မန္တလေး – ပုဂံ ခရီးသွားမှတ်တမ်း (၂)

နေရောင်အောက်က ဧရာဝတီမြစ်ပြင်ကား အလှကြီးလှနေတော့သည်။ မြစ်ဝကျွန်းပေါ်သူ ကျွန်မအတွက်တော့ အညာဒေသ၏ မြစ်ပြင်အလှသည် အံဩထူးဆန်းဖွယ်ရာပင် ဖြစ်၏။ အထူးသဖြင့် ဟင်္သာ၊ ကြိုးကြာစသော ငှက်များ ပျော်ရွှင်မြူးထူးနေကြသော သဲသောင်ပြင်ဖြူဖြူများ၊ နုန်းတင်မြေပေါ်က စိုက်ခင်းများက ကျွန်မ မမြင်ဖူးသည့် အရာများပင်။ ကြည့်နေရင်းနှင့်ပင် အတွေးတစ်ခုက ဝင်လာ၏။ အမိဧရာဝတီကား သောင်ထွန်းနေပေပြီ။ ယခင်က မည်သို့မည်ပုံရှိခဲ့သည် မသိသော်လည်း ယခုအခါ မြစ်လမ်းကြောင်းတစ်လျှောက် သဲသောင်များက နေရာယူနေသည်။ ငှက်များမှလွဲ၍ ဗလာနတ္ထိ၊ ဘာမှမရှိ။

ရေကြောင်းကျပ်သည်ဟူသော စကားကို ကြားဖူးသော်လည်း အသေအချာ နားမလည်ခဲ့ပေ။ နွေပေါက်တော့ ရေနည်းသည်၊ ရေနည်းတော့  မြစ်ကျဉ်းသည်၊ မြစ်ကျဉ်းတော့ သင်္ဘောအများကြီးကြားထဲ ကိုယ့်သင်္ဘောက သွားရတာကျပ်သည်၊ ကျွန်မ အတွေးနှင့် ကျွန်မ နားလည်ထားခဲ့သည် သဘောတရား။ ယခုမှ သေချာသိလိုက်ရသည်က မြစ်လယ်ခေါင်က သောင်များကို ရှောင်ကွင်းသွားရခြင်း၊ တစ်နည်းအားဖြင့် ဟိုဘက်ဒီဘက် သောင်များကြားထဲ ကိုယ့်သင်္ဘောကို သောင်မတင်စေရန် သတိထားပြီး သွားရခြင်း ဖြစ်သည်။ ကျွန်မတို့သွားခဲ့သည့် ဇန်နဝါရီလသည် အဆင်ပြေနေသေးသော်လည်း အပူပြင်းဆုံး မတ်လရောက်လျှင်မူ အတော်ကြီးသတိထားရပေသည်။ ရေက အတော်တိမ်နေပြီး သောင်များစွာ ထွန်းနေသည့်အတွက် လွတ်ရာနေရာကို ချိန်ဆပြီး မောင်းရသည်။ အမြဲလိုလိုပင် ရေစမ်းရသည်။ ရေစမ်းသည်ဆိုသည်မှာ သင်္ဘောပဲ့ထိပ်မှနေ၍ တုတ်တစ်ချောင်းနှင့် ရေအတိမ်အနက်ကို စမ်းရခြင်းဖြစ်သည်။ တစ်ခါတစ်ရံ လှေဖြင့်ပင် ဆင်းစမ်းရသည်။ ကျွန်မတို့သင်္ဘောသည်ပင် မကြာမကြာ zigzag ပုံစံ မောင်းခဲ့ရသည်။

Sundeck မှနေ၍ မြင်သမျှကို လိုက်ကြည့်၊ ဓာတ်ပုံရိုက်သည့်အလုပ်အပြင် ဂိုက်က ဧည့်သည်ကို ရှင်းပြနေသည်များကိုလည်း နားထောင်နေရသည်။ Guide တစ်ယောက်၏ အလုပ်သည် မလွယ်ကူလှပေ။ အတော်လေး ဗဟုသုတရှိပါမှ၊ သိထားသမျှကိုလည်း ပြန်ရှင်းပြနိုင်သည့် ဘာသာစကားစွမ်းရည် ရှိပါမှ၊ မေးလာသမျှကိုလည်း ဖြေတတ်ပါမှ၊ ဧည့်သည်၏ အထာကို နားလည်ပြီး သူတို့အကြိုက်နှင့်လိုက်အောင် နေတတ်ပါမှ အဆင်ပြေမည်ဖြစ်သည်။ ဂိုက်ရှင်းပြနေသည်ကို လိုက်နားထောင်နေရင်းကပင် တစ်ချို့အချက်တွေကို နားမလည်ဖြစ်ရသေးသည်။

ကျွန်မက ဒီသင်္ဘောကို လေ့လာသည့်အနေဖြင့် လိုက်စီးသည်ကို ဧည့်သည်တွေက သိသည်။ ထို့ကြောင့် ကျွန်မကို မေး၏။ ဒါ ပထမဆုံးခရီးလား ဟူ၍။ အူကြောင်ကြားကျွန်မကလည်း စိတ်ထဲရှိသည့်အတိုင်းဖြေလိုက်သည်။ First time for cruise…First time to Bagan။ ပြောပြီးမှ ချက်ချင်းမှားမှန်းသိလိုက်သည်။ ဧည့်သည်တွေကလည်း အံ့ဩသွားသည်။ ဂိုက်က ချက်ချင်းလိုက်ဖြေသည်။ ယခင်က ပုဂံကို အလည်သဘောဖြင့် ရောက်ဖူးသည့်အကြောင်း၊ ယခုမှသာ Tourist Destination အဖြစ် လာရောက်ခြင်းဖြစ်ကြောင်း ရှင်းပြပေးသည်။ အမှန်တော့ ကျွန်မ ပုဂံကို မရောက်ဖူးပါ။ သို့သော် Tourism Industry တွင် (၄) နှစ်ခန့်အလုပ်လုပ်နေသူ တစ်ယောက် အနေနှင့်၊ အထူးသဖြင့် သူတို့၏ ခရီးစဉ်ကို ရေးဆွဲပေးထားသူတစ်ယောက်အနေနှင့် သည်လောက်အရေးကြီးသည့် နေရာကို မရောက်ဖူးဘူးဆိုခြင်းသည် အလွန်ဆိုးရွားသည့်အချက်ပင်ဖြစ်သည်။ ရိုးသားမှုဟူသည် နေရာတိုင်းအတွက်တော့ သိပ်အဆင်မပြေလှကြောင်း သင်ခန်းစာတစ်ခုအဖြစ် သိခဲ့ရသည်။

တစ်ညလုံး ကားစီးလာခဲ့ရသည့်အတွက် ကျွန်မ ပင်ပန်းနေ၏။ အဖော်ပါလာသည့် ညီမလေးကတော့ အခန်းထဲတွင် အနားယူနေပြီဖြစ်သော်လည်း ကျွန်မကတော့ Sundeck ကပင် မဆင်းနိုင်သေး။ ဂိုက်ကလည်း မတ်တပ်ရပ်လျက်သား စကားပြောပြီး ရှင်းပြနေသည့်အတွက် ကျွန်မလည်း မထိုင်ဖြစ်တော့။ စကားပြောနေသည့်နား သွားလိုက်၊ ဓာတ်ပုံရိုက်လိုက်၊ သင်္ဘောဝန်ထမ်းများကို သိချင်သည်များ မေးလိုက်နှင့် နေ့လည်စာစားသည့် (၁၂) နာရီခွဲမှသာ ထိုင်ဖြစ်တော့သည်။

နေ့လည်စာစားပြီးချိန်တွင်တော့ စကားမပြောဖြစ်ကြတော့။ ဧည့်သည်တွေက စာအုပ်ကိုယ်စီနှင့် အနားယူနေကြသလို ဂိုက်ကလည်း ခဏနား၏။ ထိုအခါမှ ကျွန်မလည်း ပါလာသည့်စာအုပ်တွေကို ကြည့်နိုင်သည်။ စာအုပ်က (၅) အုပ်။ ဆရာချစ်ဦးညို၏ ဝတ္ထုတိုက (၁) အုပ်၊ ဂျူးစာအုပ်က (၃) အုပ် နှင့် မသီတာ (စမ်းချောင်း) ၏ စမ်းချောင်း အင်းစိန် ဟားဗတ်။ အစကတော့ တစ်နေကုန် သင်္ဘောပေါ်မှာ လုပ်စရာမရှိဟု တွေးမိပြီး အခန်းအောင်းရင်းစာအုပ်ဖတ်ရန် အလေးခံသယ်လာခြင်း။ လက်တွေ့မှာတော့ ထိုစာအုပ်တွေကို ထုတ်ပင်မထုတ်နိုင်ခဲ့။ သို့နှင့် မသီတာ (စမ်းချောင်း) ၏ စာအုပ်ကို ယူပြီး ပြန်တက်လာသည်။ ထိုင်ခုံမှာ ခြေဆန့်ပြီးထိုင်၊ စာအုပ်လေးကို ဖတ်၊ လေကလေးက တဖြူးဖြူးတိုက်ခတ်ချိန်၊ မကြာမီပင် မျက်ခွံတို့လေးလံလာ၏။ စာမျက်နှာ (၅) မျက်နှာပင် မဆုံးလိုက်၊ အိပ်ချင်စိတ်က အနိုင်ယူနေပြီဖြစ်သောကြောင့် အခန်းထဲသို့ ပြန်ဝင်ခဲ့ရပြန်သည်။ နာရီကို ကြည့်မိတော့ နေ့လည် (၂) နာရီ။ သင်္ဘောမန်နေဂျာ၏ အဆိုအရ နေ့လည် (၃) နာရီခန့်တွင် ရန္တပိုရွာသို့ ရောက်မည်ဖြစ်သောကြောင့် နှိုးစက်ကို (၃) နာရီအတိ ပေးပြီး ခဏတာ အိပ်စက်လိုက်တော့သည်။

(၅) မိနစ်ပင် မကြာလိုက်ဟု ထင်မိသော်လည်း နှိုးစက်ကတော့ မြည်လာခဲ့သည်။ ဆက်အိပ်ချင်စိတ် ရှိနေသေးသောကြောင့် အသာငြိမ်နေစဉ်ပင် ဂိုက်က တံခါးလာခေါက်၏။ ရန္တပိုရွာသို့ ရောက်ပြီတဲ့။ သို့နှင့် ကမန်းကတန်း မျက်နှာသစ်ပြီး အပြင်ကိုထွက်လိုက်တော့ သင်္ဘောက ကမ်းကပ်ရန်ပင် ပြင်ဆင်နေပြီ။ ရန္တပိုရွာ။ ဘကြီးတော်လက်ထက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုရာနေရာ။ အထိမ်းအမှတ်ကျောက်တိုင်ကိုတော့ မတွေ့လိုက်ရ။ ကျော်လာခဲ့ပြီတဲ့။

ရန္တပိုရွာသို့ ရောက်ပါပြီ။ အညာရွာလေးတစ်ရွာ၊ တစ်နည်းအားဖြင့် အိုးလုပ်ငန်းလုပ်ကိုင်သည်ဟု သိထားသည့်ရွာ။ အညာကို ချစ်သော ကျွန်မကတော့ ဖုန်တွေကြားထဲကပင် ချစ်စိတ်မလျော့။ ပထမဆုံးအိမ်ကို ဝင်မိတော့ နေလှန်းထားသော အိုးတွေကို တွေ့ရသည်။ ခြံထဲမှာ အစီအရီပင်။ အိမ်ပုံစံက မြေစိုက် (၂) ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် လူနေရန်ပြုလုပ်ထားသည်။ အပေါ်ထပ်တွင်တော့ အိုးများကို လှန်းထားသည်။ အပေါ်ထပ်တွင် အိုးများထားပြီး အောက်ထပ်တွင် လူနေသည့်အချက်က ကျွန်မအတွက်တော့ အံ့ဩစရာပင်။ ဆိုလာပြားနှင့် မီးအားသွင်းထားသည့်အခြေအနေကလည်း တိုးတက်မှုကို ဖော်ပြနေသည်။

အိမ်ရှင်က ဖော်ရွေစွာ ကြိုဆို၏။ အိုးလုပ်ငန်းအဆင့်ဆင့်ကို ရှင်းပြသည်။ ရန္တပိုမှ ရွှံသည် အိုးလုပ်ရန်အလွန်ကောင်းသည်။ ထိုရွှံ့ကို သဲနှင့်ရောပြီး အိုးလုပ်သည်။ (သောက်ရေအိုးများလုပ်ရာတွင် သဲထည့်လုပ်လျှင် ရေပိုအေးသည်။) ရွှံကို အိုးပုံဖော်ရာတွင် တစ်ဦးက ခြေနင်းစက်ကို လှည့်ပေးရပြီး ကျန်တစ်ဦးက အိုးပုံဖော်သည်။ ကျွမ်းကျင်မှုကြောင့် (၅) မိနစ်ခန့်ကြာလျှင် အိုးတစ်လုံးပြီးသွားပြီဖြစ်သည်။ ပြီးလျှင် ရွှံ့သားမာသွားစေရန် နေ့တစ်ပိုင်းခန့် နေလှန်းသည်။ ပြီးမှ အိုးကိုရိုက်ပြီး အလှဆင်သည်။ နှစ်ရက်ခန့် ထပ်လှမ်းပြီးသည့်အခါတွင်တော့ အိုးဖုတ်ရန် အဆင်သင့်ဖြစ်သွားပြီ ဖြစ်သည်။

အိုးဖုတ်ရန်အတွက် ပထမဆုံး ကောက်ရိုး၊ သစ်ရွက်ခြောက် စသည်တို့ကို အရင်ခင်းရသည်။ အပေါ်က ထင်းခြောက်များ ထပ်ခင်းသည်။ ပြီးလျှင် အိုးများကို အဝိုင်းပုံစံ အထပ်လိုက် ထပ်စီသည်။ အိုးပေါ်က ကောက်ရိုးများထပ်ပုံ၊ နောက် မီးအပြင်မထွက်စေရန် လွှစာမှုန့်၊ ရေဆွတ်ထားသောပြာနှင့် သဲတို့နှင့် ဖုံးပေးရသည်။ ထို့နောက် ပတ်ပတ်လည်တွင် အပေါက်များဖောက်ပြီး မီးရှို့သည်။ မီးက အထဲက လောင်စာများကို လှိုက်လောင်ပြီး အပြင်ကို ထွက်မလာတော့ပေ။ ထိုအတိုင်း (၃) ညအိပ်၊ (၄) ရက်ကြာအောင် မီးဖုတ်ပြီးလျှင်တော့ အိုးလုပ်ခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ အိုးဖုတ်ရာမှ ထွက်ရှိလာသော ပြာများကို သည်အတိုင်းပင် ပုံထားသည်ဟု ပြောသည်။ မိုးရွာလျှင်တော့ မိုးရေနှင့်အတူ စီးဆင်းသွားမည်ဟုပင် ထင်မိပါသည်။

ကမ်းအကပ် ရွာအဝင်
ကမ်းအကပ် ရွာအဝင်
ရွာဦးကျောင်း
ရွာဦးကျောင်း
ရွှဲ့နဲ့ရောတဲ့သဲ
ရွှဲ့နဲ့ရောတဲ့သဲ
တစ်ယောက်တစ်လှည့် ဝိုင်းလို့ကူ
တစ်ယောက်တစ်လှည့် ဝိုင်းလို့ကူ
အိုးတွေက စီရရီ
အိုးတွေက စီရရီ
အညာမြေက အိမ်လေး
အညာမြေက အိမ်လေး
ဂုဏ်ယူစွာ ချိတ်ဆွဲထားသည်
အပေါ်ထပ်က စီရရီများ
အပေါ်ထပ်က စီရရီများ
အထဲမှာ အလုံး (၃၀၀၀) လောက် ရှိတယ်တဲ့
အထဲမှာ အလုံး (၃၀၀၀) လောက် ရှိတယ်တဲ့
လွှာစာပုံ နဲ့ အိုးပုံကြား..
လွှာစာပုံ နဲ့ အိုးပုံကြား..
တိုးတက်မှု
တိုးတက်မှု

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 6:01 pm

    တိုးတက်မှု ဆိုမှ ..
    ကိုယ်တို့ရွာမှာလည်း ဂလိုတွေ တိုးတက်လာတယ် …
    အိမ်တိုင်း နီးပါး မဟုတ်ပေမယ့်
    ၄ ဆယ် ဝန်းကျင်လောက်တော့ ဆိုလာတွေနဲ့
    အနည်းဆုံး ဘက်ထရီဖိုး သက်သာတယ် …

    ညီမငေးရဲ့ ခရီးစဉ် ဒုပိုင်းကို
    အချစ်များစွာနဲ့ အားပေးတွားဘာဒယ်ကွယ် .. ဟီဟိ

    • ကျော်စွာခေါင်

      January 31, 2014 at 11:31 pm

      မောင်မင်း လူဂလေး အံဇာ
      မောင်မင်း သိပ်အလိုက်သိဒယ်…
      ကျွန်ုပ် မောင်မင်းနဲ ့ သဘောတူပါဒယ်…။
      ဒါပေမယ့်…
      နောက်ဆိုရင် ကျွန်ုပ်သမီးနောက်က ကပ်ပြီး တဟီဟိ မလုပ်ပါနဲ ့..။
      မောင်မင်း တဟီဟိက …အဓိပ္ပါယ်..အများကြီး ထွက်နေဒယ်..။
      ..
      ပုံ..
      ဒက်ခေါင်

  • KZ

    January 31, 2014 at 6:09 pm

    ရေးတတ်လိုက်တာအေ။
    ကွကိုယ်သွားရင် ခရီးစဉ်အကြောင်း ရေးစရာဆို လို့ Zzzzzz Zzzzzz Zzzzzzz ပဲ။
    အမြဲ အိပ်လိုက်လာတာ။

    😀

  • ကျော်စွာခေါင်

    February 1, 2014 at 12:16 am

    လုံလုံရေ..
    ဖတ်ရတာ ဗဟုသုတရတယ်..အဲ့ဘက်တွေ မရောက်ဘူးပါဘူး…
    ဒါပေမယ့်
    ဒက်တို ့ဘက်က မြင်းဒေါင်း မကျည်းအုပ်ရွာတွေကလည်း အိုးထွက်တယ်..
    အဲဒီအညာထိ သမီးနဲ ့ တဟီဟိကို အလည်ခေါ်သွားချင်တယ်…
    တန်းပင်တွေ ပေါမှပေါ အံဇာ…။

  • Crystalline

    February 1, 2014 at 8:57 am

    ညီမ‌လေး‌ရေ စိတ်‌ဝင်‌တစား‌စောင်‌့ဖတ်‌‌နေပါတယ်‌‌နော်‌… :))

  • kyeemite

    February 1, 2014 at 9:15 am

    အင်း..ဧရာဝတီမြစ်ကြီးကို ဟိုဖက်ကမ်း နဲ့ ဒီဖက်ကမ်းလောက်ပဲဖြတ်ဖူးတယ်
    မြစ်ောကာင်းအတိုင်းသဘောင်္နဲ့တော့မသွားဖူးဘူး..သိပ်သွားချင်မိတယ်…
    မွန်မွန်အတွေ့အကြုံမျိုး ရဖို့မလွယ်ဘူးနော်…အားကျပါ၏ 😛

  • ခင် ခ

    February 1, 2014 at 11:24 am

    မီးမလာဘဲ ကြာနေပြီ
    ဆိုလာမီးလေး လင်းလေသည်
    နေမင်းကြီးကို ကျေးဇူးတင်ရမည်။

  • TNA

    February 1, 2014 at 11:57 am

    စိတ်ဝင်စားလှသမို့ အားကျစွာဖတ်ရှု့မှတ်သားသွားပါတယ်။

  • Mr. MarGa

    February 3, 2014 at 12:25 pm

    အင်း…ထင်တဲ့အတိုင်းပဲ
    ခရီးသွားမယ်ဆိုပြီး စာအုပ်တွေသယ်သွား ပြီးရင် ခြေရာလက်ရာမပျက် ပြန်ပြန်ပါလာတာ
    သွားဦးမယ်……………….ပုဂံကို

  • Foreign Resident

    February 3, 2014 at 2:16 pm

    Tourist နေရာကရော ၊ Tour Guide နေရာကပါ ခံစားပြသွားလို့ ၊
    ဖတ်ရတာ ပို အရသာ ရှိစေတယ် ။

  • အားပေးကြတာ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်..
    ခေါင်းထဲက အကြောင်းအရာတွေ လေထဲလွင့်မသွားခင် အသည်းအသန် ကွန်ပျူတာအက္ခရာတင်နေပါတယ်..
    နောက်အပိုင်းတွေကို စောင့်ပေးကြပါဦးလို့…

    ခင်တဲ့
    လုံမလေးမွန်မွန်

Leave a Reply