579741_356003097824563_1892827512_n

ဒီပိုစ့်ကို မရေးချင်ဖူးးးး မရေးချင်ပါဖူးးး… လုံးဝကို မရေးချင်ပါဖူးးးး…

ခုတော့.. ခုတော့ ရေးရတော့မယ်…

မဆက်ဆံချင်တဲ့ အရာတွေ မဖြစ်စေချင်တဲ့ အရာတွေနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်ဖြစ်ရ ကြုံရ ဆုံရ တတ်တယ်ဆိုတဲ့အတိုင်းပါပဲ …

တလောကမှ ဖုန်းမှာ PUK code lock ကျတဲ့အကြောင်း စာလေးရေးပြီးတင်မိပါတယ်…

ခုတော့ ဖုန်း (Handset) ပါ လုံးလုံး ပျောက်သွားပါပြီကောလားကွယ် …

အချိန်က ဖေဖော်ဝါရီလ ၁၆ ရက် ညနေဆည်းဆာချိန်ခါဝယ် …

ဘယ်မှာပျောက်တာလဲဆိုရင် ရန်ကုန်မြို့ ရဲ့  အသည်းနှလုံး ရင်ခုန်သံတို့ဆုံဆည်းရာ ချစ်သူတို့ ပျော်ရွှင်ရာ လူကြီး လူငယ်အရွယ်စုံ သွားလာကြတဲ့ အချစ်ကမ္ဘာ အင်းယားကန်ဘောင်ကြီးမှာပဲ ဖြစ်ပါတော့တယ်….

ကိုယ်ဒွေသွားတာကတော့ သူငယ်ချင်းတစ်သိုက်နဲ့ပါ … မုန့်တွေစား ဓါတ်ပုံတွေရိုက်ကြနဲ့ ဈေးဝယ်ပြီးပြန်လာကြတာဆိုတော့လည်း အထုပ်တွေကများ ဘေးပတ်ဝန်းကျင်ကြည့်တော့ ကိုယ်စီ ကိုယ်စီ အတွဲလေးတွေ အတွဲလေးဆိုတာ ချစ်ကြည်နူးနေကြတာပေါ့လေ…ကန်ဘောင်က ထိုင်ခုံဆိုတာ ဘယ်အချိန်က ဘယ်လိုအတွဲတွေ နေရာယူထားကြလဲမသိပါဘူး..အဲ့မှာ ခုံနေရာရဖို့ဆိုတာ တကယ့်ကို ရှားပါးဖြစ်စဉ်ထဲက မို့လို့ထင်ပါတယ်…

ကန်ဘောင်တစ်ခွင်မှာ ရှိသမျှ နေရာ မြက်ခင်းပြင်ဆိုလည်းမြက်ခင်းမို့ ဘောင်ပေါ်ဆိုလည်း ဘောင်ပေါ်မို့ တွေ့ရာနေရာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါး ထိုင်ကြ စကားပြောကြသူများ နဲ့ အဖွဲ့လိုက်အုပ်စုလိုက် လာကြ ဂစ်တာတွေတီး သီချင်းဆိုနေကြတဲ့သူများရော.. ပျော်ပွဲစားသဖွယ် ၀ိုင်းဖွဲ့စားသောက်နေသူများစွာနဲ့ အလွန့်အလွန်စည်ကားသာယာတဲ့ ရန်ကုန်ရဲ့ နှလုံးသားတို့ ဆုံရာ အင်းယားကန်ဘောင်ပါပဲလေ …

ခုလို လူစုံ စရိုက်စုံ လူများပြားစည်ကားလှတဲ့ တကယ့်အချက်အချာ နေရာကျမှ ကိုယ်ကလည်း သူငယ်ချင်းတစ်သိုက်နဲ့ ပျော်ပါးနေလိုက်တာ ကိုယ့်ဖုန်းမေ့ကျှန်ခဲ့မှန်းတောင် မသိလိုက်ရအောင် ပေါ့ဆလွန်းလှလို့ ကိုယ့်ခေါင်းကို ၁၀ပေါင်တူနဲ့သာ ထုရိုက်ချင်စရာကောင်းအောင် အမြင်ကတ်မိပါတော့တယ်…

အမယ်မင်း ဒေါ် MPP ရယ် …ခုတော့ဖြင့် Samsung Galaxy Grand (Nov; ကမှ ၀ယ်ထားတဲ့ ဖုန်းအသစ်) ကလေးဟာဆိုရင်ဖြင့် အလှူပေးလိုက်ရပါပေါ့လား …

ဟန်းဆက်ပျောက်ရင်ဖြင့် လိုင်းကတ်ပျောက်ထပ်လျှောက်ဖို့ MPT ကိုပြေးရဦးမယ်…ရုံးကလည်း ခွင့်ထပ်ယူရဦးမယ် ..ဟန်းဆက်လည်း ထပ်ဝယ်ရဦးမယ်…ဘယ်လောက်များ မေ့လျော့သလဲဆို ဖုန်းမပါလာတာကို Taxi ပေါ်ကအဆင်း အိမ်နားအရောက် ဖုန်းဆက်မယ်ဆိုပြီး ဖုန်းရှာကာမှ ဖုန်းမပါလာမှန်းသိပါတော့တယ်…ပြန်ခါနီး အထုပ်တွေသိမ်းကြ ပြန်စီကြနဲ့မှာ ဖုန်းလေးဘေးခဏချထားတုန်း ဘေးအိတ်လေးထဲပြန်ထည့်ဖို့ မေ့သွားတာဖြစ်ပါလိမ့်မယ်…

ကဲ..ပျောက်ပြီဆိုတာသိလိုက်ရတော့ ပြန်ရှာပေါ့ ကန်ဘောင်ဆီကိုကွယ် … ဘယ်တွေ့တော့မလဲ …တွေ့တဲ့သူက ကောက်သွားပြီပေါ့ … (ရတာနဲတယ်တဲ့ … S2 တို့ Note 2 တို့ မဟုတ်လို့ နာသကွာလို့ တွေးမလား မသိပါဘူး ) …အဲ့ဒီမှာကို ရေဗူးခွံတွေ အမှိုက်ကောက်တဲ့သူတွေနဲ့ အာလူးကြော်လို မုန့်လိုက်ရောင်းတဲ့သူတွေနဲ့ …လူကလည်းများတယ်လေ… ဖုန်းလေးကျှန်ခဲ့တာကို တွေ့တဲ့လူက ယူသွားမှာပေါ့..

ခုခေတ်မှာ Sim card တွေကပေါ်လာပြီလေ.. handset ကိုပဲ တစ်ချို့တွေ ကားပေါ်တွေ Shopping center တွေမှာ ခါးပိုက်နှိုက်တဲ့သူက နှိုက်နေကြတာတဲ့…ကိုယ်လည်း အဲ့ဒီလို မေ့တတ်လွန်းတဲ့သူမို့ သတိထားပါတယ် သူများကိုတောင် အမြဲသတိပေးနေကြ မုန့်ဆိုင်မှာ မုန့်စားပြီး ပြန်မယ်ဆို ကားပေါ်က ဆင်းပြီဆိုရင် သူငယ်ချင်းတွေကို ကိုယ်ကပဲ …ဟဲ့  ဟဲ့ နင်တို့ ပစ္စည်းတွေ မေ့ကျှန်မယ်နော်… သေချာစစ်ဦးဆိုပြီး …ခုတော့ ကိုယ်ပါသွားပြီ…

လုံခြုံရေးကိုရှာပြီး ပြောခဲ့ပါသေးတယ်… ပြန်ရရင်တော့ သူတို့က ဆက်သွယ်ပေးပါမယ်ပေါ့…အဲ့လိုပဲတဲ့ ကန်ဘောင်မှာ အတွဲလေးတွေ ချစ်ကြည်နူးနေတုန်း ဘေးချထားတဲ့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ဆိုတာ ခါးပိုက်နှိုက်ယူသွားခံရတယ်ဆိုပဲ … အဲ့ဒိနေ့က ကိုယ့်ထက်ဆိုးတဲ့သူတစ်ယောက်က ပိုက်ဆံအိတ်ကော ဖုန်းကော အလစ်သုတ်ခံလိုက်ရတယ်တဲ့ သူတို့က ကိုယ့်ကိုပြောပြတယ်..လူစုံတဲ့ နေရာဆိုတော့လည်း လူဆိုး လူကောင်းဆိုတာ ခွဲခြားစရာ သူ့မှာ ဂျို ပါတာမှ မဟုတ်ပဲလေ ….ကိုယ်ဖြစ် ကိုယ်ခံရတော့မှာပေါ့…

အော် …သတိ သတိ တကယ့်ကို သတိတစ်ချက်ပါပဲ … မီးလောင်တာတွေ အခြေခံဖြစ်စဉ်ကြည့်ရင်လည်း မီးပိတ်ဖို့ မေ့သွားတာတို့ …သတိမေ့လျော့လို့  အမှုမဲ့ အမှတ်မဲ့လေးတွေကနေ ပြဿ       နာ အကြီးကြီးတွေ ဖြစ်ကြရတာပဲမဟုတ်လား …

ခုတော့ အလုပ်ထပ်ရှုပ်ရဦးမယ်… ဒေါ် MPP ဘောစိဆိုတော့ ၀ယ်လိုက်ပါဦး နောက်ဖုန်းတစ်လုံး (ကိုယ့်ကိုကိုယ်ပဲ ပြန် ရွဲ့လိုက်သည်)

ကျောင်းတတ်တုန်းကလည်း ဖြုန်းတာဆိုတာ လက်မှာ ၀တ်ထားတဲ့  ရွှေဟန်းချိန်းကျပျောက်ဖူးသည်..(ဒါလည်း ပြန်မရခဲ့ ..) ။ နားကွင်းတစ်ဖက်ပျောက်သည်။ နားဆွဲတွေ ပြုတ်ထွက်သည် (ရွှေတွေချည်းပဲ ကြွားဒါမီဟုတ် )။ ချိုင့် တို့ ထီးတို့ ဆိုတာ ပျောက်လိုက်ရင် အသစ်လေးတွေမှ ဘက်စ်ကားပေါ်မေ့ကျှန်ခဲ့သည်..ဈေးဝယ်ရင်း ဈေးဆိုင်မှာကျှန်ခဲ့သည်…

ဒီလောက်မေ့တတ်နေတာ..ဘယ်လိုများ အလုပ်ကြီးကိုင်ကြီး လုပ်မလဲမသိ…

စာရင်းကိုင်များ လုပ်ခဲ့မိရင် စာရင်းကွာလို့  ရတာနဲနဲ ရောရတာနဲ့ ထမင်းငတ်နိုင်သည်…

လူတိုင်းမှာကောင်းတာရော  မကောင်းသောအကျင့်လေးတွေပါ ကိုယ်စီ ကိုယ်စီ ရှိတတ်ကြပါသည်… ကိုယ့်ရဲ့  အားနည်းချက်လေးကို သတိလေးထားလို့ ပိုမိုဂရုစိုက်ကြမယ်ဆိုရင်ဖြင့် ဆုံးရှုံးနစ်နာမှုများများနဲ့ နောင်တရစရာနည်းပါးသွားနိုင်မည်လို့ ဆင်ခြင်သုံးသပ်မိပါသည်…ခုတော့ ပစ္စည်း သင်္ခါရ ၊ လူ သင်္ခါရ တရားနဲ့ဖြေရုံမှတစ်ပါး ရှေ့လူ အဖြစ်မျိုး နောက်လူသင်ခန်းစာယူနိုင်ဖို့အရေး ရင်နာနာနဲ့  ရေးသားတင်ပြရပါတယ်..

နောင်များ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ဆင်ခြင်ရုံမှတစ်ပါး ……

ကတ်ပျောက်လုပ်ဖို့ အရေး MPT သို့ မနှေး ပြေးရပါဦးမယ်…

cry

 

MPP

 

About myat pearl phyu

myat pearl phyu has written 5 post in this Website..

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။