ဖားကန့်ဒေသ ရေကြီးမှုမှတ်တမ်း

Yin Nyine NwayAugust 8, 20107min1064

ကျွန်မရဲ့ဇာတိ ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးအပြင်းအထန်ရွာပါတယ်.. မိုးရွာသွန်းမှုကြောင့် ထူးထူးခြားခြား ရေကြီးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်.. ကျွန်မ ဒီအကြောင်းတွေ မရေးချင်ပါဘူး.. ကျွန်မဘလော့ လာတဲ့ သူတွေကို စိတ်ညစ်စရာ၊ စိတ်မချမ်းသာစရာ အကြောင်းအရာတွေနဲ့ ဆီးကြို ဧည့်ခံတာမျိုး မလုပ်ချင်ပါဘူး.. ဒါကြောင့် ဒီဓာတ်ပုံတွေကို မတင်တော့ဘူးလို့ စဉ်းစားမိပါတယ်.. ဒါပေမဲ့ ဒီလိုနေပြန်ရင် ကိုယ့်ဒေသအပေါ် တာဝန်မကျေရာ ကျမယ်ဆိုတဲ့စိတ်က ဖိစီးထားတော့ မနေနိုင်ဘူး ဖြစ်ပြန်တယ်.. ဒီလို ရေကြီးရေလျှံတာဟာ သဘာဝရာသီဥတုကြောင့် မဟုတ်ဘဲ လူတွေရဲ့ လောဘ၊ လူတွေရဲ့ ပယောဂကြောင့်ဆိုတာ သိစေချင်တယ်.. ဒီလိုသိလာခြင်းအားဖြင့်လည်း ဖားကန့်ဒေသမှာ စီးပွားရေး လုပ်နေကြသူများရော ဒေသခံများနဲ့ တာဝန်ရှိကြသူများပါ အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ အသိတရားတစ်စုံတစ်ရာ ရကြမယ်ဆိုရင်ဖြင့် ဒီမက်ဆေ့ကို ပေးရကျိုးနပ်မယ်လို့ ကျွန်မ ယူဆပါတယ်..

ပြီးခဲ့တဲ့မေလတုန်းက မြေလှန်ရှာကြသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မတို့ ဖားကန့်ဒေသမှာ စက်ယန္တယားတွေနဲ့ မြေတွေကို လှန်လှော ရှာဖွေကြတဲ့ အကြောင်းနဲ့ ဥရုချောင်းတွင်းမှာ ချောင်းရေကို ပိတ်ဆို့ပြီး ကျောက်တူးကြတာတွေ၊ မြေစာပုံတွေကြောင့် ချောင်းအကျယ်နဲ့ အနက်ဟာ တဖြေးဖြေး ကျဉ်းမြောင်းလာပြီး တိမ်ကောသွားရတဲ့ အကြောင်းတွေ ပုံတွေပါဖော်ပြပြီး ရေးခဲ့ဖူးပါတယ်..( ဒီနေရာမှာ ကလစ်နှိပ်ပြီး ပြန်ဖတ်လို့ရပါတယ်.. ) ဒါတွေကြောင့်လည်း ဒေသခံ မြို့ရွာတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာနေတဲ့ ရေဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံလာခဲ့ရပါတယ်.. ဒီလို ရေဘေးအန္တရာယ်ဟာ သဘာဝတရားကြောင့် ဖြစ်လာရတာမဟုတ်ဘဲ လူတွေရဲ့ ဖန်တီးမှု ဆိုးကျိုးတွေကြောင့် ဖြစ်လာရတာပါ… သဘာဝတရားကြောင့် မဟုတ်ဘူးလို့ ဘာကြောင့် ကျွန်မ အခိုင်အမာ ပြောနိုင်ပါသလဲဆိုရင် ကျွန်မငယ်စဉ်ကတည်းက နေခဲ့တဲ့ ဒေသ၊ ကျွန်မ မိဘတွေတစ်သက်လုံး နေထိုင်ခဲ့တဲ့ အရပ်ဒေသမှာ ခုလို ရေကြီးမှုမျိုးကို ဘယ်အခါကမှ မကြုံဖူးခဲ့ကြပါဘူး.. ကချင်ပြည်နယ်ဟာ မိုးများတဲ့ အရပ်ဖြစ်တာကြောင့် နေ့စဉ်ရက်ဆက် တစ်ပတ်ဆယ်ရက်လောက် ရွာတတ်တာမျိုး ရှိပါတယ်.. ဒါပေမဲ့ ဘယ်လောက်ဘဲ မိုးရွာသည်ဖြစ်စေ မြို့လယ်လမ်းမ နှစ်မြုပ်တဲ့အထိ ရေကြီးတာမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ပြန်လှန်ကြည့်မယ်ဆိုရင်လဲ မတွေ့ရပါဘူး.. ဥရုချောင်းဟာ သူ့အကျယ်နဲ့ သူ့ရေပြင် သဟဇာတ မျှတပြီးသား ဖြစ်ခဲ့ပါတယ်..

ဒီနေ့ခေတ်မှာတော့ လုပ်ငန်းရှင် ငွေရှင်ကြေးရှင်ကြီးများမှ ကုမ္ပဏီနံမည် အမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး လုပ်ကွက်များစွာကို စက်ယန္တယား စုံလင်စွာနဲ့ အင်တိုက်အားတိုက် တူးဖော်လိုက်ကြတာ တောင်တွေက မြေပြင်ဖြစ်ပြီး ချောင်းအကျယ်က မြောင်းသာသာဖြစ်သွားပါတော့တယ်.. ဖားကန့်ဒေသတစ်ဝိုက်မှာ ရှိသမျှတောင်တွေဟာ ကုန်ခါနီး ၊ ကုန်လုနီးပါး ဖြစ်သွားပါပြီ။ ဒီအတွက် အကျိုးဆက်က နဂိုက သူ့ပတ်ဝန်းကျင်နဲ့သူ မျှတပြီးသား မြေပြင်သဘာဝဟာ လူတွေရဲ့ လောဘကြောင့် ပျက်စီးကုန်ပြီး မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ တွေ့ကြုံလာရပါတယ်.. တစ်မြို့တစ်ရွာက လာကြတဲ့ လုပ်ငန်းရှင်များဟာ သူတို့စီးပွားရေး ပြီးဆုံးသွားတာနဲ့ ဖုတ်ဖက်ခါပြီး ပြန်သွားကြတဲ့ တစ်နေ့မှာ ကျွန်မတို့ ဖားကန့်ဒေသမှာ ဘာတွေကျန်ခဲ့မလဲဆိုရင် ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်၊ ပျောက်ကွယ်သွားတဲ့ တောင်တန်းတွေ၊ တိမ်ကောသွားတဲ့ ချောင်းတွေ၊ အပုံလိုက်ဖြစ်ပြီးကျန်နေခဲ့တဲ့ မြေစာပုံကြီးတွေနဲ့ အတူ ဒုက္ခပင်လယ်ဝေကြမဲ့ ဒေသခံတွေ ကျန်ရစ်ခဲ့မှာပါ။ ယခင်အချိန်ကတော့ လယ်မြေတွေ၊ ယာခင်းတွေအများကြီး ရှိခဲ့ဖူးပေးမဲ့ ကုမ္ပဏီတွေက ပိုက်ဆံပေးဝယ်ပြီး ကျောက်တူးတာတွေ၊ ရွှေရှာကြတာတွေ၊ မြေစာစွန့်ပစ်တာတွေ လုပ်ကြတော့ နောင်နှစ်အနည်းငယ်အတွင်းမှာ ဖားကန့်ဒေသမှာ စိုက်ပျိုးစရာ လယ်မြေတွေ ရှိဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဒါဟာသိပ်ကို သေချာတဲ့ အမှန်တရားပါ။

ဒီလိုဆိုရင် ကျောက်မတူးကြရတော့ဘူးလား… မေးစရာရှိပါတယ်.. တူးကြပါ.. တူးလို့ရပါတယ်.. သို့သော် ဒီနေရာမှာ ဒီလုပ်ကွက်တွေ ချပေးလိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ.. အနီးအနားက အိမ်ခြေတွေ၊ ကျေးရွာတွေအတွက်  တစ်ခုခုထိခိုက်နိုင်သလား.. ပတ်ဝန်းကျင်တွေ ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားနိုင်သလား၊  စသည်တို့ကို စဉ်စားတွက်ချက်ပြီး မိမိလုပ်ကွက်ဆွဲမဲ့ ဧရိယာဟာ ကျေးရွာအိမ်ခြေတွေနဲ့ လွတ်ကင်းမှသာ လုပ်ကွက်များကို ဆွဲသင့်ပါတယ်.. ငွေရဖို့ အဓိကဆိုတဲ့ ငွေမျက်နှာတစ်ခုတည်းကို မကြည့်ဘဲ အခြားသူများရဲ့ အကျိုးပျက်စီးနိုင် မစီးနိုင်ကိုလည်း ကြည့်ပြီးမှ မိမိအကျိုးစီးပွားကို ဆောင်ရွက်သင့်ပါတယ်.. ဒီလိုမှ မဟုတ်ခဲ့ရင်တော့ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းအတွက် ကျန်တဲ့ လက်လုပ်လက်စား ဒေသခံ ရွာသူရွာသား လူအများတွေက ဒုက္ခရောက်ကြရပါတယ်.. ဒုက္ခလဲရောက်နေကြရပြီ ဖြစ်ပါတယ်..

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ခါနီးမှာ မိုးအပြင်းအထန်ရွာပါတယ်.. မိုးတွင်းချိန်ခါမှာ မိုးရေတွေများစွာကို စုဆောင်းပြီး မြေကြီးတွေကို  မြောတိုက်တဲ့ကုမ္ပဏီတွေရှိပါတယ်.. တာတမံအသေးတစ်ခုလို တည်ဆောက်ပြီး မိုးရေတွေကို သိုလှောင်ထားတာပါ.. အခုလဲ ဖားကန့်ဒေသ ကုဋေမှော ကျေးရွာအနီးမှာ ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူ့စီးပွားရေးလုပ်ငန်းအတွက် ရေတားတမံတစ်ခုကိုဆောက်လုပ်ပြီး မြေစာတွေကို ရေအင်အားနဲ့ မြောတိုက်ချဖို့ ရေတွေကို စုဆောင်းထားတာမှာ မိုးအပြင်းအထန်ရွာပြီး ကုဋေကျေးရွာဘက် အခြမ်းက တာတမံကျိုးပေါက်ပြီး အင်အားပြင်းထန်လှတဲ့ ရေလုံးဟာ ရွာလည်လမ်းမကြီးတစ်လျှောက် အရှိန်အဟုန်ပြင်းစွာနဲ့ စီးဆင်းကျလာပါတော့တယ်.

ရေအင်အား ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် ရွာလမ်းတစ်လျှောက် ရေစီးကြောင်းတည့်တည့်မှာ ရှိတဲ့ အိမ်အလုံး ၂ဝကျော်ခန့်ဟာ မျှောပါသွားပြီး ကဋေမှော်ရွာ တစ်ရွာလုံး ရေနှစ်မြုပ်ခြင်းခံရကာ အိမ်ခြေတော်တော်များများ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပါတယ်.. အဲဒီ ရေတားတမံကြီး ကျိုးပေါက်သွားပြီးတဲ့နောက်မှာတော့ ဖားကန့်၊ လုံးခင်း၊ မှော်စီစာ၊ ကုဋေမှော်ရွာ ၊ နန့်မဖြစ် စတဲ့ မြို့ရွာတွေဟာ ရေထဲနှစ်မြုပ်ကုန်ပါတယ်.. တစ်ချို့ရွာတွေဟာ အခုလောက် ရေကြီးတာမျိုး ဘယ်ခေတ်အခါကမှ မဖြစ်ခဲ့ပါဘူး.. ရွာတွေမှာ ကုန်းမြေဆိုတာ မရှိတော့ဘဲ အားလုံး ရေထဲကို ရောက်သွားကြရပါတယ်.. ရွာတွေ တော်တော်များများဟာ ရှိသမျှ စားစရာသောက်စရာတွေ၊ ဆန်အိတ်တွေ၊ အိမ်ပစ္စည်းများစွာ ရေထဲမျှောပါသွားတာတွေ၊ ရေစိုကုန်လို့ ပစ်လိုက်ရတာတွေ ဆန်အိတ်တွေ၊ စားသောက်ကုန်တွေ မြောက်မြားစွာပါဘဲ…  အောက်ကပုံတွေမှာ ကြည့်စေချင်ပါတယ်.. လူတွေ ဘယ်လောက် ဒုက္ခရောက်ကြမလဲဆိုတာ.. ကုမ္ပဏီက ရေတမံကြီးကျိုးပေါက်ပြီး စီးဆင်းလာတဲ့ ရေတွေဟာ ရွာကအိမ်တစ်ချို့တွေကို မျှောပါ တိုက်စားသွားစေခဲ့ပါတယ်.. ရေတွေကျသွားပြီးတဲ့ နောက်တစ်နေ့မှာတော့ ရေနစ်လို့ သေဆုံးသွားတဲ့ တိရိစာ္ဆန်တွေ၊ ရေစိုလို့ ပျက်စီးကုန်တဲ့ စားသောက်စရာတွေ ဆန်အိတ်တွေကြောင့် တစ်ရွာလုံး ပုတ်စော်နံဟောင်နေပါတော့တယ်.. ရေထဲမှာလည်း ပေါလောမျှောနေတဲ့ အကောင်ပုတ်တွေ နေရာအနှံ့ ကျန်နေခဲ့ပါတယ်.. ရေကျသွားပြီးတဲ့ နောက်မှာတော့ အိမ်တွေတိုင်းဟာ ဆေးကြောသန့်ရှင်းရေးလုပ်ကြရပါတယ်..

ကုဋေမှော် ရွာလယ် လမ်းတစ်လျှောက် စီးဆင်းလာတဲ့ ရေများ

အိမ်တွေလဲ မျှောတဲ့ဟာ မျှောပြီး မြုပ်တဲ့အိမ် မြုပ်ပေါ့

နှစ်မြုပ်သွားတဲ့ အိမ်တစ်ချို့

ရေစီးအရှိန် ဘယ်လောက်ပြင်းသလဲ.. တွက်ဆကြည့်ပါ..

ပြိုပျက်တိုက်စား မြေသားများ

လမ်းတစ်လျှောက် မြေသားတွေကို တိုက်စားပြီး နန့်မားယံချောင်းထဲကို စီးဝင်သွားပါတယ်..

ချောင်းထဲကို စီးဝင်သွားပြီးတဲ့နောက်မှာ ချောင်းကူးတံတားကြီးကို ရေအားနဲ့ တိုက်စားနေတာမို့ စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ ဒေသခံများ

ကြောက်စရာ ရေလုံးများ

ကျိုးပေါက်ပြီး စီးဆင်းလာတဲ့ရေတွေဟာ နန့့်မားယံချောင်းထဲကို စီးဝင်ပါတယ်.. ထိုချောင်းမှ တစ်ဆင့် ဥရုချောင်းထဲကို ပြန်လည်စီးဝင်တဲ့အခါမှာတော့ နဂိုက ချောင်းအကျယ်လဲကျဉ်းပြီး မြေစာတွေဖုံးနေလို့ ပျက်စီးနေတဲ့ ဥရုချောင်းဟာ ပြင်းထန်စွာ ရေလျှံပြီး ချောင်းတစ်လျှောက်က မြို့ရွာတွေထဲကို ရေတွေ ဝင်ကုန်ပြီး အိမ်တွေလမ်းတွေ ဆိုင်တွေအားလုံး နစ်မြုပ်ကုန်ပါတော့တယ်.. သူတို့ ဘဝတစ်သက်လုံးမှာ ဒီတစ်ကြိမ်လောက် ရေနစ်တဲ့ ရေကြီးတဲ့အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူးလို့ လူကြီးသူမတွေက ပြောကြပါတယ်..

မြို့ထဲကို ရေတွေဝင်ကုန်ပြီ

လမ်းမတစ်လျှောက်က ရေပြင်ကျယ်

ဈေးဆိုင်တွေလဲ ရေထဲမှာ

မြို့လယ်လမ်းမပေါ်မှာ  လှေနဲ့ သွားနေရတဲ့ ဘဝ

အိမ်ထဲကို ဝင်ဖို့ ပုံး၂ပုံးကို လှေလိုစီးပြီး ဝင်နေရသူ

တိရိစာ္ဆန်တွေလဲ အသက်ဘေးအတွက် ရှိတဲ့ မြေသားပေါ်မှာ ခိုတွယ်နေရရှာ

ဆိုင်ကယ်ကို လူက မစီးရဘဲ ဆိုင်ကယ်က လူကို ပြန်စီးနေပြီပေါ့..

ဘုန်းတော်ကြီးကျောင်းလဲ ရေထဲမှာ

အလုံးအရင်းနဲ့ စီးဝင်လာတဲ့ ရေများ

ရေပြင်ကျယ်မှာ ကူးချည်သန်းချည်

အောက်က ပုံတွေကတော့ ကုဋေမှော်ရွာထဲကို ဖြတ်စီးသွားတဲ့ ရေတွေကြောင့် ပျက်စီးသွားတဲ့ အိမ်တစ်ချို့နဲ့ သဲမြေတွေ နစ်မြုပ်သွားတဲ့ အိမ်တစ်ချို့ပုံတွေပါ။

ရေကျသွားပြီးတဲ့နောက် အိမ်ရဲ့ သုံးပုံတစ်ပုံက သဲတွေဖုံးသွားပြီ

ရေထဲ မျှောပါမသွားဘဲ ကျန်နေတဲ့ အိမ်တစ်လုံး

အပျက်အစီး

အခုလိုဘဲ ကိုယ်ကျိုးစီးပွားအတွက် သာဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ရပ်ရွာပြည်သူတွေကို ဥပေက္ခာပြုနေကြဦးမယ်.. ငွေမျက်နှာ ကြည့်နေကြဦးမယ်ဆိုရင် ရှေ့လျှောက် ဘာတွေဖြစ်လာမလဲ… လက်ရှိစီးပွားရေး လုပ်နေကြသူများဟာ တစ်ရပ်တစ်ကျေးကလာပြီး စီးပွားလာရှာကြတာမို့ သူတို့မှာအချိန်တန်ရင် ပြန်စရာအိမ်ရှိပေမဲ့ ကျွန်မတို့ဒေသခံတွေက ဘယ်အိမ်ကို ပြန်ကြရပါမလဲ.. ဒီပတ်ဝန်းကျင်ကို စွန့်ခွာပြီး ဘယ်အရပ်ဘယ်ဒေသကို ပြောင်းရွေ့ကြရပါမလဲ.. တစ်ချိန်မှာ တောင်တွေ တောတွေ ကုန်ဆုံးသွားသလို မြေအောက် သယံဇာတတွေလဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်.. ဒီအခါ မှော်နယ်မြေကို အမှီပြုပြီး နေထိုင်စားသောက်နေကြရသူတွေဟာ ဘာတွေများ လုပ်ကိုင်စားသောက်ကြရပါမလဲ.. စဉ်းစားစရာပါဘဲ..  လူတော်တော်များများက ခန့်မှန်းကြပါတယ်.. နောင်၁ဝနှစ်ဆိုရင် ဖားကန့်က ကျောက်တွေကုန်ပြီတဲ့.. ဒီစကားကိုကြားတော့ ကျွန်မအထိတ်တလန့် စဉ်းစားလိုက်မိတယ်.. ဒီလိုဆိုရင် ငါတို့ဒေသကလူတွေ ဘာလုပ်စားကြတော့မလဲ ဆိုတာပါဘဲ.. စိုက်ပျိုးစရာမြေလဲ မရှိ၊ ရှာဖွေစရာကျောက်လဲ မရှိ၊ တောင်ယာခုတ်ဖို့ တောင်တွေမရှိ၊ ဟင်းသီးဟင်းရွက်ရှာဖွေဖို့ တောတွေ မရှိတော့တဲ့တစ်နေ့၊ အဲဒီနေ့ကို ရောက်လာမှာ တွေးပြီး ကြောက်နေခဲ့မိပါတယ်.. ဒီအတိုင်းသာ ဆက်ပြီးသွားမယ်ဆိုရင် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်သာ ဒေသခံတွေနဲ့အတူ ထီးထီးမားမား ကျန်ရစ်ခဲ့ဦးတော့မှာပါ။

ဒီပိုစ့်ကို ကျွန်မရဲ့ မွေးရပ်မြေ ဇာတိဒေသကို ချစ်ခင်စိတ်၊ မပျက်စီးစေလိုတဲ့စိတ်၊ သဘာဝပတ်ဝန်းကျင်ကို ထိမ်းထိမ်းသိမ်းသိမ်း ဖြစ်စေချင်စိတ်နဲ့အတူ ကိုယ်ကျိုးစီးပွားကို ဆင်ဆင်ခြင်ခြင် စဉ်းစားဆောင်ရွက်စေလိုစိတ်နဲ့ ရေးသားခြင်း အသိပေးခြင်းဖြစ်ပါတယ်.. တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။

4 comments

  • laaminnthar

    August 8, 2010 at 5:27 am

    အိုးဟိုး
    ရေတွေအများကြီးပဲ လက်ပစ်ကူးလိုက်ရရင်
    ဒါမှမဟုတ် လှေတစ်စီးနဲ့ရှောက်သွားရရင်
    ကောင်းမှာပဲ။

  • winne

    August 8, 2010 at 9:29 am

    ပုံတွေ ကတော့ ဒီမှာ ဘာမှ မပေါ်ဘူး တခြားလူတွေတော့ မပြောတတ်ဘူး

  • MandalayThar

    August 9, 2010 at 4:20 am

    မြို့ချစ်စိတ်ဓါတ်ရှိတဲ့ သူတိုင်းနားလည်ပေးနိုင်ပါတယ်ဗျာ။ ခက်တာကလဲ ဦးနောက်မရှိတဲ့ စစ်အစိုးရအောက်မှာ နေနေရတဲ့ ကျွန်တော့တို့ မြန်မာနိုင်ငံဘဲဗျာ။ ရေရှည်ကို ကြည့်ဖို့ ဘာဦးနောက်မှမရှိတာ။ ဖားကန့်ဒေသတွင် မဟုတ်ပါဘူးဗျာ။ နောင် ၅နှစ် ၁ဝ နှစ်လောက် မှာ ဖြစ်လာမဲ့ နိုင်ငံတော်ကို ကြည့်ပြီး အရမ်းရင်လေးတယ်။ သွားပြီဗျာ။ ဒီအစိုးရဟာ ရေရှည်စဉ်းစားဖို့ ဦးနှောက်မရှိပေမဲ့ နယ်ခံတွေအဖို့က တစ်ကယ်အလေးနက်ထားပြီး စဉ်းစားရမယ်။ လုပ်သင့်တာတွေ စပြီး လုပ်သင့်တယ်။ ဆိုလိုချင်တာက မြို့ချစ်စိတ်ကို (ဝမ်းနည်းစွာဖြင့်) လျော့ချ ပစ်ဖို့တို့ ဘာတို့ လဲပါတယ် နော်….

  • aungmyat

    August 10, 2011 at 12:34 pm

    ကောင်းတယ်ဟေ…အဲဒီအချိန်က ကျွန်တော်လဲဖားကန့်မှာရှိတယ် ….တော်တော်ဒုက္ခရောက်ကြတယ်ဗျာ

Leave a Reply