ကမ်းခြေ ကမ်းခြေ ကမ်းခြေ

moonpoemFebruary 9, 20141min1549

ခရီးပန်းလွန်းလို ့အိပ်ပျော်တဲ့အချိန် အဝေးကလိုလို ကိုယ့်အနီးကလိုလို ကြားလိုက်မိတာက အုန်းပင်တွေကြားထဲကို လေတိုးဝှေ ့တဲ့ အသံ ပြီးတော့ လှိုင်းပုတ်သံ သဲ့သဲ့။ အိပ်မှုန်စုံမွှား
နဲ ့စဉ်းစားမိတော့မှ အိုး…ဟုတ်တာပေါ့ အခု ကျွန်မရောက်နေတာ ချောင်းသာပဲကိုး။ဪ ငါခရီးထွက်လာတာပါလား ဆိုတဲ့ အသိ ခရီးထွက်လာတာကလည်း အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ အပျော်ခရီးဆိုတာ ကိုယ့်ကိုကိုယ်ပြန်ပြီး တပ်လှန် ့လိုက်တဲ့ အချိန် ရုတ်တရတ် ပါးစပ်ကနေ ဟေး….ဆိုပြီး
အော်လိုက်မိတယ်။ ပြီးတော့ အသံတွေကြားရတဲ့ အခန်းအပြင်ဘက်ကို ထွက်ကြည့်လိုက်တယ်။

အိုး…ကြည့်ပါဦး ပင်လယ်ပြာပြာနဲ ့ကောင်းကင်ပြာပြာကြီး စပ်ဆက်ပြီး လှနေလိုက်တာများ ဟိုး.အဝေးကြီး တစ်နေရာမှာ ထိစပ်နေသလို။ ကိုယ့်စိတ်ထဲမှာလည်း အဲဒီလို ထိစပ်တဲ့နေရာအထိ ရွက်လွှင့်ချင်လာသလို ခံစားမိတယ်။ တစ်ညလုံးကားစီးလာလို ့ နေ ့လည်အထိနားလိုက်ပြီး
ညနေစောင်းလိုက်မှရေထဲဆင်းမယ်လို ့စိတ်ကူးမိပေမယ့် ကျွန်မ ပင်လယ်ညှို ့သံ သဲသောင်ပြင်ရဲ ့ခေါ်သံ အုန်းပင်တွေရဲ ့ဖက်လှဲတကင်း ရယ်မောသံတွေကို ကြားလိုက်မိချိန် စိတ်တွေက မထိန်းနိုင်တော့ပါဘူး။ သူတို ့ခေါ်ရာကို လိုက်ဖို ့ကျွန်မ အဆင်သင့် ဖြစ်နေခဲ့ပြီ။

သူငယ်ချင်းတွေကို လိုက်နှိုးပြီး သူတို ့တွေကိုလည်း ကိုယ်နဲ ့အတူ လိုက်ပါပျော်ရွှင်ဖို ့ညှိနှိုင်းတဲ့အခါ
စိတ်တူကိုယ်တူတွေ ဖြစ်တဲ့ အတွက်ကြောင့် အများကြီး ညှိစရာ မလိုခဲ့ပါဘူး။ ရေထဲမဆင်းခင်
ကျွန်မတို ့တွေ သဲသောင်ပြင်မှာ စက်ဘီးတွေ စီးကြတယ်။ အချင်းချင်း စကြနောက်ကြတယ်။ ဆိုင်ကယ်တွေစီးပြီး လျှောက်လည်ကြတယ်။ ပြီးတော့မှ ရေထဲကိုဆင်းကြတယ်။ တစ်ခါတစ်ရံမှာ
ကိုယ်က လှိုင်းလုံးစီးလိုက် တစ်ခါတစ်ရံမှာ လှိုင်းလုံးက ကိုယ့်ကိုပြန်စီးပြီး နစ်လိုက်နဲ ့ကျွန်မတို ့
သူငယ်ချင်းတတွေက ပင်လယ်ပြင်နဲ ့အပြိုင် သူနိုင်ကိုယ်နိုင် ချနေကြလေရဲ ့။

မောတဲ့အခါအုန်းပင်တန်းတွေအောက်မှာ အုန်းရည်ကြည်ကြည်ကိုသောက်ရင်း သဲဖြူဖြူပေါ်မှာ ထိုင်ရင်း
ဖြတ်သွားဖြတ်လာတွေကို ငေးရင်း ဘဝရဲ ့အားလပ်ချိန်တချို ့ကို ကုန်ဆုံးစေခဲ့တယ်။ညဘက်ရောက်တော့ သူများတွေလုပ်တဲ့ မီးပုံပွဲကို ဝင်ပါလိုက်ပြီး ပျော်ရွှင်ခဲ့ကြတယ်။ မီးပုံပွဲမှာ သီချင်းဆိုကြရင်း အမှတ်မထင် ကောင်းကင်ကြီးကို မော့ကြည့်မိတော့ ကြယ်တွေစုံတဲ့ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးကို တွေ ့မိတယ်။ လှလိုက်တာ ကြယ်တွေစုံတဲ့ညဆိုတာ ဒါပါလား
လို ့လည်း တွေးမိတယ်။

မီးရှူးမီးပန်းတွေ ဖောက်ကြတော့ ခဏတာသာ လှပတဲ့ မီးရှူးမီးပန်းတွေရဲ ့အလှကို လမင်းကြီးနဲ ့
ကြယ်လေးတွေက ကြည့်ပြီး ရယ်မောနေကြမလားမသိ။ညဥ့်နက်တဲ့အထိ ဆော့ပြီးမှ အိပ်ခဲ့ကြတယ်။
အမြဲတမ်းကုန်ခဲတဲ့ အချိန်တွေက အခုတော့ ကုန်လွယ်လိုက်တာ ဘာလိုလိုနဲ ့မနက်ဖြန်ဆို ပြန်ရတော့မယ်။ အဲဒီညလေး ကုန်ဆုံးသွားမှာတောင် နှမျောမိတယ်။အချိန်တွေရယ် ဖြစ်နိုင်ရင် ခဏလောက်ရပ်တန် ့ပေးပါလား။ ကျွန်မ နည်းနည်းလောက် ထပ်ပျော်ချင်သေးလို ့ပါ။

ပြောရင်းဆိုရင်း ဒီစာကို ရေးရင်းနဲ့ ကျွန်မ အိပ်ချင်လာတယ်။ ခရီးပန်းလာလို ့လေ။ ခက်တာက ဒီတစ်ခါခရီးပန်းရာကနေနိုးလာတဲ့အချိန် ကျွန်မ လှိုင်းပုတ်သံတွေကို ကြားရမှာ မဟုတ်တော့ဘူး။ အုန်းပင်လေးတွေရယ်သံကို ကြားရတော့မှာ မဟုတ်ဘူးဆိုတာ သိနေတယ်။ အိပ်ရမှာ နှမျောပေမယ့် သိသိရက်နဲ ့ပဲ ကျွန်မ အိပ်ပျော်သွားခဲ့မိတယ်။

နိုးလာတော့ ရန်ကုန်ကို ပြန်ရောက်နေပါပြီ။

ခုနက မက်တဲ့ အိပ်မက်ထဲမှာတော့ ရေသူမလေးရဲ ့ခိုးခိုးခစ်ခစ် ရယ်သံလေးကို ကြားမိသလိုလို။ သဲသောင်ပြင်က ကိုယ့်ကို ပြန်လာပါလို ့ခေါ်သံလိုလိုနဲ့…လွမ်းလို ့ကျန်ရစ်ခဲ့တဲ့ ကမ်းခြေလေးကို အားနာ
လိုက်တာလေ။

9 comments

  • KZ

    February 9, 2014 at 7:12 pm

    ပိုအမ်လေးနဲ့ ကမ်းခြေကို လိုက်ခဲ့ပြီး
    ပြန်ရောက်လာပါပြီ။
    အဖိုးတန် အချိန်လေးတွေပါပဲ။

    🙂

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 9, 2014 at 7:37 pm

    ပျော်စရာကောင်းတဲ့ခရီးလေးကိုရေးသွားတာကောင်းပါတယ်
    အားပေးဖတ်ရှုသွားပါတယ်

  • အလင်းဆက်

    February 9, 2014 at 8:04 pm

    ပေါ့ပေါ့ပါးပါးရေးထားပုံ အရေးအသားလေးက
    အကြောင်းအရာလေးနဲ့ လိုက်ဖက်ညီပါပေါ့ဗျာ

  • Paing Lay

    February 9, 2014 at 8:05 pm

    တစ်နေ့နေ့တော့ ရောက်အောင်သွားမည်ဟု တေးထားပါကြောင်း :kwi:

  • ဦးကြောင်ကြီး

    February 10, 2014 at 12:39 am

    ပိုအမ်လေး ကြောင့်ကို ပို့လိုက်တဲ့ ဘီကီနီနဲ့ဓာတ်ပုံ မှားဖျက်လိုက်မိလို့ ထပ်ပို့ပေးနိုင်မား…

  • kyeemite

    February 10, 2014 at 8:53 am

    လမင်းကဗျာ ချောင်းသာမှာ တော်တော်ပျော်ခဲ့ပုံပေါ်တယ်…ရောက်ဖူးသူတိုင်းပျော်ကြတာပါပဲလေ..
    အပမ်းလည်းပြေတာပေါ့…တစ်နှစ်တစ်ခေါက်လောက်တော့ သွားသင့်တယ်… :kwi:

  • Ma Ma

    February 10, 2014 at 8:10 pm

    မွမ်းကြပ်နေတဲ့ နေ့စဉ်ပုံစံခွက်ထဲကနေ လွတ်ထွက်သွားတဲ့ အခိုက်အတန့်လေးရဲ့ ပျော်စရာကောင်းပုံကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတယ်။
    ကိုယ်တိုင်သွားချင်လာမိအောင်ကို စွဲဆောင်နိုင်ပါပေတယ်။
    🙂

  • moonpoem

    February 11, 2014 at 6:07 am

    ကျွန်မနဲ့အတူ စိတ်ကူးချောင်းသာမြေကို ရွက်လွှင့်ပေးကြတာ ကျေးဇူးပါ။တကယ်လည်း ရွာသူရွာသားတွေစုပြီး ခရီးသွားဖြစ်ရင် ပျော်စရာကောင်းမှာပဲနော်။

  • Ma Ei

    February 11, 2014 at 4:42 pm

    လမင်းကဗျာရေ…
    စာဖတ်ပြီးတာနဲ့ ချောင်းသာတစ်ခေါက်ပြေးသွားချင်အောင်
    အပျော်လေးတွေကူးစက်ခဲ့ပါတယ်…

Leave a Reply