ဒီစာကိုမရေးမှီ ကျုပ်အကြောင်းနဲနဲပြောဦးမှတော်ပေလိမ့်မယ်။

ကြုံသလိုရှာစားရတဲ့ဘဝအခြေအနေမှာ ရံဖန်ရံခါတက်စီ မောင်းတယ် ။

မြို့ပေါ်ကလူသုံးကုန်တွေဝယ်ပြီးတောမှာသွားရောင်းဖူးတယ်။

တောက မြို့ကို အပြန်ကုန်သယ်တယ် ။

အကြမ်းပြောရင်ဒီလောက်ပါပဲ ။

 

လွန်ခဲ့တဲ့ 14 ရက်နေ့ကတော့ ညမောင်းဒရိုင်ဘာမလာတာနဲ့ ကျုပ်လဲ တက်စီလေးဖွတ်ချက်ဖွတ်ချက်နဲ့

ညကြေးလေးထွက်ရှာခဲ့ပါတယ် ။ ပထမဆုံးဈေးဦးပေါက်ငှားသူက

စုံတွဲ တစ်တွဲဗျ ။

သိနေတယ်လေ ။ ဒင်းတို့ဘယ်သွားမယ်ဆိုတာ ……ဒါပေသိ ကိုယ့်အလုပ်မဟုတ်ပါဘူး ငှါးတဲ့ဆီလိုက်ပို့ပေးရုံပေါ့ဗျာ ။

နှစ်မှတ်တိုင်ကျော်ကျော်လောက်က တည်းခိုခန်း စုတ်စုတ်တစ်ခုကို ၁၀၀၀ နဲ့ပို့ရတယ် ။

 

 

ရောက်တဲ့အခါမှာ ကောင်မလေးကိုကားပေါ်ခဏထားပြီး ကောင်လေးကအခန်းသွားမေးတယ် ။

မရှိတော့ပါဘူးတဲ့ ။ ဒါနဲ့ နောက်တည်းခိုခန်းတစ်ခုကို ဆက်တာပေါ့ ။

ပြည့် နေပါပြီတဲ့ ။ နောက်တစ်နေရာကိုဆက်ကြတာပေါ့ဗျာ ။

ကျုပ်လည်း မနေနိုင်တော့ လျှာရှည်မိတယ် ။ အခန်းခဘယ်လောက်လဲ…… ဘာလဲ ညာလဲ ပေါ့

တစ်ဂျူတီကို နှစ်သောင်းခွဲကနေ သုံးသောင်းဝန်းကျင်ပါ တဲ့ ။

ဘာတွေပါလည်းဆိုရင် ကုတင်နဲ့တဲ့တဲ့တစ်လုံး ၊ ပန်ကာအစုတ်တစ်လုံး ၊ နံစော်နေတဲ့ အိပ်ယာခင်းနဲ့ခေါင်းအုံးနှစ်လုံး ။

 

အော် … ခါတော်မှီ ဈေးကွက်စီးပွားရေးနှယ် ။ ဒီလောက်နဲ့ပြီးပလားဆိုရင် …… ကျန်သေးတယ် ဆက်ပြောဦးမယ် ။

ဒါနဲ့ ပြောဖို့ကျန်ခဲ့တာက ဒီစုံတွဲက ရိုးရိုးသမီးရီးစားတွေပါ ။

ပြည့်တန်ဆာ(ကြက်) မဟုတ်ပါဘူး ။ ကားပေါ်ပြည့်တန်ဆာတက်လာရင်ဘကျုပ်နှာခေါင်းကသိတယ် ။

အနံ့တစ်မျိုးထွက်လာလို့ပါ ။တစ်မျိုးမထင်ပါနဲဗျ ။

ရှေ့လျောက် ကြက် လို့ပဲ သုံးနှုံးချင်ပါတယ် ။ရိုင်းတယ်မယူဆကြပါနဲ့ဗျ ။ စာရေးရတာရှည်လို့ပါ ။

ပြောရင်းလည်သွားပြန်ပြီ …… အိုက်ဒီ ကျုပ်သိတဲ့ အနံ့ထွက်သောကြက်အမျိုးအစားတွေက လမ်းဘေးကြက်တွေပါ ။

ဖုန်းဆက်ပြီး ချိန်းရတဲ့ အထက်တန်းစားကြက်တွေမဟုတ်ပါဘူး ။

ဟိုကြက်တွေဆိုရင်တော့ ကျုပ်လည်း မသိနိုင်ဘူး ။

 

သူတို့က ဘော်ဒီ SPA တွေမှာ တစ်ပါတ်တစ်ခါ ဆာဗစ်ဆင်ဝင်ထားတာဆိုတော့ အထက်ကဆိုခဲ့င်္ပြးတဲ့

စိမ်းရွှေရွှေအနံ့ကြီးမထွက်လိုဘူး ။ ထားပါတော့… ကြက်သုတေသနဖြစ်နေရော့မယ် ။

ကျုပ်လည်း ဈေးဦးပေါက်သုံးထောင်ရပြီးတာနဲ့ ပါရမီလမ်းဖက်လှည့်လိုက်ပါတယ် ။

တဆက်တည်းပြောရရင် ကျုပ်တို့တက်စီသမားတွေဟာ ဘယ်သူငှားငှား တင်ရတာပါဘဲ။

ခင်ဗျား ကြက်လားလို့ မေးရင် ဒေါက်ဖိနပ်နဲ့ မိတ်ဆက်သွားလိမ့်မယ်။

ဒါကြောင့် ကျုပ်တို့က အချို့သောအတွင်းရေးတွေပိုသိနေတတ်တာပါ ။

 

 

မကြာခင်မှာ ဘဲတစ်ပွေလှမ်းတားတယ် ။ ကားပေါ်ရောက်တော့ ပါရမီ လမ်းသစ်ကိုမောင်းပါတဲ့ ။

ကျုပ်သိလိုက်ပါပြီ ။ ဒင်းက ဗဟိုလမ်းနဲ့ဘုရင့်နောင်လမ်းကြားမှာ အမဲလိုက်မှာကိုးဗျ ။

ကျုပ်စိတ်ထဲက ကျိတ်ပြုံးလိုက်တယ် (ခင်ဗျားကြီးဒီအချိန်မှ ဒီလိုရက်မျိုးသွားရှာရင် နောက်ကျနေပြီ လို့ )

ထင်တဲ့အတိုင်းပဲ ကြက်တစ်ကောင် ကြောင်တစ်မီးမှမရှိတော့ဘူး။

နောက်တစ်နေရာကို ဆက်သွားခိုင်းတယ် ။ ပြည်လမ်း ခြောက်မိုင်ခွဲကနေ တံတားဖြူကြား ။

နောက်ကျသွားပြန်ပြီ ။ကျုပ်ကတော့ ကားခတွေထောပြီပေါ့ဗျာ ။

ကျုပ်ကို လမ်းဘေးမှာ ခဏရပ်ခိုင်းပြီး ဖုန်းဆက်တယ် ။

အဆင်ပြေပုံမရဘူး ။ ကျုပ်ကို ငြီးတွားပြီးပြောတယ်ဗျ

( ဈေးတွေပြောင်းတယ်ဗျာ တဲ့ ။ အော်ဒါတွေလည်းပြည့်ကုန်ပြီ တဲ့ )

ဟမ် !! ……… ကျုပ်ကြား ဖူးတာရွှေဈေးငွေဈေးတွေဘဲ ရာသီအလိုက်ပြောင်းတာဗျ ။ အခု …… ဒီကနေ့အဖို့

ကြက်ဈေးလည်း ပြောင်းတတ်တယ်ပေါ့ ။

 

ထိုဇွဲကြီးလှသော အမျိုးကောင်းသားက မင်္ဂလာဈေးဖက် ကိုဆက်မောင်းခိုင်းတယ် ။

ကျုပ်တော့ အုံနာကြေးကျေပြီပေါ့ဗျာ ။ သူက သေချာတဲ့ပွိုင့်ကိုရိုက်တာပဲဗျ ။

ကျုပ် လမ်းတလျောက် ကားမောင်းရင်း ဒီကနေ့အဖြစ်အပျက်ကိုပြန်တွေးနေမိတယ် ။

ကျုပ်က အုံနာခ ပြည့်မှီရေး ၊ မိသားစုစားဝတ်နေရေးအတွက်

ပြူးပြဲပြီးရှာဖွေရတယ် ။ သူတို့တွေက လည်း စိတ်အဆာပြေရေးအတွက် ရှာဖွေကြတယ် ။

အပူခြင်းပြိုင် ဘယ်သူနိုင်မလဲဆိုသလိုပဲဗျ။ဒင်းတို့က ဒီနေ့လေးမှ မကဲ ရရင် နောက်နေ့ကမ္ဘပျက်မတတ်။

ကျုပ်ကိုယ်ချင်းမစာသလိုများဖြစ်နေရော့သလားဗျ။

 

 

ကျုပ်လည်း မင်္ဂလာဈေးဖက်ကအပြန်မှာ လန်းကြုံလို့ မိတ်ဆွေတစ်ယောက်ရဲ့ဆေးဆိုင်မှာ

အိမ်သုံးဆေးလေးနည်းနည်းဝင်ဝယ်လိုက်တယ် ။

ပြီးရင် လက်ဘက်ရည်လေးသောက်ပြီးခဏနားဦးမယ်လို့တွေးတာပေါ့ဗျာ ။

နှစ်နာရီနီးပါးရှာလိုက်တာ ညကြေးတော့ ကိုက်သွားပါပြီ ။

ဟိုအတွဲက သုံးထောင် ၊ဟိုဘဲက ရှစ်ထောင် ……

အုံနာကြေးနဲ့ဆီဖိုး ပြည့်ပြီဆိုတော့ ကျန်တဲ့ ပိုက်ဆံ အိမ်အတွက်ပဲပေါ့ ။

ဆေးဆိုင်ရောက်တော့ မိတ်ဆွေနဲ့ လေပေးဖြောင့်ရင်း ထပ်ပြီးသိလိုက်ရတာက

ဆေးတွေ ဒီနေ့ ရောင်းကောင်းတယ် တဲ့ ဗျ ။

ဘာဆေးလဲ … အောက်လမ်းဆေးတွေပေါ့ဗျာ ။

 

ဟမ် ! မင်းရော ဈေးတင်ရောင်းတာဘဲလား လို့မေးတော့

(ဝယ်တဲ့သူက ပစ္စည်းရဖို့ပဲ တဲ့ ။ ဈေးက ကျသလောက်ရှင်း မပြောဘူးတဲ့ )

ကောင်းတယ် ……ကောင်းတယ် …… ကျုပ်ကားခ ရလှပြီထင်တာ တည်းခိုခန်းလဲဈေးတက် ၊

ကားခလည်းစိတ်ကြိုက်တောင်း၊ ဘာဆေးညာဆေးတွေလည်း ဈေးတက် ၊ နောက်ဆုံး

ကြက်ဈေးလည်း တက် ။

 

 

 

 

 

 

 

 

ဈေးကွက်စီးပွားရေးတွေများ လိုက်မမှီချက်က လက်ကုန်ပဲ ။

သတ္တဝါတွေမှာ အိပ ၊်စား ၊ကာမ ဤသုံးဝ ဆိုသလို ကင်းလို့မရသော်လည်း အဆင့်အမြင့်ဆုံးလူတွေမှာ အထိမ်းအသိမ်းတွေရှိကြတာပေါ့ ။

ဟေး ……ဒီနေ့တော့ အပီကစ်မဟေ့ လို့ ကြွေးကြော်နေသယောင်ဖြစ်နေတယ် ။

ကျုပ်ကရော ဘာလဲမေးရင် … လူသားပဲပေါ့ ဗျ ။

လူလိုတော့ ကမြင်းတာပေါ့ ။်ဒီနေ့ကတော့ သူတို့အပူမီးတွေ ကျုပ်ကိုလာဟတ်လို့

သံဝေဂလေးနဲနဲရသွားတာပါ ။

 

ကျုပ်တို့ငယ်စဉ်က ဒီလိုနေ့မျိုး မကြားဖူးခဲ့ဘူး ။ ကြာဖူးတဲ့အချိန်မှာလည်း နားလည်ပေးပါတယ် ။

အခုစာရေးနေစဉ်အထိ အပြစ်တင်ရှုံ့မှုမလုပ်လိုပါဘူး။

ဒါပေသိ တနှစ်ထက်တနှစ်ပိုဆိုးလာပြီး လူ့အခွင့်အရေးလိုလို ဘာလိုလိုတွေမြင်လာရတော့ ချဉ်မိပါတယ် ။

စီးပွားရေးသမားများက ကိုယ်ကျိုးစီးပွားအတွက်မြှောက်ပေးကြတယ် ။

ကဲချင်နေကြတဲ့သူတွေအတွက် ရေအသင့် ကြာအသင့်ပေါ့ ။ အသက်မပြည့်သေးတဲ့သူတွေ ( 12 to 15 ) တွေလည်း

သူ့နည်းသူ့ဟန် ထကြွဖို့စိုင်းပြင်းလာကြတယ် ။

တည်းခိုခန်းကိုသွားတယ်ပြောတာမဟုတ်ဘူး ။ခေါင်းထဲမှာ ဘယ်မျောက်လောင်းကရိုက်သွင်းထားလဲမသိဘူး

အဲဒီနေ့မှာ ကဲ ခွင့်ရှိတယ်ဆိုလား fb ပေါ်မှာ ပြောနေသံကြားမိတယ်။

 

 

ဒီနိုင်ငံရဲ့လူမှု ဝန်းကျင်နဲ့ဥပဒေကြောင်းအရ

တစ်လင်တစ်မယား စံနစ်သာ ကိုက်ညီလို့ လစ်ဗင်းတူဂဲသား ကို

အားမပေးလိုဘူး ။ ခင်ဗျားတို့ကပြောမှာပေါ့ အမေရိကားမှာဘယ်လို ၊ သြဇီ မှာဟိုလို …

ခင်ဗျားတို့ သိဖို့က ဒါ အမေရိကားမဟုတ်ဘူး ။

မြန်မာဖြစ်တယ် ။ မြန်မာလို ရေသောကက်တယ် ။မြန်မာလို ထမင်းစားတယ် ။

လူပါးဝရင်တောင် မြန်မာလို လူပါးဝတယ် ။ လောကမှာ အမှန်တရားဆိုတာ

ကိုယ်တယောက်တည်း သိနေလို့မရဘူး ။ အများလက်ခံဖို့လည်းလိုတယ် ။

လစ်ဗင်းတူဂဲသား ဘယ်လောက်ကောင်းတယ်ပြောနေပြောနေ လူအများလက်ခံနိုင်တဲ့ကိစ္စမဟုတ်ရင်

မထောက်ခံသင့်ဘူး ။

 

 

ဒီပို့စ်ကို မဟာသံဝါသနေ့ လို့ သရော်ပြီးခေါင်းစဉ်တပ်ထားတယ် ။

အဲ့ညက ကျုပ်တွေ့သမျှတွေအများစုက ထိုနေ့ထူးနေ့မြတ်ကြီးကို ဂုဏ်ပြုဖို့ လုံ့လထုတ်နေကြလို့ပဲ ။

ကျုပ်ကြုံခဲ့တာ အထက်မှာပြောခဲ့တဲ့နှစ်ဖွဲ့ တင် မကဘူး ။

မလိုအပ်ဘဲရှည်နေလို့ မပြောတော့တာ ။ အဓိက ကျုပ်တွေးနေတာက ……

*ကျုပ်တို့ လူမှုဝန်းကျင် ဘာတွေပြောင်းလဲသွားတာလဲ

*ကျုပ်တို့ မျိုးဆက်တွေရဲ့ ယုံကြည်လက်ခံမှုတွေ ဘာဖြစ်ကုန်ပြီလဲ

*ကျုပ်တို့ မြင်ခဲ့တဲ့ လူငယ်တွေရဲ့မိဘများကရော ဘယ်လိုနားလည်လက်ခံပေးတာလဲ

*ကျုပ်တို့ရဲ့ ပြောင်းလဲမှုတွေက လိင်ကိစ္စရှေ့တန်းတင်နေကြတာလား

*ကျုပ်တို့ဟာ ခေတ်မှီခြင်းဆိုတာတွေအတွက် အားလုံးကိုပုံတူကူးကြတော့မှာလား

 

ကျုပ်လည်း ညဏ်မမှီတာတွေတွေးတောရင်း ညကြေးလေးကိုက်တာနဲ့ အိမ်ပြန်ခဲ့တယ် ။

ကျုပ်ပြန်ချိန်က ညလယ် ၁၂ နာရီ ။ ဒီအချိန်ဆို ကျုပ်အဖွားကြီးလည်း အိပ်နေရော့မယ် ။ကျုပ်သားကိုနှိုးပြီးတံခါးဖွင့်ခိုင်းရဦးမယ် ။

 

 

+++++++++++++++++++++++++++++++++++++++

 

ပို့စ်နဲ့မဆိုင်တာဝေဖန်ဦးမယ် ။

ကျုပ်တခါလာတိုင်း ဒီဆိုက်က ပိုပြီး ခြောက်ကပ်သွားတယ် ။

အရင်တုန်းကစည်းကားလှပါတယ်ဆိုတဲ့ရွာကြီးက ထိန်ပင်သင်းချိုင်းလောက်မှ မစည်ကားတော့ပါလား ။

ကျုပ်သတိထားမိသလောက်ကတော့ ဟိုအယ်ဒီတာ သူကြီးနဲ့ တော်တော်ဆိုင်တယ် ။

ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာ ။ ဘာဘဲဖြစ်ဖြစ် ထေရဝါဒမကောင်းဘူချည့်အပုတ်ချနေတော့

မကောင်းလှဘူးဗျ ။ သင်္ကန်းခြုံပြီး လုပ်ချင်ရာလုပ်နေသူများရှိသော်လည်း

ဒီလို သိမ်းကြုံးပြောနေတော့ကာ ကြားရမြင်ရတာ ဆိုးတယ် ။

 

ယခုကြားနေရတဲ့သတင်းတွေအရ မသင့်တာတွေရှိတာမငြင်းလိုဘူး ။ ပြောချင်သပဆိုရင် တိုက်ရိုက်နာမည်တပ်ပြီးပြောပေါ့ဗျာ။

အမှန်အကန် ကျင့်ကြံအားထုတ်နေသူတွေပါ နာမည်ပျက်တာပေါ့ ။ ဒါဟာလည်း ဒီရွာ ဒီနေရာ ကိုစိတ်ကုန်ခြင်း

အကြောင်းတခုပဲဗျ ။ ကျုပ်က ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တာကို လုံးဝ အားမပေးဘူး ။

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်စေချင်တယ် ။

ဆွမ်းလောင်းလှူတဲ့ ဒကာ ဒကာမတွေအတွက် ဘာမှ အထူးလုပ်ပေးစရာမလိုဘူး ။

ကောင်းစွာကျင့်ကြံအားထုတ်ခြင်းဖြင့် ဒကာ ဒကာမတွေမှာ အကျိုး များစေပြီးသား ။

လယ်ယာမြေကောင်းဆိုတာ ကျင့်ကြံအားထုတ် သူမှာသာဖြစ်စေလိမ့်မယ် ။

 

နောက်တစ်ခုက ကော်မန့်တွေမှာ အနီအစိမ်းဆိုတာတွေကို လူသစ်တွေနဲ့

အချို့သူတွေက စိတ်ညစ်ညူးကြတယ်။

ဒါဟာ အကျိုးမများရင် ဆက်မထားသင့်ဘူး ။

အက်ဒမင်များ မျက်စိမှိတ်မနေသင့်ဘူး ။

ငြင်းခုန်ခြင်းဆိုတာ လူတစ်ချို့သာလျှင် ခံစားမှုကင်းစွာဆောင်ရွက်နိုင်တယ် ။

ရင့်ကျက်မှု လိုနေသေးသူတွေအဖို့ ငြင်းပွဲတစ်ခုဟာ ရန်တိုက်ပေးသလိုပဲ ။

သူ့မျက်နှာ ကိုယ်မကြည့်ချင် ကိုယ့်မျက်နှာ သူမကြည့်ချင် နဲ့ နောက်ဆုံး ဒီဆိုက်က ထွက်သွားကြတယ် ။

ဆိုချင်တာက နေရာတိုင်း ငြင်းပွဲတွေဖန်တီးပေးတာဟာ စည်းလုံးညီညွတ်ခြင်း၊ ချစ်ခင်လေးစားခြင်းကို

လျော့ပါးစေတယ် ။ ( အချို့သူတွေအတွက်)

သူကြီး သတိထားသင့်တာတွေပါဗျ ။

 

ဒီနေရာကနေ နာမည်တပ်ပြီး ကျုပ်ဝေဖန်လို့ ဒီစာကို ဖျက်ချြင်ဖျက်နိုင်ပါတယ် ။

ကျုပ်ကိုလည်း ထုတ်ပယ်ပစ်နိုင်ပါတယ် ။

ကျုပ်မြင်တာကိုပြောခြင်းသာဖြစ်ပါတယ် ။

 

 

 

 

 

 

ကျုပ်သဘောထားကိုပြောမယ်ဆိုရင်……

သူကြီးအနေနဲ့ ဆိုက်မှာထုတ်ထားတဲ့ စည်းကမ်းအရဘာသာရေးအပုတ်ချတာတွေ

ရှောင်ရမယ် ။

ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျ ။ ကိုယ်ခင်တဲ့သူကိုမကောင်းပြောရင် ဘယ်လိုခံစားရမလဲ ။

ယုံကြည်ကိုးကွယ်ရာဘာသာကို ပြောတာဖြစ်နေတော့ တယ်မကြိုက်ချင်ကြဘူး။

မွတ်စလင်ဖြစ်ဖြစ်ခရစ်ယန် ဖြစ်ဖြစ် သူ့သဘောသူရှိပါစေ ။

ယုံရင်လုပ် မယုံရင်မလုပ်နဲ့ အပုတ်ချတာဟာ ကောင်းမွန်တဲ့

ရလတ်တွေဖြစ်မလာဘူး ။

 

လက်ရှိသူကြီးပြောနေတတ်တာတွေက ခွေးနှစ်ကောင်ကိုက်လည်း ထေရဝါဒ –

လူတွေ အကျင့်ပျက်လည်း ထေရဝါဒ

နိုင်ငံမကောင်းလည်း ထေရဝါဒ

ရာသီဥတုမမှန်လည်းထေရဝါဒ

ထေရဝါဒ အသံကြားရင် ထွန့်ထွန့်လူးနေတယ် ။

ကိုယ့်ကိုကိုယ်သာမသိတယ် ဘေးကကြည့်နေရတာ တစ်ခြမ်းစောင်းနေပြီဗျ ။

ကောင်းတာလေးတွေလည်း ရှာကြံပြောဦးမှပေါ့ ။

ဒီဆိုက်မှာရေးခဲ့ ရေးဖူးကြတဲ့

နိုင်ငံရေးဝေဖန်သူတွေ

ရသ စာပေသမားတွေ

သုတနဲ့ သတင်း တင်ပြသူတွေ

ဟာသ သရော်စာ ရေးသူတွေ

မန်ဘာအသစ် လက်စမ်းရေးသူတွေ

ပျေိာ်ပျော်ပါးပါး ရေးချင် ဖတ်ချင်သူတွေ

တဖြည်းဖြည်း ရှောင်နေကြပြီ ဗျ ။

တစ်ခု ပြောချင်တယ် ။ ဒီဆိုက်မှာ ဂိုဏ်းစောင့် ဂိုဏ်းထောက် အဖွဲ့တခု

ဖွဲ့စည်းပြီး ပြန်လည်စည်းရုံးပါ ။

ပေးချင်တဲ့အသိနဲ့ သဘောတရားရေးရာတွေကို

ဖြေးဖြေးသက်သာ ထည့်သွင်းပါ ။

ပုဆိုးစွန်တောင်စွဲပြီး ထေရဝါဒမကောင်းဘူးဆိုပြီး ထထ မအော်ပါနဲ့ ။

လူသစ်ဝင်လာရင် သူ့စရိုက်အတိုင်း အလိုက်အထိုက်ဆက်ဆံပါ ။

တဖြည်းဖြည်းမှ ပုံသွင်းယူပါ ။

မျိုးဆက်သစ်တွေအရေးပါကြောင်းလက်ခံရင်

လူသစ်တွေကို ဂရုစိုက်ပါ ။

မန်ဘာတွေ ရဲ့ ဆောင်ရွက်မှုများကို အားတက်သရောပါဝင်ပါ (ကြိုက်ကြိုက် မကြိုက်ကြိုက်)

FB ပေါ်မှာ ပလူပျံအောင်ရှယ်ပေးနေကြတာကိုပြောတာ။

ဒီလို ဒဲ့ ပြောခြင်းအတွက် ကျုပ်ကို အရေးယူမယ်ဆိုရင်

ဒီစာကိုဖျက်ပစ်ပြီး ကျုပ်ကို မန်ဘာအဖြစ်က ချက်ခြင်း ထုတ်ပစ်ပါ ။

သူကြီးနဲ့ မန်ဘာအားလုံးကို လေးစားပါတယ် ။

 

 

 

 

 

 

 

 

 

 

 

 

 

About ခရီးသည်ကြီး

has written 12 post in this Website..