မန္တလေး ဂေဇက် ရွာသူား အပေါင်း မင်္ဂလာပါခင်ဗျာ။

ရွှင်လန်းချမ်းမြေ့ကြပါစေနော။

ရွာ ထဲမ၀င်ဖြစ်ပေမယ့် နေ့တိုင်း ၀င်ဖတ်နေမိသူတစ်ယောက် ပြန်လည်ဝင်ရောက်လာရာမှာ မင်္ဂလာသတင်းလေးတစ်ခုနဲ့ စလိုက်ပါပြီခင်ဗျ။

ပြီးခဲ့တဲ့ လကုန်ပိုင်းက ကျနော် စွယ်တော်ရွက်ရဲ့ မွေးသမိခင် ကျေးဇူးရှင် ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။

ကျနော့် မေမေ က ညောင်တုန်းသူပါ၊ စစ်တပ်ထဲဝင် စစ်မှုထမ်းရင်း တာဝန်ကျတဲ့မန္တလေးမှာ ဖေဖေနဲ့ ဖူးစာဆုံခဲ့ကြတာပါ။

ဖေဖေက မုဒုံ ကမာဝက်ရွာမှာမွေး၊ ကျိုက္ကော် သိမ်ဆိပ်မှာ ကြီးပြင်းပြီး စစ်တပ်ထဲဝင်တော့ သြစတေးလျ ကို စက်ပြင်

( Mechanics ) ပညာတော်သင်သွားခဲ့ရသူပါ။ မန္တလေး အမရပူရ က ပ.လ.စ ( ၂ ) တပ်မှာ တာဝန်ထမ်းဆောင်ရတုံး မေမေ နဲ့ ဖူးစာဆုံခဲ့တော့ ကျနော် တို့တွေ မန္တလေးသား ဖြစ်ခဲ့ကြတာပေါ့။

မေမေ ရောက်လာခဲ့တာက ညောင်တုန်းမြို့မှာ ကျင်းပပြုလုပ်မယ့် ဆရာ ကန်တော့ပွဲ တက်ရောက် ကန်တော့ဘို့ပါ။ အသက် ၇၀ ကျော် မေမေ ကန်တော့စရာဆိုလို့ ဆရာကြီး တစ်ဦးတည်း ကျန်ပါတော့တယ်တဲ့။ ဆရာကြီး က အခု အသက် ၉၉ နှစ်ပါ၊ မနေတတ်လို့ ခုထိစာသင်ပေးနေတုံးပါတဲ့ခင်ဗျား။

ညောင်တုန်း ဆရာ ကန်တော့ပွဲ က ဇန်န၀ါရီ ၂၆ တနင်္ဂနွေနေ့ပါ။ မန္တလေးကို ပြန်လိုက်ပို့မယ့် ကျနော် က အင်္ဂါနေ့ နေ့လည်ပိုင်းမှာ ဖျက်လို့မရတဲ့ သင်တန်းတစ်ခု တာဝန်ရှိနေပါတယ်။ အဲဒါကြောင့် ၂၉ ရက် ဗုဒ္ဒဟူးနေ့ ညကားနဲ့ ပြန်ဘို့ စီစဉ်ရပါတယ်။ ကားစီစဉ်တုံး တွေ့ကြုံရတာလေးရေးပြပါဦးမယ်။

မေမေ့ကို ရန်ကုန်က မန္တလေးကို ပြန်ရာလမ်းမှာ အိမ်သာပါတဲ့ ကားနဲ့ ပြန်ဖို့ ကျနော် စီစဉ်ခဲ့ပါတယ်၊ လမ်းခရီးမှာ အတတ်နိုင်ဆုံးသက်တောင့်သက်သာရှိနေစေချင်လို့ပါ။ J J ကားလိုင်း မှာ အိမ်သာပါတဲ့ ကားတွေရှိတယ်ဆိုလို့ လှမ်းမေးကြည့်ပါတယ်၊ သူတို့ ကားတွေမှာ အိမ်သာပါပေမယ့် အသုံးပြုခွင့်မပေးပါတဲ့ခင်ဗျာ။ ကားပေါ်မှာ အစားအသောက်ကျွေးတဲ့ အစီအစဉ်ပါလို့ အနံ့ အသက်ရမှာစိုးလို့ အသုံးပြုခွင့်မပေးတာပါတဲ့။ အဲဒါကြောင့် ကားလက်မှတ်ရောင်းတဲ့နေရာ ကို အကူအညီတောင်းပြီး တစ်ခြားလိုင်းတစ်ခုရှာရပါတယ်။ ငွေနှင်းမန္တလာ ကားလိုင်း က အထူးကား မှာ ရပါတယ်။ အိမ်သာပါတယ်၊ အသုံးပြုခွင့်လည်း ပေးပါတယ် ဆိုလို့ သားအမိ ၂ယောက်စာ လက်မှတ် တစ်ခါတည်း ၀ယ်လိုက်ပါတော့တယ်။ ၁ယောက် ၁၆၅၀၀ ကျပ်ပါ။ ည ၉း ၃၀ နာရီထွက်မှာပါ။ လက်မှတ် ကိစ္စတော့ ပြေလည်သွားပြီ၊ ရွာသားပီပီ အပို အလုပ်လေးတွေပါလုပ်နိုင်ဘို့ လုံးပန်းရပါတော့တယ်၊ ဟုတ်ကဲ့ အလှူအတန်းလေးတွေပါ။

ရန်ကုန်ကနေ မန္တလေးရောက်တုံး ပြင်စာ ရတနာပုံ ဆိုင်ဘာစီးတီး Y C C က ကျောင်းသားလေးတွေကို လျှပ်စစ်ဆိုင်ရာ ပညာဒါန သင်တန်းလေးပေးဘို့ အစီအစဉ်လေးတစ်ခုလုပ်ထားပါတယ်။ Face Book ကတစ်ဆင့်ဆက်သွယ်မိပြီး စီစဉ်ရတာပါ။ သူတို့လေးတွေဘက်က သင်တန်းလေးအတွက် စိတ်ဝင်စားတယ် တက်ကြမယ်ဆိုတော့ သင်ပေးခြင်နေတဲ့ ကျနော် ပျော်ပျော်ကြီးပြင်ဆင်တော့တာပေါ့။ ဟိုရောက်မှ ရှာနေရမစိုးလို့ သင်ထောက်ကူ ပစ္စည်းတွေကိုပါ တစ်ပါတည်း သယ်သွားပေးခဲ့ရပါတယ်။ ပြင်ဆင်နေဆဲကာလမှာဘဲ သတင်းရနေတာက အထက်မြန်မာပြည်မှာ အအေးလှိုင်းရှိနေတယ်ဆိုတာပါဘဲ။

ဆရာမ ဒေါ်မေအေးဦး လှုပ်ရှားပေးနေတဲ့ ၂၀၀၀ အဖွဲ့ ရဲ့ လှူဒါန်းမှုတွေထဲမှာ ပြင်စာ က ဆရာကြီး ဦးဖုန်းမြင့်အောင်ရဲ့ သုခမေတ္တာ မိဘမဲ့ကလေးဂေဟာ ပါပါတယ်။ အဲဒီဂေဟာက မိဘမဲ့ ကလေးလေးတွေအတွက် အနွေးထည်လေးတွေလှူဘို့ ကျနော်ကြံစည်စိတ်ကူးမိပါတယ်၊ လျှပ်စစ်ဆိုင်ရာအသိပညာပေးဟောပြောပွဲစာတမ်း တစ်ခုရထားတာကို ကွန်ပြူတာပြန်စီဘို့ ကူညီပေးခဲ့တဲ့ မမပဒုမ္မာရဲ့ ပွဲရုံကိုရောက်သွားရင်း အဲဒီမှာ တင်ရောင်းနေတဲ့ Export Quality အနွေးထည်လေးတွေကိုတွေ့ မိကတည်းက လှူချင်နေခဲ့တာပါ။ကျနော့် အိတ်ကပ်က အခြေအနေပေးတာက ကျပ်နှစ်သောင်းလောက်ထဲပါ၊ တစ်ထည် တစ်ထောင်လောက်ဆို အထည် ၂၀ လှူလို့ရနိုင်တာပေါ့၊ အဲဒါနဲ့ မမပဒုမ္မာဆီ အထည် ဘယ်လောက်ရရ ကျပ်၂သောင်းဘိုးလောက် ပေးပါဆိုပြီးလှမ်းမှာထားလိုက်ပါတယ်။ အဲဒီသတင်းကို YCC ကလူငယ်လေးတွေဆီလှမ်းပြောလိုက်တော့ သူတို့လေးတွေလဲ ပျော်သွားကြတာပေါ့။ အဲဒီYCC ကျောင်းသားလေးတွေက Youth Development Society ဆိုတဲ့ အဖွဲ့လေးတစ်ဖွဲ့ဖွဲ့ပြီး သုခမေတ္တာမိဘမဲ့ကလေးဂေဟာကို အပတ်စဉ်အားရက်တွေမှာ သွားရောက် ကူညီပေးနေကြတာလေ။ မိဝေးဖဝေးပညာသွားသင်နေရသူတွေက မိဘမရှိတော့သူတွေကို ပြန်လည်စောင့်ရှောက် ကူညီနေကြရတာမို့ အနွေးထည်မပြည့်စုံတဲ့ ကလေးလေးတွေကို သူတို့ခမျာ ရင်နာနာနဲ့ကြည့်နေခဲ့ရတာလေ။ သူတို့ဘက်က ဖုန်းပြန်ဆက်လာပါတယ်၊ သူတို့လက်ထဲမှာ ရံပုံငွေလေး ၂သောင်းခွဲလောက်ကျန်နေသေးတယ်၊ တတ်နိုင်ရင် အနွေးထည်လေးတွေ ထပ်ဝယ်ခဲ့ပေးပါတဲ့ခင်ဗျ။ မမပဒုမ္မာဆီ ဖုန်းထပ်ဆက်ပြီး နောက်ထပ် ၂၅ ထည် ထပ်မှာခဲ့ရပါတယ်။ မမပဒုမ္မာက ၁၅၀၀ ကျပ်နဲ့ရောင်းနေတဲ့ အနွေးထည်လေးတွေကို လှူဘို့ဆိုရင် တစ်ထည် ၁၀၀၀ နဲ့ပေးမယ်ဆိုတဲ့ သတင်းက ရလိုက်တာကိုး။ ဘာဘဲပြောပြော ၄၅ ထည်တော့ ရပြီပေါ့ခင်ဗျာ။ အနွေးထည် အရွယ်အစား ရွေးနိုင်အောင် ပြင်စာကို လှမ်းမေးရင်း ထပ်သိလိုက်ရတာက စုစုပေါင်း မိဘမဲ့ ကလေးငယ် ၆၄ ယောက်ရှိနေပါသတဲ့။ ၆တန်း ၂ယောက် ၄ တန်း ၁ယောက်နဲ့ ကျန်တာက ၁တန်း ၂တန်း ၃တန်း တွေချည်းပါတဲ့ခင်ဗျ။ အနွေးထည်လေးတွေကို ဆိုဒ် အသေးဆုံးလေးတွေရွေးပေးဘို့ မမပဒုမ္မာဆီ လှမ်းပြောလိုက်ရတော့တာပေါ့။

ရင်ထဲမှာ တနုံ့နုံ့ခံစားနေမိခဲ့တယ်ခင်ဗျ။ စုစုပေါင်း ၆၄ ယောက်ရှိတာမှာ အနွေးထည် ၄၅ ထည် လှူဒါန်း ရရှိသွားတော့ မရလိုက်သူကလေးတွေရင်ထဲမှာ ဘယ်လောက် ခံစားလိုက်ရမလဲဆိုတဲ့ အတွေးပါ။ ဆရာမ ဒေါ်မေအေးဦးကတော့ ကလေးလေးတွေအတွက်ဝေငှရင် မလောက်မငှမဖြစ်အောင် အမြဲစီစဉ်ဆောင်ရွက်ရတယ်လို့ ပြောထားခဲ့တာကိုး။စိတ်ဒဏ်ရာ ရသွားတတ်လို့ ပိုဂရုစိုက်ရမယ်တဲ့လေ။ ရွာထဲက ကိုယ်နဲ့ရင်းနှီးသူတွေဆီ အလှူခံဘို့ စိတ်ကူးမိ ပြင်ဆင်မိလိုက်ပါတယ်။ မမ တို့သတ်ပုံအဖွဲ့၊ TNA ၊ဆူး၊ ဝေေ၀၊ တုန်ကလေး၊ မွန်မလေး ၊ကိုဆာမိတို့၊ဥကဌကြီးတို့လူကြီးဝိုင်း၊ မန္တလေးက ကိုပေါက်၊တီချာကြီး၊ကိုခ စသူတွေ ဆီကိုပါလက်တို့မယ်ပေါ့လေ။ ကျနော် လက်မတို့ရသေးခင် အလှူရှင်ထပ်ရပါတယ်။ YCC လူငယ်အဖွဲ့နဲ့သိတဲ့ မန္တလေးက ပုဂ္ဂလိကကျောင်းတစ်ကျောင်းကလည်း လှူချင်ပါတယ်တဲ့၊ ဖုန်းဆက်လာပါတယ်။ ကျနော် လည်း မမပဒုမ္မာဆီ ပျော်ပျော်ကြီး ဖုန်းထပ်ဆက်လိုက်ပါတယ်။ စုစုပေါင်း ၆၅ ထည် လှူလိုက်နိုင်ပြီပေါ့ခင်ဗျာ။ နယ်ကနေ ရန်ကုန်ကို ဆေးခန်းလာပြတဲ့ ဖေဖေ့ တူမ ကလည်း သတင်းရသွားတော့သူတို့လည်းလှူချင်တယ်ဆိုလို့ မရတော့ဘူး စတိအနေနဲ့ အနွေးထည် တစ်ထည်စာ ၁၀၀၀ ကျပ်ဘဲလှူပါဆိုပြီးအလှူခံလိုက်ပါတယ်။ ခရီးမထွက်ခင် အနွေးထည်တွေသွားယူတော့ ငြင်းမရနိုင်တဲ့ အလှူရှင် တစ်ယောက်က ကျနော့် ဝေစုကို ထပ်လုလိုက်ပါတယ်။စုစုပေါင်း အနွေးထည် ၆၅ ထည်အတွက် ကျသင့်ငွေ ၆၅၀၀၀ ကျပ်မှာ ဘောက်ချာရေးတော့ “ဆရာမအလှူ = ၂၀၀၀၀ ကျပ် ” ဆိုပြီး ကျန်ငွေ ၄၅၀၀၀ ကျပ်ကိုဘဲ ပေးခဲ့ရပါတော့တယ်။ မမပဒုမ္မာက ဈေးလျှော့ပေးခဲ့တဲ့အပြင် ထပ်လှူပေးခဲ့တာပါခင်ဗျ။ ကျနော့်မှာ သယ်ယူပို့ဆောင်မှုကုန်ကျစားရိတ်ဘဲလှူဘို့ရှိပါတော့တယ်။ သွားရောက်ဘို့ပြင်ဆင်မှုတွေထပ်လုပ်ရပါပြီ။ ပြင်စာရောက်ရင် တည်းခိုဘို့အတွက်ပါပြင်ဆင်ခဲ့ရပါတယ်။

ကျနော် ပြင်စာသွားဘို့ကို ရွာတွေ့ဆုံပွဲမတိုင်ခင်ကတည်း က စီစဉ်နေခဲ့တာပါ၊ မေမေ ရောက်လာမှာ ပြန်လိုက်ပို့ရင်း ပြင်စာကို တက်မှာ စသည်စသည်ပေါ့၊ ရွာပွဲမှာလဲ ကြုံသူတစ်ချို့ကို ပြောလိုက်မိပါတယ်။ ရွာသားတစ်ယောက်က ပြင်စာမှာသူ့အသိရှိတယ်ကူညီပါမယ်လို့ ပြောခဲ့ပါတယ်ခင်ဗျ။ ကျနော် တို့ ရွာကြီး ချစ်စရာ ကောင်းပုံများပြောပါတယ်နော။ ဆက်ပါရစေ။

ကျနော်သွားတော့မယ်ဆိုတော့ အဲဒီရွာသားဆီလှမ်းပြောပြပါတယ်။ ဖေဖေါ်ဝါရီလ ၁ရက်နေ့ ပြင်စာကိုရောက်မယ်၊ တစ်ညတော့ အိပ်ရမယ်ပေါ့လေ။ သူက စိတ်မပူဘို့နဲ့ တည်းနိုင်မယ့်နေရာ ကိုလှမ်းပြောထားပြီးကြောင်း အကြောင်းပြန်ပါတယ်။ ကျနော် နဲ့မေမေနဲ့သားအမိ ၂ယောက် မန္တလေးခရီးစဉ်စပါတော့မယ်။ ကျနော် သယ်ရမှာက သင်ထောက်ကူပစ္စည်းအိတ်တစ်လုံးနဲ့ လှူမည့် အနွေးထည် ပီနန်အိတ် ၂လုံး ပေါင်း ၃ အိတ်ပါ။ မေမေ့မှာက လက်ဆောင်ပစ္စည်းတွေနဲ့ ညောင်တုန်းက သူ့သူငယ်ချင်းတွေထည့်ပေးလိုက်တဲ့ ပန်းပင်တွေပါပါနေပါတယ်။သူကလည်း ၃ အိတ်ပါ။ မန္တလေးကို မနက်အစောကြီး ၅နာရီလောက်ရောက်မှာပါ။ ဖေဖေတို့က ဆိုင်ကယ် ၃စီးနဲ့လာကြိုဘို့ ပြင်ဆင်ထားပါတယ်။ စိတ်ပူတတ်တဲ့မေမေက သယ်ရမယ့် အထုပ်တွေ ကြည့်ရင်း ဆိုင်ကယ် တစ်စီးထဲလာပြီး မြင်းလှည်းသာခေါ်ခဲ့ဘို့ လှမ်းပြောလိုက်ပါတော့တယ်။ မန္တလေးကို အထူးကားကြီးနဲ့ သွားခဲ့တဲ့ ကျနော် ရောက်တာနဲ့ ဘုံပြတ်မြင်းလှည်းနဲ့ အိမ်ကိုဒိုးခဲ့ရတော့တာပေါ့ခင်ဗျာ။

ကဲ နဲနဲလည်းရှည်နေပြီ ခြုံ့လိုက်တော့မယ်နော။

ပြင်စာမှာ သင်တန်းတက်ချင်သူတွေများနေတယ်ဆိုလို့ သင်ကြားချိန်ပိုပေးနိုင်အောင် ၃၁ရက်နေ့ ညနေကတည်း က တက်ဘို့ အစီအစဉ်ပြောင်းလိုက်ပါတယ်။ ကူညီမယ့် ရွာသားကြီးဆီ အပြောင်းအလဲရှိကြောင်း လှမ်းပြောပြတော့ ကိစ္စမရှိကြောင်း ပြောပြီး ချက်ချင်း ဖုန်းဆက်ပေးမယ့် အကြောင်း ပြန်ကြားကူညီပါတယ်။ပြင်စာကို ၃၁ ရက်နေ့ ညနေ ရောက်တော့ တည်းရမယ့် ရတနာပုံဧည့်ရိပ်မွန်ကို တန်းသွားလိုက်တဲ့အခါ သတင်းရောက်ထားပြီးသားမို့ ၀မ်းပန်းတသာ ပြူပြူငှာငှာ ကြိုဆိုပါတယ်။ လိုလေသေးမရှိ တာဝန်ကျေပါတယ်ခင်ဗျ။ ဖတ်၇တာမျက်စေ့ညောင်းရော့မယ်။ မှတ်တမ်းဓါတ်ပုံလေးတွေ တလှည့်ကြည့်လိုက်ပါဦးနော။

မန္တလေးက ပြင်ဦးလွင်ကို အတက်လမ်း သုံးတောင်ရွာ အထွက် မိုင်တိုင် ၃၀ မရောက်ခင် ဒီဆိုင်းဘုတ်ကြီးတွေ့ရလိမ့်မယ်။

ရောက်ခါနီးပြီ။

ရောက်ခါနီးပြီ။

လမ်းညာဘက်ကပ်လျက်က ရတနာပုံ ဧည့်ရိပ်မွန် ဆိုင်းဘုတ်။

ွGuest House Signage.

Guest House Signage.

နေချင်စရာ တည်းခိုဆောင်ကလေးကကြိုဆိုလျှက်။

အ၀င်မှမြင်ကွင်း၊ နေချင်စရာလေးနော်။

အ၀င်မှမြင်ကွင်း၊ နေချင်စရာလေးနော်။

စတော်ဘယ်ရီပင်အောက်မှာ ဘီယာသောက်ချင်သူများအတွက် မြည်းစရာနီနီလေး။

အရိပ်ကောင်းတာတော့သေချာတယ်။

အရိပ်ကောင်းတာတော့သေချာတယ်။

အခင်းလိုက်ပါဗျာ။

အခင်းလိုက်ပါဗျာ။

ပညာဒါနသင်တန်း ပထမနေ့ ( ပြင်စာရွာ၊ ဦးဖုန်းမြင့်အောင် ဘိုးဘွားရိပ်သာ အပေါ်ထပ် )။

ပညာဒါန ဝေမျှနေစဉ်။

ပညာဒါန ဝေမျှနေစဉ်။

ပညာဒါနသင်တန်း ဒုတိယနေ့ ( သုံးတောင်ရွာ စာကြည့်တိုက် မှာ ) လက်တွေ့လေ့ကျင့်နေကြစဉ်။

တကယ်တတ်အောင် တကယ်လေ့ကျင့်ရမယ်။

တကယ်တတ်အောင် တကယ်လေ့ကျင့်ရမယ်။

ကျနော်သယ်သွားတဲ့ အထဲမှာ ပြင်စာရွာမှာ YCC ကျောင်းသားလေးတွေဦးစီးဖွင့်လှစ်ထားတဲ့ သုခမေတ္တာစာကြည့်တိုက်အတွက် စာအုပ်တွေလဲပါသွားပါတယ်။ လှူခဲ့ပါတယ်။ ဦးဖုန်းမြင့်အောင်ဟာ ပြင်စာရွာမှာဘဲ သုခမေတ္တာ ဘိုးဘွားရိပ်သာကို မိဘမဲ့ကလေးဂေဟာနဲ့ကပ်လျက် တည်ထောင်ထားပါသေးတယ်။ ဘိုးဘွားရိပ်သာအဆောင် အပေါ်ထပ်မှာ ကျနော့ပညာဒါနသင်တန်းလေး ဖွင့်ခဲ့ရတာပါ။ ၃၁ ညနေပိုင်းက မန္တလေးမှာ YCC ဘောလုံးအသင်းနဲ့ အိုးဘို TU Mdy ဘောလုံးအသင်း ယှဉ်ပြိုင်ကစားကြရင်း ရန်ဖြစ်ခဲ့ကြလို့ သင်တန်းတက်သူတွေ လျော့နည်းသွားခဲ့ပါတယ်။ ပြင်စာမှာလဲ မီးပျက်နေလို့ မနက် ၉ကနေ ညနေ ၅နာရီထိမှာ မီးပြန်လာချိန် ညနေပိုင်းလေးဘဲ လက်တွေ့လေ့ကျင့်မှုလုပ်ပေးနိုင်ခဲ့ပါတယ်။ သုံးတောင်မှာကြတော့ မနက်၉ နာရီကနေ ညနေ ၃နာရီအထိဘဲ သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပြီး မန္တလေးကို ပြန်ဆင်းခဲ့ရတာပါ။ ည ၉နာရီကားနဲ့ မန္တလေးကနေရန်ကုန်ကို ပြန်ခဲ့ရမှာမို့ဖြစ်ပါတယ်။ ရတနာပုံဧည့်ရိပ်မွန်မှာ ကျနော် ၂ည အိပ်ခဲ့တာကို ပိုက်ဆံမယူလိုက်ပါဘူးခင်ဗျ။ ကျနော့် ကို ကျနော်တို့ ရွာသားကြီး ကအခမဲ့တည်းခိုနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ ရတနာပုံ ဧည့်ရိပ်မွန်၊ အမှတ်( ၁၇၄ ) ပြင်ဦးလွင် အတက်လမ်း မိုင်တိုင်( ၃၀ )၊ သုံးတောင်ရွာ

( Contact No= 09-3324 6259 ) မှာပါခင်ဗျ။

ကျနော် စွယ်တော်ရွက်ရဲ့မန္တလေး ပြင်စာ ခရီးစဉ်မှာ သဂျားမင်းနဲ့ဘဲ တွေ့ခဲ့ရပါတယ်။ ကိုပေါက်က မေမြို့ ( ပြင်ဦးလွင် ) ခရီးစဉ်ရှိနေလို့ ကပ်လွဲသွားခဲ့ရပါတယ်။ ကိုခ ဆီ ဖုန်းခေါ်တော့ MPT က ခွင့်မပြုခဲ့ပါ ( Network Error တွေချည်းတွေ့ခဲ့ရပါတယ်။ ) ဗုံဗုံတို့ကိုတော့ သဂျားကိုအားနာလို့ မတွေ့ဖြစ်ခဲ့ပါ။ နောက်တစ်ခေါက်ထပ်လာနိုင်အောင် ကြိုးစားနေပါကြောင်းပြောကြားရင်း ရွာသူားများ ၀ိုင်းကူညီပေးခဲ့တဲ့ အလှူခရီးစဉ်လေးအကြောင်းမျှဝေလိုက်ပါရစေခင်ဗျာ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

With respect,

Swal Taw Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012