မြဝတီတွင် ဗုံးကွဲ ၂ ဦး သေဆုံး

cobraAugust 8, 20101min823

မြဝတီတွင် ဗုံးကွဲ ၂ ဦး သေဆုံး

ကရင်ပြည်နယ် မြဝတီမြို ့ အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်၌ ယမန်နေ့ ညဦးပိုင်း ၈ နာရီ ကျော်တွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သတင်း ရရှိသည်။ အမည်မသိ လူငယ် ၂ ဦး စီးလာသော ဆိုင်ကယ် တစီးတွင် ပါလာသည့် ဗုံးတလုံး မြဝတီမြို့ ဘုရင်နောင် လမ်းမပေါ်ရှိ လူစည်ကားသော ညဈေးတန်း၏ ဆိုင်ကယ် ရပ်နားရာနေရာ အနီးတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ယင်း ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပေါ် ပါလာသည့် လူငယ် ၂ ဦး၏ ခန္ဓာကိုယ်မှာ တစစီ လွင့်စင် သွားခဲ့ကြောင်း မြဝတီမြို ့မှ ဆိုင်ကယ် တက္ကစီသမား တဦးက ဧရာဝတီ သို့ ပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်ပါ မီးလောင် သွားတယ်ဗျ။ ဆိုင်ကယ် စီးလာတဲ့လူ ၂ ယောက်လုံး အပိုင်းပိုင်း အပြတ်ပြတ်ပဲ။ မြင်မကောင်းဘူး။ ခါးကနေ ပိုင်းသွားတာ။ ခြေထောက် တွေလည်း ပြတ်ပြီး လမ်းတဖက်ခြမ်း အထိ ရောက်တယ်” ဟု ၎င်းက ဆိုသည်။ ဗုံးပေါက်ပွဲမှု ဖြစ်ပွားသည့် ဆိုင်ကယ် အမျိုးအစားမှာ ဟွန်ဒါ Dream 125 အနက်ရောင် ဖြစ်ပြီး ဆိုင်ကယ် စီးလာသူများမှာ ပြောက်ကျား ဘောင်းဘီကို ဝတ်ဆင် ထားကြောင်း ယင်းတို ့၏ မျက်နှာ ပုံပန်း သဏ္ဍာန်အရ အိန္ဒိယ ကုလား လူမျိုးများ ဖြစ်ကြောင်း ဆိုင်ကယ် တက္ကစီသမားက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဈေးသည်များ၊ ဈေးလာသူများ ရုန်းရင်း ဆန်ခတ် ထွက်ပြေး ကြကြောင်း၊ မကြာမီ အာဏာပိုင်များ ရောက်ရှိလာကာ အခင်းဖြစ်ပွားရာနှင့် အနီးတဝိုက်ကို ပိတ်ဆို့ထား လိုက်ကြောင်းလည်း သိရသည်။

မြဝတီ ရဲစခန်းမှ ရဲတဦးကလည်း “မိုးရွာနေလို့သာ တော်တော့ တယ်ဗျာ။ မိုးမရွာလို့ကတော့ လူပေါင်းများစွာ သေနိုင်တဲ့ ပေါက်ကွဲမှုမျိုးဗျ။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကျနော်တို့ သုံးသပ်ကြ တာကတော့ ဒီလူ ၂ ယောက်ဟာ ဆိုင်ကယ်ဗုံး ထောင်မလို့ လာရင်း လိုရာခရီး မရောက်ခင် ပေါက်သွားတာ ဖြစ်မယ်”ဟု ဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် ဆိုင်ကယ် အနီးတွင် ဒသမ ၃၈ ဗို့ ခြောက်လုံးပြူး တလက် ပျက်စီးလျက် တွေ ့ရှိရကြောင်း၊ ဟွန်ဒါ Dream 110 အမျိုးအစား တစီးမှာလည်း လဲကျလျက် အနည်းငယ် ပျက်စီးသွားကြောင်း၊ အဆိုပါ ညဈေး၏ အိမ်သာ အနီးတွင်လည်း မပေါက်ကွဲ သေးသည့် လက်ပစ်ဗုံး တလုံးကို တွေ ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၂ဝ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကောလာဟလများ ပေါ်ထွက်ခဲ့ သော်လည်း လူ ၄ ဦးကိုသာ ဆေးရုံတွင် လက်ခံကုသ ထားကြောင်း မြဝတီဆေးရုံနှင့် နီးစပ်သူ တဦးက ပြောသည်။

“မနေ့က ပေါက်ကွဲမှုကြောင့် လူနာ ၄ ဦး ရောက်လာတယ်။ ကလေးမလေး တယောက်ပါတယ်။ ကျန်တာ တွေကတော့ လူကြီးတွေ”ဟု ၎င်းက ဆိုသည်။

ယင်းလူနာများမှာ မြဝတီမြို့အမှတ် (၈) ရပ်ကွက်မှ ကျော်ကျော် အသက် (၂၀) အရွယ်၊ အမှတ် (၄) ရပ်ကွက်မှ မပွင့်ဖူးအောင် အသက် (၁၀) နှစ်၊ မရီရီဝင်း အသက် (၃၅) နှစ်နှင့် အခြား အမျိုးသမီးတဦး  မြဝတီ ဆေးရုံတွင် ဆေးကုသ ခံနေရသည် ဟုလည်း ၎င်းက ပြောဆိုသည်။

ယခု ဗုံးပေါက်ကွဲမှုသည် မည်သူ့လက်ချက် ဖြစ်သည်ကို မသိရှိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ယခုဗုံးပေါက်သည့် မြဝတီမြို့သည် စစ်အစိုးရ အာဏာပိုင်များ၊ တပ်ဖွဲ့ဝင်များ၊ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ သွားလာ လှုပ်ရှားနေသည့် ထိုင်း-မြန်မာ နယ်စပ် မြို့ဖြစ်ပြီး ကရင်ပြည်နယ် အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများလည်း ရှိနေသည်။

ယခုရက်ပိုင်းအတွင်း DKBA တပ်ဖွဲ ့ဝင်များကို နယ်ခြားစောင့်တပ် ဖွဲ ့စည်းရန် နအဖက ဖိအားပေးရာ လက်ခံသည့် တပ်များရှိသကဲ့သို ့လက်မခံသော တပ်များလည်း ရှိသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ ကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို KNU တပ်များက ခြုံခို တိုက်ခိုက်ရာ ရ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။

စစ်ဗိုလ်ချုပ်ကြီးများ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။

ယင်းနောက်ပိုင်းတွင် မြဝတီမြို့တွင် နအဖ စစ်အင်အားများ တိုးချဲ့ချထားပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း ဒေသခံ များက ဆိုသည်။

နယ်စပ်ဒေသရှိ လေ့လာသူများ အဆိုအရ ဆက်လက် ပိတ်ထားဆဲ ဖြစ်သော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ပြန်လည် ဖွင့်လှစ်နိုင်ရေးမှာ မလွယ်ကူ သေးကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်နေ့ည ၈ နာရီခွဲလောက်မှာ မြဝတီမြို့၊ ဘုရင့်နောင် အာရှလမ်းမကြီးပေါ်ရှိ ညဈေးတန်းအနီးမှာ အမည်မသိလူ ၂ ဦး ဆိုင်ကယ်စီးလာစဉ်မှာ ၎င်းတို့ယူဆောင်လာတဲ့ ဆိုင်ကယ်ပေါ်က ယမ်းအားပြင်း မိုင်းတစ်လုံးပေါက်ကွဲပြီး ဆိုင်ကယ်စီးလာသူ ၂ ဦးစလုံး ကိုယ်အပိုင်းပိုင်းပြတ်ပြီး သေဆုံးသွားခဲ့ပါတယ်။
ဆိုင်ကယ်ပေါ်က မိုင်းကွဲမှုကြောင့် အနီးမှာ ရှိတဲ့ လူ ၄ ဦးခန့် ဒဏ်ရာရရှိသွားပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ဆိုင်ကယ်ဟာ ချစ်ကြည်ရေးတံတားဘက်ကနေ ညဈေးတန်းဘက်ကို မောင်းလာတာဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့ ဖောက်ခွဲရေးသမားများဟာ မိုင်းမထောင်မီ ကွဲတဲ့အတွက် ခန္ဒာကိုယ်အပိုင်းပိုင်းပြတ်ပြီး သေဆုံးသွားတာဖြစ်ကြောင်း၊ မြဝတီမြို့မှာ နယ်စပ်ဂိတ်ပိတ်ထားလို့ ထိုင်းနိုင်ငံဘက်က စီးပွားရေးအရ အထိနာနေတဲ့အတွက် မတည်မငြိမ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး KNU က စေလွှတ်တဲ့ ကြေးစားမိုင်းထောင်တဲ့သူတွေ ဖြစ်နိုင်ကြောင်း မြဝတီမြို့ခံများက ဝေဖန်ပြောကြားလျက်ရှိပါတယ်။

3 comments

  • Pyaung Gye

    August 9, 2010 at 1:01 am

    ချက်ကောင်းလဲ မထိကြဘူးနော်

  • etone

    August 9, 2010 at 2:17 am

    အပိုအလုပ်တွေတော်တော်လုပ်ကြတာပဲနော် ။ ဘာလို့ မဆီမဆိုင်တွေလိုက်လုပ်နေတာလဲ ။ တစ်ကယ်လုပ်ချင်တဲ့လူကဘယ်သူလည်း သေချာမစဉ်းစားတော့အပြစ်မဲ့သူတွေ အစားခံရပြီပေါ့။

  • winne

    August 9, 2010 at 12:09 pm

    ချက်ကောင်းတဲ့ ဘယ်များ ထိစေချင်လဲ မသိဘူး လုပ်လိုက်ရင် လူတွေဘဲ ထိထိနေတာ ဒီကိစ္စကလည်း ဘယ်တော့ ပြီးမလဲ မသိဘူး ကြာရင် ဈေးတွေတက်တာနဲ့ ဟိုဘက်က လူတွေလည်း မွဲမှာဘဲ။

Leave a Reply