လေးဇီးကွတ်နဲ့ လေးဇီးဆိုင်ရှင်တို့ လေးဇီးကြတဲ့ လေးဇီး (အဲ) KZ’s ထမင်းဆိုင်

ဇီဇီFebruary 3, 20141min25529

ဒီတစ်ပတ်တော့ လေးဇီးကွတ် ချစ်မမ အလှည့်။
လေးဇီးကွတ် ပီသစွာ တစ်ရက် ဟင်းတစ်မျိုးပဲ အဝချက်ပေးမယ်ဆိုလို့ ဟင်းစပ်ဖို့ စဉ်းစားရပါတယ်။
အဲ !!!!
ဆိုင်ရှင်ကလည်း လေးဇီးကွတ်ထက် လေးဇီးသမို့ မစဉ်းစားတော့ပဲ ရ ရက်လုံး ဒီ ဟင်းတွေ ချက်ထားပြီး ကြိုက်ရာတွဲစားခိုင်းမလားလို့ စိတ်ကူးတာပဲ။
အဟေးဟေးးး
ဖတ်ကြည့်ကြပါဦးးး
ဟင်းရည်ပါတယ်။ အသုပ်ပါမယ်၊ အသီးအနှံပါမယ်၊အသားဟင်းပါမယ်။
အိုကေတယ်ဟုတ်??
~~~~~~~~~~~~~~~~~~

လေးဇီးကွတ်က အပျင်းထူနေတာနဲ့ တစ်နေ့တစ်မျိ ုးနဲ့ ဟင်းစပ်တွချက်မယ့်အစား တခါတည်း ချက်ချင်တာတွေ ချက်ထားတယ်။

ကြိုက်ရာကိုရွေးပြီး အသင့်စားနိုင်လို့ ဘီးဇီးမန်းတွေအတွက် အဆင်ပြေနိုင်ကောင်းပါရဲ့။

သက်ရှည်ကျန်းမာချင်ရင် စားသောက်နေထိုင်မှုဘဝကိုပြင်လို့ ရွာထဲမှာ ဒေါက်တာပဒုမ္မာက အော်နေလေတော့ ဒီအခါဒီရာသီနဲ့ကိုက်ညီအောင် ဆီမများပဲ လုံးချက်ကလေးချက်ထားတဲ့ ကြက်သားကရင်ချက် ကလေးချက်ချင်ပါတယ်။

အိမ်ချက်မို့ အစပ်အဟပ်ကို အထူးအထွေရေးမနေတော့ပါဘူး။

ကရင်ကြက်သားဟင်းချက်ဖို့အတွက် ကြက်သားက ဗမာကြက်ဆို ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးထင်ပေမယ့် အိမ်မှာတော့ ကြက်တောင်ပံချည်းပဲ ချက်ပါတယ်။ 😛

အခြားလိုအပ်တာတွေကတော့…
စပါးလင်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငြုပ်သီးဟင်းချက်မှုန့်
ဆီ
ဆား
နနွင်းမှုန့်တို့ လိုအပ်ပါတယ်။

အရင်ဆုံး  ကြက်သားကို ခုတ်ထစ်ရေဆေးပြီး၊ ဆား နနွင်းမှုန့်တို့နဲ့နယ်ထားပါ။
စပါးလင် အရင်းပိုင်းကို အကွင်းလိုက် ပါးပါးလေးလှီးထားပါ။
စပါးလင်အဖျားပိုင်းကို ၄လက်မ- ၅လက်မ အရှည်လောက်ဖြတ်ပြီး ဓားပြားရိုက်ထားပါ။
ကြက်သွန်ဖြူ ၊ ကြက်သွန်နီနဲ့ ဟင်းချက်မှုန့်တို့ကို ရောထောင်းထားပါ။

ကြက်သားကို ထောင်းထားတဲ့ငြုပ်သီး၊ ဓားပြားရိုက်ထားတဲ့စပါးလင်၊ ပါးပါးလှီးထားတဲ့ စပါးလင်အကွင်းလေးတွေနဲ့ ရောနယ်ပါ။
ပြီးလျှင် ဆီအနည်းငယ်ထည့်ပြီး မီးမပြင်းစေပဲ ရေခမ်းသည်အထိတည်ပါ။
ရေခမ်းလျှင် ကြက်သားမြုပ်သည်အထိ ရေများများထည့်ပြီး ကြက်သားနူးသည်အထိချက်ပါ။ အပေ့ါအငံမြည်းပါ။ လိုအပ်လျှင် ငံပြာရည်(သို့) ဆား ထပ်တည့်ပါ။

စပါးလင် အကွင်းလေးတွေ ကိုက်ရတဲ့အရသာနဲ့ စပါးလင်နံ့သင်းသင်းလေးက ဆီမများပဲ ရေပေါလောချက်ထားတဲ့ ကြက်သားဟင်းကို ခံတွင်းမြိန်စေပါတယ်။
အမေချက်ကျွေးတဲ့ ကျမအလွန်ကြိုက်တဲ့ဟင်းတစ်ခွက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စားဖိုမှုးလုပ်ဖြစ်တဲ့အချက်တစ်ချက်က ကိုယ်ကြိုက်တာတွေကို စဉ်းစားပြီး ချက်ချင်တာ ချက်စားရလို့ဖြစ်ပါတယ်။

လေးဇီးကွတ်ပီသစေတဲ့ ဒီဟင်းကတော့ ဝက်သားကြက်သွန်ဖြူ အငံချက် ဖြစ်ပါတယ်။

ချက်ရတာလည်းလွယ်၊ စားလို့လည်းကောင်းပြီး (ကိုယ်ကြိုက်လို့) သိသူလည်းနည်းမယ်ထင်ပါတယ်။

ဒီဟင်းချက်ဖို့အတွက် ဝက်သား (အဆီပါရင် ပိုကောင်းတယ်)၊ ကြက်သွန်ဖြူ နဲ့ ဆားပဲ လိုပါတယ်။

ဝက်သားကို အတုံးတုံးပြီး ရေဆေးထားပါ။
ကြက်သွန်ဖြူ ကို အခွံကြမ်းလောက်ပဲခွာပြီး ဆားနဲ့ ရောထောင်းပါ။
ကြက်သွန်ဖြူ များလေ အနှစ်ရလေမို့ ကြက်သွန်ဖြူ များများထည့်တာ ပိုကောင်းပါတယ်။ ဆားကတော့ ဟင်းအတွက် သင့်တော်မယ့်အနေလောက် တပါတည်း ထည့်ပါ။
ဆားနည်းရင်လည်း စားမကောင်းပါဘူး။

ထောင်းထားတဲ့ ဆားနဲ့ ကြက်သွန်ဖြူ အရောကို ဝက်သားနဲ့ ရောနယ်ပါ။
ဝက်သားက အဆီမပါရင် ဆီနည်းနည်းထည့်ဖို့လိုပါတယ်။
ဝက်သားက အဆီပါရင်တော့ ဆီထည့်ဖို့မလိုပဲ ရေနည်းနည်းခံပြီး မီးအေးအေးနဲ့ ရေကုန်ပြီး ဆီပြန်လာသည်အထိ ချက်ပါ။
ဆီပြန်လာလျှင် (ဝက်သားလည်းနူး ရေလည်းကုန်ဖြစ်အောင်) ရေကို လိုသလောက်ပဲ ထည့်ချက်ပါ။
လေးဇီးကွတ်ပီသပါတယ်နော်။ 😀

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တောချက်လို့ပဲပြောပြော ကရင်ချက်လို့ပဲပြောပြော ငါးဖယ်အကောင်လိုက်ချက် က အရိုးများပေးမယ့် ငါးဖယ်ခြစ်နဲ့မတူပဲ တမျိ ုးကောင်းတဲ့ဟင်းတစ်ခွက်ပါပဲ။
အညာသားသူငယ်ချင်းတစ်ယောက်က ပြောဖူးတဲ့ မြစ်ဝကျွန်းပေါ်သားတွေမှ စားတတ်တဲ့ ဟင်းပေ့ါ။

ငါးဖယ်ဟင်းချက်ဖို့အတွက်ဟင်းချက်မှုန့်ကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီတွေနဲ့ ရောထောင်းထားပါ။
ငါးဖယ်အကောင်လိုက်ကို အကြေးခွံတွေ စင်အောင်လုပ်ပြီ ခေါင်းဖြတ်၊ ဗိုက်ဖောက်ပြီး ရေဆေးပါ။
ပြီးလျှင် ငါးဖယ်အကောင်လိုက်ကို ငြုပ်ကျည်ပွေ့ဖြင့် တစ်ကောင်လုံးနှံ့အောင် အသားကြေအောင် ထုရိုက်ပြီး ဆား၊ နနွင်းမှုန့်နဲ့ နယ်ပါ။
ပြီးလျှင် ငါးကို ၄ပိုင်းပိုင်းပြီး ငြုပ်သီးထောင်း၊ ဆီနည်းနည်း၊ ရေနည်းနည်းထည့်ပြီး ဆူအောင်တည်ပါ။ အိုးချခါနီးမှာ ရှောက်ရွက်အုပ်ပါ။
ဒီဟင်းကလည်း ဆီမများပဲ လုံးချက်ကလေးမို့ ကျန်းမာရေးနဲ့ ကိုက်ညီမယ်ထင်ပါတယ်။
ငါးဖယ်က အရိုးများတဲ့ငါးမို့ အရိုးမစူးအောင် သတိထားဖို့တော့ လိုပါတယ်။
ဒီဟင်းကို တင်ရင်း မိုချိ ုရဲ့ အစားမတော်တလုပ်ဆိုတဲ့ ပိုစ့်ကိုတောင် သတိရမိပါသေးတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြက်သားအစပ်ကိုပဲ ကလျာချက် ဆိုပြီး ငယ်ငယ်က အိမ်နီးချင်းအဖွားတစ်ယောက်သင်ပေးထားတာလေး မျှဝေချင်ပါတယ်။

အဲဒီဟင်းအတွက် အရင်ဆုံး ကြက်သွန်နီကို ဆီချက်သတ်ထားဖို့လိုပါတယ်။
ကြက်သားကို အတုံးတုံး ရေစင်အောင်ဆေးပြီး ဆား၊ နနွင်းမှုန့်တို့နဲ့ နယ်ထားပါ။
ဟင်းချက်မှုန့်ကို ရေနည်းနည်းနဲ့ ပြစ်ပြစ်ဖျော်ထားပါ။
ကြက်သွန်နီသပ်သပ်၊ ကြက်သွန်ဖြူသပ်သပ် ထောင်းထားပါ။

အရင်ဆုံး ဆီကိုအပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူ ကို ဆီသတ်ပါ။
နည်းနည်းနွမ်းလာရင် ထောင်းထားတဲ့ ကြက်သွန်နီကို ထည့်ပြီး ဆီသတ်ပါ။
အနေတော်ပြီဆိုရင် ရေနဲ့ဖျော်ထားတဲ့ဟင်းချက်မှုန့်ကို ထည့်ပါ။
အနံ့မွှေးလာရင် ဆား၊ နနွင်းနယ်ထားတဲ့ ကြက်သားထည့်မွှေပြီး အဖုံးဖုံးထားပါ။
ရေခမ်းလို့ ဆီသံကြားပြီဆိုရင် ရေထည့်ပြီး ကြက်သားနူးတဲ့အထိ ချက်ပါ။ အိုးချခါနီးမှာ ကြက်သွန်နီဆီသတ်ကိုထည့်ပြီး မီးပိတ်ပါ။ ကြိုက်တတ်ရင် မဆလာထည့်လို့ ရပါတယ်။
ဒန်ပေါက်ကို ထမင်းချည်းပဲချက်ပြီး ကြက်သားကလျာချက်နဲ့စားရင် လိုက်ဖက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရည်သောက်ဟင်းလေးတစ်ခွက်လောက်နဲ့လည်း တည်ခင်းချင်ပါသေးတယ်။
ဝက်သားပြားမြူ စွမ်ဟင်းချိ ု ပါ။
ဝက်သားကို ပြားပြားလေးတွေလှီးပြီး ဆား ကော်မှုန့်တို့နဲ့ နယ်ထားပါ။
ကြက်သွန်ဖြူ နည်းနည်းကို ဓားပြားရိုက်ပြီး အခွံခွာထားပါ။
အိုးတစ်လုံးမှာ ကြက်သွန်ဖြူ ဆီသတ်လို့ရရုံ ဆီအနည်းထည့်ပြီး ကြက်သွန်ဖြူ  ဆီသတ်ပါ။
အနီရောင်သမ်းလာလျှင် ရေများများထည့်ပြီး ဆူသည်အထိတည်ပါ။
ရေဆူလာလျှင် ဆားနှင့်ကော်မှုန့်နယ်ထားသော ဝက်သားပြားလေးများကို တစ်ခုချင်းစီ ထည့်ပြီး ဝက်သားနူးအောင် ခေတ္တတည်ထားပါ။
အိုးချခါနီးမှာ မြူ စွမ်ထည့်ပါ။
မြူ စွမ်များများထည့်လျှင် သူ့ချည်းပဲ စားနိုင်သလို၊ မြူ စွမ်နည်းနည်းပဲထည့်ပြီး ဟင်းရည်လိုလည်း သောက်နိုင်ပါတယ်။
ရာသီဥတုပူတဲ့အခါမှာ ထမင်းမစားချင် (သို့) မစားနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက် အဆင်ပြေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ဆုံးကြွားကြွားဝါဝါလေးပြောရရင်တော့ ဟိုတယ်တွေမှာ (ကြော်ငြာမှာ မြင်ဖူးလိုက်တာ) ငါးဒုက္ခဟင်း လို့ဆိုတဲ့ အိမ်မှာ ငါးရံ့တုတ်ကြော် လို့ခေါ်တဲ့ ဟင်းလေးနဲ့ ဧည့်ခံချင်ပါတယ်။

အဲဒီဟင်းကို ချက်ဖို့ဖြစ်လာတာကတော့…….
နိုင်ငံခြားက ပြန်လာတဲ့ မိတ်ဆွေတစ်ယောက် အိမ်လာလည်တုန်း အဲဒီဟင်းချက်ထားလို့ ရှိတဲ့ဟင်းနဲ့ဧည့်ခံလိုက်တာ သူပြန်တော့ ယူသွားချင်တယ်ဆိုလို့ ချက်ပေးရတဲ့အပြင် လူကြုံရှိတိုင်း မှာတော့တာပါပဲ။

ငါးရံ့ ၄ဝကျပ်သား ၅ဝကျပ်သား အကောင်လောက်ကို (ငါးက ကြီးလွန်း၊ သေးလွန်းရင် စားမကောင်းလို့) ခေါင်းဖြတ်၊ ဆူးတောင်တွေဖြတ်၊ ဗိုက်ဖောက်ပြီး ရေဆေးထားပါ။
ဆား၊ နနွင်းနယ်ထားပါ။
အမြီးဖြတ်ဖို့ မလိုဘူး။ မွှမ်းဖို့ မလိုဘူး။ ကျောရိုးထုတ်ဖို့ မလိုဘူး။
ဟင်းချက်မှုန့်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ စပါးလင်အရင်းပိုင်းတွေနဲ့ ရောထောင်းထားပါ။
စပါးလင်အဖျားပိုင်းကို ငါးမှာချည်ဖို့ အရှည်အတိုင်းပဲထားပါ။

ပြီးရင် ငါးကို ဗိုက်ကနေ ကျောကိုဒါးနဲ့ခွဲပါ။ (၂ခြမ်းမဖြစ်ပါစေနှင့်။)
ငါးဗိုက်ထဲကို ငြုပ်သီးထောင်းနဲ့ ဆားထည့်ပြီး ဗိုက်ကိုပြန်ပိတ်ကာ စပါးလင်များဖြင့် တင်းတင်းတုတ်နှောင်ပါ။
တုတ်ထားတဲ့ ငါးရံ့ကို အသားများကြေစေရန် ငါးဖယ်ချက်နည်းကအတိုင်း ထုပေးပါ။
ဒါမှ ဝမ်းဗိုက်ထဲမှာရှိတဲ့ ငြုပ်သီးထောင်းနဲ့ ငါးအသားရောသမသွားပြီး အရသာလည်း ပေါင်းစည်းသွားမှာဖြစ်ပါတယ်။

အိုးတစ်ခုမှာ ငါးတစ်ကောင်လုံးမြုပ်အောင် ဆီများများထည့်ပြီး ငါးကြော်သလို မီးအေးအေးနဲ့ ကြော်ပါ။

အနှစ်ကြိုက်လျှင် ငြုပ်သီးထောင်း ငါးဗိုက်ထဲထည့်ဖို့အပြင် အပိုထောင်းပြီး ငါးနှင့်အတူ ထည့်ကြော်နိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထမင်းဆိုင်မစည်မှာစိုးလို့ လက်လှမ်းမီသမျှ ဆွဲထည့်ရမယ်ဆိုရင်
အရွက်ဟင်းအတွက် ခုလို ဆောင်းတွင်းမှာရနိုင်တဲ့ မြူ ရွက်သုတ်
(မြူ ရွက်သုတ်နည်းဖတ်ချင်ရင် https://myanmargazette.net/95317)
တစ်နှစ်ပတ်လုံးမှာမှ အခုလို နှင်းကျတဲ့အချိန်လေးမှာပဲ ရတတ်တဲ့ မြူရွက်ကလေးတွေ သုပ်စားကြရအောင်။
မြူရွက်ရဲ့ ပင်ကိုယ်က ဆိမ့်တဲ့အရသာရှိပါတယ်။
ဈေးပေါပြီး သုပ်စားရတာလည်း အလွန်လွယ်ကူတဲ့အပြင် တော်တန်ရုံအရွက်မကြိုက်သူတွေတောင် ကြိုက်ကြပါတယ်။
မြူရွက်ကို အရိုးရင့်တွေဖယ်ပြီး ကန်စွန်းရွက် သင်သလို သင်ရပါတယ်။
ပြီးရင် ရေနွေးဆူဆူထည့်ပြီး ဖြောထားပါ၊ ခဏကြာသည်ထိ အဖုံးအုပ်ပြီးထားပါ။ (သို့) ပြုတ်လိုက်ပါ။
မြေပဲလှော်ကို ထောင်းထားပါ။
မျှင်ငပိကို မီးကင် (သို့) ပေါင်းထားပါ။
ဒါမှမဟုတ် ဆီနည်းနည်းမှာ မျှင်ငပိကို ထည့်ကြော်ပါ။
အခုကတော့ အလုပ်ထဲမှာ သုပ်စားတာမို့ အသင့်စား မျှင်ငပိဘူးလေးကိုပဲ သုံးလိုက်ပါတယ်။

မြူရွက်ပြုတ်၊ မြေပဲထောင်း၊ မျှင်ငပိကင်၊ ရှောက်သီး၊ ပိုကောင်းချင်လို့ ပုဇွန်ခြောက်မှုန့်ထည့်ထားတယ်။

မြူရွက်ပြုတ်ကို မြေပဲထောင်း၊ မျှင်ငပိကြော် ထည့်ပြီး အပေါ်က ရှောက်သီး (သို့) သံပုရာသီးလေး ညှစ်ပြီး သုပ်လိုက်ရင် စားကောင်းတဲ့ မြူရွက်သုပ်ကို ရပြီပေ့ါ။

~~~~~~~~~~~~~~~~~~~~~~~`

ခွိခွိ။
စားတဲ့သူတွေတော့ လေးဇီးပီးလာမစားပဲ မနေကြနဲ့နော်။
:mrgreen:

29 comments

  • မဟာရာဇာ အံစာတုံး

    February 3, 2014 at 9:30 am

    လေးဇီးကွက် နဲ့ .
    လေးဇီး ဆိုင်ရှင် တို့ရဲ့ ..
    လေးဇီး ထမင်းဆိုင် မှ …
    လေးဇီး အစားအစာ များကို ….
    လေးဇီးစွာနဲ့ လေးဇီးကြီးတစ်ယောက်မှ စားသောက်သွားပါသည် ….။

    ပုံ။
    ပလော်ဖက်ဆာ ဒေါက်တာ လေးဇီးး

    • KZ

      February 4, 2014 at 7:08 am

      ကော်မန့်ရေးဖို့မလေးဇီးတာတော်သေးရယ်

      😀

  • ဦးဦးပါလေရာ

    February 3, 2014 at 11:04 am

    -ငါးဒုက္ခဟင်းက အရိုးတချို့ပါကြေသွားပြီးအသားနဲ့ရောသွားမယ်ထင်တယ်…
    -စားဖူးချင်လိုက်တာ
    😀

    • KZ

      February 4, 2014 at 7:10 am

      ထီးချိုင် နေတုန်းကတော့ စားဖူးသလိုပဲ။ အဲမှာကတော့
      နှီးနဲ့ချည်တာ။
      ကြော်လိုက်တော့ အနံ့သင်းသင်းလေးနဲ့။
      😀

  • weiwei

    February 3, 2014 at 12:48 pm

    လေးဇီးကွတ်က မအီးဇီးဖူးဖြစ်နေတယ် …
    ဟင်းအနှစ်အတွက် ထောင်းရမယ်ဆိုတဲ့အချက်ကတော့ဖြင့် မလုပ်ချင်ဆုံးအလုပ်ပဲ ..

    တစ်ခါမှ မချက်ဖူး မစားဖူးသေးတဲ့ ငါးဒုက္ခဟင်းကို စိတ်ဝင်စားတယ် ..

    • KZ

      February 4, 2014 at 7:11 am

      ကြိတ်စက်နဲ့ အကုန်ရောကြိတ်ပလိုက်လေ ဝေ။
      :mrgreen:

  • TNA

    February 3, 2014 at 1:52 pm

    ထူးထူးဆန်းဆန်းဟင်းတွေနဲ့လွယ်ကူသက်သာတာတွေမို့ အကျိုးများပါတယ်။ စာဖိုမှုးကော ဆို်င်ပိုင်ရှင်ပါကျေးဇူးပါ။

    • KZ

      February 4, 2014 at 7:21 am

      လာ အားပေးတဲ့ မွသဲကိုလည်း ကျေးဇူးတင်ပါတယ်။

      :chit:

  • Mr. MarGa

    February 3, 2014 at 2:37 pm

    ငါးဒုက္ခ စားချင်ဒယ်
    ဟိုကြက်သားနဲ့ ဒံပေါက် စားချင်ဒယ်
    ဒါဗျဲ :mrgreenn:

    • KZ

      February 4, 2014 at 7:13 am

      အဲ ဒံပေါက်နဲ့ ကြက်သားချက် ကောင်းသတဲ့တော့။
      သူငယ်ချင်းတစ်ယောက်ပြောသွားတာ။
      မစားဖူးသေးဘူးးး :mrgreenn:

  • kyeemite

    February 3, 2014 at 2:54 pm

    ဟင်းတွေကတော့ ကောင်းမဲ့ပုံပါ..ဒါပေသိ
    ခုလို ဆောင်းတွင်းမှာရနိုင်တဲ့“ မြူ ရွက်သုတ်”ကိုတော့အကြိုက်ဆုံးပဲဗျာ
    မန္တလေးမှာပဲရတာဆိုတော့ မစားရတာအတော်ကြာခဲ့ပါပြီ… လွမ်းထှာ

    • KZ

      February 4, 2014 at 7:14 am

      ဟိ။
      ဘဝမှာ ၂ ခါလားပဲ စားဖူးတယ်။
      သူများကျွေးလို့။
      အရမ်းစားကောင်းတာရယ်..
      :mrgreenn:

  • Ma Ma

    February 3, 2014 at 6:03 pm

    ထမင်းဆိုင်အတွက် ချက်ပေးမယ်လို့ စဉ်းစားလိုက်ကတည်းက ကိုယ်စားချင်တာတွေချည်းပဲ စိတ်ထဲပေါ်လာတယ်။ 😀

    ပျင်းနေလို့ မဖြစ်ပဲ မဖြစ်မနေ ချက်ရမယ့် အခြေအနေအတွက် အသုံးဝင်မယ်ထင်ပါတယ်။ 🙂

    ပြောရမယ်ဆိုရင် အဝေးရောက်နေတဲ့ တူ တူမလေးတွေကို စဉ်းစားရင်းးးးးးးး

    မိဘနဲ့အတူနေတုန်းက အချိန်တန်ရင် အဆင်သင့်စားရတာတောင် စားပြီးသားပန်းကန်ဆေးဖို့ ပျင်းနေတတ်သေးတဲ့သူတွေအတွက်၊ အိမ်က လူကြီးမိဘတွေနဲ့ ဝေးနေတဲ့အချိန်မှာ ကိုယ်စားဖို့အတွက် မဖြစ်မနေကိုယ်တိုင်ချက်ပြုတ်လုပ်ကိုင်ရတဲ့အခါ လွယ်ကူသက်သာစွာ ချက်ပြုတ်စားသောက်နိုင်ဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ။ 🙂

    • KZ

      February 4, 2014 at 7:19 am

      အဟီးဟီးးး
      အာကြောင့် ဝေ့ အီးဇီးရယ် မမ လေးဇီးရယ်က စမ်း ချက်ဖြစ်နေတာ။
      ကျောက် ကတော့ ဘီးဇီးနေပြီထင်ပါရဲ့လေ။

      😀

  • padonmar

    February 4, 2014 at 12:57 am

    ဒို့မြို့က ငါးရံ့တုပ်ချက်ကတော့ တမျိုး၊ငါးကိုမထုဘူး။အန်တီလေးဇီး(အဲမှားချင်ယောင်ဆောင်လို့)အန်တီမမပြောတဲ့အတိုင်းမှာ ငါးကိုမထုပဲ ဆီသတ်ပြီးရင် ရေထည့်ချက်တယ်။စပါးလင်နံ့သင်းတဲ့အရည်သောက်ဟင်း။

    • KZ

      February 4, 2014 at 7:15 am

      အနော်တော့ ငါးနဲ့ စပါးလင် နံ့ရရင် မုန့်ဟင်းခါးပဲ စားချင်မိမယ်။
      စမ်းကြည့်ဦးမှ။

      :mrgreen:

  • ဒညင်းဝက်

    February 4, 2014 at 12:04 pm

    လေးဇီးဘွိုင်းလေး..က တော့…
    လေးဇီးကွတ်ကိုလည်း… ရှလွတ် ရှလွတ်သွားမှာပဲ.. .

    :kwi:

  • လေး ဇီး ကွတ်
    ဘီး ဇီး ကွတ်
    ဟဲ ဘီး ကွတ်
    ဘဲ ထီး ကွတ်
    ဘာ ကွတ် မှ မ ဖတ် ရဲ
    ဗိုက် ဆာ လာ ရင်
    ပိုက် ပိုက် တွေ ပါ ပါ သွား ပြီး
    မ သူေ တာ် ဘိုက် ပူ ဖြစ် လာ မ ှ ာ စိုး သော ကြောင့်

    • KZ

      February 5, 2014 at 9:03 am

      ဟွန့်။
      အိမ်မှာ ချက်ကျွေးတဲ့သူရှိတဲ့သူကမြန်း ညည်းသေးတယ်

      🙂

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 4, 2014 at 8:57 pm

    ဘယ်မှာလာစားရမှာလဲဗျ
    လုပ်ပါဦး
    ပြောနေရင်း သရေကျနေပြီ ဟီး

    • KZ

      February 5, 2014 at 9:02 am

      ဒီကိုပဲ အပတ်စဉ် တနင်္လာနေ့တိုင်း လာစားပါနော်။
      ဒါပဲ။
      နာမည်နဲ့လိုက်အောင်တော့ ဂျီးမထူနဲ့။

      😀

  • လုံမလေးမွန်မွန်

    February 6, 2014 at 11:58 am

    ဟိဟိ.. အတော်ပဲ..
    ဝက်သားနဲ့ ကြက်သားဟင်းချက်တာတွေ မှတ်သွားတယ်..

    ဂယ်တော့.. ဒီ ထမင်းဆိုင် စီးရီးနဲ့.. ဟိုတလောက လှတစ်မျက်နှာဆိုတာတွေကို PDF လုပ်ထားမို့ကို အားသေးဘူး ဖြစ်နေလို့.. ကူညီနိုင်တဲ့သူရှိရင် ကောင်းမယ်.. 😛

    • KZ

      February 6, 2014 at 2:49 pm

      ရှစ်တူကို ခိုင်းလေ။

      :kwi:

      အားရင် ပို့လိုက်မယ်..

      🙂

  • ဦးကျောက်ခဲ

    February 6, 2014 at 12:27 pm

    အမေချက်တဲ့ ငါးဖယ်အကောင်လိုက်ဟင်းနဲ့…
    ငါးရံ့ -င်လှန်ကြော် (ဟိ… အိမ်မှာ အဲ့လိုပဲ ခေါ်ကြတာ) ကို လွမ်းသွားတယ်…
    ဧရာတိုင်းဇာတိမို့လားမသိ… ငါးဆီလည် အရည်ကျန်ဆို အလွန်ကြိုက်…
    ဂနေ့တောင် ပြည်ကြီးငါး အစပ်ချက် ၊ မျှစ်ဟင်းရည်… အား ဟိ
    😀

    • KZ

      February 6, 2014 at 2:50 pm

      ဟွန့်။
      နှင်းကလေးကို သူ့ အပြိုင် ဝအောင်လုပ်နေတာ

      😀

  • Wow

    February 6, 2014 at 1:25 pm

    ငါးဒုက္ခက ခလယ်ရိုးမထုတ်ပဲ အသားကြေအောင်ထုလိုက်ရင် အရိုးတွေပါ အသားထဲနစ်ပီး ဘယ်စားကောင်းမလဲ ချွိရဲ့…

    • KZ

      February 6, 2014 at 3:05 pm

      အဲလာ ချစ်မကို မေးးးး
      အမီး မသိဘူးးး
      စမ်းလဲ မစမ်းရသေးဘူးးး
      ခိခိ

      😀

      • Ma Ma

        February 6, 2014 at 6:48 pm

        အတတ်ဆန်းပြီး အလယ်ကျောရိုးထုတ်ပြီး ချက်ဖူးတယ်။
        အသားကမာပြီး စားမကောင်းဘူး။
        အလယ်ကျောရိုးမထုတ်ပဲ ထုမှ အရိုးက အသားကို ပြန်ချေသလိုဖြစ်ပြီး ငါးအသားနဲ့ အဆာ (ငြုပ်သီးထောင်း)နဲ့ သမသွားပြီး စားကောင်းတာ။
        ကျောရိုးကလည်း ကြေမွသွားတာ မဟုတ်တော့ စားရတာ သိပ်မခက်ပါဘူး။

        အိမ်မှာတော့ ငါးကို စပါးလင်နဲ့ ချည်ပြီးတုတ်ပြီး ချက်လို့ ငါးရန့်တုတ်ကြော်လို့ခေါ်တာ။
        တချိ ု့ကလည်း ကျောက်စ်ပြောတဲ့ ငါးရန့်-င်လှန်ဟင်းလို့လည်း ခေါ်တယ်။
        ငါးအရေခွံကို လှန်ပြီး ထုချက်တာက ပိုပြီးစားကောင်းတယ်။

        လေးဇီးကွတ်ကတော့ အရေခွံမလှန်ပဲ ဒီအတိုင်း ထုလိုက်တာပဲ။ 😀

Leave a Reply