အမေ

မင်းသားလေးကပြောတယ်

ကြင်ယာရှာတော့မယ် တဲ့

 

အမေ

သမီးနှလုံးသားကပြောတယ်

ကြင်နာတတ်သူကိုရှာပါ တဲ့

 

အမေ

ဒီနေ့မင်းသားလေးအိမ်ရှေ့လမ်းကိုလာမယ်

သမီးရဲ့ညခြုံလွှာချုပ်ပြီးပြီလားဟင်

ကြယ်မျက်နှဖုံးနဲ့ နက္ခတ်စုံတဲ့ဝတ်ရုံလွှာမှာ

မေတ္တာပန်းလေးတစ်ပွင့်ထိုးမယ်

အကြင်နာဘယက်ကိုတော့

နှလုံးသားအထက်မှာရင်ငွေ့လှုံစေမယ်

အလှဆုံးအပြုံးတွေနဲ့

မင်းသားလေးကိုကြိုမယ်အမေ

 

အမေ

ဗုံမောင်း စည်သံတွေနီးလာပြီအမေ

စစ်ရထားရဲ့ ဘီးသံတွေ ကြားရပြီအမေ

ဆူညံနေတဲ့ပရိတ်သပ်တွေအသံတိတ်သွားပြီအမေ

နောက်ဆုံးကြာပွတ်သံရဲ့အဆုံးမှာသမီးပြေးထွက်လိုက်တယ်

ပြတင်းတံခါးမှာရပ်ရင်း

သမီးဘယက်လေးကိုပစ်ပေးလိုက်တယ်အမေ

သမီးမကြည့်ရဲသေးဘူးအမေ

သမီးဘယက်လေး မင်းသားလေးဆီမှာ ပါသွားပြီလား

 

အမေ

သမီးမျက်လုံးတွေဝေနေပြီလေ

စစ်ရထားရဲ့ဘီးသံတွေလဲ တရွေ့ရွေ့ဝေးလို့

ဝိုင်းအုံနေတဲ့လူအုပ်ကြီးလဲ ရှင်းသွားပြီအမေ

လမ်းပေါ်မှာတော့ နှစ်ခုပဲကျန်ခဲ့ပါတယ်

စစ်ရထားနင်းခြေသွားတဲ့ ဘယက်လေးရယ်

နောက်တစ်ခုက

အမြဲသေဆုံးသွားတဲ့သမီးနှလုံးသားရယ်

 

 

 

 

 

 

 

 

About မီ မီ

မီ မီ has written 11 post in this Website..