အဲဒီနေ့…

kaiAugust 8, 20101min701

အဲဒီနေ့မှာပေါ့..။
မနက် ရနာရီ အိမ်ရှေ ့ထွက်ကြည့်တော့ ပုံမှန်အတိုင်း အိမ်ရှင်မတွေဈေးသွား၊ဈေးပြန်လှုပ်ရှားနေကြတယ်။
၉နာရီလောက်မှာ အပြင်ထွက်လာတော့ လမ်းထိပ်ပါတီယူနစ်လှေကားထစ်တွေပေါ်မှာ တပ်မတော်သားကြီးတွေ သေနတ်ပြောင်းတွေအရှေ ့ထိုးချိန်လျှက်စောင့်ကြပ်နေကြတာ…။မြို့နယ်ကောင်စီရုံးရှေ့မှာ စစ်ကား၂စီး တပ်သားတွေအပြည့်တင်ရက် ရပ်ထားတာ၊ လမ်းဘေးတလျှောက်တန်းစီရပ်နေတဲ့ တပ်မတော်သားတွေက ဘက်နက်တပ်သေနတ်ကြီးတွေနဲ့ရှေ့ထိုးချိန်ထားတာ တွေတွေ့ရတယ်ပေါ့။ လမ်းမကြီးအလယ်ခေါင်မှာ ပီပါတွေချပိတ်ထားတာမို ့ကားတွေ လွယ်လွယ်တော့ဖြတ်မသွားနိုင်ပါဘူး။

မြို ့ထဲ ဗိုလ်ချုုပ်လမ်းကူးတော့ လမ်းလယ်အလျှားလိုက် ကွန်ခရိဘလောက်တွေစီချထားပြီးလကျင်္ာဖက်ယဉ်ကျောကို လုံခြုံရေးတပ်ဖွဲ့ယဉ်များသာဆိုတဲ့ ဆိုင်းဘုတ်အပြာခံအဖြူစာလုံးတွေနဲ့ရေးထားတာ တွေ့ရတယ်။ လူတွေက လက်ဝဲဖက်မှာ ဥဒဟိုသွားလာနေကြတာပဲ။

လမ်းထောင့်မီးပွိုင့်တချိုမှာ စစ်ထရပ်ကားတစီးနဲ့ အဲဒီကားနဲ့မလှမ်းမကမ်းမှာ စစ်သား ၆ယောက် ဘက်နက်နဲ့ဂျီသရီး ထိုးချိန်အသင့်အနေအထားနဲ့ ရပ်စောင့်နေကြတယ်။လူတွေက ရှေ့နားကပဲဖြတ်လျှောက်နေကြတယ်။

အနော်ရထာလမ်း၊ မဟာဗန္ဓုလ၊ ကုန်သည်လမ်းအားလုံးပဲ လမ်းအလယ်အလျှားလိုက်တလျှောက် ကွန်ကရိဘလောက်တွေ၊ သံရာဇမတ်ကွက်အကာတွေစီချထားတာတွေ့ရတယ်။

၁ဝနာရီလောက်မှာ ဆိပ်ကမ်းလုပ်သားတွေသပိတ်မှောက်ဖို ့လုပ်နေတယ်ကြားလို့သွားကြည်တော့ စဉ့်အိုးတန်းလမ်းထိပ်ဂိတ်ကို ပိတ်ထားလို့ အလုပ်သမားတွေ စုနေတာပဲတွေ့ရတယ်။ ကြည့်နေရင်း ဘရင်းကယ်ရီယာနဲ့စစ်ထရပ်ကားတွေရောက်လာပြီး ဂိတ်ကိုပိတ်ရပ်လိုက်ကြတယ်။ ခဏကြာတော့ စစ်ကားတွေပြန်ထွက်သွားပြီး ဆိပ်ကမ်းလုပ်သားတွေအလံတွေတလူလူလွှင့်လို့ ကမ်းနားလမ်းနဲ့ကုန်သည်လမ်းတလျှောက် အရှေ့ဖက်ချီတက်သွားကြတာတွေ့ရတယ်။ လူငါးရာလောက်ရှိမယ်။ ဘေးကကြည့်နေတဲ့ပရိသတ်က သိပ်များလာတယ်။ ရုတ်တရက် ..ကြည့်နေတဲ့ပရိသတ်ထဲကလူ၂ယောက် လမ်းလယ်ပြေးထွက်သွားပြီး လမ်းမလယ်က ကွန်ခရိဘလောက်တွေဖယ်ပေးတာကိုတွေ့ရတယ်။နောက်လူအုပ်ထဲကလူတွေ ထွက်ပြီး ဘလောက်တွေဝိုင်းဖယ်ပေးကြတာပေါ့။
သူတို့တွေဆက်ချီတက်သွားရင် ဆုးလေလမ်းထောင့်က အစောင့်စစ်သားတွေနဲ့ထိပ်တိုက်တွေ့ပြီး ဘာဖြစ်မလဲမသိဘူးဆိုပြီး လူတွေပူပန်တဲ့မျက်နှာတွေနဲ့နားစွင့်နေဟန်ရှိပါတယ်။ ဘာသံမှ မကြားရပါဘူး။

၁၂နာရီလောက်မှာ ကုန်သည်လမ်းအတိုင်း ခရာမှုတ်ပြီး ပြေးလာတဲ့လူသံတွေကြားရပြန်တယ်။ ထွက်ကြည့်တော့ စက်ဘီးသုံးစီးနဲ့ ကျောင်းသားတွေဟာ ရွေဘုံသာလမ်းဆုံတည့်တည့်မှာရပ်တယ်။ ပုဝါတွေပါးစပ်မှာစည်းထားကြတယ်။ တချို ့ကခေါင်းမှာအနီရောင်ပုဝါကိုပတ်ထားတယ်။ ရွှေဘုံသာလမ်းက ထွက်လာတဲ့ ကားတွေကိုတားတယ်။ ခဏအကြာမှာ ခေါင်းမှာ အနီပါတ်စည်းထားတဲ့ ကျောင်းသားနောက်ထပ်အယောက် ၂ဝလောက်ထပ်ရောက်လာတယ်။ ရွှေဘုံသာလမ်းဝဲယာကို လက်ချင်းချိပ်ပြီး လမ်းပိတ်လိုက်ကြတယ်။ မကြာပါဘူး အလံကိုင်တပ်ဖွဲ ့ ဦးဆောင်ချီတက်လာတယ်လေ။ ကဒေါင်းအလံက အလယ်မှာ၊ ဘေးတဖက်စီကအနီရောင်အလံတွေနဲ့၊

မိန်းကလေးခပ်ငယ်ငယ်တွေပါလာတယ်။ အားလုံးကလွန်လှအသက်၁၆နှစ်နဲ့ဒီထက်ငယ်တာတွေပဲ။ ဘုန်းကြီးတပါး။ လူကြီးတယောက်ပဲတွေ့တယ်။ အားလုံး ၅ရာကျော်ကျော်လောက်ရှိမယ်။ ကြွေးကျော်သံများဟစ်ကြတယ်။ ဒို့အရေး၊ ဒို့အရေး ဆိုတဲ့အသံပဲ အဓိကကြားနေရတယ်။ သေသေချာချာနားစိုက်ထောင်မှ စိန်လွင်အစိုးရပြုတ်ချရေး၊ ဒို့အရေးလို့အော်နေတာကြားရတယ်။

အဲဒီလူအုပ်ရဲ့နောက်ကလူအုပ်ကြီးကပိုများတယ်။ အလံကိုင်အဖွဲ ့ရဲ့ အလယ်မှာရဟန်းငယ်တပါးပါလာတယ်။ ကျောင်းသူလေးတွေ ၆ယောက်ရယောက်တတွဲစီလဲပါလာတယ်။ ကျောင်းသားအများစုက မျက်နှာကိုလက်ကိုင်ပုဝါတွေစည်းကြပေမဲ့ ကျောင်းသူတွေ ပထမတယောက်မှ မစည်းထားဘူး။ ကျောင်းသားတယောက်ကပ်သွားပြီး ပုဝါစည်းဖို့အတင်းပြောမှ ၂ယောက်ပဲစည်းလိုက်တာတွေ့ရတယ်။ လူတထောင်လောက်ရှိမယ်။ အဲဒီလူအုပ်ကြီးနောက်မှာ အသက်၂ဝကျော်ကျောင်းသားကြီးတွေရံပြီးပါသွားကြတယ်။

အဲဒီနောက်တော့ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်း အကုန်လမ်းတွေပြည့်ကျောင်းသားတွေ၊ လူတွေချီတက်ကြတာပဲ။ နောက်ဒီလူအုပ်တွေပေါင်းမိပြီး ရန်ကုန်အနောက်ပိုင်း၊ အလုံ၊ကြည့်မြင်တိုင်၊လှည်းတန်း၊ကမာရွတ်တွေဘက်ဆက်ချီတက်ကြတယ်ကြားရတယ်။

နေ့လည် ၂နာရီမှာမိုးသည်သည်းထန်ထန်ရွာတယ်။
ညနေရောက်တော့ မြို ့တော်ခန်းမရှေ့မှာ ကျောင်းသားတွေက တရားဟောကြတယ်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တယောက်ပြီးတယောက်ရောက်လာပြီး ခုံပေါ်တက်ဟောကြတာပါ။

အဲဒီလိုနဲ့ည ၁၁နာရီခွဲလောက်မှာ စစ်ကားတွေ မြို ့တော်ခန်းမဖက်လာနေပြီဆိုတာ သတင်းကြားရတာပဲ။ ၁၁နာရီ မိနစ်၄ဝမှာ စစ်ကား၆စီး ဆူးလေအဝိုင်းကိုပတ် ဟွန်းတီးပြီး ကားမီးနဲ့ထိုး၊ လူတွေကို ဗီဒီယိုရိုက်တယ်။ အသံချဲ့စက်နဲ့ လူစုခွဲဖို ့အော်တယ်။ နောက်…စပစ်တယ်။
ည၁၂နာရီမိနစ်၂ဝမှာ အသံတွေတော်တော်ငြိမ်သွားပြီ။ လူတွေလည်း အိမ်ပြန်ကြပြီ။

အဲင်္ဒီနေ့က လွန်ခဲ့တဲ့ ၂၂နှစ်က ……………………. ဒီနေ့ပဲ။

One comment

  • zawana

    August 9, 2010 at 1:12 am

    အဲဒီတုန်းက (88 & 07) အကြောင်းတွေကို အခုပြန်ကြားရတိုင်း ရင်နင့်မိတယ်ဗျာ။ ဘယ်တော့မှလည်း မမေ့နိုင်ပါဘူး။
    ကျနော် စဉ်းစားလို့မရတာက ကိုယ့်ညီ၊ ညီမအရွယ်၊ ကိုယ့်သားသမီးအရွယ် အပြစ်မဲ့ ကလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ရက်လောက်အောင် ဘယ်လို နတ်ဆိုးတွေကများ ပူးဝင်နေကြတယ်ဆိုတာ နားမလည် နိုင်ဘူး ….

Leave a Reply