ကျနော်က နာနတ်တောလမ်းမှာနေပြီး ရုံးက သံလမ်းမှာမို့ ရုံးအသွားက ( လှည်းတန်း – သံလမ်း ) ၊ ရုံးအပြန်က ( သံလမ်း – လှည်းတန်း ) ပေါ့ ၊

ကျနော်အမြဲစီးနေကျ ဘတ်စ်ကားတွေက ၄၈ မီနီဘတ်စ် ၊ ၅၀ ၊ ၁၇၄ ၊ ၁၈၃ ၊ ၂၂၆ စတဲ့လိုင်းကားတွေပါပဲ ၊

အဲဒီကားတွေ အားလုံးက ကားခ ငါးဆယ်ပါ ၊ ၄၅ နဲ့ ၁၈၈ ဆိုရင် တစ်ရာပေးရပါတယ် ၊

ကျနော်ကတော့ ငါးဆယ်နဲ့ ရောက်တဲ့ခရီး အရေးလည်းမကြီး အရင်လည်း မလိုမို့ ငါးဆယ်တန်ကားတွေပဲ စီးသူပါ ၊

ကပ်စေးနည်းတာ မဟုတ်သလို ချွေတာတာမျိုးလည်း မဟုတ်ပဲ ငါးဆယ်နဲ့ရောက်တဲ့ခရီးမို့ ငါးဆယ်ပဲ ပေးစီးတတ်တဲ့ အကျင့်ပါ ၊

မနေ့က ဇန်နဝါရီ ၂၇ ညနေ ရုံးပြန်ချိန်မှာ ဒီ ပါရမီဇာတ်လမ်း စခဲ့ပါတယ် ၊

သံလမ်းမှတ်တိုင်မှာ ကားက အတော်စောင့်လိုက်ရပြီး ပါရမီ ၁၇၄ တစ်စီးထိုးဆိုက်လာပါတယ် ၊

ကားပြတ်နေတာမို့ ကားကနည်းနည်းကျပ်ကျပ်ပေါ့ ၊ ကားပေါ်အရောက်မှာ အိတ်ထဲက ငါးဆယ်တန်ကို အဆင်သင့် ထုတ်ကိုင်ထားပါတယ် ၊

ဒီအချိန်မှာ စပယ်ရာက ဟိုနားဒီနား တစ်ရာ ၊ ဟိုနားဒီနား တစ်ရာ ၊ လှည်းတန်းအထိ တစ်ရာဆိုပြီး ပိုက်ဆံလိုက်ကောက်ပါတယ် ၊

ငါးဆယ်ပေးတဲ့သူတွေကို တစ်ရာဆိုပြီး ထပ်တောင်းရင်း ကျနော့ဆီအရောက်မှာ လက်ထဲက ငါးဆယ်တန် ပေးလိုက်တော့ ဘယ်လဲ တဲ့ ၊

လှည်းတန်း ဆိုတော့ တစ်ရာ တဲ့ ၊ ထုံးစံမရှိဘူး ညဘက်လည်း မဟုတ်ဘူး ဆိုတော့ သူ တုန့်ကနဲဖြစ်သွားတယ် ၊

မပါရင် အလကား စီးသွား တဲ့ ၊

တနင်္ဂနွေသား ဒေါသက စထွက်လာပြီ ၊

ငါ မပါလို့ မဟုတ်ဘူး ၊ မင်းတို့ လူပါးဝလို့ မပေးတာ ၊ စကားပြော မရိုင်းနဲ့ လို့ ခပ်ထန်ထန်ပြန်ပြောလိုက်တော့ ကျနော့ကို စိုက်ကြည့်တယ် ၊

ကျနော်က ရုံးယူနီဖောင်းနဲ့ပါ ၊ သူ ဟိုဘက်ပြန်လှည့်သွားပြီး

ဘာကောင်တွေလည်း မသိဘူး လို့ ပြောလိုက်တဲ့ အသံကို ကြားလိုက်ရတော့ စိတ်ကထောင်းကနဲ ဖြစ်သွားတယ် ၊

ဟေ့ကောင် မင်းဘာပြောတာလည်း ဆိုပြီး လှမ်းဆွဲလိုက်တယ် ၊ ခင်ဗျား မိုက်လို့လား တဲ့ ၊

အဲဒီအချိန်မှာ ဘေးက ယောင်္ကျားလေး တစ်ယောက် ( သူကလည်း ယူနီဖောင်းနဲ့ပါပဲ ၊ ဘယ် ကုမ္ပဏီရယ်တော့ ကျနော် မသိပါဘူး ) က မင်း

မိုက်ရိုင်းလှချည်လား ဆိုပြီး လှမ်းထိုးလိုက်ပါတယ် ၊ ကားက ကျပ်တော့ လူတွေလည်း လုံးထွေးကုန်ရော ၊

အဲဒီအချိန်မှာ ဒရိုင်ဘာက ကားကိုထိုးရပ်လိုက်ပါတယ် ၊ ကားက ဘူတာရုံလမ်းထိပ်နား ရောက်နေပါပြီ ၊

ဘေးလူတွေက ဝိုင်းဆွဲလို့ စပယ်ရာက အပေါက်ဝနား ကျနော်တို့က အထဲဘက်မှာ ၊

ဒရိုင်ဘာက ဘာဖြစ်တာလည်းဆိုတော့ ကျနော်နဲ့ အဲဒီယောင်္ကျားလေးက ရှင်းအပြ ၊

ကျန်တဲ့ခရီးသည်တွေကပါ ဝိုင်းပြောတော့ ဒရိုင်ဘာက နောက် မင်း အဲဒီလို မလုပ်နဲ့ ဆိုပြီး သူ့နေရာ သူပြန်သွားပါတယ် ၊

တကယ်တမ်းကျနော်တို့က ၁ ယောက် ၂ ယောက်ထဲဆို သူတို့ ၃ ယောက်နဲ့ ဒီ့ထက် ပိုဆိုးမှာ ၊

အခုက ဘေးက ခရီးသည်တွေပါ ပါတာမို့ နောက်ဆုတ်သွားတာပါပဲ ၊

( ငါးဆယ်ကို တစ်ရာ ၊ တစ်ရာကို နှစ်ရာ ပေးလိုက်ရလို့ မကျေနပ်ပေမယ့် အောင့်သက်သက်နဲ့ လိုက်လာရသူတွေလည်း ပါပေမပေါ့ ၊

ကောင်မလေးတစ်ယောက်က ကျမ ရဲဘော်ဟောင်းမှတ်တိုင်ကတက်တာ ၊ နှစ်ရာတန်ကို ပြန်မအမ်းဘူး ၊

သမိုင်းအထိ တစ်ရာ ၊ ဒီဘက်ကို နောက်တစ်ရာပေးလိုက်ရတာတဲ့ ) ၊

ကားက နည်းနည်းကျပ်နေလို့ အဲဒီသကောင့်သား စပယ်ရာကို ဓါတ်ပုံ မရိုက်လိုက်ရဘူး ၊

လှည်းတန်းရောက်မှ ဓါတ်ပုံတစ်ချို့နဲ့ မှတ်တမ်းတင်လိုက်တယ် ၊

( စပယ်ရာ လူပါးဝခြင်းဘေးမှ ကင်းဝေးကြပါစေ )

သြော် ဒီမနက် ရုံးလာတော့ စီးလာခဲ့တာ ၁၇၄ ပါပဲဗျာ ၊ စပယ်ရာတိုင်း မိုက်ရိုင်းတာတော့ မဟုတ်ပါဘူးလေ ၊

Photo2070

 

Photo2071

 

photo2071_002

 

Photo2073

 

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..