သင်္ကြန်အိပ်မက်ကား ဝိုးတဝါး

moonpoemJanuary 28, 20141min1159

ရန်ကုန်မြို ့အနှ ံ့Tourသွားသည့် တစ်ရက်ကဖြစ်သည်။ထုံးစံအတိုင်း မီးပွိုင့်မိချိန်တွင် ဂျာနယ်
လက်ပွေ ့ရောင်းသူ၊ပန်းရောင်းသူ၊ ပြက္ခဒိန်ရောင်းသူတွေကို တွေ ့ရသည်။ရုတ်တရတ်ဧည့်သည်များက
ဟယ် ဒီဟာကဘာလေးတွေလဲ မသိဘူးဟု ရေရွတ်သံကို ကြားလိုက်ရသည်။ကားဘေးနားတွင် ဖြတ်လျှောက်သွားသည်ကို လှည့်ကြည့်လိုက်တော့ ပိတောက်ပန်းခြောက်ခြင်းလေး
တွေဖြစ်နေသည်ကို တွေ ့ရသည်။ အခုမှ ဇန်နဝါရီလပင်ရှိသေးသော်လည်း ဧပြီတန်ခူးအတွက်ကြိုတင်ပြီး
ရောင်းနေကြပြီ။

ကားဒရိုင်ဘာကတော့ သင်္ကြန်ရောက်ရန်စောနေသည့် အတွက်ပဲလား၊သင်္ကြန်ကို ရင်မခုန်တတ်တာပဲလားတော့ မသိ။ အမလေးဗျာ ဘယ်နှယ့် ပိတောက်ပန်းခြောက်တွေ စောစောစီးစီး ရောင်းနေတယ်မပြောတတ်ပေါင်ဗျာ ပြာသိုရှိသေးတဲ့ဟာကိုဆိုပြီး ပြောသံကိုကြားလိုက်သည်။

ကျွန်မကတော့ မန ္တလေးသူ ဖြစ်နေသည့်အတွက်ပဲလားတော့ မပြောတတ်။ သင်္ကြန်ကို ပိုပြီး ချစ်တတ်သည်ဟု ဆိုလျှင် တခြားမြို ့သူမြို ့သားတွေ ဝိုင်းအော်ကြတာ ခံရမည်လား မသိ။ကိုယ့်မြို ့
ကိုယ့်ရွာအလိုက် သင်္ကြန်ဆိုလျှင် မြန်မာတစ်ပြည်လုံး ခြိမ့်ခြိမ့်သဲ ကျင်းပကြမည်။ ပိတ်ရက်ရှည် ကြိုက်သူ မကြိုက်သူ နှစ်မျိုးရှိသည့်အနက် ကျွန်မကတော့ ပိတ်ရက်ရှည်တွင် အိမ်ပြန်ပြီး နားရမည်ကို တွေးပြီး
ပျော်တတ်သူဖြစ်သည့်အတွက် ပိတ်ရက်ရှည်ကို ကြိုက်ပါသည်။

သီတင်းကျွတ်တွင် ဘိုးဘွားမိဘ ကန်တော့သကဲ့သို ့ပင် သင်္ကြန်အခါတွင်လည်း ရေကန်တော့ခြင်းဟု
ခေါ်ဆိုသော ဘိုးဘွားမိဘ ဆရာသမားများကို ကန်တော့ခြင်း အစဉ်အလာသည် တခြားမြို ့များတွင်
ရှိမရှိ မသိသော်လည်း ကျွန်မတို ့မွေးရပ်မြေ အမရပူရမြို ့တွင်တော့ ရှိပါသည်။ လူကြီးသူမ များကို
သင်္ကြန်မတိုင်ခင် လိုက်လံကန်တော့ရာတွင် သီတင်းကျွတ်နှင့် မတူသည့်အချက်က ကန်တော့မည့် ပစ္စည်းများကို စားပွဲပေါ်တင်သကဲ့သို ့ရေတစ်ခွက်ကို ပါစားပွဲပေါ်တင်ပြီး ကန်တော့ပါသည်။

ကန်တော့ခံသူမှ ကျန်းမာပါစေ ချမ်းသာပါစေ လိုအင်ဆန္ဒတလုံးတဝတည်းပြည့်စုံပါစေ အစရှိသဖြင့်
ဆုပေးပြီးသောအခါ သူ ့ရှေ ့တွင် ထားရှိသော သူ ့ကို ရေကန်တော့သည်ဟု အဆိုရှိသည့်အတွက် ရေခွက်ရှိရေကို တစ်ခွက်လုံးဖြစ်စေ အနည်းငယ်မျှ ဖြစ်စေ သောက်သုံးပါသည်။ ကျွန်မတို ့အိမ်တွင်
အဘွားရှိသည့်အတွက် ငယ်ငယ်က သင်္ကြန်နီးပြီဆိုလျှင် ဘွားဘွား ရေကန်တော့ချင်လို ့ပါဆိုသော အသံများကို နေ ့စဉ်ရက်ဆက် ကြားရတတ်သည်။ ဒီအသံကြားရလျှင် ကျွန်မတို ့ကလေးတစ်သိုက်က
ပျော်နေပြီ ဖြစ်သည်။ အဘွားကို လာကန်တော့သည့် မုန် ့များကို အဘွားကို ခပ်ချွဲပြီး မကြာခင်
စားရတော့မည်ဆိုသော အသိ ရှိသည်က တစ်ကြောင်း၊ သိပ်မကြာခင် သင်္ကြန်ရေပွဲတော်ဆင်နွှဲရမည်ကို
သိသည်ကတစ်ကြောင်းတို ့ကြောင့်ဖြစ်သည်။ံ

အခုချိန်တွင်တော့ ရေကန်တော့ခံသူ မရှိသည့် ရန်ကုန်တွင်နေသည်ဖြစ်သည့်အတွက် ထိုကဲ့သို ရေကန်တော့ချင်သည်ဆိုကာ ခေါ်တတ်သော စီစီညံညံအသံများကို မကြားရတတ်ပါ။သို ့သော်လည်း
မတ်လလောက်ရောက်ပြီ ဆိုလျှင် ကျွန်မသည် မန ္တလေးတွင် ဆွေမျိုးများသူ ဖြစ်သည့်အတွက် ရေကန်တော့ရမည့် စာရင်းကို စတင်ပြုစုပြီ ဖြစ်သည်။ပြီးလျှင် မဏ္ဍပ်တွင် သူငယ်ချင်းများနှင့်
ချိန်းပြီး ကဲရမည်လား၊ ကိုယ့်နောက်ပါမည့် အလုပ်ဖြစ်သော တရားရိပ်သာ ဝင်ရမည်လား၊ ဘာမှ မလုပ်ဘဲနဲ ့အိမ်တွင်နားရမည်လား စသဖြင့်စသဖြင့် အတွေးတို ့ရောက်ယက်ခတ်လာပါသည်။

ရန်ကုန်လက်ဆောင်ဆိုပြီး ဂျေဒိုးနပ်၊ 77ကိတ်မှာကြသည်များကို စာရင်းမှတ်ပြီးဝယ်ရဦးမည်။
တစ်နှစ်လုံးတွင် နားရက်ဆိုသည်မှာ သတ်သတ်မှတ်မှတ် မရှိသည့် ခရီးသွားလုပ်ငန်းခွင်မှ တိုးဂိုက်ဖြစ်သူ ကျွန်မအတွက် နားရမှာ သေချာသည့် ဧပြီလနှင့် သိပ်မကြာခင် ပျော်ရတော့မည်ဟူသော အသိဝင်လာတတ်သော မတ်လသည် သာယာနေတတ်ပါသည်။

ခေတ်သစ်သင်္ကြန်သီချင်းများဆိုပါက တင်းတယ်တင်းတယ်ဆိုသည့် အေသင်ချိုဆွေဧ။် သင်္ကြန်နှင့်မသက်ဆိုင်သော သီချင်းများကို ခံစားလို ့မရ။နောက်ပိုင်းထွက်သည့် သင်္ကြန်သီချင်းများထဲတွင် ဖြိုးကြီးဆိုသည့် မန ္တလေးသားဖြစ်ဖို ့သီချင်းကလွဲရင် ရင်မခုန်တတ်သော ကျွန်မအတွက် မတ်လစပြီဆိုသည်နှင့် ဖုန်းသံကအစ ဇော်ဝမ်းဆိုသည့်သင်္ကြန်မိုးသီချင်းသံဖြစ်တော့မည်။

မန ္တလေးကို လွမ်းလာသည်။ ငွေငန်းကြီးကို မြင်ယောင်လာမိသည်။ ခေတ်သစ်သင်္ကြန်မှာ မန ္တလေး
သားတွေ ဘယ်လောက်ကဲကဲ ငွေငန်းကြီး ကျုံးထဲဝင်လာတာတွေ ့လျှင် ဟေး…ဟုအော်ကာ မဏ္ဍပ်များမှ
ဖွင့်နေသည့် သီချင်းများကိုရပ်ကာ ကြိုဆိုကြ၊ မြို ့မငွေငန်း ကျန်းမာပါစေဟု အော်ကြတော့မည်။
ဘာသီချင်းတွေ ဟော့ဟော့ သင်္ကြန်အကြိုနေ ့တွင် မြူမှောင်ဝေကင်းဖြင့် ဖွင့်ကာ သင်္ကြန်
အတက်နေ ့ည၁၂နာရီထိုးလျှင် မန်းတောင်ရိပ်ခိုဖြင့် ပိတ်ကြသည့် မန ္တလေးဓလေ့ မန ္တလေးသူ၊
မန ္တသားတွေ သင်္ကြန်ချစ်ပုံကို စာနှင့်ရေးလို ့ပင် ပုံပေါ်အောင် မပြနိုင်။

အခု သင်္ကြန်အကြောင်းတွေးရင်း တွေးရင်းနှင့်ပင် ကျွန်မပျော်နေမိပြန်သည်။ ခက်လှချည်တော့သင်္ကြန်ဆိုတာနဲ ့ရင်ခုန်ချက်ကတော့ စိုင်းစိုင်းခမ်းလှိုင်က ကိုယ့်ကို မျက်စိမှိတ်ပြလိုက်တာကို မြင်လိုက်ရသလိုပါပဲလား။ဒိန်းဒတ်ဒတ် ဒိန်းဒတ်ဒတ်နဲ ့။ ဒါပေမယ့်လည်း စိုင်းစိုင်းရေ.. စိုင်းစိုင်းရဲ ့တုန်တုန်တုန် သီချင်းကို အားပေးပေမယ့် သင်္ကြန်နဲ ့ပတ်သတ်ရင်တော့ ကိုယ့်ရင်ထဲက ငွေငန်းမြို ့မနဲ ့သန်းမြတ်စိုးကိုတော့ ယှဉ်လို ့မရပါလားကွယ်။

ကျွန်မ မည်မျှအတွေးလွန်နေမိသည်နှင့်တူသည်။နောက်မှ ဧည့်သည်များဆီမှ အသံညံစာစာ ကြားလိုက်ရသည်။ဟိတ် တိုးဂိုက်လေး ခုန ဒီနားက ဖြတ်သွားတဲ့ ဈေးသည်ရောင်းတာ ဘာတွေလဲဆိုတာ အသေးစိတ်ရှင်းပြပါဦးလား။ ဪဟုတ်ပ….ကျွန်မတိုးသွားရင်း တွေးနေမိတာ မည်မျှကြာသည်မသိ။ ဧည့်သည်၂ခါလောက် ခေါ်မှ ပစ္စပ္ပုန်ကို သတိရတော့သည်။သင်္ကြန်အိပ်မက်ကား ဝိုးတဝါး……။

9 comments

  • kyeemite

    January 28, 2014 at 11:09 am

    လွမ်းစရာ့ မန်းသင်္ကြန်ပေါ့နော…တောင့်ထား လမင်းကဗျာရေ..နှစ်လပဲကျော်ဖြတ်ရတော့မယ်…

  • KZ

    January 28, 2014 at 1:41 pm

    ငင့်။
    မပြန်ရလို့ စိတ်ညစ်ပါတယ်ဆိုနေ လွမ်းအောင်လုပ်နေပြန်ပြီ။
    သင်္ကြန် နောက်အကျဆုံးပြန်မယ်တော့ ရည်ရွယ်ထားရဲ့။
    :hint:

  • nozomi

    January 28, 2014 at 2:06 pm

    လမင်းကဗျာ လေး ရန်ကုန်မှာ ရေကန်တော့ ချင်ရင်
    ရန်ကုန်နေ ရွာထဲက လူကြီးသူမတွေ ရှိတာပဲ
    သူ တို့ မှ လက်မခံရင် ပြော ကူညီပေးမယ်
    ရေနဲ့ တွဲရမဲ့ မုန့်ကတော့ ကောင်းပစေနော

  • Paing Lay

    January 28, 2014 at 2:37 pm

    အမ လမင်းပြောမှ လွန်ခဲ့တဲ့ ၃နှစ်က သင်္ကြန်ကို အရမ်းလွမ်းတာပဲဗျာ :byee: 😥

  • TNA

    January 28, 2014 at 7:20 pm

    ရန်ကုန်သင်္ကြန်ကတော့ စိတ်ညစ်လွန်းလို့။ အခုနောက်ပိုင်းသင်္ကြန်ဆိုရင်ဘယ်မှကိုမထွက်ချင်တော့တာရယ်။ အရင်တုန်းကသင်္ကြန်လေးပဲပြန်တမ်းတမိပါတယ်။ 😥

  • Ma Ma

    January 29, 2014 at 7:43 am

    ငယ်ငယ်ကတည်းက ခုချိန်ထိ ရေလည်းမပက်၊ ရေပက်လည်းမခံ၊ မဏ္ဍပ်လည်းမထိုင်တတ်လို့ သူစိမ်းဆန်တဲ့သင်္ကြန်ကို မလွမ်းတတ်/ချင်ဘူး။
    တစ်ခုတော့ရှိတယ် ပိတ်ရက်ရှည်ကိုတော့ တမ်းတသားးးး 🙂

  • moonpoem

    January 29, 2014 at 2:46 pm

    သင်္ကြန်ကို ပျော်ခွင့် မရတဲ့သူတွေ အများကြီးပဲရှိကြတာပဲနော်။ ကျွန်မက ကျွန်မချစ်တဲ့ မန်းသင်္ကြန်ကို နှစ်တိုင်းဆုံခွင့် ရတာ ကံကောင်းတယ်ဆိုရမယ်။

  • myat pearl phyu

    January 30, 2014 at 1:19 pm

    တူးပို့ တူးပို့ သံကြားရင်..
    ပိတောက်ရနံ့လေးတွေ ရရင်ဖြင့်
    သင်္ကြန်ဆိုတာ ရင်ခုန်မြဲပါ…

Leave a Reply