ဟိုတယ်အကြောင်း…

johnnydeerJanuary 24, 20141min15910
ဟိုတယ်ဖွင့်ထားတာဆိုတော့ ဟိုတယ်အကြောင်းတွေ ရေးဖို့ ဝိုင်းတိုက်တွန်းကြတယ်…ရေးလဲ ရေးချင်ပါတယ်…ရေးစရာတွေလဲ တထောင့်တညပုံပြင်လိုပဲ အများကြီးပဲ…ဒါပေမယ့် မရေးဖြစ်ဘူး…တမင်သက်သက် မရေးတာပါ…

ဟိုတယ် အကြောင်းရေးရင် ဟိုတယ်အကြောင်းနဲ့တင် ပြီးသွားတာမှ မဟုတ်တာ…လူမျိုးတရာ့တပါးနဲ့ အမြဲ ထိတွေ့ဆက်ဆံနေရတဲ့နေရာ ဆိုတော့ လူအကြောင်းတွေ ပါလာတော့မယ်…ဟိုတယ်ဆိုတော့ ကိုယ့်ဆီလာတည်းတဲ့ လူတွေရဲ့ privacy ကို ထိန်းသိမ်းစောင့်ရှောက်ရမှာက ဟိုတယ်တစ်ခုရဲ့ တာဝန် ဝတ္တရားကိုး…ရေးရင်းရေးရင်းနဲ့ လူအကြောင်းတွေ ပါသွားမှာစိုးပါတယ်…ဒါ့ကြောင့်လဲ ဟိုတယ် အကြောင်းတွေ သိပ်မရေးဖြစ်တာပါ…

ဒါပေမယ့် တခါတလေတော့လဲ ဟိုတယ်ရဲ့ နာမည် ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့ ထိပါးလာပြီ…ထိခိုက်လာပြီ လို့ ယူဆရရင်တော့ ဖြစ်ရပ်မှန်ကို ကိုယ်ကိုတိုင်ရှင်းပြ…ရေးပြရပါတော့တယ်…ဒါကလဲ ထမင်းကျွေးတဲ့ လုပ်ငန်းရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာအတွက်ပါ…

တခါက ဟိုတယ်ကို မိတ်ဆွေ တစ်ယောက်လာတည်းပါတယ်…ဟိုတယ်ခ 21000 ထဲပါ…ဒါပေမယ့် သူ ဟိုတယ်ခထက်ကို နှစ်ဆသုံးဆလောက် ပိုရှင်းရပါတယ်…ဘာ့ကြောင့်ဆိုတာ သူကိုယ်တိုင်လဲ သိပါတယ်…သူ့ကိုလဲ သေချာရှင်းပြပါတယ်…ဘာတွေကြောင့် ဘာတွေကြောင့်ဆိုတာ…ပြီးတော့ မိတ်ဆွေဖြစ်တဲ့အတွက် ဘယ်လောက်တောင် လျှော့ပေးထားတယ်ဆိုတာလဲ သေချာ ရှင်းပြပါတယ်…သူကျေနပ်တယ်…လက်ခံတယ်…ရှင်းသွားတယ်…ဒါပေမယ့် အသိုင်းအဝိုင်းကြားထဲမှာ မြနန်းတော်မှာတည်းတာ Sedona …Traders…သွားတည်းတာထက်တောင် ကျသွားပါတယ်ဆိုပြီး စသလို နောက်သလို ပြောလာတယ်…ကုန်ကျသွားတာပဲ ပြောပြီး (ဘာကြောင့်)ဆိုတာ မပြောခဲ့ပါဘူး…ဒါကို သူ့ဘက်သူ ကာကွယ်လိုဇောနဲ့ ချန်လှပ်ထားပြီးပြောလို့လို့မှန်ကန်တဲ့အဖြေတစ်ခု ဖြစ်မလာပါဘူး…ပြောမယ်ဆိုရင်ဖြစ်စဉ်တခုလုံးကို သေချာပြောရပါမယ်…

စတာပဲဖြစ်စေ…နောက်တာပဲ ဖြစ်စေ….ဟိုတယ်ရဲ့ နာမည် ဂုဏ်သိက္ခာနဲ့ သက်ဆိုင်လာပါပြီ…သူချန်ထားခဲ့တဲ့ ဘာကြောင့်ဆိုတာကို သူမပြောတဲ့အတွက် ကိုယ်က ရှင်းပြရပါတော့တယ်…သူ့ရဲ့ privacy ကိုထိခိုက်မှာစိုးလို့ ကိုယ်က ကိုယ့်တာကို လုံအောင် ဘယ်လိုပင် စောင့်ထိန်းပေမယ့် သူ့ရဲ့ မပြည့်မစုံ ပြောကြားချက်ကို ဒီ (ဘာကြောင့် ) ဆိုတာကို ဖြေရှင်းရင်းနဲ့ လူအကြောင်းတွေပါ ပါကုန်ပါတယ်…

သူ့ရဲ့ privacy ကိုထိခိုက်တယ်…ဖွပါတယ်…ဆိုပြီး ပြောပါတယ်…ပွင့်ပွင့်လင်းလင်းပြောရရင် သူများအကြောင်းကို စိတ်မဝင်စားပါဘူး…တိတ်တိတ်လေးပဲ အရာရာကို မသိချင်ယောင် ဆောင်နေပါတယ်…ဒါပေမယ့် ကိုယ့်လုပ်ငန်း နာမည်နဲ့ ဂုဏ်သိက္ခာကို အမြင်တမျိုးဖြစ်စေနိုင်တဲ့ အပြောအဆို အယူအဆတွေကိုလဲ မှန်ကန်တဲ့ ဖြေရှင်းနည်းသေချာ ပြန်လည် ဖြေရှင်းရပါမယ်…ဒီလိုဖြေရှင်းဖို့လဲ အမြဲ အဆင်သင့်လဲ Ready ကိုယ့်ဘက်ကရှိနေရပါမယ်…

ကျွန်တော်တို့စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အမြဲစောင့်ထိမ်းပါတယ်…ဒါပေမယ့် အမှန်တရားအတွက်လိုအပ်လာရင်တော့ စောင့်ထိမ်းရမယ့် အရာတွေကိုလဲ ချိုးဖောက်သင့် ချိုးဖောက်ရပါမယ်…

ပြီးတော့ ကျွန်တော်တို့ဟိုတယ်လုပ်ငန်းဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ အမြဲ ဆက်ဆံနေရပါတယ်…

ဥပမာပေါ့လေ…တရက်က အန်တီကြီးတစ်ယောက်က လာပြောတယ်…သားတို့ ဟိုတယ်က သိပ်သန့်ရှင်းပြီး ကောင်းတာပဲတဲ့….ကျေးဇူးတင်ပါတယ် ပြောပြီးပြုံးပဲနေလိုက်ပါတယ်… စိတ်ထဲမှာလဲ ဒီအန်တီကြီး လူ တဖက်သားကို စိတ်ချမ်းသာအောင် လိုက်ပြီး ပြောဆိုတတ်တယ်…စိတ်ရင်းကောင်းတယ်…လို့ပဲ သတ်မှတ်လိုက်ပါတယ်…

သူ့အရင်နေ့ကလေးတင်ပဲ လူကြီးတစ်ယောက်က မင်းတို့ ဟိုတယ် စုတ်ပြတ်နေတာပဲ လို့ တည့်တည့်ကြီးကြည့်ပြီး အားမနာလျှာမကျိုး ပြောသွားပါသေးတယ်…ဟုတ်ကဲ့ လိုအပ်တာတွေ ပြင်ဆင်လိုက်ပါ့မယ်ခင်ဗျလို့ပဲ ပြောလိုက်ပါတယ်…စိတ်ထဲလဲ ဒီဦးလေးကြီး နိုင်ငံတကာကြယ်ငါးပွင့်ဟိုတယ်တွေ အမြဲတည်းနေတာထင်တယ်လို့ပဲ ကိုယ့်ဘာသာကိုယ် အားတင်း သတ်မှတ်လိုက်ပါတယ်…

ဘယ်သူတွေ ဘာပဲပြောပြော ဘယ်လိုပဲ သတ်မှတ်သတ်မှတ်ပါ…ကျွန်တော်တို့ကတော့…

ကိုယ့်ဘေးက ကျော် ပြေးသွားသူတွေကိုလဲ လိုက်မကြည့်မိပါဘူး…
မသွားပဲ ရပ်ကျန်နေသူတွေကိုလဲ ဝေဖန်မနေပါဘူး…

တလှမ်းချင်း တလှမ်းချင်းသွားနေတဲ့ ကိုယ့်ခြေလှမ်းပဲ ကိုယ်ခလုတ်မတိုက်လဲအောင် သတိထားပြီးအမြဲပုံမှန်ပဲလျှောက်နေပါတယ်…

10 comments

  • ဒညင်းဝက်

    January 25, 2014 at 6:18 pm

    ဟိုတယ် အကြောင်းးး
    ကျနော်နဲ့ အလှမ်းဝေးပေမယ့် . . .
    စိတ်ဝင်စားမိတဲ့ အကြောင်းအရာမို့
    ဖတ် ရှု လေ့လာသွားပါတယ်ခင်ဗျ

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    January 26, 2014 at 9:12 am

    ပြောစရှိတည့်တည့်သာပြော
    အားနာရင် ပါးကိုပါ ရိုက်လိမ့်မယ်
    ကျုပ်လည်းပြောဖို့အားယူနေတယ်

  • padonmar

    January 27, 2014 at 1:25 am

    နာမည်လေး မှတ်သွားတယ် ကိုဝေဠု
    သဘောကောင်းတဲ့ အန်တီကြီးဆိုတာ ကျမပဲလေ။:D

  • ဦးကြောင်ကြီး

    January 27, 2014 at 2:42 am

    စော်ခေါ်လာရင် အပိုကြေးပေးရသလား..။ ကင်မရာ ခိုးတပ်မထားကြောင်း အာမရော ခံပါသလား.. လား လားလား

  • kyeemite

    January 27, 2014 at 10:13 am

    အင်း…မန္တလေးလာရင်တော့ ကိုရင့် ဟိုတယ်ကို အားပေးရမယ်…“ မြနန်းတော်” နော်…
    ဟိုတယ်လိပ်စာနဲ့ ဖုန်းနံပါတ်ပါ တခါတည်းကြော်ငြာပါလား ကိုဒီးယားရယ် 😛

  • johnnydeer

    January 30, 2014 at 1:21 am

    ကဲ…လာလည်ကြပါဦးဗျာ…အားလုံးကို ဖိတ်ပါတယ်…09..402511825 …အဲ့ဒါ ကျွန်တော့် ဖုန်းပါ….ဟိုတယ်မှာ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်တဲ့အလုပ်ရယ်…ကားရောင်းတဲ့အလုပ်ရယ်.. ဒီအလုပ်နှစ်ခုပဲ လုပ်ပါတယ်…ကားဝယ်ချင်ရင်ဖြစ်ဖြစ်…ကားလေလံဆွဲချင်ရင်ပဲ ဖြစ်ဖြစ်… ဖုန်းသာလှမ်းဆက်လိုက်ပါ…အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်…(ကြော်ငြာ)

  • Mr. MarGa

    January 30, 2014 at 8:51 am

    ပြောရင်လဲ ဆုံးမှာမဟုတ်ဘူးဗျ
    ဆိုတော့
    ဟိုလိုလို ဒီလိုလိုနဲ့ ဝင်ဖတ်သွားတယ် လို့သာ မှတ်ပါဗျာ :mrgreenn:

  • မီ မီ

    January 30, 2014 at 11:03 am

    ဗဟုသုတရပါတယ်
    ကျေးဇူးတင်ပါတယ်နော်

  • myat pearl phyu

    January 30, 2014 at 1:55 pm

    မန်းလေးရောက်ရင် ဆက်သွယ်ဦးမှ …
    ရွာသူ/သား အချင်းချင်း discount လေးများရလည်း မနည်းဘူးနော့် … 😀

Leave a Reply