ဘယ်အာရုဏ်အလင်းမှ မမျှော်ခဲ့တာလည်း ကြာ ကြာလှပေါ့

အဆိပ်တက် အိပ်မက်တွေခဝါချပြီး ရေထဲလျှော်ဖွတ်ပစ်တဲ့နေ့က

အုန်းဆံလိုဖြူဖြူဖွေးတဲ့စိတ်တွေပါသွားတယ်

အမြင်ကျဉ်းနေတာမဟုတ်ဘူး အကျဉ်းတွေချည်းမြင်နေရတာ

မသာကိုသနပ်ခါးလူးတာ လှဖို့လိုလို့လားမေးတော့ ဘုကြည့်ပြန်ကြည့်ကြ

သေပြီးမှ ရေချိုးပေးနေကြတာများ ကျောက်ရုပ်ကိုအသက်သွင်းသလို

အို့ အို အေး တေးသီမဆိုတာပဲ ကံကောင်းလှပေါ့..။

 

ပြောင်းပြန်သက်ရောက်နေတဲ့ လောကတစ်ဖက်ခြမ်းမှာ လူဟာ လူပြန်ဖြစ်ဖို့မသေချာဘူး

ငိုနေတဲ့ငှက်အချို့က အပင်အိုမှာ ညည်းတွားရင်း အိပ်တန်းကိုမေ့

ကြက်အချို့ကပျံသန်းချင်နေပြီး ဘဲတစ်အုပ်က ရေကူးဖို့ခြေထောက်ညောင်းနေတယ်

ကစားကွင်းပျောက်နေတဲ့ ကလေးတွေ မိုးတိုးမတ်တပ်ရပ်ပြီး လက်ဖြန့်

လူကြီးတွေခွက်ဆွဲပြီး အယောင်ပြ နောက်ကွယ်မှာ စကားလုံးတွေနဲ့ နံရံတွေကို အော်သွားတော့

မိုးချုပ်နေဝင် လျှပ်စစ်မီးလက်ဖို့ မိန်းတွေချထားတာပဲ ကြာပေါ့။

 

လမ်းမကြီး ရင်ဘတ်ပြဲနေတာ သူ့ရင်ဘတ်နှစ်ခြမ်းပါ ပြဲပြဲစင်လို့

စပ်ချုပ်ထားတဲ့ ဖာတစ်ရာ ပေတစ်စ အကျီလို အကွက်အကွက်တွေနဲ့လှ

သနပ်ခါးပါးကွက်ကျားကွက်ထားတဲ့ အပျိုလေးလို ရှက်ကိုးရှက်ကန်းနဲ့ လူတွေကိုကြည့်ပြီးတော့ ခိခိနဲ့ရယ်

ငါတို့က အသည်းတွေယားပြီး သူ့ပါးပေါ်ဖြတ်ဖြတ်နင်းရင်း

အသက်တစ်ချောင်းဟာ ကြာဆစ်ကလေးတွေလို တစ်ဆစ်ဆစ်ကျိုး

အဝေးက အငွေ့တလူလူတွေ လူဖြစ်ကျိုးမနပ်လိုက်ရဘူး

 

ပေါက်ပင်ဘာလို့ကိုင်း ဗျိုင်းနားလို့ကိုင်း

ဗျိုင်းဘာလို့နား ငါးပေါ်လို့နားတဲ့ ငါတို့ကိုယ်တိုင်

အမျှားခံလိုက်ရတဲ့ ငါး

ငါးစာမှာ တီတပ်ထားမှန်းသိသိ ချိတ်မိမှာလည်း သိသိ

စားလိုက်ကြတာပဲ

ဟပ်လိုက်ကြတာပဲ

မိသွားတယ်

တဖျတ်ဖျတ်လူးတဲ့ ဘဝ

အမျိုးထိလို့လည်း ကျန်ရစ်သူ ရေနည်းငါး မိုးကိုသာပဲ မျှော်ခဲ့ရပေါ့။

 

မိုးမိုး ဘာလို့ရွာဆိုတာ

အော်ဖို့နေနေသာသာ အစိုးမရတဲ့မိုးက မခြိမ်းပဲ မိုးကြိုးပါပစ်ချ

မည်းညစ်မှ သေပြီဟလို့အော်ကြတာများ

ဝက်ဝက်ကိုကွဲလို့

အနောက်ကောင်းကင်ယံကြီး ထိန်ထိန်ငြိီးနေတာကို

အရှေ့နေ့ထွက်တယ်လို့အထင်မှားအောင်

အတိတ်ဟောင်းတွေကို ရှေ့နောက် အပေါ်အောက်လှန်ထပ်ထားကြတယ်

ဖုံးမရဖိမရတာတွေက ဖုံးဖိပေါ် မြုံးမိတဲ့ငါးတွေကို

ကျုံးသွင်းမိရုံလောက်ပါတဲ့

ဟော မိုးလင်းပြီး

ဒါပေမယ့်

ကိုယ့် မနက်ခင်းကို ရိုက်ခွဲပြီး လင်းလိုက်ကြတာပါ

ဘယ်အာရုဏ်အလင်းမှ မမျှော်ခဲ့တာလည်း ကြာ ကြာလှပေါ့။

 

Time-03:50PM

Date-4th-Feb-2014

 

 

 

 

4 comments

  • Mr. MarGa

    February 5, 2014 at 11:22 am

    ဟိုက်ရှားဘားး
    ကိုရင်ရ
    စာသားတွေက ကြွတက်နေတယ်
    ကဗျာ အစကနေ အဆုံးထိ တစ်လုံးချင်းစီမှာ အဓိပ္ပာယ်အပြည့်
    အဲ… ဒါနဲ့ စကားမစပ်
    ကဗျာပြခန်းအတွက် ကဗျာပေးဦးဗျို့ :mrgreenn:

    • ဘယ်မှာပေးရမလဲ ကိုရင်ရဲ့ ကိုရင့်မေးလ်ကိုလား facebook message မှာ ကိုရင့်မေးလ်လေးပြန်မစပါဦး။ ရေးထားတာ တွေရှိလာလို့ ကေကေ။

      • Mr. MarGa

        February 5, 2014 at 1:53 pm

        ပြခန်းမေးလ် alinsett.art@gmail.com ကို ပို့လို့ရပါသဗျို့
        facebook message ကလဲ ပို့နိုင်ပါတယ်
        ကျနော့်မေးလ် ကို အဲဒီက ပို့ပေးလိုက်မယ်ဗျ။

  • ဒညင်းဝက်

    February 7, 2014 at 7:14 pm

    အလို

    ကိုယ်သော်ဇင်ရဲ့ ခွဲထွက်နေတဲ့ ရေးဟန်အသစ်လေးပါလား
    အသံထွက် ဖတ်ကြည့်လိုက်တော့
    ပို ရသမြောက်သွားတယ်

    ကြိုက်မိတဲ့ အရေးအသားလေးပဲဗျိုး

    အားပေးနေလျက်ပါ

Leave a Reply