~~~~~~~~~~~~

အကြောင်းကံဖန်လာမှ
လမ်းတစ်ဝက်မှာတွေ့တာပါ
ရမ်းပြီးမထပါနဲ့ ကျွတ်ကျမယ့်အရာတွေအတွက်
စိတ်ကလေးတစ်ခုနဲ့မမြင်ရဲဘူး
အရူးတွေထူးတာကိုအားကျတတ်ပေမယ့်
မရူးရဲသူဆိုတော့လည်း
အထူးကော်ဆဲဖို့တော့
မရဲတရဲရယ်လေ
စိတ်ကို မာမာထားမလိုပါပဲ
ဒါပေမယ့်ပြုတ်လိုက်တော့ ကြက်ဥတစ်လုံးလို
ပျော့ရွဲရွဲလေးဖြစ်နေတာ ခက်တယ်
မတ်တပ်ရပ်မလို့ဆိုမှ
ဖုတ်ဖတ်ခါထတဲ့အခါ
အနံ့တွေလှိုင်ထွက်နေတော့
နှာခေါင်းရှုံ့နေတဲ့လူတွေကြားထဲ
ခြေချင်းလိမ်ထားသမျှ
ထွက်ကျသွားတဲ့ ကျင်ငယ်တွေက သိပ်နံတယ်မေမေ

မြို့ကြီးပြကြီးမှာ
ဆီးဝမ်းသွေးလေတွေချုပ်
ပထ၀ီတေဇော အာဘောဝါယောတွေလည်း
ဓါတ်ဗူးကြီးလေးလုံးလို ရိုက်ခွဲမရ
သလုံးသားဖြူဖြူလေးတွေငေးမရတော့
ဟပ်တက်ကွဲပက်ကြားအပ်နေတဲ့
ရင်ခွင်မှာ စားဖားတွေခုန်ခုန်ထွက်တာခဏခဏ
အရောင်မတောက်တဲ့ ခပ်ညစ်ညစ် ပုတက်တစ်ကောင်က
ဖွတ်လိုလိုဟန်ဆောင်ဖြတ်လျှောက်သွားတော့
ဖြတ်ခနဲရိုက်ချပြီးအရေနွာတဲ့အခါ
အစိတ်သားမပြည့်ပဲ
ဟင်းအိုးထဲမှာ အတုံးလိုက်အတစ်လိုက်
ရေကူးသွားတယ် မေမေ

ရေတစ်ခွက်သောက်ဖို့
ကျိုချက်ထားသလားမေးတဲ့ပါးစပ်ကို ဘရိတ်အုပ်
စမ်းရေမှာ မလေးရီးယားဖြစ်နိုင်မယ့် ပိုးတွေပါမလားနဲ့
ငှက်ပျောသီးလည်းမစားရဲခဲ့ပါဘူးမေမေ

ဒါတွေက မဆိုင်တာတွေ
မယောင်ရာဆီလူးလိုက်ပြီး
ငြိနေတဲ့အောက်ဆုံးအသိစိတ်ကို
မသိခြင်းနဲ့ စီးချင်းထိုးလိုက်တာပါ

အရိုးအရွတ်တွေစားပြီး ဆီပျံနှပ်ထားပါတယ်ပြောတဲ့ ခေတ်
ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်း လူကျပ်လိုက်တာလို့ပြောတဲ့ ခေတ်
သတင်းစာဖတ်ပြီး အော်ဆဲနေရတဲ့ ခေတ်
လူချင်းမသိဘဲ စောင်းမြောင်းနေရတဲ့ခေတ်
တစ်ခုမှ အိပ်မောမကျတဲ့ ခေတ်
ဒီခေတ်ကြီးထဲမှာ
အရာရာက ဇောက်ထိုးဥပမာဆန်ချင်ဆန်မယ်

တလောက တောသားတစ်ယောက်ရန်ကုန်ရောက်တယ်
လမ်းလျှောက်ရင်းငေးသွားတဲ့လမ်းမှာ
ကတ္တီပါဖိနပ်စီးပြီး အရိပ်ကြီးကြီးတွေကိုကြည့်လို့
မေမေရေ
ရန်ကုန်မှာ မိုးမရွာဘူး
လူတွေ့ရင် ချဲမယ်ဆိုတဲ့ သူတွေက
သားကို မုန့်တစ်ဖဲ့ပဲကျွေးပြီး
ရန်ခဏခဏလုပ်လို့
အိမ်ပြန်ချိန် မိုးခဏခဏ ချုပ်တယ် မေမေ

သော်ဇင်

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား