ကျတ်ဂူ

လွိုင်ကော်မှာ ရောက်ခဲ့တဲ့ နေရာထဲ ကျတ်ဂူ လဲ ပါပါတယ် ၊ ကျတ်ဂူက လွိုင်ကော်မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိပြီး ၄၅ မိနစ်လောက်သာ သွားရပါတယ် လမ်းလဲကောင်းနေပါပြီ  ဒေသခံတွေ အရင်ကတဲက သွားလာနေကြပေမဲ့ အပြင်လူတွေ သိပ်မသိ လည်ရကောင်းမှန်း မသိရာကနေ အခုတော့ ဂျာနယ်တွေမှာပါလာ ဧည်သည်တွေလာရင် လိုက်ပို့ကြတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ ၊ ဂူထဲကို ၀င်ဘို့အတွက် တောင်ပေါ်ကိုတက်တဲ့ အုတ်လှေကားလေးအတိုင်း အရင်တက်ရပါတယ် ( အဆင်းမှ ရေကြည့်တာ လှေကားထစ် ၁၃၀ ရှိပါတယ်) ဂူ အ၀ မှာ ဆရာတော်တစ်ပါး သီတင်းသုံး တဲ့ ကျောင်းသေးသေး တစ်ခု နဲ့ စေတီလေး တစ်ဆူရှိပါတယ် ကျောင်းရှေ့မှာတော့ ဆရာတော်ဆီ ဆိုးလို့ဆိုပြီး သူများလာပို့သွားတဲ့ မျောက်လေးတစ်ကောင်ရှိပါတယ် မုန့်စားတယ် ကွမ်းစားတယ် ဓါတ်ဗူးထဲက ရေနွေးဖွင့်သောက်တယ် အစုံလုပ်ပြနေတော့ ဂူထဲမ၀င်ခင် လူတွေက သူ့ကြည့်သဘောကျနေတာ၊ဂူထဲ စ၀င်ဝင်ချင်း သစ်သားတန်းလေးတွေနဲ့ ယာယီတံတားလေးလို လုပ်ပေးထားပါတယ် အထဲမှာ ဘာမှ မမြင်ရတဲ့ အတွက် လူတိုင်း ဓါတ်မီး မဖြစ်မနေဆောင်သွားသင့်ပါတယ် ကျနော်တို့ သွားတဲ့ နေ့က ကံအားလျှော်စွာ ဆရာတော် မီးစက်မောင်းပေးထားပြီး ဂူထဲမီးသွယ်တန်းပေးထားလို့ အလင်းရောင် နဲနဲ ရနေပါတယ် မီးထွန်းထားပေးတယ် ဆိုပေမဲ့ အောက်ခြေက ပုံမှန်လမ်း မဟုတ်ပဲ ကျောက်တုံးတွေ ကျောက်ကြားတွေ ထဲ သွားရတာမို့ ဓါတ်မီးကတော့ တောက်လျှောက်ကို သုံးနေရတာပါ ဂူထဲ စ၀င်ပြီး သိပ်မကြာခင်မှာ သစ်သား အပိုင်းအစတွေ တွေ့ရပါတယ် သစ်လုံးကို ထွင်းထားတဲ့ အခေါင်းလို ပုံစံမျိုးကနေ ကျိုးပဲ့နေတာတွေပါ ၊ လိုက်ပို့တဲ့ ဒေသခံက ဒီ ဒေသမှာတော့ ဒါကို ကျတ်တွေရဲ့ အခေါင်းတွေလို့ ယုံကြည်ကြပါတယ် ဒါကြောင့်လဲ ဒီဂူကို ကျတ်ဂူလို့ ခေါ်ကြတာတဲ့ ၊ တချို့နေရာတွေမှာ ကျောက်တုံးတွေကြား လမ်းလျှောက်ဘို့ အဲဒီ သစ်သား အပိုင်းအစ တွေ ကို အသုံးပြုထားရတယ် ၊ဂူထဲ ၀င်တဲ့ လမ်းတစ်လျှောက် အကောင်းတွေ အကျိုးအပဲ့တွေ တောက်လျှောက် တွေ့နေရတယ် ၊လိုက်ပို့တဲ့ မိတ်ဆွေ ကတော့ ဒါကို ရှေးခေတ်က လူတွေ အသီး အနှံတွေ ထည့်ဘို့ အသုံးပြုခဲ့တာမျိုးလဲ ဖြစ်နိုင်တာပဲလို့ သူ့အမြင်ကိုလဲ ပြောပြတယ် ၊ ၀င်ရတာတော့ ခဲရာခဲဆစ်ပဲ ကလေးငယ်တွေ ၀င်လို့မလွယ်ဘူး ၊ လူကြီးတွေတောင် ဘောင်းဘီနဲ့ ၀င်မှ ပိုအဆင်ပြေမယ် ၊ ဂူထဲ တချို့နေရာတွေ လူတစ်ကိုယ် မနဲဝင်ရသလို တချို့နေရာတွေ အပြန့်ကျယ်ကျယ်နဲ့ နေရာတွေလဲ တွေ့ရပါတယ် ဒီနေရာလောက်ဆို ငါတို့ ရွာ့တွေ့ဆုံပွဲလုပ်လို့ ကောင်းမှာပဲလို့တောင် တွေးမိခဲ့ပါတယ်၊ခန့်မှန်း ပေ ၁၈၀၀ လောက် အထဲဝင်ပြီးသွားတဲ့ အခါ ရှေ့ကချောက်လို ဖြစ်နေတာမို့ ဆက်ဝင်လို့ မရတော့ပါဘူး ၊ အဲဒီအတိုင်း ဆက်သွားရင် ပေ ၃၅၀၀ လောက်ကျ စမ်းချောင်းလေး ရှိတယ် ကျတ်အခေါင်းဆိုတာတွေလဲ အများကြီး ရှိတယ်လို့ ပြောတာလေးပဲ မှတ်သားပြီး အဲဒီ ၁၈၀၀ ပေ နေရာကနေပဲ လှည့်ပြန်ခဲ့ကြတယ် အဲဒီထိ ကို မီးလုံးလေးတွေ တန်းပြီးထွန်းပေးထားတယ် ၊ ဂူတစ်လျောက် အဲဒီနေရာမှာ အမှိုက်တွေ တော်တော်များများကို တွေ့ခဲ့ရတယ် အထူးသဖြင့် အချိုရည်ဘူးလေးတွေပါ၊  မောမောနဲ့ရောက်လာ ရှေ့ဆက်သွားလို့ မရ ထိုင်နားရင်း ပါလာတဲ့ အအေးသောက် ဘူးခွံကိုပြန်မယူပဲ လက်လွတ်စပယ်ထားခဲ့ကြတာနေမှာပေါ့ အမှိုက်ပြသနာကတော့ တော်တော်ဆိုးပါတယ် ကန်ခုနှစ်ဆင့် သွားတော့ အဲဒီကန်တွေ သွားတဲ့လမ်းဘေးမှာ အုတ်ဂူလေးတွေ တွေ့ခဲ့တယ် အသုဘလာပို့တဲ့ လူတွေကို အအေးတိုက်တော့ ချက်ချင်းသောက် ဘူးခွံတွေကို ချက်ချင်းလွှင့်ပစ်ခဲ့ကြတယ် အအေးဘူးခွံလေးတွေဆိုတာ ဖွေးဖွေးကို လှုပ်နေတာပဲ အအေးဘူးထည့်လာတဲ့ စက္ကူဘူးခွံတောင် ဒီအတိုင်းထားခဲ့ကြတယ် ပွဲဈေးတန်းမှာလဲ အမှိုက်တွေဆိုတာ မြင်မကောင်း ရှုမကောင်းအောင်ကို ပေါလွန်းတယ် အားလုံးရဲ့ စိတ်ထဲမှာ အမှိုက်ကို လက်လွန်စပယ်ပစ်ကြတာကို အပြစ်လို့ မမြင်ပဲ သာမန်ထမင်းစား ရေသောက်သလို ကိုဖြစ်နေပြီ ၊ အသိပညာပေး မစည်းရုံးနိုင်ရင် သတိထားမိတဲ့အချိန် ပတ်ဝန်းကျင်ကို ထိခိုက်မှုက တော်တော်ကြီးနေလောက်ပြီ ၊ လွိုင်ကော်တ၀ိုက်က တချို့သစ်ပင်တွေမှာ သစ်ပင်မခုတ်ရ နတ်မကြိုက် ဆိုတဲ့ စာတန်းလေးတွေ ချိတ်ထားတယ် ဒီကလူတွေက နတ်နဲ့ ခြောက်မှ ရတယ် အဲဒီလို စာတန်းချိတ်ထားရင် သူတို့ မခုတ်ရဲတော့ဘူးတဲ့ ၊ ကျနော်တောင် သူတို့ကို ပြောခဲ့သေးတယ် အမှိုက်ပစ်တဲ့ ကိစ္စလဲ ပညာပေးတာက နောက် အရင်ဆုံး ထိန်းနိုင်အောင်  အမှိုက်ပစ်တာ နတ်မကြိုက် လို့ လုပ်သင့်တယ်လို့ ၊တကယ်တော့ အမှိုက်ပြသနာက လွိုင်ကော်မှ မဟုတ်ပါဘူး တနိုင်ငံလုံးကို ရှင်းရမဲ့ ပြင်ရမဲ့ အခြေအနေပါ ၊ ဂူထဲ နှစ်နေရာလောက်မှာ ဖယောင်းတိုင် နဲ့ အမွှေးတိုင် ထွန်းထားတာ တွေ့တော့ ဒေသခံက ဟာ ဒီလို ထွန်းလို့ မရဘူးလေ ထွန်းရင် အောက်ဆီဂျင်တွေကုန်မယ် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်လာမှာပေါ့ ဆိုပြီး သူကိုယ်တိုင် မှုတ်တော့ ရန်ကုန်က တချို့ တချို့ ထက်တောင် သာသေးလို့ သဘောကျမိတယ် ၊ စိတ်မကောင်းတာက ဂူ ထဲ စ အ၀င် ပစ္စည်းတွေ ပြုတ်ကျမယ် အကုန်ထားခဲ့ ဆိုတာနဲ့ ဂူထဲ မလိုက်တဲ့ မိတ်ဆွေဆီ ဖုန်းတွေထားခဲ့လိုက်လို့ အခေါင်းဆိုတာတွေ မရိုက် လိုက်ရတာပဲ ၊  ပြန်အထွက်ကျမှ ထူးဆန်းတာ တစ်ခုလဲ တွေ့ခဲ့ရတယ် ပေ ၆၀၀ လောက် မှာ ဂူထဲက အမြင့်ပိုင်း အစွန်းလေးထွက်နေတဲ့ နေရာမှာ ကျတ်အခေါင်းဆိုတာမျိုး အသစ်တစ်ခုရောက်နေတာပါ အဲဒီနေရာကို လူတောင် မရောက်နိုင်တာ အခေါင်းက ဘယ်လိုက ဘယ်လို ရောက်နေမှန်းကို မသိတာ ၊ ဘာပဲ ဖြစ်ဖြစ် သုတေသနသမားတွေ အဲဒီ အခေါင်းတွေနဲ့ ပတ်သတ်တာကို လေ့လာကြည့်သင့်တယ် ဟိုး ရှေးဦးလူတွေ ဒီ ဂူထဲ နေထိုင်ကြရင်း သူတို့ အသုံးပြုခဲ့တဲ့ ပစ္စည်းတစ်ခုခု ဆိုတာမျိုးလဲ ဖြစ်နိုင်တာပဲ ၊ ဂူ အ၀ လေးက နံရံမှာ ရာစုကု လို့ ရေးထားတာလေး တွေ့လို့ မေးကြည့်တော့ ရာစု ဆိုတာ ယမ်း ကု ဆိုတာ လုပ်တာ အရင်က ဒီ ဂူထဲက လင်းနို့ချေးတွေ အများကြီး ရတယ် လင်းနို့ချေးက ယမ်းလုပ်တာမို့ ရာစုကု လို့လဲ ခေါ်တယ် ပြောတာပဲ ဒါလဲ နောက်အခေါ် တစ်မျိုးပေါ့ …….

ဒီ အုပ်လှေကား အတိုင်းတက်သွားရတယ်

ဒီ အုပ်လှေကား အတိုင်းတက်သွားရတယ်

 

ကျတ်ဂူရှေ့က မျောက်ကလေး သန်းရှာလို့ပေး

ကျတ်ဂူရှေ့က မျောက်ကလေး သန်းရှာလို့ပေး

 

ကျတ်ဂူ အဝ

ကျတ်ဂူ အဝ

ယာဉ်တိုက်မှု

လည်ပတ်ရာက လွိုင်ကော်ကို ပြန်လာတဲ့ လမ်းမှာ ထော်လာဂျီကို ကားက ၀င်တိုက်ထားတာ တွေ့တယ် ၊ ထော်လာဂျီက ဆရာကတော့ ဆေးရုံရောက်သွားတယ် ၊ အဲဒီကနေ မြို့ထဲရောက်လာတော့ လမ်းမကြီး အတိုင်း မောင်းလာရာကနေ လမ်းသွယ်ကို ၀င်မှာမို့ ကွေ့ဘို့ အချက်ပြရင် ကားကိုရပ် လမ်း ရှင်း မရှင်း ကြည့်လိုက်တယ်၊ လမ်းသွယ်ထဲက ထော်လာဂျီ တစ်စီးက မောင်းလာတယ် လမ်းမပေါ်ရောက်ခါနီးမှ ဘာစိတ်ကူးပေါက်လဲ မသိဘူး အရှိန်ကိုမြှင့်လိုက်တယ် အဲဒီအချိန် လမ်းမအတိုင်း surf တစ်စီးက အရှိန်နဲ့ မောင်းလာတယ် ထော်လာဂျီကို ကားကဖြတ်တိုက်လိုက်တယ် မျက်စေ့ရှေ့တင် မြင်နေရတယ် တိုက်တော့မှာ သိတယ် ဘာမှ မလုပ်နိုင် ဘယ်လိုမှ မတားနိုင် ထော်လာဂျီက တစ်ပတ်လည်သွားတယ် နောက်ကထိုင်တဲ့လူ ဒဏ်ရာနဲနဲ ရသွားတယ် ကားက ဘန်ပါပြုတ် ရှေ့ပိုင်းထိသွားတယ် ၊ ဘယ်လိုများ ပြသာနာကို ရှင်းမလဲ ကြည့်နေတာ ထော်လာဂျီ ပေါ်က ဆရာနှစ်ယောက်က သူ တို့ နဲ့ ဘာမှ မဆိုင်သလို ဒီ အတိုင်းပဲ ထိုင်နေတယ် တောင်းပန်တာလဲ မရှိဘူး ပြသနာ ရှာတာလဲ မရှိဘူး ၊ ကားသမားတွေကလဲ ဒီအတိုင်းပဲ ခဏနေတော့ သူ့ဘန်ပါ ဆင်းကောက် ဆက်မောင်းသွားတယ် ၊ထော်လာဂျီကလဲ ဆက်ထွက်သွားတယ် သူတို့ဟာနဲ့ သူတို့တော့ ဟုတ်နေတာပဲ ၊ အချိန်ပိုင်းလေးတင် ယာဉ်တိုက်မှု နှစ်ခု တွေ့လိုက်ရတာ၊ လွိုင်ကော်မှာ မောင်းမယ်ဆိုရင် ရန်ကုန်မှာ မောင်းလာတာ ကျွမ်းတယ်ကွတော့ သွားမလုပ်နဲ့ နဲနဲတော့ သတိထား ဘယ်ညာ သေချာကြည့်မောင်းတာ အကောင်းဆုံးပဲ…

ပထမ ယာဉ်တိုက်မှု

ပထမ ယာဉ်တိုက်မှု

ဟော်

ကယားမှာ ရှိတဲ့ နယ် သုံးနယ်ကို စော်ဘွား( ဒေသမှာ စောဖျာ လို့ သုံးတယ်) သုံယောက်က အုပ်ချုပ်ကြပါတယ် ဘော်လခဲ၊ ကြယ်ဘိုးကြီး နဲ့ ကန္နရ၀တီ(လွိုင်ကော်) မှာပါ၊ လွိုင်ကော်မှာ ရှိတဲ့ ဟော်က အခုထိ ရှိနေသေးလို့ အချိန်ပေးပြီး သေချာသွားကြည့်ခဲ့ပါတယ် လှေကားနဲ့ အပြင်ပိုင်း နဲနဲ ပြုပြင်ထိန်းသိမ်းထားတာက လွဲလို့ အရင်လက်ရာအတိုင်း ရှိနေပါသေးတယ် ဟော်ရဲ့ သက်တမ်းက နှစ်တစ်ရာ ကျော်ပါပြီ ဟော်ကို ၁၉၁၂ ကနေ ၁၉၁၄ ထိ (၄) နှစ်ကြာ စောဖျာစ၀်ခွန်လီက တည်ဆောက်ခဲ့ပါတယ် စ၀်ခွန်လီသေတော့ သူ့သား စောဖျာစ၀်လ၀ီက ငယ်သေးတာနဲ့ ဦးလေး စ၀်ရွှေဟုန်က အုပ်ချုပ်ပြီး စ၀်လ၀ီအရွယ်ရောက်မှ အာဏာပြန်လွှဲပေးခဲ့တာပါ စော်ဘွားတွေ ၁၉၅၉ ကျမှ သူတို့ အာဏာ စွန့်လွှတ်လိုက်ရတော့တာပါ သူတို့ မှတ်တမ်းတင်ထားတဲ့ အထဲတော့ “ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးတွင် နယ်ရှင်စော်ဘွားများ မိမိတို့နယ်ပယ်အတွင်း အုပ်ချုပ်ရသည့် အုပ်ချုပ်ရေး အာဏာကို ၁၉၅၉ ခုနှစ်၌ နိုင်ငံတော် အဓွန့် ရှည်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အကျိုးအတွက် အာဏာကိုစွန့်လွှတ်ခဲ့ကြသည် ”တဲ့ အာဏာကို စွန့်ပြီး နောက်မှာလဲ ဟော်ကို သူတို့ပဲ ပိုင် မိသားစုတွေပဲ ဆက်နေရင်းက ကျန်တဲ့ မိသားစုတွေက ၁၉၉၄ မှာ ဘုန်းကြီးကျောင်း အဖြစ် လှူဒါန်းခဲ့လို့ အခုဆို အဲဒီ ဟော်ကို သီရိမင်္ဂလာပုံကျောင်း ပရိယတ္တိစာသင်တိုက် လို့ အမည်တွင်နေပါပြီ ၊ ကျောင်းထိုင် ဆရာတော်က သက်တော် ၆၅ ၊ ၀ါတော် ၄၅ ပါ ၊ ခေတ်အမြင်လဲ ရှိတော့ ကျောင်းကို ပြုပြင်ထိန်းသိမ်း ရှိတာလေးတွေစုဆောင်း ပြတိုက်သဘောမျိုး လုပ်ထားရင်း လာတဲ့ ပြည်တွင်း/ပ ဧည်သည့်တွေရဲ့ မှတ်တမ်းစာအုပ်လေးလဲ လုပ်ထားပါတယ်….

အ၀င်

အ၀င်

 

အလယ် လှေကား နဲ့ ၀င်ပေါက်

အလယ် လှေကား နဲ့ ၀င်ပေါက်

 

နှစ်အလိုက် မြင်ကွင်းများ

နှစ်အလိုက် အဆောက်အဦ အခြေအနေ

 

 

စော်ဘွားရုံး ဆိုင်းဘုတ်

စော်ဘွားရုံး ဆိုင်းဘုတ်

 

စော်ဘွားနဲ့ စော်ဘွားကတော်

စော်ဘွားနဲ့ စော်ဘွားကတော်

သူတို့ ခေတ် ရှင်ပြု

သူတို့ ခေတ် ရှင်ပြု

မှတ်တမ်းဓါတ်ပုံများ

မှတ်တမ်းဓါတ်ပုံများ