ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ရောဂါ-သော်ဇင်(လွိုင်ကော်)

သံယောဇဉ်အမြစ်တွယ်တာကို
အပြစ်လို့ဆိုချင်သူတွေထဲ
အပူခံမြစ်တစ်စင်းဖြတ်စီးပစ်တော့
ပင်လယ်ဟာ
စီးကြိုဖို့မဝင့်မရဲနဲ့
ရင်ခွင်တံခါးစေ့ထားလေရဲ့

ခပ်ဟဟလေးစေ့ထားတဲ့
တံခါးရွက်နှစ်ချပ်မှာ ကိန်းဂဏာန်းသရုပ်ဖော်မှုက
ဆမတူဘူး
ရာဂဏာန်းဖြစ်ပြီး
မွေးဖို့သင့်မသင့် တွေးတော့
ထွေလီကာလီနဲ့ အာရုံစားတယ်

အက္ခရာလွဲတဲ့သဏ္ဍာန်က
ရှေ့နောက်
အချိန်ပြပုဒ်တွေမှားပြီး
ဖြစ်သည်ရှ်ိသည်ကိုတောင်
တည့်အောင်ပြောဖို့ခက်နေတဲ့အချိန်မှာ
ငိုဖို့ကြိုးစားနေမလား
နားလည်စွာတိမ်ပါးသွားတဲ့ကောင်းကင်မှာ
လမသာတာလည်း သိတယ်

စိတ်လှုပ်ရှားပြီးချဖြစ်တဲ့ သက်ပြင်းတွေကို
အရိပ်တကြည့်ကြည့်နဲ့
လမ်းဘေးမှာ ရပ်တန့်မရ
အဲဒီခြေအစုံကို
ရိုက်ချိုးဖို့အထိ စဉ်းစားတော့
အလိုကြိ်ီးပြီးအရနည်းတဲ့ ခေတ်ကိုမြင်တယ်

ခိုးယူပေါင်းသင်းခြင်းခံလိုက်ရတဲ့
စိတ်တွေပဲ
ဒါပေမယ့် အလိုတူစွာနမ်းရှ်ိုက်
ရှူလိုက်တိုင်းကိုယ်သင်းနံ့မှာ
အတိတ်ကအရိပ်တွေအသစ်ဖြစ်တော့
အိပ်မပျော်တဲ့ညဟာ
သံသရာလည်နေရ
ခါးတယ်လည်းမဆိုးသာပဲ
တဝါးဝါးသမ်းဝေနေတဲ့ နေ့ကြိ်ီးဟာ
စားရခက်ခက်နဲ့ ဝါးလိုက်ရတာပဲ

တစ်ယောက်တစ်မျက်နာကြည့်ပြီး
အားနာရတဲ့အပြုံးနဲ့နုတ်ဆက်တဲ့
တစ်နေ့တစ်ကြိမ်မှာ
ခပ်ဖျော့ဖျော့ဟာသွားနေဆဲ
လိပ်ပြာက
မနူးမနပ်နဲ့ ရာသီမှားပေါက်ဖွားတယ်
အရိပ်ကိုကြည့်ပြိ်ီး
မုသားကို မသုံးရက်မစွဲရက်တဲ့အခါ
အသံတွေမှာ နှလုံးခုန်နှုန်းမြင့်လာတော့
တာလီမစိပ်ပဲ အကြာကြီးအိပ်ပစ်လိုက်တယ်

ခြေလှမ်းတွေ မည်းနက်နက်ပါးပြင်ကိုနမ်းတယ်
လေအေးပေးစက်တန်ခိုးနဲ့ အေးနေတဲ့
စိတ်တွေလန့်နိုးတော့
အခိုးထနေတဲ့ သောကဟာ
ထပျံဖို့အဆင်သင့်
ရုတ်တရက်ရွာချတဲ့ မိုးလိုတော့
ခဏလေးနဲ့ရပ်စဲမသွားဘူး

မိုးရွာပါလို့မဆိုဘဲ
အချိုုးတွေပြောင်းလာတဲ့ အပူချိန်မှာ
ဒီဂရီအနှိမ့်ဆုံးတောင် အပူတလှပ်လှပ်နဲ့
အစိုးမရတဲ့ သံယောဇဉ်ကိုဗဟိုပြုရွာတယ်
အနုအကြမ်းရောသမဖို့
အချစ်အလွမ်း
အမုန်းသမ်းခဲ့တာတွေ စုတော့
လက်မတင်လေးအလိုမှာပဲ
မြေစမ်းခရမ်းပျိုးခဲ့တာကို သတိရတယ်

နာမ်ကို နာမ်စားနဲ့အထူးပြုပြီး
ပေါင်းစပ်ထုတ်လုပ်ခဲ့တဲ့ည
လှမ်းသမျှ ခြေလှမ်းတိုင်းဟာ
ဇိုးဇိုးဇက်ဇက်နဲ့ မိုးတိုးမတ်တပ်ရပ်ပစ်တော့
မျက်ဝန်းညိုညိုမှာ
ညို့မည်းလို့

လာခဲ့မယ်ပြောပြီးပြန်သွားတဲ့
စကားလုံးတွေ ဘီးပေါက်သလား
အယောင်ပြမျှော်နေတာမဟုတ်ဘဲ
ခေါင်းလောင်းတွေထိုးနေခဲ့ပါတယ်
ညီညာစွာတော့ဘယ်ထွက်မလဲ
ဒင်ဒေါင်သံနောက်က
ဆည်းလည်းသံ က ပုန်းကွယ်နေဆဲ
ခိုတွေပါထညည်းကုန်တယ်

ဟော ဥဩသံဆွဲပြီ
လေယာဉ်ပျံကြီးထွက်တော့မယ်
သင်္ဘောမထွက်ခင် သံလမ်းခင်းပါ
ဘီးမဖာရသေးတဲ့ ရထားဘီးတွေလှုုပ်နေတယ်
ကြိတ်ဖြတ်ဖို့ထားတဲ့ကြိုးတွေရှည်လွန်းတယ်
အမိုးတွေဖာရာပလပွနဲ့
စိတ်တွေအတ္တတွေဆူးပြီး
ငါဆိုတဲ့ပလိုင်းကြီးထဲကနေ
ပေါက်ပေါက်ကျနေတယ်

ပူနေတယ် သောကတွေ
တင်းနေတယ် ကြိုုးတွေ
လျော့နေတယ် စိတ်တွေ
လှမ်းလိုက်တဲ့ခြေလှမ်းတွေ
ပြင်ဆင်ဖြည့်စွတ်ဖို့
ကိုယ့်ရောဂါဘယ်လောက်ဆန်းသစ်သလဲ
ရှာဖွေရဦးမယ့်အချိန်ဟာ နီးနီးကပ်ကပ်ပဲ
မိုးလင်းမလိုနဲ့ ပြန်မှောင်သွားတဲ့နေ့တွေနဲ့အတူ
ဖရိုဖရဲ ညားသွားကြတယ်

11;34pm
20~Feb~2014

One comment

  • alinsett ( Gazette )

    February 22, 2014 at 6:19 pm

    ဒီလိုကဗျာတွေပေါ့
    ကျနော့်အသည်းကို ဆွဲလှုပ်သွားတာ
    အရသာကို မက်မက်မောမော ကျေနပ်နှစ်သက်ပြီး
    ကဗျာနဲ့အတူ မျောသွားတတ်တာ. . . .

Leave a Reply