မြို့ကလူတစ်ယောက် တောသွားလည်တယ်ဆိုတာ….

စိမ်းမြမြ လယ်ကွင်းပြင်ကြီးကို ကြည့်ချင်လို့….
လယ်ကွင်းအလယ်က လယ်စောင့်တဲလေးမှာ အိပ်ရင်း အေးချမ်းဆိပ်ငြိမ်မှုအရသာကို ခံစားချင်လို့….
လယ်ကွင်းထဲ ဖြတ်တိုက်ခတ်လာတဲ့ လေနုအေး နွဲ့နွဲ့နော့နော့လေးကို တ၀ကြီး ရှုရှိုက်ချင်လို့…
တော့ဓလေ့ တောအစာလေးတွေကို မြည်းစမ်းကြည့်ချင်လို့…
တော့ဓလေ့ လယ်ကန်သင်းရိုးတလျှောက် ပုဇွန်လုံးနှိုက် ဖားရိုက် ငါးရှာ ပျော်စရာ ဗဟုသုတလေးတွေရချင်လို့…
တဂျောင်းဂျောင်းနဲ့ ဟိုယိမ်း ဒီယိမ်း လှည်းကြမ်းလေး စီးချင်လို့…
တောသဘာဝ တောအလှု တောဓလေ့ ပျော်ရွှင်မှုတွေ စီးမျောခံစားချင်လို့….

ဒီလို အချက်တွေကြောင့် တောကို အလည်သွားကြတာပါ….

ဒါကို တောကလူတွေက မြို့သားတွေ လာလည်တာပဲဆိုပြီး မရှိရှိတာ ရှာကြံပြီး ကိတ်မုန့် ခပ်ညံ့ညံ့တွေ မရမက ဇွတ်ဝယ်ကျွေး..ချိုရဲရဲ ရေခဲမုန့် တွေ ဇွတ်ကျွေး…ကားအစုတ်ကြီးတွေနဲ့လိုက်ပို့…ဒီလိုဧည့်ခံလို့ကတော့ မြိုကကလူကလဲ စိတ်ညစ်…တောကလူတွေအတွက်လဲ ၀န်ထုပ်ဝန်ပိုး ဖြစ်…ဘာတစ်ခုမှ အဆင်ပြေနိုင်စရာမရှိပါဘူး…

ဒီလိုသဘောမျိုးပါပဲ….
နိုင်ငံခြားက ခရီးသွားဧည့်သည်တွေ မြန်မာပြည်လာလည်တယ် ဆိုတာ မြို့ကလူ တောလာလည်သလိုပါပဲ…ကိုယ့်သဘာဝ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစံတွေကို အရှိအတိုင်းပဲ ပြရမှာပါ…သူတို့တွေ့ချင် လေ့လာချင်တာလဲ ဒီက သဘာဝတရားတွေကိုပါပဲ…

ဥပမာပေါ့ဗျာ….နိုင်ငံခြားသားတစ်ယောက်က မေမြို့လာလည်တယ် ဆိုပါစို့…သူတို့ ဘာတွေ စိတ်ဝင်စားလဲ…ကန်တော်ကြီးလား…ရေတံခွန်လား…

ကန်တော်ကြီး….

.မြန်မာတွေ မျက်စိမှာ ဘယ်လောက်လှလှ…သူတို့အတွက်တော့ လမ်းဘေးရှုခင်းသာသာပါပဲ…သူတို့ ဒီထက် အပုံတစ်ရာလှတဲ့ ပန်းခြံတွေ ရောက်ဖူးပြီးသားပါ…

ရေတံခွန်…

လက်တောက်လောက် ရှိတဲ့ ရေတံခွန်လောက်ကတော့ သူတို့ စိတ်တောင် မ၀င်စားပါဘူး…သူတို့ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ရေတံခွန်တွေ ရောက်ခဲ့ဖူးပြီးသားပါ…

သူတို့ ဘာစိတ်ဝင်စားတာလဲ….
သူတို့က မေမြို့ဆိုတာ ကိုလိုနီခေတ်က တည်ခဲ့တဲ့ မြို့ဆိုတော့ သိပြီးသား….ကိုလိုနီအငွေ့အသက် ရှေးအိမ်တွေကို အဓိက စိတ်ဝင်စားတယ်…ကိုလိုနီခေတ် ရှေးဗိသုကာလက်ရာတွေကို လေ့လာချင်တယ်…နေထိုင်သွားခဲ့ကြတဲ့ ရှေးဘိုးဘွားဘီဘင် အဆက်အဆက်ကို စိတ်ကူးနဲ့ မှန်းကြည့်ချင်တယ်…

မေမြို့မှာက…
ရှေးအိမ်တွေ အများကြီးရှိပါတယ်…တော်တော်များများကို အစိုးရရုံး…အိမ်အဖြစ် ပြောင်းလဲထားတယ်…နိုင်ငံခြားသားတွေက ၀င်လေ့လာချင်တယ်…၀င်လို့မရဘူး…နိုင်ငံခြားသားတွေခမျာ အပြင်ကနေ ဟိုချောင်း ဒီချောင်း သူခိုးလိုလို ကြမ်းပိုးလိုလို ဘ၀ Auto ရောက်ရပါလေရော…အမှန် ဖြစ်သင့်တာကတော့ ဒီလို အိမ်တွေကို ရှေးမူမပျက် ပြင်ဆင်…ရှေးဟောင်း ပရိဘောဂတွေ ဓာတ်ပုံတွေ ရှာထည့်…သမိုင်းကြောင်းတွေ ရေးထား…(ဥပမာပေါ့လေ…ဒီအိမ်ကတော့ အင်္ဂလိပ်ခေတ်က သစ်တောဝန်ထောက် မစ္စတာ ဘယ်သူနေသွားတဲ့အိမ်ပါ ဘာညာပေါ့) ၀င်ခွင့် ဒေါ်လာတွေကောက်…ခရီးသွားတွေဆို ဘယ်လောက် သဘောကျလိုက်ကြမလဲ…ဘယ်လောက်တောင် လာလိုက်ကြမလဲ ဆိုတာ…
ခုတော့…ဧည့်သည်တွေကို လိုက်ပို့ကြပါတယ်…
ကန်တော်ကြီး…ရေတံခွန်…
မြို့ကလာတဲ့သူတွေကို Cream အညံ့ကြီးနဲ့ ကိတ်မုန့် ဇွတ်ကျွေးသလိုပါပဲ…ကျွေးတဲ့သူတော့ ဘာမှသိမှာမဟုတ်ဘူး…စားတဲ့သူတော့ စိတ်ဓာတ်တွေ ကျလို့….
ဟိုတယ်လုပ်ငန်းနဲ့ဆိုင်လို့ ရေးရတာပါ…ပြင်ဆင်နိုင်ဖို့ပါ…
ခရီးသွားမြှင့်တင်ရေး…ဘာညာသာရကာ ရွတ်နေကြပြီး တကယ်မြှင့်တင်ဖို့ဆိုတာ တာဝန်ရှိသူတွေ ဦးနှောက်သုံးတတ်ဖို့လိုပါတယ် ဆိုသည့်အကြောင်း အချက်တစ်ချက်ကိုပဲ ဥပမာ ယူ ရေးလိုက်ရပါတယ်….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...