ်

ညကရွာထားတဲ့ မိုးက
ကြမ်းပြင်ပေါ်မှာ မခြောက်ချင်သေးဘူး
မနက်ခင်းဆိုတာကို
အဖေက
ရေတစ်ခွက်သောက်ပြီး ကြိုဆိုလိုက်တယ်
(ညက များသွားလို့တဲ့)
ပြတင်းပေါက်ကို ဖွင့်လိုက်တော့
ညီမလေးက ခရေပန်းတွေ ကောက်နေတယ်
(ဈေးမကွဲခင် သွားရောင်းရမှာဆိုတော့)
အိမ်ပေါက်ဝကို ရောက်တော့
အစ်ကိုက တစ်ဖက်ခြံထဲမှာ ရေစည်ထည့်နေလေရဲ့
(တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့)
ခြံထဲမှာ စပယ်တွေဖွေးနေအောင် ပွင့်နေကြပြီ။
အမေ့ကို သတိရလိုက်တာ
ဒါပေမယ့်…
ထုံးစံအတိုင်း
နို့ပုံးနှစ်ပုံး စက်ဘီးမှာ ချိတ်ပြီး
ကျွန်တော်အိမ်က စထွက်ခဲ့တယ်။ ။

ထွဏ်းသွေးအိမ်

———————–

|| မိသားစု ||

BY … ထွဏ်းသွေးအိမ်

နောက်ဆုံးတေးသွားလေးရွတ်ဆိုလို့မဆုံးခင်
ကောင်းကင်ကလာတဲ့မိုး
အိမ်ထဲကိုတိုက်ရိုက်ရောက်လာ။

ချောင်းဆိုးတိုင်း
သွေးပါလာတဲ့အဖေ
စက္ကူအလွတ်ပေါ်
အတိတ်ကိုပြန်ချရေးလို့
အလင်းထဲမှာ
သစ်ပင်တွေသေသွားတဲ့အကြောင်းတွေးနေတယ်။

မေမေကစကားနည်းတယ်
ခြံထဲကစံပယ်တွေသိပ်မပွင့်ဘူး။

ကံစီမံရာမိုးမရွာတော့
အိမ်ရှေ့ကထနောင်းပင်ကြီး
သေတော့မယ်
ကျွန်တော်တို့အသံတွေအားလုံး
အိပ်ရေးပျက်
တံတားပေါ်မှာညီမလေးက
သင်္ဘောအလာကို
စောင့်နေဆဲပါ။

အဖေနဲ့အမေ
ညီမလေးနဲ့ကျွန်တော်
နေ့နဲ့ညအားလုံးလွဲခဲ့ကြတယ်။ ။

ထွဏ်းသွေးအိမ်

( ကိုမြတ် မှာ (ကျွန်တော်ဖတ်မိသလောက်) မိသားစု ခေါင်းစဉ်နဲ့နှစ်ပုဒ်ရှိတယ်။ ခုနတင်ခဲ့တဲ့ကဗျာက ဖေဖော်ဝါရီ၊၂၀၀၁၊စတိုင်သစ်မှာ ပါခဲ့တာ။ ဒီကဗျာက ရုပ်ရှင်အမြုတေ၊ စက်တင်ဘာ၊၂၀၀ဝ မှာပါခဲ့တာ။ ဘယ်ဟာကအရင်ရေးဖြစ်တယ်ဆိုတာ မှန်းလို့တော့မရဘူး။ ခန့်မှန်းလို့ရခဲ့ရင်လည်း ခေါင်းစဉ်မှာ ၁ ရယ်၊ ၂ ရယ်လို့ ကျွန်တော်မတပ်ပါဘူး။ ကဗျာဆရာကိုယ်တိုင်က နံပါတ်စဉ်ထိုးမထားတဲ့အတွက်ပါပဲ )
————————————————————————————
|| မိသားစု ||

BY.. ခရမ်းပြာထက်လူ

မြင်ရတဲ့မီးက မပူပဲ
မမြင်ရတဲ့မီးက ပြာအတိကျနေတယ်
ဝတ္ထုနာမည်က City of Joy
အင်္ကျီထဲကနံရိုးတွေ ရုန်းကန်ထွက်နေကြ
ငါတို့နဲ့ သွားကြ ငါတို့နဲ့ လာကြ
မြို့တွေဟာ ငါတို့နဲ့ အစာချက်ကြတယ်
ငါတို့လှမ်းမမြင်ရတဲ့ စစ်ပွဲတွေဆီက
နေရောင်ထဲ ကူးခတ်နေတဲ့ငါးတွေ
တစ်ခုပဲ ငါတို့မှာ
အပျော်တမ်းတိုက်ခတ်နေတဲ့လေများ ရှိနေသေး
တစ်ခုပဲ ငါတို့မှာ
အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လမ်းကလေးများ ရှိနေသေး
တစ်ခုပဲ ငါတို့မှာ
ဘိုးစဉ်ဘောင်ဆက် စွဲလန်းခဲ့တဲ့ အိမ်အိုကလေး ရှိနေသေး
ကျေးဇူးတင်ပါရဲ့
ဖယောင်းတိုင် မီးအလင်းအောက်
ငါ့ထမင်းလုပ် လုစားပျော်ပါးနေတဲ့သမီး
ငါ့ပုခုံးပေါ်ခွစီး
ငါ့ကို မြင်းလုပ်ပျော်ပါးနေတဲ့သား ရှိနေသေး
ကျေးဇူးတင်ပါရဲ့
မိန်းမရဲ့
ညမှာ မင်းကပုံပြင်တွေလှန်းလို့
ဘုရားမှာ ဆီမီးတွေဆမ်းလို့
ငါ့အိမ်အပြန်လမ်းကို မင်းမျက်လုံးများနဲ့ ထွန်းညှိလို့
ငါက
ကျိုးပဲ့သွားတဲ့အတောင်ပံတစ်စုံကို
ကျောက်ဆောင်အောက်ဝှက်လို့
မသေမရှင်ဖြစ်နေတဲ့ နေ့တစ်နေ့ကို ထမ်းလို့
ညစဉ်ညတိုင်း
ချည်တိုင်ဆီအမိအရပြန်လို့၊လျှို့ဝှက်စွာ
ကိုယ့်အသက်ကိုယ်မွေး၊လျှို့ဝှက်စွာ
ကမ္ဘာကြီးရဲ့သွားကြိုသွားကြားမှာ ငါတို့ရအောင်ပျော်ခဲ့ကြ။

ခရမ်းပြာထက်လူ
——————————-

|| မိသားစု (၂) ||

BY.. ခရမ်းပြာထက်လူ

နို့ချောင်းပိတ်နေတဲ့ မိခင်နို့အုံပေါ်
ယင်ကောင်တွေ
အဘိုး အဖေတို ့ပြောပြတဲ့
ဒုတိယကမ္ဘာစစ်ဗုံးကြဲလေယာဉ်တွေလို
တဝီဝီ တဝဲဝဲ။

သမီးလေးက ခြေလက်ကလေးများကန်ကျောက်
ငိုသံနဲ ့မောင်းထုတ်လို ့။

ရင်သွေးရဲ့ဆာလောင်သံပေါ်
အမေ့မျက်ရည်
နွေသစ်ရွက်ကြွေများလို တဖွဲဖွဲ
ရွှဲလို ့။

ကျွန်တော် ပြန်လာခဲ့
ဟိုအရင်တုန်းက အရှုံးအနိမ့်များအတိုင်း
တစ်နေ့တာရဲ့ တစ်ညနေဟာ တုန်ခါလို ့။

အိမ်တံခါးဝမယ်
မိုးရေတွေ စိုစိုရွှဲ
ညဟာ
ထိန်းမရအောင်တိတ်ဆိတ်
လူသေကောင်တွေ ့သလို ဆူညံလို ့။

ခရမ်းပြာထက်လူ

———————————————–

|| မိသားစု – ၃ ||

BY.. ခရမ်းပြာထက်လူ

တစ်ရာသီမက
အသံကို အနံ့ခံမိတယ်
ယဉ်ပါးသောရနံ့ ပြန်လာရာ လမ်းကလေး
အိမ်ရှေ့မှာ
ပက်လက်ကုလားထိုင်တစ်လုံး
ဝါကြန့်ကြန့်သတင်းစာတစ်စောင်
စောင့်လို့ ။
အဖေနဲ့ ကျွန်တော်
ကျွန်တော်နဲ့ အမေ
ခြံနဲ့ဝင်းနဲ့ အောင်မြင်ခဲ့သောနှစ်များ
မိုးစက်နဲ့ စံပယ်ပန်းပွင့်
အသင့်တည်ရှိ တည်ငြိမ်ခဲ့သော ထမင်းစားပွဲပေါ်
အဖေ့ရဲ့ အပျော်အပြက်ဟာသ
လည်ချောင်းထဲ စီးဝင်သွားတာ
ခုထိ ပြန်မထွက်ဘူး။
ခုတော့
ပန်းကလေးတစ်ပွင့်
လွင့်စဉ်ပြီး လာမှန်ရင်တောင်
တရှဲရှဲ ပြိုကျမဆုံးဖြစ်နေတဲ့ ကျောက်ဆောင်ဟာ
ကျွန်တော်ဖြစ်ခဲ့။
အမေလည်း
သီတင်းတစ်ပတ်လုံး
ဥယျာဉ်ထဲ ထိုင်ချကာ
ဝဋ်ကြွေးများ ပြေသည်အထိ
ညနေစောင်းနေခဲ့
အဖေ ပြန်မလာဘူး
ဪ….
စွဲလမ်းစရာတွေနဲ့
စိမ်းလန်းနေတဲ့ လူ့ဘဝဆိုပေမယ့်
အမေနဲ့ ကျွန်တော်
လူခြေတိတ်မှု
လရောင်ကို လှုပ်ချ
အဖေ့အလာလမ်းကို ထွန်းကြည့်ရှာဖွေရဲတယ်။
ဝေးဝေးက
ပင်လယ်ရဲ့ လှိုင်းတံပိုးရိုက်သံတွေသာ
ကျီးကန်းငှက်တွေလို အုပ်ဖွဲ့ပြန်လာရဲ့ ။

ခရမ်းပြာထက်လူ

——————————————————-
|| မိသားစု ||

BY.. စိုင်းဝင်းမြင့်

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက်နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်းအခုတ်ခံရတယ်
မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို့အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာမလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲ ဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မဝင်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်
———————————————
|| မိသားစု ||

BY… ဝင်းမြင့်

မိုးစက်တွေကို
ကျွန်တော့်လက်နဲ့ခံပြီး ကြည့်တယ်
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်လွှတ်ချလိုက်တော့
အောက်မှာ သွယ်တန်းစီးဆင်းသွားပြန်ရဲ့
မြစ်တွေ ချောင်းတွေ တိမ်တိုက်တွေ
ဟိုး .. အပေါ်ကမိုးစက်တွေလို
ကျွန်တော်ခုန်ချကြည့်လိုက်တယ်
မိဘရင်ခွင်ထဲရောက်ပြန်ရဲ့
ဘယ်တော့မှကျိုးကြေမသွားဘူး
ကျွန်တော်တို့ မောင်နှမတွေ ….. ။

ဝင်းမြင့်
——————————————-
|| မိသားစု ||

BY.. မောင်ရေချမ်း

အိပ်မက်တွေကို ဝေငှလို့
လရောင်ကို အတူသောက်သုံးလို့
နေပူကို အတူတူမျှခံလို့
လောကကောင်းကင်ထဲ ….မခွဲစတမ်းပါ
ကြိုးကြာငှက်တွေလို အုပ်စုဖွဲ့ပျံသန်းနေကြတယ် ၊၊
အဖေဆိုတာ ဓူဝံကြယ်လိုလမ်းပြလို့
အမေဆိုတာ သောက်ရှူးကြယ်လိုရွှန်းပလို့
သားသမီးဆိုတာ ကြယ်မှုန်ကြယ်မွှားလေးတွေလိုပါပဲ
(တလက်လက်လင်းတောက်လို့ )
လောကလေဆန်ထဲမှာ……….
တစ်ယောက်နှလုံးသားကို တစ်ယောက်ပွေ့ထွေးထားကြ …၊၊

မိသားစုဆိုတဲ့ကဗျာတစ်ပုဒ်ဟာ…
နှလုံးသားကို အန်ထုတ်ပြီး ရေးဖြစ်သွားတယ် ၊၊

မောင်ရေချမ်း
———————————————-

|| ဖုန်းသံထဲက မိသားစု ||

BY .. ညီမင်းဝေ

ဘဝရဲ့ပြီးပြည့်စုံခြင်း အမှန်တရားမှာ
သားတို့ လက်တွေ
ခုချိန်ထိ မဆုံဖြစ်ကြဘူး။
အလင်းသစ်တွေ
အမှောင်ထဲက မွေးဖွားလာကြတာတောင်
စားပွဲဝိုင်းလေးဆီက ရယ်သံတွေဟာ
ဖျားနာနေတဲ့ ဝါကျတွေလို
ဖြစ်တည်လာမှု က
လောဘနဲ့ မီးဟုန်းဟုန်း တောက်နေတဲ့ အပင်လို
ဘယ်သံစဉ်တွေက ငြှိမ်းသတ်ပေးနိုင်မှာလဲ။
သစ်ရွက်လေးတွေ
လေညင်းနဲ့အတူ တေးဆိုကြရင်
ပိတောက်ပင် အရိပ်လေးဆီက အအေးဓါတ်ကို
သတိရမိတယ်။
တန်ဖိုးကို ဈေးနှုန်းမကပ်ရုံလေးပါပဲ
ကိုယ့်ဘဝကို ရောင်းတန်းဝင်ဖို့
အောင့်အောင့်ပြီး အသက်ရှုရတာလဲ မောလှပြီ
ကျောက်စရစ်ခဲလေးတွေ
မြေပြင်နဲ့အတူ ပွတ်တိုက်ဆော့ကစားကြရင်
ဒိုးပြားလေးတွေဆီက လွတ်လပ်မှုကို
တမ်းတမိပြန်တယ်။
နွေးထွေးမှုဆိုတာ
ခွဲခွာခြင်းတွေ တဖျောက်ဖျောက်နဲ့
လောင်ကျွမ်းပြီးမှ ရတဲ့အရာမျိုး
မေမေ့ပါးလေးတွေ
ဖေဖေ့အကြင်နာတွေနဲ့ နူးညံ့သွား
ဖေ့ဖေ့လက်ဖျားလေးတွေ
မေ့မေ့မေတ္တာတွေနဲ့ နွေးထွေးသွား
အချိန်တွေက လှိုက်စားနေဆဲမို့
ဘဝတွေကို နောက်ချန်ထားခဲ့ပေမယ့်
ညီမလေး ဖုန်းသံထဲက
မိသားစုဆိုတာကို
သားလေ …
အခု လွမ်းလွန်းလို့ပါ မေမေ။

ညီမင်းဝေ
————————————

|| မိသားစု ||

BY.. ဝိုင်ချို

ယိုုင်ယိုုင်ရွဲရွဲ့ခိုုင်မာ
ပေါက်ပေါက်ပြဲပြဲလုုံခြုံ
စုုတ်စုုတ်ပြတ်ပြတ်ခမ်းနား။
အဖေက ခေါင်တုိုင်
အမေက လက်ခံတုိုင်
မောင်နှမတွေက ထုုတ်တန်း
မိုုးကြိုးကိုု ထန်းလက်နဲ့ ကာနိုုင်ခဲ့ကြ။
ခုုလိုု
ဖူးငုုံရာက သီးပွင့်လာတဲ့နေ့တွေမှာ
ကွယ်လွန်သွားတဲ့ အိမ်ကလေး။
ထုုတ်တန်းပေါ် ပြေးနေမယ့်ကြွက်ကလေးတွေ
ထရံပေါက်က ဖောက်ထွက်နေမယ့် မီးရောင်တွေ
ဘူးသီးငါးပေါင်းကြော်လုို
ဆောင်းကိုု ရယ်ပွဲဖွဲ့ ခွန်အားတွေနဲ့
ဟောင်းမြေ့ပြီး ချစ်စရာကောင်းတဲ့ အိမ်ကလေးကိုု
ခုုအခါ
ကျွန်တော်တိုု့ ဆာလောင်တတ်လာတယ်။ ။

ဝိုုင်ချို
———————————-

|| သစ်ခုတ်သမား၏ မိသားစု ||

BY… နေမျိုး

၁။
ကလေးသုံးယောက်
အငယ်ကလေးက ငိုလို့(အကြီးလေး နှစ်ယောက်က ငိုမဲ့မဲ့နဲ့)
သူတို့သုံးယောက် မနက်လင်းကတည်းက
ခုညနေထိ ထမင်းမစားကြရသေးဘူး။

၂။
မီးဖိုပေါ်မှာ ဒန်အိုး
ဒန်အိုးထဲမှာ ရေတွေ(ရေတွေက အေးစက်လို့)
အေးစက်စက် ရေတွေထဲမှာ ကျောက်တုံးများ
မီးဖိုပေါ်က ညစာ
ဘယ်သောအခါမှာ နူးနပ်လာမှာမဟုတ်တဲ့ အကြောင်း ကလေးတွေမသိနိုင်။

၃။
သူတို့အမေ မီးယပ်ရောဂါသည်မ
ဒူးတွေခွေကျလို့
အရိုးတွေ ငေါထွက်
ပြူးအစ်ဖောင်းထွက်နေတဲ့ ( မမြင်နိုင်တော့တဲ့ ) မျက်လုံးအစုံက
အသက်ရှင်မှုကို နာနာကြည်းကြည်း ကြည့်လို့
ပုလင်းအလွတ်တွေ ဗလာဖြစ်ကာ ယိုင်လဲကျလို့။

၄။
“ဖေဖေ ပြန်လာတော့မှာ …”
အကြီးဆုံးကလေးက ငိုမဲ့မဲ့နဲ့ ချော့ရှာရဲ့
ကလေးပီပီ သူဖြစ်ချင်တာသာ ပြောရ
သူ့စကားကို သူ ဘယ်လိုလုပ်ပြီး ယုံကြည်ရမှန်း မသိဘူး
တကယ်ဆိုရင် . . . သူတို့အဖေ အိမ်ပြန်မလာခဲ့တာဟာ
လေပြင်းတွေကျလို့ သစ်ပင်တွေ လဲတဲ့နေ့ကတည်းက
ရက်ပေါင်း အတော်ကြာခဲ့ပါပြီလေ ။

နေမျိုး
———————————–
|| မိသားစု ||

BY… သစ္စာပိုင်စိုး

ဒီအကြောင်း စပြောရင်
စကြဝဠာဟာ သေးငယ်ပြီ
သက်ရှိတို့ရဲ့ ပညတ်မှာ
နေပျော်စရာအကောင်းဆုံးအရပ်လို့ဆိုရင်
ငါတို့ တရှိုက်မက်မက်ဖတ်ခဲ့တာလည်း ဒီစာအုပ်ပဲ
ပြဲထွက်သွားတဲ့စာမျက်နှာတောင်
ငါတို့ အာဂုံဆောင်နိုင်ခဲ့ကြတယ်
လွမ်းဆွတ်ဖွယ်ရာတွေပဲ
ငါတို့ဟာ နယ်မြေသစ်ရှာဖွေသူလား
ငါတို့ခွာခဲ့သော အတိတ်ကမ်းပါးလေး
အဆွေးများနဲ့ ကျွမ်းမြည့်ပြိုကျရှာတယ်
လူ့ဘဝရဲ့ အဓိပ္ပာယ်မှာ
ငါတို့ မပြုပြင်ဖြစ်တာလည်း
ဒီဥယျာဉ် ခက်ပါတယ်
ငါတို့ဟာ ခေါ်သံတွေကြားပေမယ့် ပြန်မလာနိုင်ဘူး
သတိရခြင်းဆိုတာ လေထဲအငွေ့ပျံသွားရုံ
အဆင်မပြေခြင်းတွေက
အသွားထက်တဲ့ ဓားတစ်လက်
ငါတို့ရဲ့ အဓိပ္ပာယ်တိုင်းမှာ
ခုတ်ရာရှရာဗရပွနဲ့
ဘဝ…ဆိုတာ အပြတ်အတောက်များသလောက်
ပြန်ဆက်မရတဲ့ ကြိုးတစ်ချောင်း
ငါတို့ နားလည်ကြတယ်
မိသားစု ဆိုတာ စကြဝဠာထက်ကြီးမားသောအရာ
အဲသလိုကျယ်ပြောမှုမျိုးမှာ
ငါတို့ဟာ တစ်ကြိမ်တစ်ခါ ဆုံကြဖို့အရေး
နှစ်ပေါင်းများစွာ ဝေးကြရသူတွေပါ….။ ။

သစ္စာပိုင်စိုး
————————————-
|| မိသားစု လိဒ် ||

BY.. ညီမင်းဝေ

ပွဲအစကတည်းက
မေမေဟာ . . . ဂိုးသမားတစ်ယောက်
လောကဓံရဲ့ ကန်ချက်ပြင်းပြင်းတွေကို
ပုံစံမျိုးစုံ ပုတ်ထုတ်ကာကွယ်ပေးခဲ့
မိသားစုအတွက် ပေးဂိုးမရှိ စံချိန်တင်ထားဆဲ
မာမာထန်ထန် မကစားနိုင်တဲ့ သားတို့အတွက်
အမေဟာ နောက်ဆုံးခံတပ်ကစားသမား
သက်လုံကောင်းတဲ့ မေမေဟာ
ကံကြမ္မာရဲ့ တိုက်စစ်အဖွင့်မှာ
တံတိုင်းတစ်ခုလို ခုခံ
ပြီးပြည့်စုံခြင်း ပျော်ရွှင်မှုတွေနဲ့
ကွင်းလယ်ကစားကွက်ကို
စီစဉ်တကျ အလှဆင်ပြန်သေးတယ်
ပတ်ဝန်းကျင် ကွင်းပြင်ကြီးထဲမှာ
အနိုင်ဂိုးတွေသွင်းနိုင်ဖို့
ရှေ့တန်းတိုက်စစ်က
ကျွန်တော်တဲ့လား
မေမေရေ . . .
မာယာများတဲ့ ကစားကွက်တွေထဲ
ခြေကုန်လက်ပန်း မကျသေးပေမယ့်
မိသားစုအတွက် ချပေးလိုက်တဲ့ ဖြတ်တင်ဘောတွေမှာ
ခုချိန်ထိ
သား . . . ဂိုးတွေမသွင်းနိုင်သေးဘူး မေမေ။

ညီမင်းဝေ
————————————-
ကို ဟံလင်း မှာ – မိ………………သား…………………..စု – ကဗျာ (၂၉) ပုဒ်ရှိတယ်။(ကျွန်တော်ဖတ်ပြီးသလောက်) ။ ကျွန်တော် အကုန်လုံး မစုစည်းရသေးတဲ့အတွက် သူ့နုတ်စ်ထဲမှာ ဝင်ဖတ်နိုင်ပါတယ်။

||မိ………….သား………….စု||

BY…ဟံလင်း

မေမေတို့မရှိတုန်း ဘဘကြီး မီးမီးကို ကိုင်တယ်။

ဟံလင်း

https://www.facebook.com/hanlynn.language/notes
—————————————

မမွန် ( A Mon Moon ) မှာ – မိသားစု – ကဗျာ (၃၀)ရှိပါတယ်။ (ကျွန်တော်သိသလောက်)။ အကုန်လုံး ကျွန်တော် မစုစည်းထားနိုင်တဲ့အတွက် သူ့နုတ်စ်မှာ ဖတ်နိုင်ပါတယ်။

||မိ သား စု – ၂၈||

BY …အမွန်မွန်း

ငါ တို ့တစ် ယောက် ကို တစ် ယောက် ရေး
ဒီ ဝ လုံး လေး
ဝိုင်း မ လာ သေး တာ တွေး
ဖြည်း ဖြည်း ပေါ့ ကွယ်။

အမွန်မွန်း

https://www.facebook.com/a.m.moon.7/notes
————————————————-
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်းးးးးး
ဒီ ကိစ္စ ရှယ်နေရင်းနဲ့စိတ်ထဲရောက်လာတာ ကဗျာ ချစ်သူများ အကြောင်းးးးး
ကျနော်တို့ ကဗျာတွေ နည်းနေပြီ။
နောက်ပြခန်းမှာ ဒီ အထက်ပါ အကြံလေး ယူပြီး ခေါင်းစဉ်တစ်ခုအောက်မှာ ရေးသူမျိုးစုံရဲ့ ကဗျာလေးတွေ စုရမလား စဉ်းစားမိတယ်။

ကျနော်က ကဗျာ ဆရာမဟုတ်တော့ ခေါင်းစဉ်တစ်ခုအောက်မှာ ကဗျာစပ်ရတာမျိုးကို ကဗျာသမားတွေ ကြိုက်/မကြိုက် ဆိုတဲ့ အပိုင်းကိုတော့ မသိဘူးပေါ့လေ။
ဒါပေမဲ့ ကြိုးစားကြည့်ပါဦးမယ်။

ခေါင်းစဉ်ကိုတော့ ကဗျာချစ်သူများ တိုင်ပင်ပြီး ကြေငြာကြပါ။
သများကတော့ မအားလို့ ပြေးပြီ။

:mrgreen:

7 comments

  • ဒညင်းဝက်

    January 24, 2014 at 7:21 am

    ကျနော်ကတော့
    ခေါင်းစဉ်တစ်ခု သတ်မှတ်ထားတဲ့အောက်မှာ
    ကဗျာ ချမရေးတတ်ဘူး။

    ကျနော့် အထာပါ။
    ကျန်တဲ့ကဗျာဆရာတွေ အထာဘယ်လိုရှိမယ်တော့ မပြောတတ်သေးဘူး။

    🙂
    ဒါနဲ့ ဒီပိုစ့်ထဲက စာသားတွေက လန်းလှချည်လား
    စကားလုံးကြွယ်ဝမှ ု ကို
    အားကျငေးမောသွားတယ်ဗျို့

  • MAUNG

    January 24, 2014 at 7:26 am

    Thanks a heap K
    အားလုံး တစ်မျိုးစီ ကောင်းတယ်။

  • Ma Ma

    January 24, 2014 at 8:15 am

    ခေါင်းစဉ်ချတစ်မျိ ုးတည်းအောက်မှာ ရေးနိုင်ကြတာ တစ်ယောက်တစ်မျိ ုး ကောင်းလှပါပေတယ်။ 🙂
    ဆရာသမားတွေမို့လည်း ဒီလိုရေးနိုင်ကြတာဖြစ်မယ်။
    ခေါင်းစဉ်ကိုလည်း သဘောကျတယ်။
    စာသားတွေလည်း သဘောကျတယ်။
    ကဗျာဆရာတွေကိုလည်း သဘောကျတယ်။
    ရှယ်ပေးတဲ့သူကိုလည်း သဘောကျတယ်။ 😀

  • Mr. MarGa

    January 24, 2014 at 8:53 am

    ခေါင်းစဉ်တစ်ခုအောက်ကိုဝင်အောင် ကဗျာစပ်ရတာကိုတော့ ကြိုက်မယ်မထင်
    ဒါပေမင့် မတူညီတဲ့ အခြေအနေ၊ အချိန်အခါမှာ မတူညီတဲ့ ခံစားချက်တွေနဲ့ ရေးထားတဲ့ ခေါင်းစဉ်တူ၊ အကြောင်းအရာတူကဗျာတွေကိုတော့ စုလို့ရမယ်။
    နောက်ထပ် တွန်းအားတစ်ခုအနေနဲ့ ယူနိုင်တာက
    ဒီလိုမျိုး စုပြီးသားပုံစံနဲ့တင်လိုက်ရင်
    ဒီအကြောင်းအရာကို ရေးဖို့ အာသီသ ထွက်လာမှာ။
    အဲဒါဆိုရင် ကဗျာတွေ ထပ်ထွက်လာမယ်
    (ဟိုက်! ကဗျာရဖို့ သုံးမယ့်နည်းလမ်းတွေ ပေါ်ကုန်ပြီ)
    ဘလော့ဂါလောက၊ ကဗျာဆရာရပ်ဝန်းမှာ ထိပ်တန်းက ကဗျာဆရာတွေမို့ အရေးအသားတွေကို ကြိုက်မိတယ် ဆိုတာလောက်ပဲပြောနိုင်ပါကြောင်း။ ဆွေးနွေးဝေဖန်ရန် မမီသေးပါကြောင်း ဆိုတာလေး…….
    .
    ရှယ်ပေးတာကိုတော့ ထပ်ဆင့်ရှယ်မယ်ဗျို့ 🙂

  • kyeemite

    January 24, 2014 at 10:41 am

    တိုက်တိုက်ဆိုင်ဆိုင်ဗျာ..ကျုပ်လည်းဖေ့ဘုတ်မှာ ကဗျာတစ်ပုဒ်တွေ့တယ်..ကြိုက်လွန်းလို့ကူးထားလိုက်တယ်…
    Full Premium Now Free ကရှယ်ထားတာပါ..ဖတ်ကြည့်ကြပါအုံးနော..
    ”အဖေဆိုသည်မှာ. . . ”

    ဟိုး… ကျွန်တော်ငယ်ငယ် ကလေးဘဝ
    စကားပြောတတ်စ အရွယ်တုန်းကပေါ့
    အဖေနဲ့ အမေကမေးတယ်
    ဖေဖေနဲ့မေမေ ဘယ်သူ ့ ကိုပိုချစ်သလဲတဲ့
    ကျွန်တော် ဖြေတယ်
    ”မေမေ့ကို ပိုချစ်တယ်”
    အမေကပြုံးပြီးအဖေ့ကိုကြည့်တယ်
    အဖေကတော့ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
    အဲဒီလူထူးဆန်းကြီးအကြောင်း
    ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
    စဉ်းစားလို့မရခဲ့ဘူး. . . .

    ဒီလိုနဲ ့. .
    ကျွန်တော်အဝေးရောက်ခဲ့တယ်
    အပြုံးတုတွေကြား
    ကျွန်တော်ယဉ်ပါးလာတော့. . .
    အဖေ့အပြုံးကို ပြန်မြင်လာတယ်. .
    အဖေရယ်. . .
    အမေ့ကိုပိုချစ်တယ်ပြောတော့
    အဖေတကယ်ပျော်လို့ပြုံးခဲ့တာလား. . .
    ကျွန်တော့်ရင်ထဲစို့နင့်နေတယ်
    ဟုတ်တယ်. . .
    အဖေဆိုတာ. . .
    ခံစားချက်ကိုမျိုသိပ်
    ကျွန်တော်တို့အိပ်မက်တွေ အရောင်လက်ဖို့
    တိတ်တိတ်ကလေး ပေးဆပ်ခဲ့တဲ့သူ. . .

    ကျွန်တော်ငယ်ငယ်က
    မိသားစုထမင်းဝိုင်းလေး
    ခုပြန်တွေးတိုင်း မျက်ရည်ဝဲတယ်
    တစ်ခါတစ်ရံချက်ဖြစ်တဲ့
    ကြက်သားဟင်းနဲ့နေ့ကလေးပေါ့
    အမေကအသည်းအမြစ်ကလေးကို
    အဖေ့ပန်းကန်ထဲဦးချတယ်
    အဖေရယ်လေ. . .
    အသည်းအမြစ်လေးကို လေးပိုင်းပိုင်း
    ကျွန်တော်တို့မောင်နှစ်မလေးယောက်ကို
    မျှပေးပြီး ကြက်ခြေထောက်နဲ့လည်ပင်းရိုးကို
    သူ ့ပန်းကန်ထဲထည့်စားတယ်
    ကျွန်တော်အဖေ့ကိုမေးတယ်
    အဖေကဘာလို့အရိုးတွေစားတာလဲလို့
    အဖေကပြုံးပြုံးကြီးဖြေတယ်
    အဖေက အရိုးတွေကြိုက်လို့ပေါ့ သားရယ်တဲ့
    အဲဒီလူထူးဆန်းကြီးအကြောင်း
    ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
    တွေးမရခဲ့ဘူး. . .

    အခု မုသားတွေကြား
    ကျွန်တော်အသားကျလာတော့
    အဖေ့စကားသံတွေပြန်ကြားတယ်
    အဖေရယ်. . .
    အဖေကြိုက်တဲ့ အရိုးတွေက
    တကယ်များချိုမြိန်ခဲ့တာလား
    ကျွန်တော့်ရင်ထဲစို့နင့်လာတယ်
    ဟုတ်တယ်. . . အဖေဆိုတာ. . .
    ဆူးခင်းလမ်းပေါ် ရဲရဲလျှောက်
    ကျွန်တော်တို့ဘဝတွေ အရောင်တောက်ဖို့
    မိုးကောင်ကင်ကို ဖောက်ခဲ့တဲ့သူ. . .

    ငယ်ငယ်က အမေ့လက်ဖုဝါးလေး
    ဆော့ကစားတော့
    အဖေကလက်ဖုဝါးလေးထိုးပေးခဲ့ဖူးတယ်
    ကျွန်တော်ပြောခဲ့ဖူးတယ်
    မကိုင်ချင်ဘူး အဖေ့လက်တွေကကြမ်းတယ်
    အဖေက ကျွန်တော့ပါးလေးမွှေးမွှေးပေးပြီး
    ပေါက်တူးတစ်လက်နဲ့ လယ်တောထွက်သွားတယ်
    အဲဒီလူထူးဆန်းကြီးအကြောင်း
    ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
    တွေးလို့မရခဲ့ဘူး. . .

    ဒီနေ့
    လောကလမ်းထဲ
    စမ်းတဝါးဝါးနဲ့ ငွေတွင်းကနက်တယ်
    အဖေ့လက်ဖုဝါးတွေ ဘာကြောင့်ကြမ်းလဲ ကျွန်တော်သိပြီ
    ကျွန်တော့်ရင်ထဲ စို့နင့်လာတယ်
    ဟုတ်တယ် အဖေဆိုတာ
    ကြယ်တစ်စင်းလို မမှိတ်မသုန်အလင်းနဲ့
    ကျွန်တော်တို့နင်းဖို့ ဘဝကို မြေလိုခင်းပေးခဲ့တဲ့သူ. . .

    မနေကတော့
    အမေ့အိမ်လေး
    ကျွန်တော် အပြေးရောက်ခဲ့မိတယ်
    ငါ့သားအနေအစားဆင်းရဲလာတယ်
    အသားဟင်းလေးချက်ပါတဲ့. . .
    အဖေ့စကားသံတွေကမပီပြင်ဘူး
    အဖေ့သွားတွေ အရင်လို အစီအရီမရှိကြတော့ဘူးလေ
    တိုက်တိုက်ဆိုင်ဆိုင်
    အမေကြက်သားဟင်းချက်တယ်
    ထမင်းဝိုင်းလေးက အရင်လို လူမစုံတော့ဘူး
    အမေကတော့ ဝတ္တရားမပျက်
    အဖေ့အတွက် ဦးချမြဲ
    အသည်းအမြစ်ကလေးပါပဲ. . .
    အဖေရယ်လေ
    တုန်တုန်ရင်ရင် သူ့လက်ကလေးနဲ့
    ကျွန်တော့်ပန်းကန်ထဲ ထည့်ဖို့ပြင်နေလေရဲ့
    ကျွန်တော်အဖေ့လက် ရှုံ့ရှုံ့လေးကိုဖွဖွကိုင်ပြီး အဖေစားပါအဖေရယ်လို ့ ပြောမိတယ်
    ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်
    ကျွန်တော်အဖေ့ကို လက်အုပ်ကလေးချီလိုက်ပြီး
    အမေ့ဘက်လှည့်လို့ ပြောလိုက်တယ်
    ”အမေ အဲဒီကြက်ခြေထောက်နဲ့လည်ချောင်းရိုး
    ကျွန်တော့ပန်းကန်ထဲထည့်ပေးပါ ”
    အဖေက ကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်နေလေရဲ့
    မျက်ဝန်းမှာတော့ မျက်ရည်စတွေနဲ့. . .
    ကျွန်တော်အဖေ့လည်ပင်းလေးကို မွှေးမွှေးပေးရင်း တစ်ချက်ရှိုက်လိုက်မိတယ်
    ဟုတ်တယ်. . .
    အဲဒီလူထူးဆန်းကြီးအကြောင်း
    ကျွန်တော် ဒီနေ့ကောင်းကောင်းသိခဲ့ပါပြီ. . . .။ ။
    ရှိခိုးဦးချကန်တော့ပါရစေ အဖေ

    လွမ်းခွင့်မရှိတဲ့ လူ

    အထူးလေးစားလျှက်

    လမင်းမြတ်(TCK)

  • Phoe Kaung

    January 24, 2014 at 11:32 am

    ကောင်းလိုက်တာ ဖခင်တယောက်ရဲ့ မေတ္တာတရားကို ဖွင့်ဟပြလိုက်တာ……
    ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဖေဖေကပြောဖူးတယ် (ကျိတ်ပီးချစ်ပါ အိပ်မှနမ်းပါတဲ့)
    ရေးသူရော ရှယ်သူပါ အထူးကျေးဇူး…….

  • ဝင့်ပြုံးမြင့်

    January 24, 2014 at 10:07 pm

    ကဗျာတွေ အရမ်းကောင်းတော့ ကူးထားရမယ်။ သိမ်းထားသင့်တဲ့ ကဗျာတွေပါပဲ။ ကျေးဇူးပါ မခိုင်ဇာရေ။

Leave a Reply