ဒေါက်တာဂျော်နီ….

johnnydeerFebruary 8, 20141min15810

ဒေါက်တာဂျော်နီ
*************

ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။

မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တယ်။

မောနင်းကျူရှင်၊ နိုင်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနဲ့ ပို့ခဲ့တယ်။

ရီဇာတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။


အမ်စီတက်တော့
ဆိမ်းဗက်ချ်က၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး၊ အသွေးဖြူဖြူ
နှတ်ခမ်းထူသနဲ့။
အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။

မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။

ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။


နောက်တော့….
‘ကျမနာမည်၊ မော်လီတဲ့လေ
ဒက်ဒီတို့က၊ အမ်စီသွားပါ
ဆိုလို့သာဘဲ၊
ဝါသနာဆို၊ မပါလိုက်တာ
စိတ်ကုန်ပါရော’
ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ
ဟန်မူရာနှင့်။

‘ဟိုလေ… အန်-အန်၊ ကာလ်တန်မှာ
အီတာလျံကား၊ လဲသွားပြီနော်
အော်- အော် ဟုတ်သား၊ မေ့များနေသေး
ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့
ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ်
လာရမယ်နော်၊ ယူ့အဖော်တွေ
ခေါ်ချင်ခေါ်ခဲ့’။

ဘာတဲ့ညာတဲ့၊ မဲ့ချည်နွဲ့ချည်
ဟိုသည်ကြောင်းရာ၊ စုံလေပါရော
ပန်ကာမလေး ဆိုလောက်တယ်။


တလနှစ်လ၊ သုံးလေးလမှာ….
လက်ဖက်ရည်ဆိုင်၊ ထိုင်လည်းတူတူ
လူသူစည်ရာ၊ ကော်ရစ်ဒါမှာ
လာလဲတွတ်ထိုး၊ ခန်းထောင့်ချိုးမှာ
တိုးတိတ်တိုးတိတ်၊ မွတ်သိပ်လှစွာ
ဘာညာဘာညာ၊ ဖြစ်ကြတာတွေ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ

တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။


သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက်လည်လိုက်၊ ဖားခွဲလိုက်နှင့်
အမြိုက်အရသာ၊ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။


ထို့နောက် –
‘ဒေါက်တာဂျော်နီ၊ အမ်ဘီဘီအက်စ်နှင့်
ဒေါက်တာမော်လီ၊ အမ်ဘီဘီအက်စ်’ ဟု
ပြောင်လက်ကြေးပြား၊ အထင်းသားဝယ်
ကြွားကြွားရွားရွားပေါ်ခဲ့တယ်။
ကားနှင့်တိုက်နှင့်၊ မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။


အို – အလုပ်သမား၊ လယ်သမား
ပြည်သူများတို့……
ဂျော်နီတို့လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။

တင်မိုး —

(ဘာရယ်တော့ ဟုတ်ပေါင်…ကိုယ်ယူထားတဲ့ နာမည်လေးနဲ့ တူနေလို့)

ကော်ပီကူချထားလို့ ပြောကြနဲ့နော်…ဒီတစ်ခါထဲပါ…

10 comments

  • Ma Ma

    February 8, 2014 at 7:04 am

    အင်ယာ ဂျော်နီက ဘယ်လိုများ ဒေါက်တာ ဂျော်နီဖြစ်သွားပါလိမ့်လို့ စဉ်းစားမိနေတာ…
    ကာရံတွေက ကောင်းလွန်းလှချည်လားဆိုပြီးးးး
    ဒေါက်တာဂျော်နီဖြစ်တဲ့အထိဖတ်ပြီးသွားပါမှ…..
    ဆရာတင်မိုးလက်ရာဖြစ်နေတော့သကိုးးးးးးးးးးးး 🙂 🙂 🙂

  • KZ

    February 8, 2014 at 8:47 am

    ဖျားးးး ဖျားးးးး ဖျားးးး

    :hint:

  • မဟာရာဇာ အံစာတုံး

    February 8, 2014 at 9:42 am

    ဟားဟားဟား
    မိုက်တယ်ဗျာ
    မလိမ်မာဘူး …

  • johnnydeer

    February 8, 2014 at 9:27 pm

    ဖတ်ရင်း ဖတ်ရင်း ဖတ်လို့ကောင်းတာရယ်… ကိုယ့်နာမည်လေးနဲ့တူနေတာရယ်လေးရယ်ကြောင့်…. ကော်ပီ လုပ်လိုက်ရတာပါ…ဆရာကြီးတင်မိုးလိုတော့ ဘယ်ရေးတတ်ပါ့မလဲနော့ …ဟိ…ဟိ…

  • kyeemite

    February 10, 2014 at 10:09 am

    ဆရာ တင်မိုးကဗျာ ကာရံလေးတွေ အတုယူသင့်တယ်..
    ပြောသာပြောတာ…ကိုယ်လည်းမရေးတတ်ဘူး 😀

  • kyeemite

    February 10, 2014 at 10:18 am

    “အင်းယားကန်မှာ
    မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ” ဆိုတဲ့စာပိုဒ်လေးကို
    ကဗျာဆရာ ဇော်(ပျဉ်းမနား) ကိုးကားဖူးတယ်..
    အဲဒီ.. ဇော်(ပျဉ်းမနား) ကိုးကားရေးတဲ့ ကဗျာကို ကျုပ်ချစ်သူလေး(ခုတော့ချစ်သူကြီး :-P)ကျုပ်ကိုပေးတဲ့
    ရည်းစားစာမှာ ကိုးကားဖူးတယ်…. 😀

  • johnnydeer

    February 15, 2014 at 12:43 am

    ကောင်းပါ့..ကို ကြီးမိုက် ရေ….ရေးတတ်ချင်လိုက်တာနော့…အဲ့ဂလို…

Leave a Reply