သီလခြင်းတူပေမဲ့ Thila

ဖေ့ဘွတ်မှာ ကိုသန့်ကြီးဆိုသူ အွန်လိုင်းဘော်ဘော်တဦး တက်ခ်ပေးထားတဲ့ သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ၏ တရားပုဒ်ကို ဓမ္နကုသိုလ်ဖြစ် သဂျီးဇုတ် သဂျုတ်ဇီး လျှာပွတ်မာမွတ်ခိုင်မ် အကြောင်းပြု လို့ ဝေငှပါရစေ။ သူပြောလေ့ရှိတဲ့ သီလဆိုတာ ဗုဒ္ဓဘုရား မပွင့်ခင် ရှေးပဝေသဏီထဲက ရှိတယ်..။ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ ငါးပါးသီလဆိုတာ ဟိန္ဓူတွေရဲ့ သီလကို ပုံတူကူးထားတာ.. လျှာအရိုးမရှိတိုင်း စကောလောက်မှ ဇောက်မနက် သူ့ညံတထွာတမိုက်နဲ့ လူတတ်ကြီးလုပ် ပြောထားတာကို တုံ့ပြန်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားတွေ ပွင့်တော်မူတဲ့ ကာလမှာသာ အနတ္တတရား သိခွင့်ရတယ်၊ ကျန် သာသနာပ ကာလတွေမှာ တငါငါစွဲတဲ့ အတ္တတရားများသာ ထွန်းကားတယ်။ သီလကိုပဲ ဦးတည်ပြောရင် စောင့်ထိန်းတားမြစ်တဲ့သီလ အရှိယူအဟုတ်ထင်တဲ့ သီလတရားများသာ ရှိတယ်..။ အကျိုးဆက်အားဖြင့် ကုသိုလ်ရတယ်.. သုဂတိလားမယ်.. သံသရာလွတ်မလား … ဘယ်တော့မှ မလွတ်ဘူး၊ ဘုရားပွင့်ချိန်မှီလို့ တငါငါအတ္တစွဲနဲ့ သီလစောင့်တော့ရော လွတ်မလား.. မလွတ်ဘူး.. ကုသိုလ်ပိုရမယ် ပိုမြင့်မြတ်တဲ့ဘုံ ရောက်မယ် စံစားရမယ်..။ အချိန်ကုန်တော့ အောက်ပြန်ဆင်းရမယ်.. သံသရာပြန်လည်မယ်..။ သဲအင်းဂူ ဆရာတော်ကြီး ဦးဥက္ကဌ စကားနဲ့ဆိုရင်တော့ ရှောင်သီလ၊ ဆောင်သီလ ဆိုတာ တကယ်အစစ် မဟုတ်ဘူး၊ စင်ကြယ်တဲ့ သီလ.. စောင့်ထိန်းစရာ မလိုတော့တဲ့သီလသာ ကိုယ်ပိုင်အစစ် ဖြစ်တယ်။ တကယ် အဟုတ်မထင်ဘဲ စင်ကြယ်တဲ့သီလ.. ဗုဒ္ဓသာသနာတွင်းမှာသာ သိကောင်း မြင်ကောင်း မှီကောင်းတဲ့ စင်ကြယ်သော သီလဆိုတာ ဘာလဲ… အောက်မှာ ဖတ်ကြည့်ပါ..။ စာဖတ်သူမှာ အသိတခုရလျင် အထုံပါသွားမှာဖြစ်လို့ ကျေနပ်ပါတယ်…။ ဒါနပြု ပြု ၊ သီလစောင့်စောင့်၊ ဘာဝနာပွားပွား.. အဟုတ်မထင် အစွဲဖြုတ်နိုင်လျင် အစွဲဖြုတ်ဖို့ အားထုတ်နေလျင် သတိပဌာန်ပွားခြင်းပါပဲ..။ တမင်တကာ မှတ်ပြုနေမှ သတိပဌာန် မြည်တာ မဟုတ်ဘူး။ အချိန်ရတိုင်း သတိကပ်ဖို့ အပ္ပမာဒေထ သမ္မာဒေထ .. မမေ့မလျော့သော သတိဖြင့် နေခဲ့ကြကုန်လို့ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီး မှာသွားခဲ့တာ တငါငါနဲ့ စောင့်ထိန်း စွဲပြုဖို့ မဟုတ်ဘဲ အဲဒါရဲ့ ဆန့်ကျင်ဖက် ဘာလုပ်လုပ် အစွဲဖြုတ် လုပ်တတ်ဖို့ပါ။ အဲဒီကတဆင့် အစွဲဖြုတ်ခြင်းကို အဟုတ်ထင်တာပါ ဖြုတ်နိုင်ရင် လိုရာရောက်ပါမယ်။ ကဲ.. အချိန်ရှိခိုက် လုံ့လစိုက်… ကိုယ်သိထား မှတ်ထား တတ်ထားတာလေးတွေ ခဏမေ့ထားပြီး ဆရာတော် ပြောတာလေး ဖတ်ကြည့်ရအောင်..။

မကောင်းမှုကိုတော့ရှောင်ပါတယ်၊ ဒါပေမယ့် မကောင်းဘူးထင်တဲ့မောဟကြီးနဲ့ မနှစ်မသက်နဲ့ ရှောင်ကျဉ်တာ မျိုးမဟုတ်ဘူး။ ဒါတွေကမကောင်းဆိုးဝါးပဲဆိုပြီး မူးယစ်ဆေးဝါးကိုရှောင်သလိုမျိုး၊ လူမိုက်ဆိုတဲ့ အထင်မှားနဲ့ ပုဂ္ဂိုလ် တကယ်ထင်ပြီးတော့မှ လူမိုက်ကိုဝေးဝေးကေရှာင်ကျဉ်သလိုမျိုးမဟုတ်ဘဲနဲ့ မကောင်းတဲ့လူကို ရှောင်တယ်။ ကိုယ့်စိတ်မှာမကောင်းတဲ့စိတ်တွေမဖြစ်စေဘဲ မကောင်းတဲ့အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်တွေ ကိုယ်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ သူများနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ ကိုယ်မှားတာပဲဖြစ်ဖြစ်၊ သူများမှားတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ကာယကံအမှားပဲဖြစ်ဖြစ်၊ သူများရဲ့ကာယကံအမှားပဲဖြစ်ဖြစ် အဲဒါတွေကိုမလုပ်ဖြစ်အောင်၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ကိုယ့်စိတ်မှာဖြူစင်သန့်ရှင်းနေစေဖို့၊ စင်ကြယ်နေစေဖို့ပဲ အဓိကထားပါတယ်။

ကောင်းမှုကုသိုလ်နဲ့ပတ်သက်ပြီးတော့မှလည်း ကောင်းလိုက်တာလို့ သဘောကျနေရမှာမဟုတ်ဘူး။ တရားနာလို့ကောင်းတယ်၊ တရားအားထုတ်လို့ကောင်းတယ် အဲဒါဆိုရင်ကောင်းမှုနဲ့ပတ်သက်ပြီးတော့မှ ကိုယ့်မှာ မကောင်းတဲ့စိတ်တွေဖြစ်နေရင် ဒီလုပ်ရပ်တွေကို ဒီလိုဖြစ်ပေါ်တဲ့အကျိုးတရားတွေကို အဟုတ်ထင်ငြိတွယ်နေပါပြီ။ အဲဒီလိုမဖြစ်ဖို့ ကောင်းတာနဲ့ပတ်သက်ပြီးတော့မှလည်း စိတ်ကငြိတွယ်မှုကင်းကင်းနဲ့ စင်ကြယ်နေရမယ်၊ သန့်ရှင်း နေရမယ်။ မကောင်းတာနဲ့ပတ်သက်ပြီးမှလည်း ကုသိုလ်အကုသိုလ်နဲ့ပတ်သက်ပြီး စိတ်ကစင်ကြယ်နေရမယ်။ သန့်ရှင်း နေရမယ်၊ မတုန်လှုပ်ရဘူးပေါ့၊ ဒါကိုအဓိကထားပြီးဟောကြားပါတယ်။

နားလည်တာ-နားမလည်တာ အဓိကမဟုတ်ပါဘူး၊ လုပ်မှလည်းနားလည်မှာပါ။ လက်တွေ ့မလုပ်ဘဲနဲ့တော့ ဒီအလုပ်ရဲ့တန်ဖိုးကို သိမှာမဟုတ်ဘူး။
ဦးဇင်းတို့ဘက်ကတော့လုပ်ဖြစ်သွားအောင်ပေါ့။
ဦးဇင်းတို့လည်း တရားရိပ်သာသွားတယ်ဆိုတာ တရားတန်ဖိုးသိလို့ စပြီးတော့မှတရားအားထုတ်ဖြစ်တာတော့မဟုတ်ဘူး၊ သူများက ဖိတ်ခေါ် လို့သာ ကိုယ်ကလည်းကတိပေးလိုက်မိလို့၊ ပြီးတော့အဖော်ကလည်းရှိလို့ အဆင်ပြေနေတာနဲ့ လုပ်လက်စအလုပ် တွေကိုခဏထားပြီး ရိပ်သာသွားဖြစ်တာဆိုတော့ လုပ်လိုက်တော့မှကောင်းမှန်းသိတယ်။

တရားအားမထုတ်တဲ့အကျင့်တွေကိုမစွန့်နိုင်ရင် တရားအားထုတ်လို့ကိုမရဘူး။ တရားမနာတဲ့အကျင့်ကို မစွန့် နိုင်ရင် တရားနာလို့ကိုမရဘူး။
အဲဒါတွေကိုကူညီဖို့ဆိုတာ သူများရဲ့အကျင့်ကိုစွန့်စေချင်ရင် ကိုယ့်ရဲ့အကျင့်ကိုစွန့်
လွှတ်နိုင်တဲ့ စွမ်းရည်သတ္တိနဲ့မှရတယ်။ ဒါန၊ သီလ၊ ဘာဝနာနဲ့ ပတ်သက်တဲ့စွမ်းရည်သတ္တိတွေက ကိုယ်တိုင်လုပ်မှ
လည်း စွမ်းရည်သတ္တိကရှိမှာ၊ စွမ်းရည်သတ္တိရှိမှလည်း ကူညီလို့ရမှာ။

ဦးဇင်းတို့လည်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားနာရင် နားထောင်တဲ့အချိန်မှာနားလည်တယ်။ နားထောင်ပြီးတာနဲ့ မေ့သွားတယ်။ စီးပွားရေးတစ်ဖက်နဲ့ဆိုတော့ စိတ်ထဲမှာစွဲနေတာက တရားမှမဟုတ်ဘဲ။ ဘာလုပ်ရမယ်၊ ဘာတွေဖြစ်နေတယ်၊ ဘယ်သူ-ဘယ်ဝါဆိုတဲ့အစွဲတွေကရှိတော့ အစပိုင်းမှာတရားနာတိုင်း အငှားသိနဲ့ တော့နားလည်တယ်။ ပြီးတာနဲ့ ကိုယ်ပိုင်အသိမဟုတ်တော့ မေ့သွားတယ်။ ဒါပေမယ့် အဲဒီလိုသိတာလည်း တန်ဖိုးရှိတယ်။ အဲလိုငှားပြီးသိတာတောင် တော်တော်လေးချမ်းသာတယ်။ အငှားကမှတဆင့် အပိုင်ဖြစ်ရမှာ။

ဦးဇင်းတို့တရားဟောတယ်ဆိုတာ မှန်ကန်တဲ့အသိတွေကို ယောဂီတွေမှာ အငှားအသိ သိအောင်လို့၊ အဲလို သိမှလည်း အဲဒီလိုအငှားသိ သိရတဲ့တန်ဖိုးကို နားလည်လာမယ်၊ ချမ်းသာမယ်။ အဲဒီအခါကျမှ ကိုယ်ပိုင်အသိ ဖြစ်ချင်လာမယ်၊ ကြိုးစားအားထုတ်လာမယ်။ ဒီလိုလုပ်တာ ထိရောက်တယ်၊ မထိရောက်ဘူးဆိုတာက အချိန်ကာလက ဆုံးဖြတ်ပေးသွားမှာ။ ဦးဇင်းတို့ကတော့(၁ဝ)နှစ်ကျော်ဆက်တိုက် အလုပ်ပေးတရားကို ဟောလာတာဆိုတော့ ယောဂီ တွေရဲ့ပြဿနာကိုရော၊
ယောဂီမဟုတ်တဲ့လူတွေရဲ့ ပြဿနာကိုရော ကူညီတာ။
ဘာဖြစ်လို့လည်းဆိုတော့ ဦးဇင်းတို့ ကိုယ်တိုင် လောကီအလုပ်တွေကို တရားနှလုံးသွင်းပြီး လုပ်လာခဲ့တာဆိုတော့ လောကီအလုပ်တွေလုပ်နေတဲ့
ယောဂီ မဟုတ်တဲ့လူတွေကိုလည်း ဘယ်လိုတရားနှလုံးသွင်းပြီး
လုပ်ရမလဲဆိုတာကို ကူညီနိုင်တဲ့စွမ်းရည်သတ္တိရှိတယ်။

ဒါပေမယ့်သူတို့ဘက်ကစိတ်ဝင်စားဖို့ တကယ်ကြိုးစားဖို့တော့လိုတာပေါ့။ ဘာလို့လဲဆိုတော့ ဦးဇင်းကိုယ်တိုင် တရားကိုစိတ်ဝင်စားလို့ သိချင်လွန်းလို့မေးမြန်းတာတောင်မှ ကိုယ်ကျေနပ်တဲ့အဖြေက မရတာမျိုးကြုံခဲ့ရလို့။ အဲဒါ ကြောင့်မို့လို့ တရားဟောတဲ့၊ တရားရှင်းပြတဲ့အလုပ်ကို ယောဂီချင်းကိုယ်ချင်းစာလို့ ကိုယ်ကိုယ်တိုင်လည်း တကယ်သိ ချင်ခဲ့တယ်၊ တကယ်သိအောင်လည်း ဟိုမေးဒီမေး၊ ဟိုဖတ်ဒီဖတ်နဲ့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျေနပ်တဲ့အဖြေကို မရဘူး။ အဲဒါကြောင့် သူများရဲ့နားမလည်မှုကို၊ သူများမသိတာကို၊ သူများမလုပ်တတ်တာကို ကိုယ်ချင်းစာပြီး ကူညီဖြေရှင်းပေးပါတယ်။ရှင်းတယ်ဆိုတဲ့နေရာမှာလည်း အဓိက က အလုပ်နဲ့ရှင်းတယ်။

သဘာဝဆရာတော်ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ)

 

15 comments

  • kai

    February 1, 2014 at 1:55 am

    … ကုသိုလ်ပိုရမယ် ပိုမြင့်မြတ်တဲ့ဘုံ ရောက်မယ် စံစားရမယ်..။ အချိန်ကုန်တော့ အောက်ပြန်ဆင်းရမယ်.. သံသရာပြန်လည်မယ်..။

    ရောက်ဖူးတာကျနေတာပဲ.. ကိုရင်ကြောင်ရယ်..။ ဘယ်သူကရောရောက်ဖူးလို့ပြောနေကြတာလည်း….ဟင်င်င်င်….။
    .. ဆိုတော့…
    ဘုန်းကြီးကဟောထားသလိုလိုဘာလိုလိုနဲ့. …ရောမချသင့်ကြောင်းးးး။။။။။။။။။ :mrgreen:

    • ဦးကြောင်ကြီး

      February 1, 2014 at 2:17 am

      သဂျီးဇုတ်.. အစောက ဒီပို့စ်တင်နေစဉ် ဆိတ်ချမ်းသာလို့ သုဂတိဘုံ ရောက်နေတယ်၊ အခု ခီဗျား ရေးတာ ဖတ်ရတော့ ဒုက္ခတိဘုံ ရောက်သလိုပဲ..။ ပညာရှိ တွေးကြည့်တာ လူမိုက် ပြေးကြည့်တာထက် မှန်တာ ငြင်းမလား ရာကွတ် လျှာစွပ် တဏှာပြွတ် မာမွတ်ခိုမ်ရဲ့..

  • ကျော်စွာခေါင်

    February 1, 2014 at 2:49 am

    ဒီ၂ယောက်ကတော့လေ….
    ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး….အံ့ဩတယ်..။ တစ်ချက်မှ မတည့်ကြဘူး။
    ကိုကြောင်ပြောသလောက်…သူကြီးကလဲ စိတ်မဆိုး..သွားအဖြီးသားနဲ ့..။
    ……
    ……
    ……
    ( ကိုကြောင်..ပို ့စ်ကို ဖတ်ရှု မှတ်သားသွားပါတယ်)

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 2, 2014 at 7:50 pm

      ဘုမသိဘါ့မသိပြောနေ
      . အဲ့သည် တေဂျင်းဂျိုးကာလနာမွေဗွေးကိုက် :mrgreen:
      . မြို့ပိုင်မင်းပြောတာ ဘယ်နှစ်ခါကျားဘူးလို့ဘဲ
      . တောက်စ်
      . ကြောင်ဇုတ်ကြောင်နာ ကြောင်ပလာတာ
      . သောက်ရောဝင် ဂေါင်းပေါ်တက်

  • ဦးဦးပါလေရာ

    February 3, 2014 at 7:07 am

    -တရားပြည့်စုံ ရင် ပြည့်စုံသလောက်-
    -သီလ ဆိုတာ တမင်စောင့်ရတာမဟုတ်ပဲ အလိုလိုစောင့်စည်းပြီးသားဖြစ်သွားတာမျိုးလို့ ယူဆတယ်။
    -အဲသလိုအခါမတော့ ..
    -သီလ ဘယ်နှစ်မျိုး ဘယ်နှစ်ပါး ရယ်လို့လဲ ရေတွက်ပိုင်းခြားနေဖို့ မလိုတော့ပဲ
    -ဒါန သီလ ဘာဝနာ – ကုသိုလ်အဖြာဖြာတို့ဟာ တစ်မျိုးတည်းအဖြစ်ပေါင်းသွားမှာလို့ ကြားနာဖူးတယ်။
    -စိတ် ဖြူစင်သွားတယ် ဆိုတဲ့ တစ်မျိုးတည်း အဖြစ်ပေါ့………..

    • ဦးကြောင်ကြီး

      February 3, 2014 at 7:49 am

      မှန်ပါတယ် ဦးပါလေရာ..။ ရှားရှားပါးပါး အနော့်ဆိတ်ကြိုက် မြက်နုစိမ်း အဖြေအဖြစ် ရွေးလိုက်ပါတယ်။ စင်ကြယ်တဲ့သီလဆိုတာ လုပ်ယူသ၍ မဖြစ်နိုင်သလို စင်ကြယ်သွားသူအတွက် လုပ်မိလျင်တောင် အပြစ်မထိုက်တော့ဘူး..။ ကံနိယာမ ကံသတ္တိအစွမ်းထက် လွန်မြောက်သွားသူ ကံကိုကျော်လွန်သွားသူ ဖြစ်လို့ပါပဲ။ သာဓကအားဖြင့် မြတ်စွာဘုရားလက်ထက် မျက်မမြင် ရဟနာ္တတပါး စင်္ကြန်လျောက်ရင်း ကြမ်းပြင်က ပိုးကောင်လေးတွေ တက်အနင်းခံရ သေတော့ ပုထုဇဉ်ရဟန်းတွေက (ရဟနာ္တမှန်းလည်း မသိကြဘူး) ဒီရဟန်းကြီး ပါရာဇိကကံထိုက် ရဟန်းဘဝ ဆုံးပြီ ပြောတယ်။ ဘုရားရှင် သိတော့ တမင်ရည်ရွယ်ချက် မပါလို့ ကံမမြောက် သတ်မှတ်တယ်။ ဘုရားမိုလို့ လွတ်စေသတည်း အခွင့်ပေးတာ မဟုတ်နော်..။ သာမန်တွေးလျင်တော့ အဲဒီရဟန်း စေတနာ မပါလို့ ကံမထိုက်… ဒီထက် ပိုတွေးလျင် ကံကိုလွန်မြောက် စင်ကြယ်သွားသူ နောင်တဖန် ဘဝ ကုသိုလ် အကုသိုလ် မဖြစ်တော့သူအတွက် ဘာလုပ်လုပ် ကံမမြောက်တော့ဘူး။ ဇင်ဗုဒ္ဓဘာသာ ဆုံးမချက်တွေမှာ အဲဒါကို ဇောင်းပေး ဖော်ပြတယ်။ ပြသနာက ပုထုဇဉ်တွေက ကိုယ့်အစွဲနဲ့ကိုယ် လိုရာယူ အသုံးချတဲ့အခါ မူရင်း ရည်ရွယ်ချက် ပျောက်ကုန် ပြောင်းကုန်တယ်။ ဟိုက ရဟနာ္တ ကိုယ်က ပုထုဇဉ်.. မတန်မရာ လိုက်လုပ် လိုက်ပြောတယ်။ အာဒီဒုံ တနေ့က ရေးတဲ့ ဘုန်းကြီးတွေကို ဝေဖန်ဆုံးမခွင့်ရှိတဲ့ ပို့စ်အတိုင်းပဲ။ စာထဲပါ ဘုန်းကြီးကို ဝေဖန်သူတွေက အရိယာ လူပုဂ္ဂိုလ်၊ အဝေဖန်ခံရသူက ပုထုဇဉ် ဘုန်းကြီး.. ဆီနဲ့ရေ၊ နံ့သာနဲ့အီး လားလားမျှ မဆိုင်။
      စကားပြန်ကောက်ရလျင် အစွဲမကျွတ်နဲ့ဦး၊ မှန်ကန်တဲ့နည်းနဲ့ အစွဲဖြုတ်နေလျင်ကိုပဲ ဒါန၊ သီလ၊ ဘာဝနာ All in One ဖြစ်နိုင်တယ်။ ဥပမာဗျာ သူ့အသတ် မသတ်ခြင်းသီလ စင်ကြယ်ဖို့ ငါ၊သူတပါး ပုဂ္ဂိုလ်သတ္တဝါ အစွဲစွန့်လှူ တဲ့အခါ အတ္တစွန့်ခြင်း အမြတ်ဆုံးဒါန မြောက်တယ်၊ ပါရမတ္ထပါရမီမြောက် သီလထိုက်တယ်၊ အစွဲချွတ်ခြင်း သတိကပ်နေတဲ့အခါ သတိပဌာန် မြောက်တယ်၊ နုပဿ နာ ဆိုက်နိုင်တယ်။ (ရှုထောင့် တမျိုးက မြင်တတ်လျင်ပေါ့) လောကီသစ္စာ ကံနိယာမ နယ်ထဲ ကျင်လည်သူ အတွက်တော့ လိုက်တုလည်း သူ့အကျိုးပေးနဲ့သူ ရှိပါမည်၊ (ငါစွဲပြီး အလှူ ကြီးပေးသူက ချမ်းသာပါမည်၊ သို့သော် သံသရာဒုက္ခဆင်းရဲ မလွတ်၊ ငါမစွဲ ရိုးရိုးနေ မြင့်မြင်ကြံသူက ညဏ်မဖြစ်သေးလျင် သံသရာဝဋ်ဆင်းရဲ လွတ်ဖို့ ကံပါသွားမည် သို့သော် ကံနယ်တွင်းလည်စဉ် သူဌေးကြီးဖြစ်ခြင်းထက် ဘုန်းကြီးရဟန်း၊ လူပညာရှိလိုမျိုး ဖြစ်ပါမည်။ နှစ်မျိုးစလုံး ပြည့်ပြည့်စုံစုံ လှူ ခဲ့သူများ ဇောတိကသူဌေး အနာပိဏ်သူဌေးတို့လို ဖြစ်ပါလိမ့်မည်။) သာသနာတွင်းသီလနဲ့ သာသနာပသီလ ကွဲပြားလိုလျင် ကြုံကြိုက်လိုလျင်တော့ ငါသူပုဂ္ဂိုလ်သတ္တဝါ အစွဲချွတ်ခြင်းဖြင့်သာ သိနိုင်ကြောင်း လိုရင်းဖြစ်ပါသည်။

      • မိုက်ကယ်ဂျော်နီအောင်ပု

        February 3, 2014 at 10:14 am

        စာပေမှာလည်းဒီလိုလာပါတယ် ဆရာကြောင်ကြီးခင်ဗျား
        ……………..
        ……………
        . ဒီဃနိကာယ် သီလက္ခန်ပါဠိတော်
        . ၃၁ရ သီလနှင့် ပညာကို အမြတ်ဆုံးဟု ဆိုခန်း
        . ပညာကိုသီလဖြင့်ဆေးကြောရ၏။
        . သီလကို ပညာဖြင့်ဆေးကြောရ၏။
        . အကြင်ပုဂ္ဂိုလ်၌သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။
        . အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။
        . သီလရှိသောသူအား ပညာရှိ၏ ပညာရှိသောသူအား သီလရှိ၏။
        . သီလနှင့်ပညာကို လောက၌အမြတ်ဆုံးဆိုအပ်၏။
        . လက်တစ်ဖက်ဖြင့် လက်တစ်ဖက်ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း
        . ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကိုဆေးကြောရာသကဲ့သို့လည်းကောင်း
        . ဤအတူပင် ပညာကိုသီလဖြင့်ဆေးကြောရ၏၊
        . သီလကို ပညာဖြင့်ဆေးကြောရ၏။

  • kyeemite

    February 3, 2014 at 10:56 am

    ဦးပါ ပြောတဲ့ “သီလ ဆိုတာ တမင်စောင့်ရတာမဟုတ်ပဲ အလိုလိုစောင့်စည်းပြီးသားဖြစ်သွားတာမျိုးလို့ ယူဆတယ်။” ဆိုတာကို ကျုပ်လည်း လေးလေးနက်နက်ထောက်ခံတယ်

  • Wow

    February 3, 2014 at 2:35 pm

    စက်ဘီးစီးတို့ ကားမောင်းတို့ သင်ကာစလို့ပေါ့ ဒက်ကြောင်ရယ်… မတတ်ခင်တော့ ခါးမနွဲ့နဲ့ ဂွေကို ဒလိုကိုင် နဲ့ တတ်လဲသွားရော အိုက်စည်းကမ်းတွေ မလိုတော့ပဲ ကားပေါ်၊ စက်ဘီးပေါ်တက်တာနဲ့ ဘယ်လို မောင်းရမယ်မှန်းသိပီးသားပေါ့… ဟီးးးး ထင်ရာမြင်ရာ ဝင်ပေါသွားဂျင်းးး :mrgreen:

  • weiwei

    February 3, 2014 at 3:50 pm

    သီလဆိုပြီး တမင်တကာ ဆောက်တည်စရာမလိုတာကို သက်သေပြနိုင်တဲ့နေရာကတော့ တရားရိပ်သာမှာ တရားဝင်နေတဲ့အချိန်တွေပဲ …
    သတိပဌာန်တရား (ပညာ) ရှိနေတဲ့အချိန်တိုင်းမှာ သီလဆိုတာ အလိုလိုလုံခြုံပြီးသား … ၈ ပါး သီလတင်မက ရဟန်းသီလလိုမျိုး ရာနဲ့ချီတဲ့သိက္ခာပုဒ်တွေတောင်မှ အလိုလိုစောင့်ထိန်းပြီးသား ..
    ဒါကြောင့် သီလစောင့်ချင်ရင် တရားအမှတ် (သတိ)လေး ကပ်နေရုံနဲ့ ကုသိုလ်အနန္တ ရနေနိုင်ပါတယ်..

    ဒီပို့စ်အတွက် သာဓု သာဓု သာဓု

    • ဦးကြောင်ကြီး

      February 4, 2014 at 10:49 am

      ဟုတ်သေးဝူး အမ်တီဝေရ.. အနော်ပေါဂျင်ဒဲ့ လုံးစေ့ပတ်စေ့ အရောက်သေးဘူး။ ဒီလိုဗျာ.. သတိကို အဟုတ်ထင် ကာယ ဝစီ မနောကံတွေကို ထိန်းနေ စောင့်တာထက် အရာရာအားလုံးကို အစွဲလို့ လုံးကောက်ယူပြီး ပြုလုပ်ခြင်းအစွဲ ဖြုတ်နေရမှာ (အစွဲဖြုတ်ခြင်း ပြုတာနဲ့ တူဝူးနော်).. သံဃာဆိုတဲ့ အဓိပါယ် ဖွင့်ဆိုချက်ကို ကြည့်လျင် ကိလေသာအစွဲကင်းစင်သူ၊ ကင်းစင်အောင် ကြိုးစားနေသူကိုခေါ်တာ (ကြိုးစားတယ်ဆိုရာမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်သူ ဖြစ်ရမယ်၊ အလုပ်တိုင်း မပြီးမြောက်ဖူးလေ.. ပြီးမြောက်တာကိုမှ ပြီးမြောက်ရန် သေချာတာကိုမှ အလုပ်မည်တယ် ဆိုကြပါစို့)။ ဒီတော့ဗျာ တရားဖြစ်ဖြစ် မတရားဖြစ်ဖြစ် အဟုတ်ထင် ကပ်ငြိခြင်းထက် အဲဒီအဟုတ်ထင် ကပ်ငြိမှု တဏှာ အစွဲ ဖြုတ်နေခြင်းက သာ၍မြတ်တယ်။ အဆုံးအစမရှိတဲ့ သချာင်္ဂဏန်း ရေတွက်နေခြင်း မပြုဘဲ ရေတွက်လို့ မဆုံး သိမြင်ပြီး ရေတွက်ခြင်း စွန့်လွှတ်လိုက်ရမှာ…။ အမ်တီဝေ ပြောသလို သတိပဌန်ပြုစဉ်မှာ သီလလုံပါရဲ့ သို့သော် လူက သတိဆိုတဲ့ ပညတ်အောက် ပိနေတတ်တယ်။ အဲဒီမှာ ကိုယ့်ကိုယ်ကို အဟုတ်ထင် သတိကို အဟုတ်မှတ် ထင်မဆုံးဖြစ်တယ်။ တခုကို အဟုတ်ယူရင် ဒါလေးပဲ ယူမယ် ဘောင်ခတ်လို့ မရဝူး.. ဒီဟာယူရင် ဟိုဟာလည် ရှိမယ် အခြားဟာလည်း ရှိတယ်။ အရှိ မယူသူအတွက်ကြတော့ အဲဟာတွေ မရှိတော့ဘူးလား ဆိုတာထက် ရှိခြင်းမရှိခြင်းက ပြသနာ မဟုတ်တော့ဘူး။ သတ်မှတ်ချက်တွေမှ လွန်မြောက်တဲ့ အကန့်အသတ်မဲ့စွမ်းအား ရသွားတယ်။ (ဥပမာ ပြောတာနော်.. အဲဒီစွမ်းအား တကယ်မရှိဘူး)။ သိရမှာ လုပ်ယူလို့ ရတာနဲ့ လုပ်စရာမလိုလို့ ရတာ.. အဲနှစ်ခု လုံးဝ ဝလုံး အတူဗူး..။

      • weiwei

        February 4, 2014 at 11:42 am

        နားလည်အောင်ကြိုးစားကြည့်တယ် .. တကယ်နားလည်ဖို့တော့ ခက်နေပါသေးတယ် ..

        အခုနောက်ပိုင်း တစ်စုံတစ်ခုကို မြင်တွေ့သိတဲ့အခါတိုင်း ကိုကြောင်ကြီးရှင်းပြသလို ဒါတွေဟာ အရှိမဟုတ်ဘူး .. တကယ်လဲမဟုတ်ဘူး .. တကယ်လို့ထင်အောင် သရုပ်ပြနေတာ လှည့်စားနေတာလို့ တွေးကြည့်ပါတယ် .. အဲဒီလိုမျိုး ထပ်ခါထပ်ခါ တွေးတော ဆင်ခြင်မိတဲ့အခါမှာ ငါစွဲတော့ ပြုတ်သင့်သလောက် ပြုတ်နေတာပေါ့လေ .. လောဘ ဒေါသ မောဟတွေလဲ အလိုလို နဲသွားပါတယ် …
        ဒါပေမယ့် ကျွန်မစိတ်ထဲမှာ ရှိနေတဲ့ အစွဲတစ်ခုက သတိပဌာန်တရားဆိုတာ သမာဓိနဲ့ သတိ ကပ်ပြီး ရှုမှတ်မှသာ ပညာဉာဏ်ရမယ်ဆိုတဲ့ အစွဲလေးပေါ့ ..

        • ဦးကြောင်ကြီး

          February 4, 2014 at 11:47 am

          မမှားဘူး.. ဒါပေမဲ့ အမှန် မဟုတ်တာတော့ သတိရပါ.. အဲဒါ သတိပဌာန်ပါပဲ..။

  • ဒညင်းဝက်

    February 4, 2014 at 11:37 am

    အလုပ်နဲ ့ ရှင်း ရင်..
    အလင်းနဲ ့မရှုပ်ဘူးပေါ့နော်…

    :kwi:

  • twitty

    February 4, 2014 at 2:09 pm

    ဂဇက် ကို စဖတ်ချိန် ၂၀၁ဝ နှောင်းပိုင်း နဲ့ ၂၀၁၁ အစောပိုင်း ကာလတွေမှာ ကိုကြောင်ကြီးတို့၊ မဝေ တို့ ဆူးတို့ရဲ့ ဘာသာရေး ဆွေးနွေးမှုလေးတွေနဲ့ ဂဇက်ဟာ အေးချမ်းသာယာ ရှိခဲ့ဖူးတယ်..။ ဘာသာရေးပုတ်ခတ်မှုတွေ၊ ဝေဖန်မှုတွေ ကင်းဝေးပြီး ခုလိုပဲ အပြန်အလှန် ဆွေးနွေးမှုလေးတွေနဲ့
    အေးအေးချမ်းချမ်း စည်ကားခဲ့ဖူးတယ်..။

Leave a Reply